အခန်း (၄၇၇)
Vol. 35 Ch. 477
ရွှစ်~
ကြောက်မက်ဖွယ်ကောင်းသော မှင်ရောင် ဓားအလင်းတစ်ချက်သည် လေဟာနယ်ကို ဖြိုခွဲလိုက်ပြီး လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် စစ်သူကြီးများရှိရာ စခန်းဆီသို့ တိုက်ရိုက် ဦးတည်သွားသည်။
“ရဲတင်းလိုက်တာ!!”
လျှပ်စစ်ငါးရှဉ့်ဘုရင်မှာ ထိတ်လည်းထိတ်လန့်သလို ဒေါသလည်းထွက်သည်။ လက်တစ်ဖက်ကို မြှောက်လိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးများသည် လက်ဝါးကိုဖုံးအုပ်ပေါ်ထွက်လာပြီး ထိုဓားချက်အား ဖမ်းဆီးခုခံဖို့ ဟန်ပြင်သည်။
အခြား စစ်သူကြီးများသည်လည်း မိမိတို့ကိုယ်ပိုင်တိုက်ကွက်များကို အပြိုင်ထုတ်ကြပြီး ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကို အပြည့်အဝ ခုခံကြသည်။
အုံး!
အင်အားတို့ တေ့ဆုံရာနေရာ၌ ပြင်းထန်သော အလင်းလုံးကြီးတစ်ခု ပေါက်ကွဲထွက်လာသည်။
စခန်းသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားသည်။ လေထဲတွင် ကျောက်တုံးကျောက်စများ ပျံဝဲနေပြီး ရေများမှာ လှိုင်းထလှုပ်ခတ်လျက်။
“အဟွတ်အဟွတ်၊ ဓားချက်က အရမ်း အစွမ်းထက်တာပဲ…” လျှပ်စစ်ငါးရှဉ့်ဘုရင်တို့ အုပ်စုမှာ နှုတ်ခမ်းထောင့်များမှ သွေးများ ယိုစိမ့်ကျလာပြီး စိတ်နှလုံးများလည်း လှုပ်ခါအားနည်းလာကြတော့၏။
ဓားချက်တစ်ချက်တည်း၏ စွမ်းအားကိုပင် သူတို့ အပြည့်အဝ မခုခံနိုင်ခဲ့ကြ။
လီဝူကျယ်သည် လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် အခြားသူများကို မြင်သောအခါ စိတ်လှုပ်ရှားစွာဖြင့် ခေါင်းလှည့်ပြီး အော်လိုက်သည်။ “ဆရာသခင်၊ ဒီညရဲ့ ပင်လယ်စာအတွက် ပါဝင်ပစ္စည်းအကောင်းစားတွေ ရပြီ!”
“ဟုတ်လား? ငါကြည့်စမ်းပါဦးမယ်။”
ယဲ့ကျွင်းလင်က လက်များကိုနောက်ပစ်ကာ အေးအေးဆေးဆေး လမ်းလျှောက်လာသည်။ အကြည့်တစ်ချက်က အစုလိုက်အပုံလိုက်ပြိုလဲနေသော ပင်လယ်စာများအပေါ် တစ်ချက်ဖြတ်ပြေးသွားပြီး မျက်လုံးများ ချက်ချင်း လင်းလက်လာကာ “ကောင်းတယ်! ကောင်းတယ်! ကောင်းတယ်!” ဟု အထပ်ထပ် ရေရွတ်လိုက်သည်။
ထို နတ်ဘုရားမျက်လုံးများ၏ လင်းလက်မှုမှာ မီးရှူးတိုင်ကဲ့သို့ပင်။ လူပုံသဏ္ဍာန်ဖန်ဆင်းထားသော ထိုသတ္တဝါများ၏ ပုံစံအစစ်အမှန်ကိုလည်း ဖောက်မြင်နိုင်ခဲ့သည်။ လျှပ်စစ်ငါးရှဉ့်၊ ငါးမန်း၊ ပင်လယ်မြွေ၊ ပင်လယ်သခွားသီးကောင်၊ ပြည်ကြီးငါးနှင့် ငါးပူဖောင်းတို့ ဖြစ်ကြ၏။
၎င်းတို့အားလုံးသည် ကောင်းကင်မသေမျိုးအဆင့်ရှိ သတ္တဝါများဖြစ်သည်။ ပုရှောင်ရှီး၏ လက်ရာဖြင့်ပေါင်းစပ်ကာ ဟင်းပွဲများအဖြစ် ပြောင်းလဲသွားပါက မည်မျှအရသာရှိလောက်မည်ကို ယဲ့ကျွင်းလင် မှန်းဆ၍ပင်မရနိုင်ပေ။
“သူ၊ သူက အရင်တစ်ခါက လူသားမျိုးနွယ်စု!” ယဲ့ကျွင်းလင်ကို တစ်ချက်တည်းနှင့် မှတ်မိသော ကျားငါးမန်းစစ်သူကြီးသည် ရုတ်ချည်း ကြောက်ရွံ့တုန်လှုပ်သွားပြီး မျက်နှာမှာလည်း ဖြူဖပ်ဖြူရော်ဖြစ်လာသည်။ သူ့ငါးမန်းတောင်များကို ဇွတ်အတင်းလုယူသွားခဲ့သော မကောင်းဆိုးဝါး။
“ဟဲဟဲ၊ ငါတို့ ပြန်တွေ့ကြပြန်ပြီနော်။ မင်းကြောင့်ပဲ ငါ ဒီနေရာကို တိတိကျကျ ရှာတွေ့နိုင်ခဲ့တယ်။ တော်တော်လေးချောင်ကျတာကွာ” ယဲ့ကျွင်းလင်က ခပ်ပြုံးပြုံးဆိုသည်။
ကျားငါးမန်းစစ်သူကြီးကိုသာ ခြေရာခံအဆောင်မတပ်လိုက်ဘဲ မြောက်ပင်လယ်ဒေသတစ်ခုလုံး နှံ့နှံ့စပ်စပ်ရှာဖွေရမည်ဆိုပါက အမှန်ပင် အချိန်များစွာဖြုန်းတီးရပေဦးမည်။
ရှူးရှူးရှူး~
ပတ်ဝန်းကျင်မှ သတ်ဖြတ်လိုစိတ်ပြင်းပြပြီး အလွန် ဒေါသူပုန်ထနေသော အကြည့်များစွာသည် ကျားငါးမန်းစစ်သူကြီးအပေါ်တွင် တပြိုင်တည်း စုစည်းသွားကြသည်။
ခေါင်းဆောင်ဖြစ်သော လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ဒေါသတကြီး မျက်လုံးပြူးကာ လက်ညှိုးထိုးပြီး ဟိန်းဟောက်လိုက်သည်။ “အတွင်းလူက မင်းဖြစ်နေတာကိုး! ရှာပေါ်!”
ကျားငါးမန်းစစ်သူကြီး၏ ခေါင်းထဲတွင် အချက်ပေးသံများဆူညံသွားပြီး အူကြောင်ကြောင်ရေရွတ်လိုက်သည်။ “ငါလား?!”
လာနောက်နေတာလား? ငါက ဘယ်တုန်းက အတွင်းလူ ဖြစ်သွားတာလဲ?
“မဟုတ်ဘူး၊ ကျွန်တော်မဟုတ်ဘူး၊ မတရား စွပ်စွဲခံရတာပါ!”
“မင်းက ပြန်ငြင်းရဲသေးတာလား? သူ ကိုယ်တိုင်ပြောနေတာ မင်းကြောင့် ဒီနေရာကို ရှာတွေ့နိုင်ခဲ့တာတဲ့!”
“ရှာပေါ်! မင်းနဲ့ငါ မိတ်ဆွေဆက်ဆံရေး ရပ်စဲပြီ!”
“ငါရောပဲ!”
…
ယဲ့ကျွင်းလင် သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ “တော်လောက်ပြီ၊ မင်းတို့အားလုံး ငါ့ဗိုက်ထဲရောက်ကြမှာပဲကို၊ ဘာတွေငြင်းခုံနေကြတာလဲ?”
ဤစကားကို ကြားသောအခါ။
လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် စစ်သူကြီးများမှာ ချောက်နက်ထဲ ကျရောက်သွားသကဲ့သို့ ခံစားရပြီး အရိုးထဲအထိ ချမ်းစိမ့်သွားရ၏။
“မင်း၊ မင်း မဆင်မခြင် မဆုံးဖြတ်နဲ့။ ငါတို့ ပင်လယ်မျိုးနွယ်စုကို ပင်လယ်ဝေလငါးဘိုးဘေးက ကာကွယ်ပေးထားတာ။ မင်း မသေချင်သေးရင် မြန်မြန် ပြန်ဆုတ်! မဟုတ်ရင်တော့…”
ရုတ်တရက် ခမ်းနားပြီး သြဇာပြင်းသော အသံတစ်ခုက တော်ဝင်မြို့တော် အပေါ်တွင် ပဲ့တင်ထပ်လာသည်။ “ပင်လယ်မျိုးနွယ်စု တော်ဝင်မြို့တော်ကို ကျူးကျော်သူများ ငါ့ထက်ထဲသေရမယ်!”
ဝုန်း~
အစွမ်းထက်ပြီး ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ချက်ချင်းပျံ့နှံ့သွားသည်။
ဖရိုဖရဲဖြစ်နေသော ဆံပင်မည်းနက်နက်များဖြင့် အပြာရောင်ဝတ်ရုံ ဝတ်ထားသော အဘိုးကြီးတစ်ဦး တော်ဝင်မြို့တော်ပေါ်တွင် ပေါ်ထွက်လာသည်။ သူ၏ အရှိန်အဝါသည် နဂါးတစ်ကောင်ကဲ့သို့ လွှမ်းမိုးနိုင်စွမ်းကြီးပြီး သူ၏မျက်လုံးများကား ပင်လယ်ကဲ့သို့ နက်ရှိုင်းသည်။
အကြည့်တစ်ချက် ဝေ့သွားသည့်အခိုက်အတန့်တွင်ပင် ကြီးစွာသောဖိအားကို ခံစားမိရစေ၏။
တစ်ခဏအတွင်း။
ဟုန်ချန်ယဲ့တို့တပည့်တစ်သိုက်မှာ ခံစားလိုက်ရသောဖိအားကြောင့် ရုတ်တရတ် စိုးရိမ်ပူပန်မိလာရသည်။
“ဘိုးဘေးကြီး၊ နောက်ဆုံးတော့ ရောက်လာခဲ့ပြီ!” လျှပ်စစ်ငါးရှဉ့်ဘုရင်သည် ဝမ်းသာမျက်ရည်များ စီးကျလာပြီးနောက် စိတ်လှုပ်ရှားသော အမူအရာဖြင့် ယဲ့ကျွင်းလင်ကို လက်ညှိုးထိုးကာ တိုင်တန်းလိုက်သည်။
“သူပဲ၊ အဲ့ဒါ သူပဲ၊ သူပဲ!”
“သူက ကျွန်တော် ဘိုးဘေးကြီးကို အရင်တစ်ခါ ပြောပြခဲ့ဖူးတဲ့ လူသားမျိုးနွယ်စု စွမ်းအားရှင်!”
ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်လုံးများသည် အနည်းငယ် ကျဉ်းမြောင်းသွားပြီး ယဲ့ကျွင်းလင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်နေသည်။ သူ့ကို ခဏတာမျှ လေ့လာစူးစမ်းပြီးနောက် အံ့အားသင့်နေသောလေသံဖြင့် မရေမရာမေးခွန်းထုတ်လာ၏။ “မင်း ဘယ်သူလဲ? ငါမင်းကို တစ်ခါမှ မမြင်ဖူးဘူးနော်"
တစ်နယ်တည်းတွင် နေထိုင်ကြသော ရှေးခေတ်မှ အင်အားကြီးပုဂ္ဂိုလ်များအနေဖြင့် သူတို့အားလုံး အချင်းချင်း အနည်းဆုံး တစ်ကြိမ်မျှတော့ တွေ့ဆုံဖူးကြသည်ပင်။ သို့သော် ပင်လယ်ဝေလငါးဘိုးဘေးသည် ယဲ့ကျွင်းလင်ကို မြင်သောအခါ လုံးဝ မရင်းနှီးသော ခံစားချက်ကိုသာ ခံစားရပြီး မည်သည့် အမှတ်သညာမှလည်း ပေါ်ထွက်မလာခဲ့ပေ။
ကြောက်စရာအကောင်းဆုံး တစ်ချက်မှာ ပင်လယ်ဝေလငါးဘိုးဘေးသည် ယဲ့ကျွင်းလင်ထံမှ ရှေးဟောင်းစွမ်းအားရှင်တစ်ဦး၏ အရှိန်အဝါ တစ်စုံတစ်ရာကိုပင် အာရုံမခံနိုင်ခြင်းပင်!
ဘာတွေဖြစ်နေတာလဲ?