← Chapters

အပြောင်းအလဲကို ရှာဖွေခြင်း

Vol. 148 Ch. 2104

အပြောင်းအလဲကို ရှာဖွေခြင်း

Vol. 148 Ch. 2104

မုယွင်လုံက သီးသန့်ကျောင်းအနီးသို့ မသွားခဲ့လျှင်ပင် ဆရာသခင်က သူ့ မေးခွန်းကို ကြားနိုင်ကြောင်း မည်သူမှ သံသယမရှိကြပေ။ ဆရာသခင်က လေးမျက်နှာကျေးရွာ၌ အကြွင်းမဲ့ အာဏာရှိသည်။ အတိတ်ကာလတွင် သူက သီးသန့်ကျောင်း၌ နေရန် ရွေးချယ်ခဲ့ပြီး လူငယ်လေးများအား မည်သို့ ကျင့်ကြံရသည်အား သင်ကြားပေးရန် သူ၏ အချိန်များကို ပေးအပ်မြှုပ်နှံထားသည်။ သူက လေးမျက်နှာကျေးရွာ၏ အရေးကိစ္စများကို ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။

သို့သော် ယခု မုယွင်လုံက သူ့ကို လေးမျက်နှာကျေးရွာနှင့် ပတ်သတ်၍ နည်းလမ်းအသစ်ကျင့်သုံးရန် မေးမြန်းနေသည်။

"မင်းက ဘယ်လိုပြောင်းလဲချင်လို့လဲ။" ထင်ထားသလိုပင် ဆရာသခင်၏ အသံက လေထုကို ထွင်းဖောက်လာပြီး မုယွင်လုံ၏ မေးခွန်းကို အခြားမေးခွန်းတစ်ခုနှင့် ပြန်ဖြေလိုက်သည်။

မုယွင်လုံ၏ စကားလုံးများသည် သူ့စိတ်ထဲ၌ လေးမျက်နှာကျေးရွာကို ပြောင်းလဲရန် စိတ်ကူးရှိပြီးကြောင်း သိသာလှ၏။

"အနာဂတ်မှာ ရွာထဲက လူတိုင်း ကျင့်ကြံနိုင်ကြလိမ့်မယ်လို့ ဆရာသခင် အရင်က ပြောခဲ့ဖူးတယ်။ အဲဒါအမှန်ပဲလား။" မုယွင်လုံက မေးလိုက်သည်။

"ဟုတ်တယ်။" ဆရာသခင်က ပြန်ဖြေလိုက်၏။ "ရွာသားတွေ အားလုံးက ကျင့်ကြံနိုင်စွမ်း ရှိလာပြီး နောက်ပိုင်းမှာ ပြင်ပဘုံက လူတွေလိုပဲ မတူညီတဲ့ အဆင့်တွေ ရောက်နိုင်လိမ့်မယ်။"

"နားလည်ပါတယ်။" မုယွင်လုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။ "ဒါပေမယ့် လေးမျက်နှာကျေးရွာက ကျွန်တော်တို့ ဘိုးဘေးဝိညာဉ်တွေရဲ့ ကောင်းချီးပေးမှုကို ခံထားရတယ်။ ဘိုးဘေးတွေ ထွက်ပေါ်လာတာကြောင့် အနာဂတ်မှာ ဒီနေရာက ပိုပိုပြီး ထူးချွန်တဲ့ တန်ခိုးရှင်တွေကို မြေတောင်မြှောက် ပေးနိုင်လိမ့်မယ်။ ဒါက အခွင့်အရေးတစ်ခုပဲလို့ ယုံကြည်တယ်။ ကျွန်တော်တို့ ရွာမှာ ထူးချွန်တဲ့ တန်ခိုးရှင်တွေ အများကြီး ထွက်ပေါ်လာပေမယ့် ကျွန်တော်တို့က အပြင်လောကနဲ့ အဆက်အသွယ် ဖြတ်ပြီး တံခါးပိတ်နေကြတယ်။ ရွာသားတွေမှာ အပြင်ဘက်က သက်ဝင်လှုပ်ရှားနေတဲ့ ဖြစ်ရပ်တွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံမရှိကြဘူး။ သူတို့က အပြင်ဘက်လောကကို သွားတဲ့ လူတွေဆီကနေ တစ်ခွန်းစနှစ်ခွန်းစလောက်ပဲ ကြားနိုင်ကြတယ်။ အဲဒါက ရွာသားတွေအတွက် မမျှတဘူး။ အခု ကျွန်တော်တို့အားလုံး ကျင့်ကြံနိုင်တဲ့ အခွင့်အရေး ရှိပြီဆိုမှတော့ ရွာကို ဖွင့်ပြီး အပြင်ဘက်လောကနဲ့ ဆက်သွယ်မှုတံတားတစ်စင်း တရားဝင် တည်ဆောက်သင့်တယ်မလား။ လေးမျက်နှာကျေးရွာက လူတွေကို ဆန္ဒရှိသလို သွားလာခွင့်ပြုပြီး ပိတ်လှောင်ထားတာမျိုး ထပ်မလုပ်သင့်တော့ဘူး။"

မုယွင်လုံက ပြောနေစဉ် လူအုပ်ကြီးဘက်သို့ လှည့်ကြည့်ကာ ပြောလိုက်သည်။ "ခင်ဗျားတို့ရော ဘယ်လိုထင်ကြလဲ။"

"အဲဒါမှန်တယ်။" လူအများက ခေါင်းညိတ်သဘောတူလိုက်ကြသည်။ တစ်စုံတစ်ယောက်က အဝေးသို့ ကြည့်ကာ ပြောလိုက်၏။ "ဆရာသခင် မုယွင်လုံပြောတာ အဓိပ္ပါယ်ရှိတယ်။ ကျုပ်တို့လို သင်္ချိုင်းခြေတစ်ဖက်လှမ်းနေတဲ့ အဘိုးကြီးတွေအတွက် ကိစ္စမရှိပေမယ့် ကျုပ်တို့ရဲ့ ကလေးတွေကတော့ ငယ်သေးတယ်။ သူတို့မှာ ကျင့်ကြံဖို့ အခွင့်အရေး ရှိတယ်ဆိုမှတော့ ရွာသေးသေးလေးထဲမှာ ချုပ်နှောင်မထားဘဲ အမြင်ကျယ်အောင် ဘာလို့ အပြင်ဘက်လောကကို မလွှတ်ဘဲနေရမှာလဲ။"

"အတိအကျပဲ။ ကျုပ် ကြားတာတော့ ကျင့်ကြံသူတွေက ကျုပ်တို့လိုမျိုး ဖျားနာတာနဲ့ အိုမင်းတာတွေ မရှိဘဲ အသက်ရှည်ကြတယ်။ မဟာလမ်းစဉ်ကို နားလည်တဲ့သူတွေက ထာဝရတောင် ရှင်သန်နိုင်ကြတယ်တဲ့။"

မုယွင်လုံဘက်၌ ရှိနေသော သူများသာမက အခြားလူများသည်လည်း ထိုအကြောင်းကို တွေးမိကြသည်။ ဆရာသခင်က ရွာအတွင်းမှ အာဏာကို စိန်ခေါ်ခြင်းမရှိသော်လည်း သူက အချိန်ကြာမြင့်စွာ ရှင်သန်လာသော လျှို့ဝှက်ဆန်းကြယ်သူတစ်ယောက် ဖြစ်သည်။ သူက မည်သည့် မျိုးဆက်ကတည်းက ရှိနေခဲ့သလဲ မည်သူမှ သေချာမသိကြပေ။ ဆရာသခင်က ရွာအတွင်းမှ နေ့စဉ်အရေးကိစ္စများကို ဂရုမစိုက်သောကြောင့် မုယွင်လုံက လေးမျက်နှာကျေးရွာကို နှစ်ပေါင်းများစွာ စီမံခန့်ခွဲခဲ့သည်။ ထို့ကြောင့် မုယွင်လုံက ရွာသားများအပေါ် အတော်လွှမ်းမိုးမှု ရှိ၏။

ဤရွာသားများ အားလုံးက တူညီသော စိတ်ထားရှိကြသည်။

"ကျုပ်လည်း မုယွင်လုံရဲ့ အတွေးကို သဘောတူတယ်။" ကုဟွိုက်က ပြောလိုက်၏။ ကုမိသားစု၏ ခေါင်းဆောင်သည် အချိန်တိုင်း မုယွင်လုံနှင့် စည်းဝါးကိုက်ပုံရသည်။

ထိုအချိန်၌ ဆွေးနွေးနေသည့် အကြောင်းအရာက ရီဖူရှင်းမှ မုယွင်လုံ အတိအကျ ရည်ရွယ်နေသော အကြောင်းအရာသို့ ရောက်ရှိသွားသည်။

လေးမျက်နှာကျေးရွာအား ထိန်းချုပ်မှု ဖြေလျှော့လိုက်သည်နှင့် ၎င်းက အပြင်လောက၌ ကျော်ကြားလာနိုင်သည့် အလားအလာများစွာ ရှိပေသည်။ ထိုအချိန်၌ မုယွင်လုံက ရွာကို အပြည့်အဝထိန်းချုပ်ရန် အခွင့်အရေး ရှိလာလိမ့်မည် ဖြစ်သည်။ သူ့ ရည်ရွယ်ချက်မှာ ဤရွာအား အပြင်ဘက်လောက၌ ကြီးထွားလာစေရန် ဖြစ်၏။

သူက လေးမျက်နှာကျေးရွာအား ထိန်းချုပ်ခွင့်ရသည့်အခါ ရီဖူရှင်းနှင့် အဘိုးမာတို့အား ရင်ဆိုင်ရန် အလွန် လွယ်ကူသွားလိမ့်မည်။

ယခုအချိန်တွင် သူသည် ဆရာသခင်၏ လွှမ်းမိုးမှုနှင့် အခွင့်အာဏာကို အရင်ဆုံး ဖယ်ရှားရန် လိုသည်။ ထို့အပြင် သူသည် ဆရာသခင်က မည်သည့်အရာကို လုပ်နိုင်စွမ်းရှိသည်အား  သိလိုသည်။ ဆရာသခင်က အလွန် လျှို့ဝှက်ဆန်းကြယ်ပြီး သူ့အကြောင်းကို မည်သူမှ မသိရလောက်အောင် လျှို့ဝှက်သည်။

လူအုပ်ကြီးက တခဏတိတ်ဆိတ်သွားပြီးနောက် ဆွေးနွေးမှုများ ပေါက်ကွဲထွက်လာ၏။

ဆရာသခင်က ခဏကြာပြီးနောက် ထပ်ပြောလာသည်။ "တခြားလူတွေရော ဘယ်လိုထင်လဲ။"

"မုယွင်လုံရဲ့ အဆိုပြုချက်က ကျိုးကြောင်းသင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့ လေးမျက်နှာကျေးရွာက ဆရာသခင်ရဲ့ ကာကွယ်ပေးမှုကြောင့် တည်တံ့နေခဲ့တာ။ ဒါကြောင့် နောက်ဆုံး ​ဆုံးဖြတ်ချက်ကို ချမှတ်နိုင်တာက ဆရာသခင်ပါပဲ။" ဖန်းကိုင့်က ပြောလိုက်သည်။ မုယွင်လုံက ထိုစကားကို ကြားသည့်အခါ ချက်ချင်းပင် အေးစက်စွာ လှည့်ကြည့်လိုက်၏။ 'ဒီအယုတ်တမာကောင်ကတော့...'

ဖန်းကိုင့်၏ တုံ့ပြန်ချက်က အတော်လေး ပရိယာယ်ကြွယ်သည်။

ရီဖူရှင်းက အမှန်တကယ် ပါးနပ်လှသော ဖန်းကိုင့်ကို ကြည့်လိုက်၏။

ဖန်းကိုင့်က သူ့အမြင်ကို ဖော်ပြရုံသာမက ဆရာသခင်၏ အကြွင်းမဲ့အာဏာကိုလည်း ခိုင်မြဲသွားစေသည်။ သူသည် သိသာစွာပင် လေးမျက်နှာကျေးရွာ၌ ဆရာသခင်၏ အဆင့်အတန်းကို မုယွင်လုံက စိန်ခေါ်နိုင်မည်ဟု မယုံကြည်ပေ။

မုယွင်မိသားစု၏ လူကြီးနှင့်လူငယ် မျိုးဆက် နှစ်ခုလုံးက အတော်လေး လုပ်နိုင်စွမ်းရှိကာ လွှမ်းမိုးနိုင်ကြသည်။ မုယွင်လုံအပြင် မုယွင်လန်နှင့် မုယွင်ရှုသည်လည်း ကြီးမားသော အလားအလာကို ပိုင်ဆိုင်ထား၏။ မုယွင်လန်ကလည်း ပြင်ပဘုံ၌ အလွန် မြင့်မားသော အဆင့်အတန်းရှိသည်။ ထို့ကြောင့် မုယွင်လုံက သူ၏ လွှမ်းမိုးနိုင်မှုကို တိုးချဲ့ရန် စိတ်အားထက်သန်နေသည်မှာ အံ့အားသင့်စရာ မရှိပေ။

"ကျွန်တော်လည်း ဆရာသခင်ရဲ့ စကားကို နားထောင်မှာပါ။" ရှီမိသားစု၏ ရှီခွေ့က ပြောလိုက်သည်။

"ဆရာသခင်ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာမှာပါ..." အခြားလူများကလည်း တစ်စိတ်တစ်ဝမ်းတည်း လျင်မြန်စွာ တုံံ့ပြန်လာကြသည်။ သူတို့သည် မုယွင်လုံ၏ နောက်လိုက်များဘက်သို့ ယိမ်းယိုင်သွားခြင်း မရှိတော့ပေ။ မုယွင်လုံ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသော်လည်း ရွာသားများက ဆရာသခင်၏ ဆုံးဖြတ်မှုနောက်ကိုသာ နှစ်ပေါင်းများစွာ လိုက်နာခဲ့ကြရာ ယခု တုံ့ပြန်မှုက သာမန်သာ ဖြစ်သည်။

ရွာအတွင်းမှ လူအများစုတွင် ကိုယ်ပိုင် အတွေးအမြင်နှင့် အစီအစဉ်များ ရှိကြသည်။ ဆရာသခင်က မုယွင်လုံ၏ အကြံဉာဏ်အား ငြင်းပယ်လိုက်လျှင် ရွာသားများ၏ မကျေနပ်ချက်က ကြီးထွားလာနိုင်ပေသည်။

မကြာခင်၌ လူတိုင်းက တိတ်ဆိတ်သွားပြီး ဆရာသခင်၏ တုံ့ပြန်မှုကို စောင့်ဆိုင်းနေကြ၏။

ထိုအခိုက်အတန့်တွင် ဆရာသခင်၏ အသံက တစ်ဖန် ထွက်ပေါ်လာ၏။

"ကောင်းပြီ။"

ဆရာသခင်၏ အဖြေက မုယွင်လုံအား အံ့အားသင့်သွားစေသည်။ သူသည် ဆရာသခင်က သဘောတူလိမ့်မည်ဟု ထင်မှတ်မထားပေ။ သို့သော် ဤဆုံးဖြတ်ချက်ကြောင့် သူတစ်ယောက်တည်းသာ ထိတ်လန့်သွားရခြင်း မဟုတ်ချေ။ အဆုံးမှာတော့ လေးမျက်နှာကျေးရွာက အပြင်လောကမှ နှစ်ပေါင်းများစွာ ခွဲထုတ်ခံထားရခြင်း ဖြစ်သည်။ သူတို့က အမြဲတစေ စည်းမျဉ်းများကို လိုက်နာပြီး သီးခြားနေခြင်းနှင့် အသားကျနေခဲ့သည်။ အချို့က အပြင်လောကသို့ ထွက်ကာ လောကကြီးအား မြင်တွေ့ရန် စိတ်အားထက်သန်နေလျှင်ပင် သူတို့က ဆရာသခင်၏ 'ကောင်းပြီ' ဟူသော စကားကို ကြားသောအခါ ခံစားချက်တို့ ရှုပ်ထွေးသွားဆဲ ဖြစ်သည်။

သူတို့သည် ဆရာသခင်က တောင်းဆိုချက်အား ခွင့်ပြုပေးလိုက်သည့်အပေါ် အံ့အားသင့်နေကြသည်။

သို့ဆိုလျှင် ယခုချိန်မှစ၍ လေးမျက်နှာကျေးရွာက အပြင်ဘက် လောကကြီးနှင့် တံခါးမရှိဓားမရှိ ဆက်သွယ်နိုင်ပြီဟု ဆိုလိုသည်လား။

ရွာသားများအပြင် အခြားအင်အားစုမှ ဧည့်သည်များ၏ မျက်နှာထက်၌လည်း အံ့သြမှင်တက်သော အကြည့်တို့ ရှိနေကြ၏။ လေးမျက်နှာကျေးရွာက သူတို့၏ ကျင့်သုံးရာ စည်းမျဉ်းများကို ပြောင်းလဲတော့မည်လား။

သူတို့အားလုံးသည် ယနေ့ ဖြစ်ပျက်ခဲ့သည်များကို သိရှိကြပြီး ၎င်းက ရှန်ထျင်းနယ်မြေတစ်ခွင်လုံးကို လှုပ်လှုပ်ရှားရှား ဖြစ်သွားမည်မှာ သေချာသည်။

သို့သော် ထိုအချိန်တွင် ဤသည်က မည်သို့သော သက်ရောက်မှုရှိမည်အား မည်သူမှ မသိပေ။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တီးတိုးသံများ ထွက်ပေါ်လာသည်။ လူတိုင်းက စတင်၍ စိတ်အားထက်သန်စွာ ဆွေးနွေးလာကြသည်။

"ဆရာသခင် တကယ် ပြောတာလား။" မုယွင်လုံ၏ မျက်လုံးများက ပြူးကျယ်လာကာ အဝေးသို့ ကြည့်ရင်း မေးလိုက်၏။ သူက ထိုရလဒ်ကို လိုချင်သော်လည်း ဆရာသခင်က အလွယ်တကူ သဘောတူလိုက်မည်ဟု ထင်မထားခဲ့ပေ။

လေးမျက်နှာကျေးရွာက အမှန်တကယ် ပြောင်းလဲသွားတော့မည်လား။

"ဟုတ်တယ်။" ဆရာသခင်က ပြန်ဖြေလိုက်သည်။ "မင်းပြောတာ မှန်တယ်။ ဒါက တကယ့်ကို အခွင့်အရေးတစ်ခုပဲ။ လူတိုင်းက အပြင်ထွက်ချင်တဲ့ ဆန္ဒရှိတာကို နားလည်တယ်။ ဘိုးဘေးတွေက သူတို့ဘာသာ ထွက်ပေါ်လာပြီး ရှေးဟောင်းနတ်ပြည်ထောင်က လေးမျက်နှာကျေးရွာနဲ့ ပေါင်းစပ်သွားမှတော့ ဒီအခွင့်အရေးကို ကောင်းကောင်း အသုံးချသင့်တယ်။ ပြီးတော့..."

လူအုပ်ကြီးက စိတ်အားထက်သန်စွာ နားထောင်နေခဲ့သည်။ ဆရာသခင်က မည်သည်ကို ပြောချင်နေသနည်း။

"ကျုပ် အခု ဖြစ်တဲ့ ဖြစ်ရပ်ကို သတိပြုမိတယ်။ အခုချိန်မှာ မိသားစုလေးခုက ရွာရဲ့ အရေးကိစ္စတွေကို နေ့စဉ်နဲ့အမျှ ဖြေရှင်းရတယ်။ ဒါကြောင့် ဆုံးဖြတ်တဲ့အခါ ဆန့်ကျင်တဲ့ တစ်ဖက်စီ အရေအတွက် တူနေရင် သဘောတူညီမှုရနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒါကိုလည်း ပြောင်းလဲသင့်တယ်။"

"အင်း..."

လူအများက အံ့အားသင့်သွားပြီး မုယွင်လုံက ချွေးပြန်လာသည်။ ဆရာသခင်က မည်သို့သော ပြောင်းလဲမှုမျိုးကို ဆိုလိုသနည်း။

"အခွင့်အလမ်းက ပေါ်ပေါက်လာနေပြီ။  ဘိုးဘေးတွေ ချန်ရစ်ခဲ့တဲ့ နတ်ဘုရားနည်းစနစ်ခုနစ်ပါးလုံးက ထွက်ပေါ်လာတော့မယ်။ ကျုပ်တို့ လုပ်ရမှာ နတ်ဘုရားနည်းစနစ်ခုနစ်ပါးက သက်ဆိုင်တဲ့ ဆက်ခံသူတွေ ရှာတွေ့တဲ့အထိ စိတ်ရှည်ရှည်ထား စောင့်ဖို့ပဲ။ အချိန်ကျလာရင် လေးမျက်နှာကျေးရွာကို စီမံနိုင်စွမ်းရှိတဲ့ မိသားစုခုနစ်ခု ထွက်ပေါ်လာပြီး အရေးကြီးကိစ္စတွေကို အတူတူ ကိုင်တွယ်စီမံကြရမယ်။" ဆရာသခင်က ပြောလိုက်သည်။ လူတိုင်း၏ နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်လာခဲ့သည်။

ဆရာသခင်၏ စကားအရ ဘိုးဘေးများ ချန်ရစ်ထားခဲ့သော နတ်ဘုရားနည်းစနစ်ခုနစ်ပါးလုံး ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဆိုလိုသည်မှာ အခြားနတ်ဘုရားနည်းစနစ်သုံးပါးလည်း ထွက်ပေါ်လာလိမ့်မည်။ ထိုသည်မှာ လေးမျက်နှာကျေးရွာအတွက် အရေးကြီးသော သတင်းစကားတစ်ရပ်ပင် ဖြစ်ပေသည်။

***

All Chapters