← Chapters

ဝိညာဉ်နက်ခေါင်းဆောင်ကြီး

Vol. 88 Ch. 1217

ဝိညာဉ်နက်ခေါင်းဆောင်ကြီး

Vol. 88 Ch. 1217

ထိုလူ ချောက်ထဲမှ ထွက်လာသည့်အခါ ဝိညာဉ်နက်အဖွဲ့အစည်း၏ ဂိုဏ်းသားများမှာ အားတက်သွားကြပြီး ကျယ်ကျယ်လောင်လောင် ဟစ်ကြွေးကြတော့သည်။

“ခေါင်းဆောင်ကြီး”

“ခေါင်းဆောင်ကြီးရဲ့ တာအိုအင်အားက ပြိုင်ဘက်ကင်းပါတယ်”

“ဂါဝရပြုပါတယ် ခေါင်းဆောင်ကြီး”

ဤဂိုဏ်းသားများမှာ မန်ဟို့ကို ကြောက်ကြသည့်အပြင် သူ၏ရက်စက်မှုအား ဖော်ပြ၍ပင်မရကြောင်း နဖူးတွေ့ဒူးတွေ့ ကြုံခဲ့ရလေသည်။ သူတို့ခေါင်းဆောင်ကြီး၏တည်ရှိမှုကြောင့်သာမဟုတ်လျှင် သူတို့အားလုံး တင်ပါးနှင့်ဖနောင့် တစ်သားတည်းကျအောင် ထွက်ပြေးသွားကြသည်မှာ ကြာခဲ့လေပြီ။

ဂိုဏ်းမှာ ပြိုကျသွားခဲ့ပြီး သူတို့၏အပေါင်းအဖော်များစွာလည်း အသက်မရှိတော့သော်လည်း ခေါင်းဆောင်ကြီး ရှိနေသေးသရွေ့ ဂိုဏ်းလည်း ရှိနေသေး၏။

ဝိညာဉ်နက်အဖွဲ့အစည်း၏ တစ်ဦးတည်းသော တာအိုနယ်ပယ်ပညာရှင် မီးတောက်များမှ ထွက်လာလျှင် မန်ဟို့မျက်လုံးများ လင်းလက်သွားသည်။ ထိုလူသည် ... အနှစ်သာရ ၃ ခု တာအိုသခင် .... ဝိညာဉ်နက်ခေါင်းဆောင်ကြီး ဖြစ်ပေ၏။

မန်ဟို့နှုတ်ခမ်းထောင့်စွန်းက ကွေးတက်သွားရင်း အေးစက်စက်အပြုံးအား ဖော်ဆောင်လိုက်သည်။ တောင်ပင်လယ်လောကနှင့်ပတ်သက်၍ စောစောက မြင်တွေ့ခဲ့ရသော မြင်ကွင်းက သူ့စိတ်ထဲတွင် အတွေးများစွာ ပေါ်လာစေခဲ့သည်။ ရုတ်တရက်ဆိုသလို သူက နောက်ဆုတ်လိုက်သည်။

ဤသည်မှာ သူ ဝိညာဉ်နက်အဖွဲ့အစည်းသို့ ရောက်ကတည်းက ပထမဆုံးအကြိမ် ဆုတ်ခဲ့ခြင်းဖြစ်လေသည်။ မျက်စိတစ်မှိတ်အတွင်း သူသည် ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများ၏ အလယ်သို့ ရောက်သွား၏။ သူတို့ တအံ့အဩ ကြည့်နေစဉ် မန်ဟိုက လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်ကာ အင်မော်တယ်တောင်များအား ဆင့်ခေါ်လိုက်သည်။ ထို့နောက် သူ၏တစ်ဖက်တစ်ချက်ရှိ ဂိုဏ်းသားများမှာ တောင်များဖြင့် အဖိခံလိုက်ရသဖြင့် မချိတင်ကဲအော်သံများ ဆူညံသွားလေသည်။ သူတို့မည်မျှတိုက်ခိုက်ပါစေ၊ မည်မျှခုခံပါစေ သူတို့၏ကျင့်ကြံခြင်းအခြေခံများမှာ မန်ဟိုနှင့်ယှဉ်လျှင် အားနည်းလွန်းသဖြင့် ခုခံနိုင်စွမ်း မရှိကြပေ။

ဂိုဏ်းသားဒါဇင်များစွာ တောင်များ၏အောက်တွင် ပြားကပ်သွားရန် တခဏသာ ကြာလိုက်သည်။ သူတို့ကား ခန္ဓာနှင့်တကွ ဝိညာဉ်ပါ သေဆုံးသွားကြလေပြီ။

သို့သော် ထိုမျှနှင့်မပြီးသေး။ အင်မော်တယ်တောင်များ ကျသွားသည့်အချိန်မှာပင် မန်ဟိုက မုဒြာလက်ကွက်တစ်ကွက် ဖော်ပြီးနောက် အောက်ရှိမြေကြီးအား လက်ညှိုးထိုးလိုက်သည်။ ချက်ချင်းပင် အင်မော်တယ်တောင်များမှာ တုန်ခါလာပြီး ... မထင်မှတ်ဖွယ်ကောင်းစွာနှင့် ပေါက်ကွဲကုန်ကြသည်။

ထောင်ချီသောအင်မော်တယ်တောင်များ၏ အစအနများက အရပ်လေးမျက်နှာသို့ လွင့်စင်သည်။ မြေကြီးသည် တုန်ရီနေပြီး မိုးကောင်းကင်မှာလည်း လှုပ်ခတ်သွားသည်။ တဒင်္ဂလေးအတွင်း ကျင့်ကြံသူတစ်သောင်းခန့်မှာ ပေါက်ကွဲအားကြောင့် သုတ်သင်ခံလိုက်ရ၏။

သူတို့သေသွားသည့်အခါ သူ့ကိုယ်ထဲရှိ ချီစီးကြောင်းမှာ အားကောင်းလာကြောင်း မန်ဟို ခံစားလိုက်ရသည်။ ဤသည်မှာ စောစောက သူ ကြုံတွေ့ခဲ့သော ခံစားချက်ဖြစ်ပြီး တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်း၏ ပုံရိပ်များကို မမြင်ရတော့သော်လည်း ... ခံစားချက်က ပြောင်းလဲမသွားခဲ့ပေ။

၎င်းက ... လေဟုန်ခွင်းလောကတွင် ချီကြော၏ ကောင်းချီးပေးမှုကို သူ ရရှိခဲ့သလိုမျိုး ဖြစ်သည်။

အဓိကကွဲပြားမှုမှာ ... ထိုစဉ်တုန်းက လေဟုန်ခွင်းလောကမှ ချီကြောက သူ့ကို ကောင်းချီးပေးခဲ့ခြင်းဖြစ်ပြီး ယခု သူ ခံစားနေရသည်ကား ... ချီစီးကြောင်းတစ်ကြောင်း ပြန်လာနေသကဲ့သို့ပင်။

လေဟုန်ခွင်းလောက၌ ဖြစ်ခဲ့သည်နှင့်တူသည့်တိုင် အခြေခံအားဖြင့် ကွဲပြားနေသည်။ ထိုချီကြောက ကောင်းချီးပေးခံခဲ့ရသည့် ချီကြော ဖြစ်ခဲ့ကာ ... ယခုချီစီးကြောင်းက သူနှင့်သက်ဆိုင်နှင့်ပြီးသား၊ သူ့အပိုင်ဖြစ်နှင့်ပြီးသား ဖြစ်သည်။

ချီစီးကြောင်းတစ်ကြောင်း ပြန်လာမှု

အတွေးပေါင်းများစွာ စိတ်ထဲတွင် ဖြတ်ပြေးနေသဖြင့် မန်ဟိုမှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်ရသည်။ ချီစီးကြောင်းပြန်လာနေခြင်းက တစ်ခုတည်းကိုသာ ညွှန်ပြသည် ... တောင်ပင်လယ်လောကမှ ချီစီးကြောင်းအားလုံး သူ့ဆီ ပြန်လာခဲ့လျှင် သူသည် တောင်ပင်လယ်လောကသခင် ဖြစ်လာလိမ့်မည်။

မီးတောက်များအတွင်းမှ ဒေါသတကြီးကြိမ်းမောင်းသံတစ်သံ ထွက်လာသည်။ “သေချင်နေလား”

မီးပင်လယ်သည် အပေါ်သို့ ဟုန်းခနဲ ထိုးတက်သွားကာ မီးလုံးကြီးအသွင် ပြောင်းလာ၏။ မီးလုံးကြီးက သူ၏တိုက်ခိုက်မှုများကို တားဆီးရန် ရည်ရွယ်ရင်း အံ့မခန်းလိလိအရှိန်ဖြင့် မန်ဟို့ဆီ တန်းတန်းမတ်မတ် ရွေ့လျားလာသည်။

တစ်ချိန်တည်းမှာပင် အနှစ်သာရ ၃ ခု တာအိုသခင်တစ်ဦး၏ အင်အား ပေါ်ထွက်လာသည်။ ၎င်းက မန်ဟို့အား တိုးဝှေ့ဝင်တိုက်လိုက်သော မြို့တံတိုင်းများဖြစ်လာရင်း လျင်မြန်စွာ အကောင်အထည် ရှိလာသည်။

ပုံမှန်ဆို ထိုတိုက်အားက တာအိုနယ်ပယ်အောက် မည်သူ့ကိုမဆို တစစီ ဖြစ်သွားစေရန် လုံလောက်သည်။ မန်ဟိုပင် မျက်လုံးမပြူးမိဘဲ မနေပေ။ သို့သော် သူသည် မိုးကောင်းကင်ကို ဖီဆန်၍ သူ့အား အနှစ်သာရ ၂ ခု တာအိုနယ်ပယ်ပညာရှင်များကို တိုက်ခိုက်စေနိုင်သည့် လောကပါလတာအိုအင်မော်တယ်ဖြစ်၏။ လောလောဆယ်တွင် မီးလုံးကြီး သူ့ဆီ ချဉ်းကပ်လာနေစဉ် သူ၏မျက်လုံးများက လင်းလက်သွားသည်။ ရုတ်တရက် သူက ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်ကာ မိုးကြိုးဒယ်အိုးအား ပေါ်လာစေသည်။ မိုးကြိုးလျှပ်စီးများ ကခုန်သွားပြီး မီးလုံးကြီး သူ့အား ဝါးမြိုတော့မည့်အချိန်မှာပင် သူက ရှေးဟောင်းနယ်ပယ်ကျင့်ကြံသူတစ်ဦးနှင့် နေရာချင်းလဲလိုက်သည်။

စောစောက ဤရှေးဟောင်းနယ်ပယ်ကျင့်ကြံသူသည် ခပ်လှမ်းလှမ်းတွင် သစ်စေ့နက်မှင်စာများကို တိုက်ခိုက်နေခဲ့၏။ ရုတ်တရက် သူ့အမြင်အာရုံ ဝေဝါးသွားပြီး နေရာအသစ်သို့ ရောက်လာခဲ့ပြီးနောက် မီးပင်လယ်၏ ဝါးမြိုခံလိုက်ရလေသည်။ “မလုပ်နဲ့...”

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက လူမှားသတ်ခဲ့မိ၍ မည်သို့မျှဖြစ်မသွားသော်လည်း မန်ဟို့ကို သတ်ဖြတ်လိုစိတ်မှာတော့ အထွတ်အထိပ်သို့ ရောက်သွားခဲ့လေပြီ။ သူသည် သတိရှိသူဖြစ်၍ တစ်ဂိုဏ်းလုံးကို တိုက်ခိုက်ရဲသူ၊ မန်ဟို့တွင် မည်သည့်ဝှက်ဖဲများ ရှိသလဲ မြင်ရဖို့ ဂိုဏ်းတစ်ဂိုဏ်းလုံးအား အသုံးချဖို့ တွေးထားခဲ့၏။

သို့သော် ယခုတော့ မန်ဟိုက ဝိညာဉ်နက်အဖွဲ့အစည်းတစ်ခုလုံးကို ဖျက်စီးပစ်ခဲ့ရာ ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ မတတ်သာတော့၍ ထွက်လာခဲ့ရသည်။ မန်ဟို့တွင် မည်သည့်ဝှက်ဖဲများ ရှိစေကာမူ သူ့မှာ လူလုံးထွက်ပြလိုက်ရတော့၏။

သို့သော် တိုက်ခိုက်ဖို့ လူလုံးထွက်ပြပြီးနောက် မန်ဟိုက သူ့ကို မတိုက်ခိုက်ဘဲ သူ့ဂိုဏ်းသားများကို အစုလိုက်အပြုံလိုက် သတ်ပစ်သည်။ ထိုအခြင်းအရာက ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ ဒေါသကို ပို၍ပင် ပြင်းထန်လာစေသည်။ မီးလုံးကြီး မန်ဟို့ဆီ ပြေးဝင်သွားစဉ် မီးတောက်ထဲရှိ လူရိပ်က ရှေ့သို့လှမ်းကာ သူနှင့်မန်ဟို့ကြား အကွာအဝေးကို ချက်ချင်း ချုံ့လိုက်သည်။ ထို့နောက် သူ့လက်က မန်ဟို့ကို ဆုပ်ကိုင်ရန် ထွက်သွားသည်။

ထိုလှုပ်ရှားမှုက ပတ်ဝန်းကျင်ရှိ သဘာဝနိယာမများကို ပုံပျက်တွန့်လိမ်သွားစေသည်။ ဤစိတ်ဆန္ဒသည် ကောင်းကင်ဘုံ၏စိတ်ဆန္ဒအလား၊ ဤတာအိုသည် ကောင်းကင်ဘုံ၏တာအိုအလား၊ ဤအနှစ်သာရက တောင်ပင်လယ်များကို ကိုင်လှုပ်နိုင်သည့်အလား မြေပြင်သည် အသွင်ပြောင်းလာ၏။

မန်ဟို့မျက်လုံးများက လင်းခနဲ လက်သွားသည်။ သို့သော် ဝိညာဉ်နက်ခေါင်းဆောင်ကြီး သူ့အရှေ့၌ ပေါ်လာလျှင်ချင်း သူက လက်ချောင်းကို ဝှေ့ယမ်းလိုက်လေသည်။

မိစ္ဆာချုပ်နှောင်ခြင်း အဋ္ဌမမန္တန်

မန္တန်က ဝိညာဉ်နက်ခေါင်းဆောင်ကြီးကို ချက်ချင်း တုပ်နှောင်လိုက်သည်။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးအနေဖြင့် ရုတ်ခြည်း ရုန်းထွက်နိုင်သော်လည်း ထိုအခြင်းအရာက မန်ဟို့အား အချိန်အနည်းငယ် ရစေသလို၊ သဘာဝနိယာမများကိုလည်း နှောင့်ယှက်လိုက်၍ မိုးကောင်းကင်စိတ်ဆန္ဒနေရာတွင် အစားဝင်ဖို့ ကြိုးစားနေသည့် ထိုလူ၏စိတ်ဆန္ဒကို မတည်မငြိမ် ဖြစ်သွားစေသည်။

မန်ဟို၏မိုးကြိုးဒယ်အိုးက ဖျတ်ခနဲ လက်သွားပြန်ပြီး သူက အနောက်ရှိ ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံသူနှင့် နေရာလဲသွား၏။ သူက ချီတုံချတုံမနေဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ထိုရှေးဟောင်းနယ်ပယ်ကျင့်ကြံသူ၏ စိတ်ထဲတွင် အန္တရာယ်အား ခံစားလိုက်ရစေသည်။ ထိုလူ လှည့်၍ သူ့ဆီ လာတော့မည့်အချိန်မှာပင် နတ်မီးတောက်က ဟုန်းခနဲ ထတောက်ရင်း ထိုလူ့အား ဝါးမြိုလိုက်၏။

အဆင့်မြင့်သော ရှေးဟောင်းနယ်ပယ်မဟာစက်ဝန်းအဆင့် ကျင့်ကြံသူမှာ နတ်မီးတောက်၏ သုတ်သင်ခြင်းခံလိုက်ရသဖြင့် သွေးပျက်စွာအော်သံကြီးသာ လွင့်ပျံ့ကျန်ရစ်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်း ကျင့်ကြံသူတစ်ယောက် ပြာကျသွားခဲ့လေပြီ။ သူ၏အနုသုခုမနတ်ခန္ဓာပင် လွတ်မြောက်မသွားဘဲ အပြီးတိုင်ဖျက်စီးခံလိုက်ရသည်။

“မင်းးးးး” ဝိညာဉ်နက်ခေါင်းဆောင်ကြီးက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ရင်း ကြိမ်းဝါးသည်။ မန်ဟိုသည် လွန်စွာဖမ်းရခက်၏။ မိုးကြိုးဒယ်အိုးကြောင့် သူ့မှာ မန်ဟို့အား ဘာမှလုပ်မရပေ။

ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ရုတ်တရက် အေးစက်စက် နှာမှုတ်ပြီးနောက် လက်နှစ်ဖက်မုဒြာလက်ကွက်ဖော်ကာ ကောင်းကင်အား လက်ညှိုးထိုးလိုက်ဿည်။

“မီး”

ချက်ချင်းပင် မြေပြင်သည် လှုပ်ခတ်လာပြီး တဝုန်းဝုန်းမြည်သံများ ကောင်းကင်တွင် ပြည့်နှက်လာ၏။ အနက်ရောင်မီးတောက်မီးလျှံများက အရပ်မျက်နှာတစ်ခွင်သို့ လိမ့်ထွက်ပြန့်ကားစပြုလာသည်။

ထို့နောက် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အောက်သို့ လက်ညှိုးထိုးလိုက်သည်။

“မြေ”

အောက်ရှိ ကြေမွနေသောမြေကြီးများသည် ဖုန်သဲမှုန်များ ဝန်းရံလျက်ရှိသော မြေဘီလူးကြီးအဖြစ် စုစည်းလာသည်။

“လေ”

ထို့နောက် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက ခပ်ပြင်းပြင်းခြေဆောင့်ချလိုက်ရာ အနက်ရောင်လေတစ်ချက်သည် ဝုန်းခနဲ တိုက်ခတ်သွား၏။ လေက မီးပင်လယ်ကို လှုံ့ဆော်၍ မီးတောက်များအား ဟုန်းခနဲ ထတောက်စေလိုက်ရာ အပူလှိုင်းသည် ပတ်ဝန်းကျင်ရှိ ဖုန်သဲကျောက်ခဲများအား မြောက်တက်လာစေပြီး လေဆင်နှာမောင်းကြီးဖြစ်ပေါ်လာစေ၏။

“အနှစ်သာရ ၃ ခု မိုးကောင်းကင်နဲ့မြေပြင်ကို ချိတ်ပိတ်၍ ကောင်းကင်ဘုံတွေကို ပြိုကျသွားစေခြင်း .... တာအိုအကျဉ်းထောင် ဖြစ်လာစမ်း” စကားလုံးများ

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ပါးစပ်မှ ထွက်သွားနှင့်တစ်ပြိုင်နက် လေ၊ မီးနှင့် မြေသည် တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသော ချိတ်ပိတ်အမှတ်အသားသုံးခု ဖြစ်လာသည်။

အနှစ်သာရတစ်ခုစီတိုင်းက မန်ဟို့အား သူ့အပေါ် သက်ရောက်နေသော ဖိအားတိုးများလာသည်ကို ခံစားလိုက်ရစေ၏။ တတိယမြောက်တစ်ခု ပေါ်လာသောအချိန်တွင် သူ့မှာ လေလယ်တွင် အကျဉ်းချခံလိုက်ရသည်။ အုန်းခနဲ ထစ်ချုန်းသံကြီးအား ကြားလိုက်ရစဉ် မန်ဟို့ပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ သူနှင့်ဝေးရာသို့ တွန်းခံလိုက်ရလေသည်။

ဝိညာဉ်နက်ခေါင်းဆောင်ကြီး လေကိုဖြတ်၍ သူ့ထံ လျှောက်လာသည့်အခါ လေပွေတစ်ခုက မန်ဟို့အား ချာချာလည်သွားစေသည်။ ထို့နောက် ဝိညာဉ်နက်ခေါင်းဆောင်ကြီးက အသတ်အဖြတ်စိတ်ဆန္ဒတို့ မျက်ဝန်းများတွင် တောက်ပနေလျက် ညာလက်ကို ဆန့်၍ မန်ဟို့ကို ဖမ်းရန် ပြင်သည်။

ထိုလှုပ်ရှားမှုက မိုးနှင့်မြေ၏ သဘာဝနိယာမကို ပြောင်းလဲသွားစေ၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ မျက်နှာမှတစ်ပါး အခြားမဟုတ်သော ဧရာမမျက်နှာကြီးတစ်ခု ပေါ်လာသည်။ တစ်ကမ္ဘာလုံးတွင် ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏ အရှိန်အဝါ ပြည့်လွှမ်းနေသည့်အလား၊ သူ၏စိတ်ဆန္ဒက သဘာဝနိယာမများ၏နေရာတွင် ဝင်ယူလိုက်သည့်အလား ထင်ရသည်။ စကြဝဠာ၏ ဤအစိတ်အပိုင်းလေးနှင့် ၎င်း၏ကောင်းကင်တာအိုမှာ ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အပိုင် ဖြစ်လာခဲ့သယောင်ပင်။

ဤသည်မှာ တာအိုသခင်များ၏ ကြောက်စရာအကောင်းဆုံးတန်ခိုး ဖြစ်ပေသည်။ သူတို့သည် သူတို့တည်ရှိသော ကမ္ဘာ၏ အရှင်သခင်များ ဖြစ်လာနိုင်သည်။ ထိုမျှသာမက ... သူတို့က ထိုနေရာရှိ ကောင်းကင်တာအို၏ သခင်များလည်း ဖြစ်ကြသည်။ ထို့ကြောင့်ပင် အနှစ်သာရ ၃ ခု တာအိုနယ်ပယ်ကျင့်ကြံသူများအား တာအိုသခင်ဟု ခေါ်ကြလေသည်။

“မင်း အခု ဘယ်လိုထွက်ပြေးမလဲ။ ငါ့ရဲ့ ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားတွေကို မင်း အခု ဘယ်လိုသတ်မလဲ”

ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အသံက ပဲ့တင်ထပ်လာရာ မန်ဟို၏အသတ်ခံနေရသော ဂိုဏ်းသားများအား စိတ်လှုပ်တရှား ကြွေးကြော်မိကြစေသည်။

သူတို့၏အသံများက မိုးခြိမ်းသံကြီးသဖွယ် ဟိန်းထွက်သွားပြီး သူတို့၏ အသတ်အဖြတ်စိတ်ဆန္ဒတို့သည် စုဆုံစည်း၍ လိမ့်ထွက်လာကြ၏။ သူတို့က သူတို့ခေါင်းဆောင်ကြီး မန်ဟို့အား သုတ်သင်တော့မည်ကို မျှော်လင့်စောင့်စားနေကြလေသည်။

သို့သော် ဝိညာဉ်နက်ခေါင်းဆောင်ကြီး မန်ဟို့အနား ရောက်လာပြီး ကောင်းကင်တာအိုကို လွှမ်းမိုးထားသော လက်ကြီး သူ့အရှေ့တွင် ‌ပေါ်လာသည့်အချိန်မှာပင် မန်ဟို၏မျက်လုံးများက လင်းလက်သွားပြီး သူက လက်နှစ်ဖက်လုံးကို ဘေးနှစ်ဖက်သို့ ဖြန့်ကားလိုက်သည်။

မန်ဟို့သိုလှောင်အိတ်ထဲမှ လက်တစ်ဆုပ်အရွယ် မြေခဲတစ်ခဲထွက်လာသဖြင့် စူးရှတောက်‌ပသော အရောင်အဝါတို့ ရုတ်တရက် ဖြာထွက်လာ၏။ မန်ဟိုက ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏အမေးကို ပြန်ဖြေလိုက်သည်။ "ကျုပ် ခင်ဗျားရဲ့ ဂိုဏ်းသားတွေကို ဘယ်လို သတ်ပြမလဲ ခင်ဗျား သိလာလိမ့်မယ်"

မြေခဲက ပေါ်လာသည်နှင့်တစ်ပြိုင်နက် ကြောက်ခမန်းလိလိ ကြီးမားလာ၏။ မကြာမီ ၎င်းက မီတာ ၃၀၀ သို့ ရောက်ရှိသွားခဲ့၏။ ထို့နောက် မီတာ ၃၀၀၀၊ မီတာ ၃၀၀၀၀။ ၎င်းသည် ဖော်ပြ၍မရလောက်အောင် လေးလံပြီး ထိုအလေးချိန်အကုန်လုံးက ‌ဝိညာဉ်နက်ခေါင်းဆောင်ကြီးအပေါ် ချက်ချင်း ကျရောက်သွားခဲ့လေသည်။

မြေခဲက ဝိညာဉ်နက်ခေါင်းဆောင်ကြီး၏လက်ကို တိုက်ချလိုက်ကာ အုန်းခနဲ မြည်ဟည်းသွားစေသည်။ တစ်ချိန်တည်းမှာပင် မန်ဟိုလည်း တန်ပြန်ရိုက်ခတ်ခံလိုက်ရ၍ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ခန္ဓာကိုယ်မှာ ပြိုကွဲတော့မတတ် တုန်ခါ‌သွား၏။

သို့သော် သူက တောင့်ခံထားပြီး သူ၏မျက်လုံးများကား ရက်စက်ကြမ်းကြုတ်စွာ တောက်ပနေဆဲဖြစ်သည်။ သူသည် မီတာ ၃၀၀၀၀ မြေထုကြီးကို မော့ကြည့်ရင်း မျက်စိမျက်နှာပျက်နေသော ဝိညာဉ်နက်ခေါင်းဆောင်ကြီးကို ကြည့်လိုက်၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ‌ မြေထု မည်မျှလေးလံကြောင်း သဘောပေါက်လိုက်သဖြင့် သေရတော့မည့်အန္တရာယ်ကို ခံစားလိုက်ရသည်။

မြေခဲသည် အလွန်တရာ လေးလံသဖြင့် သဘာ၀နိယာမများကိုပင် ‌ခြေမွပစ်နိုင်၏။ ဝိညာဉ်နက်ခေါင်းဆောင်ကြီးသည် လက်ရှိကမ္ဘာ၏စိတ်ဆန္ဒနေရာတွင် အစားထိုးဝင်ယူထားခဲ့စေကာမူ မီတာ ၃၀၀၀၀ မြေထုကြီးက တစ်လောကလုံးကို ၎င်း၏ အလေးချိန်တစ်ခုတည်းနှင့် ထုတ်ချင်းဖောက်ပစ်လိုက်သော ဓားတစ်လက်နှင့် တူ၏။

"အဲ့.. အဲ့ဒါက အင်မော်တယ်အပျက်အစီးများနယ်ရဲ့ အစိတ်အပိုင်းတစ်ခုလား" ဝိညာဉ်နက်ခေါင်းဆောင်ကြီးမှာ မျက်နှာပျက်သွားပြီး ချက်ချင်း နောက်ဆုတ်လိုက်သည်။ သို့သော် မြေထုက ဆက်လက် ကျဆင်းလာနေသည်။ အနှစ်သာရသုံးခု၏ လေဆင်နှာမောင်းကို လျစ်လျူရှုရင်း ၎င်းက ဂြိုဟ်၏မျက်နှာပြင်ပေါ်သို့ ဝုန်းခနဲ ကျသွားခဲ့လေပြီ။

အောက်မှကြည့်လျှင် မြေထုကြီးသည် တရွေ့ရွေ့ ကျဆင်းလာနေသော ဧရာမအရိပ်ကြီးနှင့် တူ၏။ ၎င်းကို မြင်လိုက်ရသော ကျင့်ကြံသူအားလုံးမှာ လန့်ဖျပ်သွားကြပြီး ကြောက်လန့်တကြား အော်ဟစ်ကြတော့သည်။

"အဲ့ ... အဲ့ဒါ ဘာကြီးလဲ"

"ဒီနေရာက ထွက်သွားကြစို့"

ကျဆင်းလာနေသော အရိပ်ကြီး၏ အောက်တွင်ရှိနေသော ဝိညာဉ်နက်အဖွဲ့အစည်းဂိုဏ်းသားများမှာ အသည်းအသန် ထွက်ပြေးကြလေသည်။

သို့သော် အရိပ်ကြီးတွင် ထူးဆန်းသော သံလိုက်အားရှိနေသကဲ့သို့ သူတို့အတွက် ထွက်ပြေးမရဖြစ်နေသည်။

သူတို့အားလုံးမှာ သူတို့အပေါ်ရှိ ဧရာမအရိပ်ကြီး ကြီးမားသထက် ကြီးမားလာသည်ကို ကြည့်ရင်းသာ ကြောက်လန့်တကြား အော်ဟစ်နိုင်တော့သည်။ ထို့နောက် သူတို့အားလုံး ပြားကပ်သွားကြ၏။

All Chapters