မိသားစုလေးခု
Vol. 148 Ch. 2103
အဘိုးမာက မုယွင်လုံအား ကြည့်ကာ မေးလိုက်သည်။ "မင်းက ငါ့အိမ်က ဧည့်သည်တွေကို နှင်ထုတ်ဖို့ ကြိုးစားနေတာ မသင့်တော်ဘူးလို့များ မထင်ဘူးလား။"
မုယွင်လုံက အဘိုးမာအား အထင်အမြင်သေးစွာ ကြည့်ရင်း ပြောလိုက်သည်။ "အဘိုးမာ ကျုပ် ကိုယ်တိုင် မမောင်းထုတ်တာကတင် ခင်ဗျားကို မျက်နှာသာပေးပြီးနေပြီ။ ဒီလူက ကျုပ်သားကို လေးမျက်နှာကျေးရွာရဲ့ ဘိုးဘေးနယ်မြေမှာ တိုက်ခိုက်ခဲ့တယ်။ ဘယ်လောက် ရဲတင်းလိုက်သလဲ။ ဒါကြောင့် မုယွင်မိသားစုက လေးမျက်နှာကျေးရွာရဲ့ ကိုယ်စား သူနဲ့ သူ့မိတ်ဆွေတွေကို နှင်ထုတ်ဖို့ ဆုံးဖြတ်လိုက်တာပဲ။"
"ဒီလိုဆိုရင် ကျုပ်ကို မျက်နှာသာပေးပြီး ခင်ဗျားနောက်မှာ ရပ်နေတဲ့ လူတွေကိုလည်း နှင်ထုတ်လိုက်ပါ။ သူတို့က လေးမျက်နှာကျေးရွာရဲ့ ဘိုးဘေးနယ်မြေမှာ ကျုပ်သားကို တိုက်ခိုက်ချင်ခဲ့တယ်။ ဘယ်လောက်ရဲတင်းလိုက်သလဲ။ မုယွင်မိသားစုက သမာသမတ်ကျပြီး မျှတတဲ့ စိတ်ထားရှိမယ်ဆိုတာ သေချာပါတယ်။ ကျုပ်သားရဲ့ နိုးထခြင်းကို တားဆီးဖို့ ခင်ဗျားသား ဘယ်လိုကြိုးစားခဲ့သလဲဆိုတာကို အရင်ပြောဖို့ ဘာလို့ မလုပ်ရတာလဲ။ ပြီးတော့ သူတို့ကိုပါ မောင်းထုတ်ပစ်ဖို့ကိုရောပေါ့။" ဘေး၌ တိတ်ဆိတ်စွာ ထိုင်နေသော မျက်မမြင်ထျယ်က ရုတ်တရက် ပြောလိုက်သည်။
ပြောစရာမလိုအောင်ပင် သူက နန်ဟိုင်မိသားစုမှ တန်ခိုးရှင်သုံးယောက်ကို ရည်ညွှန်းနေခြင်း ဖြစ်သည်။
နန်ဟိုင်ချင်းက မျက်မမြင်ထျယ်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူသည် ယခင်နေ့ရက်များ၌ မျက်မမြင်ထျယ်က ပြင်ပဘုံများတွင် မည်သို့ မုန်တိုင်းထန်စေခဲ့ကြောင်း ကြားဖူး၏။ သို့ဆိုလျှင်ပင် သူက နန်ဟိုင်မိသားစုဝင်အား မည်သို့နှင်ထုတ်ရဲရသနည်း။ သူက အမှန်တကယ်ပင် ပုံမှန်ကဲ့သို့ မာနထောင်လွှားနေဆဲ ဖြစ်သည်။ သူက အမြင်အာရုံပျောက်ကွယ်သွားပြီးနောက်၌ပင် သူ့ကိုယ်သူ မည်သို့ ထိန်းချုပ်ရမည်ဖြစ်ကြောင်း မသိပေ။
မုယွင်လုံက တည်ငြိမ်စွာနှင့် မျက်မမြင်ထျယ်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။ "အဲဒါက ကလေး နှစ်ယောက်ကြားက စနောက်ရုံသက်သက်ပါပဲ။ တကယ် တိုက်ခိုက်တာ မဟုတ်ဘူး။ ခင်ဗျားက ဘယ်လိုလုပ် စိတ်ထဲ မှတ်ထားရတာလဲ။ တခြားတစ်ဖက်မှာတော့ ဒီအပြင်လူတွေက ကျုပ်သားကို ကိုယ်ထိလက်ရောက် ကျူးလွန်တာ မငြင်းနိုင်တဲ့ အမှန်တရားပဲ။ ဒါက ခွင့်လွှတ်လို့မရဘူး။ အဘိုးမာ ခင်ဗျားက ခင်ဗျား ဧည့်သည်တွေကို ကာကွယ်ပြီး ဒီမှာ ဆက်နေခိုင်းချင်တယ်ဆိုရင်တော့ ကျုပ် စပြီး တိုက်ခိုက်ရင် အပြစ်မတင်နဲ့။"
ပြောရင်းနှင့် မုယွင်လုံက သူ့ခန္ဓာကိုယ်မှ စွမ်းအင်များ ထုတ်လွှတ်လိုက်ကာ သူ၏ ပြင်းထန်သော စွမ်းအားများကို ထုတ်ဖော်ပြသလိုက်သည်။ မုယွင်လုံသည်လည်း ငယ်ရွယ်စဉ်က လောကအတွင်း လှည့်လည်သွားလာခဲ့ပြီး ထူးချွန်ထက်မြက်သည့် တန်ခိုးရှင်တစ်ယောက် ဖြစ်သည်။ ထို့နောက် သူက ရန်သူများလက်မှ ပုန်းကွယ်ရန် ရွာသို့ ပြန်လာကာ နောက်တစ်ခါ ပြန်မထွက်တော့ဟု ဆရာသခင်အား ကတိပေးခဲ့သည်။ ထို့နောက်တွင် သူက ရွာအတွင်း နေထိုင်ခဲ့ပြီး သူ့သား မုယွင်လန် ရွာမှထွက်သွားပြီးနောက်၌ သူ့အတွက် ရန်သူဟောင်းများကို သတ်ဖြတ်ပေးခဲ့သည်။
မုယွင်လုံက အပြင်ဘက်လောက၌ သွားလာခဲ့ပြီး အပြင်ဘက်ရှိ စိတ်လှုပ်ရှားစရာနှင့် စွန့်စားရခြင်းများကို ကောင်းစွာ ရင်းနှီးသည်။ ပြောစရာမလိုအောင်ပင် သူက ရွာအတွင်း၌သာ အမြဲ မနေလိုပေ။ နှစ်ပေါင်းများစွာအတွင်း သူသည် သူ့သားအငယ်ဆုံး မုယွင်ရှု၏ ကျင့်ကြံခြင်းကိုသာ အာရုံစိုက် မြေတောင်မြှောက်ပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူက အလွန် ရည်မှန်းချက်ကြီးကာ ရွာအတွင်း မဟာမိတ်ဖွဲ့ခဲ့သည်။
ယခု လေးမျက်နှာကျေးရွာက ပြောင်းလဲသွားပြီး သူသည် နောက်ဆုံး၌ သူစောင့်ဆိုင်းနေသော အခွင့်အရေး ရောက်လာပြီဟု ခံစားမိလိုက်၏။
သူက လေးမျက်နှာကျေးရွာသည် ရှန်ချင်းနယ်မြေအတွင်း၌ ကျော်ကြားသော နေရာတစ်ခုဖြစ်ကြောင်း သိရှိပြီး ဆရာသခင်က ရွာသားများအား ဤနေရာသေးသေးလေးမှ ထွက်ခွာခြင်းကို တားမြစ်ထားသည်က မှားယွင်းနေကြောင်း ယုံကြည်သည်။ လေးမျက်နှာကျေးရွာအတွင်း၌ ပိတ်မိနေရန် ဆန္ဒမရှိသူမှာ သူတစ်ယောက်တည်းသာလျှင် မဟုတ်ပေ။ လူအများကြီးက ဤနေရာ၌ အကျဉ်းချခံထားရပြီး သူတို့၏ အလားအလာကောင်းများကို ဖြုန်းတီးပစ်နေရသည်။ ၎င်းက အတော်လေး နှမြောစရာကောင်း၏။
လေးမျက်နှာကျေးရွာမှ လူများ အပြင်ဘက်လောကသို့ သွားနိုင်လျှင် သူတို့သည် ရှန်ချင်းနယ်မြေ၏ အဆင့်မြင့်ကောင်းကင် တတိယအလွှာကဲ့သို့ ထိပ်သီး အင်အားစုတစ်ခု ဖြစ်လာမည်မှာ ကျိန်းသေသည်။ ထိုအချိန်တွင် သူတို့က လောကကြီးကို စိုးမိုးကာ သူတို့ ဘိုးဘေးများ တည်ထောင်ခဲ့သော လေးမျက်နှာနတ်ပြည်ထောင်အား ပြန်လည်ထူထောင် နိုင်လိမ့်မည်။ ထိုသို့ဖြစ်လာလျှင် မည်သူကမှ စိတ်ပျက်လက်ပျက်နှင့် ဖိနှိပ်မှုကို ခံစားနေရတော့မည် မဟုတ်ပေ။
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် လေးမျက်နှာကျေးရွာကို ကိုယ်စားပြုနိုင်တယ် ထင်နေတာလား။" ရီဖူရှင်းက ခေါင်းကို မော့ကာ မုယွင်လုံအား ကြည့်လိုက်၏။ ဤကဲ့သို့ အဖေမျိုးရှိ၍ ဤသားမျိုး ရှိလာပေသည်။ မုယွင်ရှုက ထိုမျှ မောက်မာရိုင်းစိုင်းနေသည်မှာ အံ့သြစရာမရှိတော့ပေ။ သိသာစွာပင် သူက သူ့အဖေထံမှ သင်ယူထားခြင်း ဖြစ်သည်။ မုယွင်ရှု၏ ထျယ်ထိုအား တိုက်ခိုက်ရန် ကြိုးစားမှုက ကလေးနှစ်ယောက်ကြားမှ စနောက်မှု ဖြစ်သွားခဲ့သော်လည်း မုယွင်လုံက ရီဖူရှင်းအား ရွာမှ မောင်းထုတ်ချင်နေသည်။ မည်မျှ ကျိုးကြောင်းဆီလျော်လိုက်သနည်း။
သေချာပေါက်ပင် မုယွင်လုံသည် အစကတည်းက ကျိုးကြောင်းဆီလျော်စွာ ပြုမူရန် ရည်ရွယ်ချက်မရှိပေ။ သူက ဤနေရာသို့ တိုက်ခိုက်ရန် လာရောက်ခြင်း ဖြစ်သည်။
သို့သော် ကျေးရွာအတွင်း၌ အပြင်လူများ တိုက်ခိုက်ရန် ခွင့်မပြုထားချေ။
ရီဖူရှင်းနှင့် အခြားလူများက မုယွင်လုံ၏ တိုက်ခိုက်မှုကို ခံယူရရုံသာ ရှိလိမ့်မည်။
"နတ်ဘုရားနည်းစနစ်၏ ဆက်ခံသူတစ်ယောက်အနေနဲ့ မုယွင်မိသားစုက အရည်အချင်းမီတယ်။ မင်း ကျုပ်ကို မယုံရင် လိုက်မေးလို့ရတယ်။" မုယွင်လုံက ကျယ်လောင်စွာ ပြောလိုက်သည်။ သူတို့ အငြင်းပွားနေစဉ်အတွင်း ခြံဝန်းအပြင်ဘက်၌ လူများစွာ စုဝေးနေကြသည်။
"အဲဒါမှန်တယ်။ မုယွင်မိသားစုက ရွာရဲ့ ပင်မထောက်တိုင်ပဲ။ သူက နေ့တိုင်း ရွာရဲ့ အရေးကိစ္စတွေကို ဖြေရှင်းရတယ်။ မုယွင်လုံက အုပ်ချုပ်သူတွေထဲက တစ်ယောက်ပဲ။ ဒါကြောင့် သူက လေးမျက်နှာကျေးရွာကို ကိုယ်စားပြုနိုင်တယ်။" လူအိုကြီးတစ်ယောက်က သံယောင်လိုက် လိုက်သည်။
အဘိုးကြီးပြောသည်မှာ အမှန်ပင် ဖြစ်၏။ လေးမျက်နှာကျေးရွာက သေးငယ်သော ရွာလေးဖြစ်ပြီး လူဦးရေ မထူထပ်သော်လည်း နေ့စဉ်ဂရုစိုက်ရန် လိုအပ်သော အရေးကိစ္စများစွာ ရှိသည်။ ဆရာသခင်က ကျောင်းသားများအား သင်ကြားရန်သာ အာရုံစိုက်ပြီး ရွာအတွင်းရှိ အခြားကိစ္စများကို ဂရုမစိုက်နိုင်ပေ။ ရွာသားများက ဆရာသခင်အား အလွန် လေးစားကြသော်လည်း လေးမျက်နှာကျေးရွာ၏ နေ့စဉ်အရေးကိစ္စများကို မိသားစုလေးခုက ကိုင်တွယ်ဖြေရှင်းကြသည်။
မုယွင်မိသားစု၊ ရှီမိသားစုနှင့် ကုမိသားစုအပြင် ထျယ်မိသားစုသည်လည်း မိသားစုလေးခုမှ တစ်ခု ဖြစ်သည်။ မျက်မမြင်ထျယ်က အမြင်အာရုံ ဆုံးရှုံး၍ ပြန်လာခဲ့ပြီးနောက် ထျယ်မိသားစု ကျဆင်းလာကာ ဖန်းမိသားစုက နေရာရလာခဲ့၏။
ဖန်းမိသားစုက မည်သည့် နတ်ဘုရားနည်းစနစ်ကိုမှ မဆက်ခံခဲ့သော်လည်း သူတို့သည် မျိုးဆက်တိုင်း၌ အစွမ်းထက် တန်ခိုးရှင်များစွာကို မွေးထုတ်ပေးခဲ့ပြီး ရွာအတွင်း၌ ကြီးမားသော ဂုဏ်သတင်းကို တည်ဆောက်နိုင်ခဲ့၏။ ဖန်းမိသားစု၏ ငယ်ရွယ်သော မျိုးဆက်အချို့သည် ပြင်ပဘုံများ၌ ကျင့်ကြံနေကြပြီး အတော်လေး ကျော်ကြားသည်ဟု ဆိုနိုင်သည်။
"မုယွင်လုံက အုပ်ချုပ်သူတွေထဲက တစ်ယောက်လို့ ပြောနိုင်ပေမယ့် သူနဲ့ အဆင့်အတန်း အာဏာချင်း တူတဲ့ တခြားလူတွေ ရှိတယ်။ သူက လေးမျက်နှာကျေးရွာရဲ့ ဆုံးဖြတ်ချက်ချနိုင်တဲ့ တစ်ဦးတည်းသောသူ မဟုတ်ဘူး။" အဘိုးမာက သူ့မျက်လုံးများကို မှေးကျဉ်းကာ ပြောလိုက်သည်။
"အဘိုးမာ.. ကျုပ် အစတုန်းက ခင်ဗျားကို မျက်နှာသာ ပေးချင်ခဲ့တယ်။ ဒါပေမယ့် ခင်ဗျားက ကျိုးကြောင်းကျကျ မပြုမူတတ်ဘူးလို့ ဘယ်သူက ထင်မိမှာလဲ။ အဲဒါကြောင့် ကျုပ်မှာ ရွေးစရာမရှိဘဲ တခြားလူတွေ ပူးပေါင်းလာဖို့ ပြောရတော့မှာပဲ။" မုယွင်လုံက "ခင်ဗျားတို့အားလုံး ကြားတယ်မလား။ အခုဝင်လာခဲ့ကြတော့။"
သူ့စကားများကို ကြားသည့်အခါ လူအများက တစ်ယောက်ပြီးတစ်ယောက် ခြံဝန်းအတွင်း ဝင်ရောက်လာသည်။ အဘိုးမာက ထိုရင်းနှီးသော မျက်နှာများကို လျင်မြန်စွာ သတိပြုမိလိုက်သည်။
ရှီမိသားစုခေါင်းဆောင်၊ ကုမိသားစုခေါင်းဆောင်နှင့် ဖန်းမိသားစုခေါင်းဆောင်တို့ အားလုံး ရောက်ရှိလာကြသည်။ ရှီမိသားစုမှ ရှီခွေ့သည် တောင့်တင်းသော ကြွက်သားများနှင့် သန်မာထွားကြိုင်းသူတစ်ယောက် ဖြစ်သည်။ သူက အဆုံးမဲ့ ခွန်အားကို ပိုင်ဆိုင်ထားပုံရ၏။
ကုမိသားစု၏ ကုဟွိုက်က မြင့်မားပြီး ပိန်ပါးသည်။ သူက အနက်ရောင်ဝတ်ဆင်ထားပြီး မည်းမှောင်ကာ ရက်စက်ကြမ်းကြုတ်သော အကြည့်တို့နှင့် အန္တရာယ်ဟူသည့် ခံစားချက်အား ပေးစွမ်းသည်။
ဖန်းမိသားစု၏ ဖန်းကိုင့်က တန်ဖိုးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားသည်။ ရီဖူရှင်းသည် ရွာသို့ရောက်ပြီး ရှောင်လင်းနှင့်အတူ လှည့်ပတ်ကြည့်စဉ် ဖန်းကိုင့်၏ မြေးဖြစ်သူ ဖန်းချွင့်နှင့် တွေ့ဆုံဖူးသည်။
"လူတိုင်းကို ကြည့်ရတာ အတော်လေး အားလပ်နေပုံပဲ။ ရွာက မျက်လှည့်ဆန်တဲ့ အလှည့်အပြောင်းနဲ့ တွေ့နေရပေမယ့် ခင်ဗျားတို့အားလုံးက ကျုပ်ရဲ့ နိမ့်ကျတဲ့ အိမ်ကို လာလည်ဖို့ အချိန်ရှိနေပုံရတယ်။" အဘိုးမာက ဖြေးညင်းစွာ ပြောလိုက်သည်။
"လောကနှစ်ခုက ပေါင်းစည်းသွားပြီး တည်ငြိမ်နေပြီဆိုတော့ အနာဂတ်မှာ ရွာထဲက လူတိုင်း ကျင့်ကြံဖို့ အခွင့်အရေး ရှိလာလိမ့်မယ်။ ကျုပ်တို့ အခု အလျင်စလို လှုပ်ရှားဖို့ မလိုပါဘူး။ အခု ဒီနေရာမှာ ပဋိပက္ခတချို့ ဖြစ်နေတယ် ကြားလို့ လာကြည့်တာ။" ဖန်းကိုင့်က အပြုံးနှင့် ပြောလိုက်သည်။
"ဒီလိုဆိုရင် မုယွင်လုံရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လိုထင်လဲ။" မျက်မမြင်ထျယ်က အေးစက်သည့် အသံနှင့် မေးလိုက်၏။
လူအုပ်ကြီးက သူတို့ကို တိတ်ဆိတ်စွာ စောင့်ကြည့်နေခဲ့သည်။ ဖန်းကိုင့်က အပြုံးတစ်ခု လှစ်ဟပြလာရင်း ပြောလိုက်သည်။ "အင်း.. သိပ်တော့ မမှန်သလိုပဲ။"
လူများစွာသည် ဇဝေဇဝါ အမူအရာနှင့် ဖန်းကိုင့်ကို အံ့သြမှင်တက်စွာ စိုက်ကြည့်လိုက်ကြသည်။ မုယွင်လုံက ဖြေးညင်းစွာ လှည့်လာပြီး ဖန်းကိုင့်အား အာရုံစိုက်ကာ ကြည့်လိုက်၏။ သူက မကျေမနပ်နှင့် မျက်လုံးများကို မှေးကျဉ်းလိုက်သည်။
ဖန်းကိုင့်သည် ယခင်က မုယွင်လုံနှင့် မည်သည့်အခါမှ အငြင်းမပွားဖူးပေ။ သူက အမြဲလိုလို သဘောတူသူသာ ဖြစ်ခဲ့ပြီး သူ့သားက ရွာအပြင်ဘက်မှ လောကတွင် ကျင့်ကြံနေပေသည်။
သို့သော်လည်း သူက မုယွင်လုံကို လူအများရှေ့၌ ဆန့်ကျင်ခဲ့သည်။
သူက မည်သည်ကို ဆိုလိုသနည်း။
"ဖန်းကိုင့် ဘာက မမှန်တာလဲ။" မုယွင်လုံက အားမာန်ပြည့်ဝသော အသံနှင့် သူ့ကို မေးခွန်းထုတ်လိုက်သည်။
"အဘိုးမာနဲ့ မျက်မမြင်ထျယ်က သေချာ ရှင်းပြပြီးပြီလေ။ မုယွင်ရှုက ထျယ်ထိုကို အရင် တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာ။ မုယွင်ရှုက အမြဲ အနိုင်ကျင့်ဖို့ လုပ်နေတာပဲ။ ကျုပ်တို့အားလုံးက တစ်ရွာတည်းသားချင်းတွေပဲ။ တစ်ခါတစ်လေ သည်းမခံနိုင်လို့ ပြဿနာဖြစ်တာမျိုးက ကိစ္စမရှိဘူး။ ဒါပေမယ့် သူက ကလေးမဟုတ်တော့ဘူးလေ။ တခြားတစ်ယောက် နိုးထခြင်းဖြစ်စဉ်ကို ဝင်မနှောက်ယှက်သင့်ဘူးဆိုတာ သူ နားမလည်ဘူးလား။ ပြီးတော့ ခင်ဗျားက အဲဒါကို ဆင်ခြေလုပ်ပြီး တခြားလူရဲ့ ဧည့်သည်ကို မောင်းထုတ်ချင်နေတယ်။ ဒါကတော့ စည်းကျော်သွားပြီ။"
ဖန်းကိုင့်က အပြုံးနှင့် ပြောလိုက်သည်။ ခြံဝန်းအတွင်းမှ အခြေအနေများက ပြင်းထန်ကာ ပေါက်ကွဲထွက်လုနီးပါး ဖြစ်နေ၏။
ဖန်းကိုင့်၏ အဖြေက အနည်းငယ် တည့်တိုးဆန်ကာ အလွန် ပွင့်လင်းလှသည်။
သူက မုယွင်ရှုအား ပစ်မှတ်ထားနေသည်မှာ ရှင်းလင်းလှပြီး အပြင်းအထန် ပြစ်တင်ရှုံ့ချနေ၏။
ရွာသားများအားလုံးက အလွန် ထူးဆန်းသလို ခံစားလိုက်ရသည်။ အမြဲ အပူအပင်မထားဘဲ ပြုံးရွှင်နေသောဖန်းကိုင့်က ယနေ့ မည်သို့ဖြစ်နေသနည်း။
သူက မည်သည့်အတွက်ကြောင့် ရုတ်တရက် စိန်ခေါ်ရသနည်း။ ထို့အပြင် ပို၍ ထင်မှတ်မထားသည်မှာ သူက မုယွင်မိသားစုအား တိုက်ခိုက်လိုက်ခြင်းကိုပင် ဖြစ်သည်။
သို့သော် သူပြောနေသည်မှာ အမှန်ပင် ဖြစ်၏။ သီးသန့်ကျောင်း၌ သင်ယူနေသူအားလုံးမှာ မုယွင်ရှုက အခြားလူများအား အနိုင်ကျင့်ခြင်းကို နှစ်သက်ကြောင်း သိကြသည်။ သူသည် သေချာပေါက် ထိုသို့လုပ်ရန် အရည်အချင်း ပြည့်မီသည်။ သူ့မိဘများသည်လည်း သူ၏ ထူးချွန်သော အရည်အချင်းကြောင့် ထိုမောက်မာရိုင်းစိုင်းသော အပြုအမူများကို မျက်စိမှိတ်ထားပေးကြသည်။
"ဖန်းချွင့် မင်း အဘိုးက ဘယ်လောက် ဖြောင့်မတ်လိုက်သလဲ ကြည့်စမ်း။" မုယွင်ရှုက မီးဝင်းဝင်းတောက်နေသော မျက်လုံးများနှင့် ကြည့်ကာ ခြိမ်းခြောက်သော အမူအရာဖြင့် ပြောလိုက်သည်။
"အဘိုးပြောတာ မမှားဘူး။ ဒီနေရာမှာ မင်း မှားနေတာ။ မင်းက ဘာလို့ ရှောင်လင်းတို့ မိသားစုကို ပြဿနာလာရှာရတာလဲ။" ဖန်းချွင့်က မကျေမနပ်အသံနှင့် ပြန်လှန်ပြောဆိုလိုက်သည်။ ဆယ်ကျော်သက်လေးများက လူကြီးများကဲ့သို့ ရန်စောင်နေကြသည်။
"သိပ်ကောင်းတယ်။" မုယွင်လုံက ထိုစကားလုံးများကို ပြောလိုက်ကာ ဆက်လက် မငြင်းခုန်တော့ပေ။ထို့နောက် သူက ရှီခွေ့နှင့် ကုဟွိုက်ကို ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်ရော ဘယ်လိုထင်လဲ။"
မုယွင်လုံသည် မိသားစုလေးခုကြား၌ မုယွင်မိသားစုက အားအကောင်းဆုံးနှင့် အလွှမ်းမိုးနိုင်ဆုံး ဖြစ်ကြောင်း အလွန် သေချာသည်။
ဖန့်ကိုင့်က သူ၏ ဆုံးဖြတ်ချက်ကို ဆန့်ကျင်စိန်ခေါ်လိုက်ခြင်းက သူ့အား အများကြီး အံ့အားသင့်စေသည်။
"အပြင်လူတွေက ရွာသားတွေကို တိုက်ခိုက်တာ ခွင့်မလွှတ်နိုင်စရာပဲ။ သူတို့ကို ရွာက မောင်းထုတ်ဖို့ သဘောတူတယ်။" ကုဟွိုက်က အသံနိမ့်နိမ့်နှင့် ပြောလိုက်သည်။
ဖန်းကိုင့်က ဆန့်ကျင်နေသော်လည်း မုယွင်မိသားစုနှင့် ကုမိသားစုနှစ်ခုက ရီဖူရှင်းကို ထုတ်ပယ်ရန် သဘောတူခဲ့ကြသည်။
ယခု ရှီမိသားစုတစ်ခုသာလျှင် ကျန်တော့၏။
ရှီခွေ့သည် ရီဖူရှင်း ရွာ၌ ဆက်နေနိုင်မနေနိုင်အား ဆုံးဖြတ်နိုင်သည်။
ရီဖူရှင်းက မလှုပ်ရှားဘဲ တိတ်ဆိတ်စွာ ထိုင်နေ၏။ ဤလူများက လေးမျက်နှာကျေးရွာ၏ ပြောင်းလဲခြင်းက မည်သည်ကို ဆိုလိုကြောင်း မသိကြပေ။ မဟုတ်လျှင် သူတို့က ဤနေရာ၌ အငြင်းပွားရင်း အချိန်ဖြုန်းနေလိမ့်မည် မဟုတ်ချေ။
"ကျုပ်ကတော့ ဒါကို သင့်လျော်တယ် မထင်ဘူး။" ရှီခွေ့က ပြောလိုက်သည်။ "ကျုပ်တို့ သူ့ကို မောင်းထုတ်မယ်ဆိုရင် ထျယ်ထိုကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့တဲ့ သူတွေကိုလည်း မောင်းထုတ်သင့်တယ်။ အဲဒီနောက်မှာ ကျုပ်တို့ ထျယ်ထိုနဲ့ မုယွင်ရှုကြား ဖြစ်ခဲ့တဲ့ကိစ္စကို ဆွေးနွေးနိုင်တယ်။"
ရှီခွေ့သည် ထျယ်ထိုနှင့် မုယွင်ရှုတို့ကြားမှ ကိစ္စကို အတွင်းရေးကိစ္စဟု ယုံကြည်သည်။ သူတို့သည် စတင်တိုက်ခိုက်မှုအတွက် အပြင်လူများအား နှင်ထုတ်ရန် ဆုံးဖြတ်လျှင် လူတိုင်းကို ညီတူမျှတူ ဆက်ဆံသင့်ပေသည်။
ထို့ကြောင့် နောက်ဆုံးရလဒ်မှာ မိသားစုနှစ်ခုက နှင်ထုတ်မည်ဟု ဆုံးဖြတ်ကာ နောက်မိသားစုနှစ်ခုက မသင့်လျော်ဟု ဆုံးဖြတ်ကြသည်။
မုယွင်လုံ၏ မျက်နှာက မည်းမှောင်သွားသည်။ သူသည် ရှီခွေ့နှင့် ဖန်းကိုင့်က သူ့အား ဆန့်ကျင်မည်ဟု မမျှော်လင့်ထားပေ။
"ကျုပ်တို့ ဆရာသခင်ကို မေးသင့်လား။" လူအုပ်ထဲမှ ရွာသားတစ်ယောက်က မေးလိုက်သည်။ သူတို့သည် ဆုံးဖြတ်ချက်မချနိုင်သည့်အခါ ဆရာသခင်ထံမှ အကြံဉာဏ်ရယူခြင်းက ပုံမှန်သာ ဖြစ်သည်။ ရွာအတွင်းမှ လူတိုင်းက ဆရာသခင်၏ ဆုံးဖြတ်ချက်အား ယုံကြည်ကြသည်။
သို့သော် မုယွင်လုံ၏ စိတ်ထဲ၌ မတူညီသော အတွေးတို့ ရှိသည်။ သူသည် ရွာသားများက ဆရာသခင်အပေါ် အလွန်မှီခိုလွန်းသည်ဟု အမြဲ တွေးထင်ခဲ့သည်။ ယခုချိန်က ပြောင်းလဲရမည့် အချိန် ဖြစ်သည်။
"ကျုပ်တို့ ဘိုးဘေးတွေက ကိုယ်တိုင် ထွက်ပေါ်လာပြီး ရွာကလည်း အပြောင်းအလဲကို ဖြတ်သန်းနေရတယ်။ လေးမျက်နှာကျေးရွာက ပိုပြီးများပြားတဲ့ တန်ခိုးရှင်တွေကို မွေးထုတ်ပေးနိုင်ပြီး ကြုံတွေ့ရမယ့် ကိစ္စတွေလည်း ပိုများလာနိုင်တယ်။ ဆရာသခင် ကျုပ်တို့ ကျင့်သုံးတဲ့နည်းလမ်းကို မပြောင်းလဲသင့်ဘူးလား။" မုယွင်လုံက ထျယ်ထိုနှင့် မုယွင်ရှုကြားမှ ပြဿနာကိုဖြစ်စေ ရီဖူရှင်း၏ ကိစ္စကိုဖြစ်စေ မမေးမြန်းခဲ့ဘဲ လေးမျက်နှာကျေးရွာ၏ အနာဂတ်အကြောင်း ညှိနှိုင်းချင်နေသည်။
***