← Chapters

အခန်း (၄၉၀)

Vol. 35 Ch. 490

အခန်း (၄၉၀)

Vol. 35 Ch. 490

သူ ပေါ်လာချိန်တွင် လူတိုင်း၏ မျက်လုံးများ ပြာဝေသွားခဲ့ပြီး စိတ်အစဥ်မှာ အေးခဲသွားသည့်အလား အတွေးများပင် ရပ်တန့်သွားခဲ့သည်။

ဤ ပုဂ္ဂိုလ်ဟာ မဟုတ်မှလွဲရော…

ကွေ့ကျန်းချုံသည် ပထမဆုံး တုံ့ပြန်လိုက်နိုင်သူဖြစ်ပြီး စိတ်လှုပ်ရှားမှုအလျောက် အော်ဟစ်လိုက်သည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်! ကောင်းကင်ဘုံရဲ့ ကောင်းချီးမင်္ဂလာတွေ သက်ရောက်ပါစေ၊ စွမ်းအားတွေ အဆုံးသတ်မဲ့ တိုးမြင့်ပါစေ!”

သူ၏ စိတ်လှုပ်ရှားမှုမှာ စကားလုံးများဖြင့် ဖော်ပြ၍မရနိုင်အောင် ဖြစ်နေခဲ့သည်။

ကူဝူချန်ဆိုသည့် လူယုတ်မာ တကယ်ပင် လိမ်ညာခဲ့ခြင်းမဟုတ်။ သူတို့သည် အမှန်တကယ်ပင် ဤနတ်ဆိုးလမ်းစဥ် ခေါင်းဆောင်အတွက် အမှုထမ်းနေကြခြင်း ဖြစ်သည်။

“ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ်!!!”

အော်ဟစ်သံများသည် ကောင်းကင်နှင့်မြေကြီးကို တုန်လှုပ်စေလျက် မိုင်ထောင်ပေါင်းများစွာအထိ ပဲ့တင်ထပ်သွားခဲ့သည်။

မရေမတွက်နိုင်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူတို့၏ စိတ်ခံစားမှုများ မြင့်တက်လာခဲ့သည်။ သူတို့အားလုံးသည် အနီရောင်ဝတ်ရုံ ပုဂ္ဂိုလ်ကို ဦးညွတ်၍ အရိုသေပြုခဲ့ကြ၏။ သူတို့၏ မျက်လုံးများ၌ ဖော်ပြ၍မရနိုင်သော စိတ်စွဲလမ်းမှုနှင့် ရိုသေလေးစားမှုများ ပြည့်နှက်နေခဲ့သည်။

“ရောက်လာတဲ့လူက သွေးနီနတ်ဆိုး ဖြစ်နေပါလား…”

လီထန်းမြို့ဘက်မှ များစွာသောကျင့်ကြံသူတို့မှာ မိုးကြိုးအပစ်ခံရသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့၏ နှလုံးသားများမှာ ချက်ချင်းပင် သမုဒ္ဒရာကြမ်းပြင်အောက်ဆုံးသို့ နစ်မြုပ်သွားခဲ့သလို ခံစားရပြီး မျက်နှာများမှာ ထိတ်လန့်မှုများဖြင့် ပြည့်နေခဲ့သည်။

သွေးနီနတ်ဆိုး အမှန်တကယ် ရောက်လာလိမ့်မည်ဟု သူတို့မမျှော်လင့်ခဲ့ကြပါ။ တစ်ဖက်လူက နတ်သားရဲခွင်းဖန်းကိုပင် စီးနင်းလာခဲ့သေးသည်။

အနေအထားကို သုံးသပ်ကြည့်လျှင် သူသည် မြို့လုံးကျွတ် သတ်ဖြတ်ရန် ဤနေရာသို့ ရောက်ရှိလာခြင်း သေချာသလောက် ရှိသည်။

နတ်ဆိုးလမ်းစဥ် တပ်မတော်၏ တုံ့ပြန်မှုကို မြင်သောအခါ ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်မိသည်။ ဤအရာသည် သူ မျှော်လင့်ထားခဲ့သည်နှင့် အလွန်ပင် ကွာခြားနေ၏။

မည်သို့ပင် ဆိုစေကာမူ ဤလူများက သူ့နာမည်ကို အပေါ်ယံအသုံးပြုလျက် ဒုက္ခပေးနေကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့၏ အရှင်သခင် အစစ်အမှန်ကိုယ်တိုင် ရောက်ရှိလာသည်ကို မြင်သောအခါ သူတို့သည် အပြစ်ရှိသည်ဟု ခံစားရပြီး ကြောက်ရွံ့တုန်လှုပ်ရသင့်သည်။ အဘယ်ကြောင့် သူတို့အားလုံးက အမိန့်အားလုံးကို တာဝန်ကျေစွာ နာခံထမ်းရွက်ထားသည့်အလား ပြုမူနေကြပါသနည်း?

တစ်ခုတည်းသော ရှင်းပြချက်မှာ ဤ လူယုတ်မာများသည်လည်း လှည့်စားခံခဲ့ရခြင်း ဖြစ်ပေလိမ့်မည်။

သူတို့သည် မိမိကိုယ်ကို မီးလျှံနတ်ဆိုးဂိုဏ်းသို့ ဝင်ရောက်ပြီးခဲ့ကြပြီဟု ယုံကြည်ထားကြကာ မီးလျှံနတ်ဆိုးဂိုဏ်းချုပ်အတွက် အလုပ်လုပ်နေကြခြင်းဟု ခံယူထားကြခြင်းဖြစ်မည်။

သူတို့မသိခဲ့သည်မှာ ဤအချင်းအရာတစ်ခုလုံးသည် ကြီးမားသော လှည့်စားမှုတစ်ခုသာ ဖြစ်သည်။

ဟုန်ချန်ယဲ့ မြင်ကွင်းတစ်ခုလုံးကို တစ်ချက်ခြုံကြည့်ပြီး လေ့လာလိုက်သည်။ မြို့ကို ဝိုင်းရံထားသည့် ရက်စက်ကြမ်းကြုတ်သော သွေးသံရဲရဲ စစ်မြေပြင်ကို မြင်တွေ့ရသောအခါ သူ့အတွက် သစ္စာခံကာ ဆန္ဒရှိရှိ သေဆုံးခဲ့ကြသော နောက်လိုက်များစွာအတွက် နက်ရှိုင်းသော သနားစိတ်နှင့် ကရုဏာတရားကို ခံစားမိရ၏။

တစ်ချိန်တည်းမှာပင် ဤအရာအားလုံး၏ နောက်ကွယ်မှ အစစ်အမှန် ကြိုးကိုင်သူအပေါ် ဒေါသတလူလူထွက်ကာ ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ကြီးစိုးလာခဲ့သည်။

ထိုလူသည် သူ့နာမည်ကို အသုံးပြု၍ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများကို မြို့များ တိုက်ခိုက်ရန်နှင့် လုယက်ရန် စုရုံးရဲသည်။ ထိုအရာအားလုံးမှာလည်း သူတစ်ဦးတည်း၏ အကျိုးစီးပွားအတွက်သာပင်။ အကယ်၍ လူကို ဖမ်းမိခဲ့လျှင်တော့ အကြမ်းတမ်းဆုံး နည်းလမ်းများဖြင့် ညှဉ်းပန်းနှိပ်စက်ပြီးမှသာ သေဆုံးစေမည်…

“ဟမ့်!”

ဤသို့ တွေးလိုက်သည်နှင့် ဟုန်ချန်ယဲ့၏ မျက်လုံးများ၌ အေးစက်စက် အလင်းရောင်များ ဖျတ်ခနဲလက်ကာ သတ်ဖြတ်လိုစိတ်အရှိန်အဝါများက ဒီရေလို့ မြင့်တက်ပျံ့နှံ့လာသည်။

မူလက ပွက်လောရိုက်နေသော နတ်ဆိုးလမ်းစဥ် တပ်မတော်သည်လည်း ချက်ချင်းပင် တိတ်ဆိတ်သွားခဲ့၏။

မရေမတွက်နိုင်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများသည် သူတို့၏ ကိုယ်ခန္ဓာများ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ ကြောက်လန့်တကြား တုန်ယင်နေကြလျက် ဂိုဏ်းချုပ်သည် မြို့ကို သိမ်းပိုက်ရာတွင် နှေးကွေးလွန်း၍များ စိတ်အလိုမကျဖြစ်လေသလားဟု စတင်စိုးရိမ်လာမိကြ၏။

ကွေ့ကျန်းချုံသည် သူ၏ နှလုံးခုန်နှုန်းကို တည်ငြိမ်အောင် ဖိနှိပ်ပြီး လေးစားစွာ လျှောက်တင်သည်။ “ဂိုဏ်းချုပ်၊ ကျွန်တော်မျိုးရဲ့လိုအပ်ချက်ကြောင့် တာဝန်ကို ပြီးမြောက်အောင် မထမ်းဆောင်နိုင်ခဲ့တာပါ၊ ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်!”

ဟုန်ချန်ယဲ့၏ အကြည့်များက သူ့အပေါ်သို့ ဖြတ်သန်းသွားသည်။ သူ၏ မျက်လုံးများထဲရှိ အေးစက်မှုမှာ ပမာဏအများကြီး လျော့နည်းသွားပြီး လေးစားသမှုဖြင့် မေးလာ၏။

“မင်းရဲ့ တာအိုလမ်းကြောင်းပေါ်က နာမည်ကို ပြောပါဦး။”

“ဂိုဏ်းချုပ်ကို သတင်းပို့ပါတယ်၊ ကျွန်တော်မျိုးမှာ ကွေ့ကျန်းချုံပါ!”။

“အင်း ငါမင်းအကြောင်းကိုကြားဖူးတယ်။ အရင်က သိုးကျောင်းသားလေးတစ်ယောက်လို့ ဆိုကြတာပဲ။ သိုးကျောင်းပြီး ရွာကိုအပြန်လမ်းမှာ ကောင်းကင်ယံမှာ တိုက်ခိုက်နေတဲ့ သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူ နှစ်ဖွဲ့ကို တွေ့ခဲ့တယ်၊ မင်းရွာက ကံမကောင်းစွာနဲ့ အဲ့ဒီတိုက်ပွဲရဲ့ အကျိုးဆက်ကြောင့် ပျက်စီးသွားခဲ့တာပေါ့။ နောက်ပိုင်းမှာ မင်းဟာ ရွာပျက်ထဲ နေလို့မဖြစ်တော့တဲ့အတွက် အပြင်ကို စွန့်စားလှည့်လည်ဖို့ကလွဲ ရွေးချယ်စရာမရှိတော့တဲ့ အခြေအနေ ရောက်လာပြီး ကံကောင်း‌ထောက်မစွာနဲ့ ကျင့်ကြံမှုလမ်းကြောင်းပေါ် ရောက်လာခဲ့တယ်။ မင်းရဲ့ ငယ်ဘဝအတွေ့အကြုံတွေကြောင့် နတ်ဆိုးလမ်းစဥ်ကိုသာ ပြတ်ပြတ်သားသား ရွေးချယ်ခဲ့တယ်။ မင်းရဲ့ ရက်စက်တဲ့ လုပ်ရပ်တွေနဲ့ ပေါ့ဆတဲ့ တိုက်ခိုက်ပုံ တွေကြောင့် နောက်ဆုံးမှာ ကွေ့ကျန်းချုံဆိုတဲ့ ကြောက်စရာကောင်းတဲ့ နာမည်ကို ရရှိခဲ့တာပဲ!”

ဟုန်ချန်ယဲ့က သူ့ဘဝဇာတ်ကြောင်းတစ်ခုလုံးကို ဖြည်းဖြည်းချင်း ပြောသွားသည်။

သူသည် အလယ်ပိုင်းဒေသ၌ နတ်ဆိုးလမ်းစဥ် ခေါင်းဆောင်ကြီးတစ်ဦး ဖြစ်ခဲ့ဖူးလေရာ တာအိုလမ်းကြောင်းပေါ်မှ ကျော်ကြားသော ပုဂ္ဂိုလ်အမျိုးမျိုး၏ ဇာစ်မြစ်များကို အသင့်အတင့် နားလည်ထားသည်။

တကယ်တမ်းတော့ နတ်ဆိုးလမ်းစဥ်ကို ရွေးချယ်သော ကျင့်ကြံသူအများစုမှာ ငယ်ရွယ်စဉ် အတွေ့အကြုံများဖြင့် အသိစိတ်ကို လွှမ်းမိုးခံလိုက်ရသောကြောင့် ဖြစ်သည်။ သူတို့သည် သူတော်ကောင်းလမ်းစဥ်ဟု ခေါ်ဆိုသောအရာမှာ ဟန်ဆောင်အရေခြုံတစ်ခုမျှသာ ဖြစ်သည်ဟု ယုံကြည်ကြ၏။ မည်မျှပင် သူတော်ကောင်းနာမည်တပ်နေပါစေ သူတို့အားလုံးသည် မိမိကိုယ်ကျိုးစီးပွားကိုသာ လိုက်စားနေခြင်းဖြစ်ပြီး၊ လိုအပ်သည့် အချိန်များ၌ အားနည်းသူများကို အေးအေးဆေးဆေးပင် စွန့်လွှတ်သတ်ဖြတ်ပစ်ကြသည်။

တစ်ဖက်တွင် နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများသည် မကြာခဏဆိုသလို အရှက်သိက္ခာကင်းမဲ့စွာ သို့မဟုတ် စည်းမျဥ်းစည်းကမ်းမရှိဘဲ ပြုမူရမ်းကားကြသည်။ ကျင့်ကြံမှုလောကတစ်ခုလုံး၏ သတ်မှတ်ထားသော စည်းမျဥ်းများကို ချိုးဖောက်ပြီး လူအများ၏ အမြင်ကို ပြင်းထန်စွာ ဆန့်ကျင်ကြသည်၊ ထို့ကြောင့် ၎င်းတို့ကို နတ်ဆိုးလမ်းစဥ်ဟု ခေါ်ဆိုကြခြင်း ဖြစ်၏။

အတိုချုပ်အားဖြင့်၊ နတ်ဆိုးလမ်းစဥ်၏ လုပ်ရပ်များကို ဖြူစင်သည်ဟု ဆိုလို့မရသော်လည်း သူတော်ကောင်းလမ်းစဥ်၏ နောက်ကွယ်အကြောင်းအရာများမှာလည်း သိပ်ပြီး သန့်ရှင်းစင်ကြယ်မနေ။

ရူးသွပ်သော ကျင့်ကြံသူအချို့လည်း ရှိသေးသည်။ သူတို့သည် လူသတ်ပွဲများ ဖန်တီးရာတွင် အလွန်ပင် ပျော်မွေ့ကြပြီး သတ်ဖြတ်ရာ၌လည်း အလွန်ရက်စက်ပြီး ပုံမှန်မဟုတ်သော နည်းလမ်းများကို အသုံးပြုကြသည်။ မကြာခဏဆိုသလိုပင် အကြောင်းပြချက်မရှိဘဲ လူတွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြသည်။ ပျော်ရွှင်မှုအတွက် မြို့လုံးကျွတ် နိုင်ငံလုံးကျွတ် သတ်ဖြတ်ရမည်ဆိုလည်း သူတို့အတွက် ဝန်လေးစရာမဟုတ်။

ထိုသူတို့သည် အမှန်တကယ်တွင် မကောင်းဆိုးဝါးလမ်းစဥ်သို့ ပို၍ ဦးတည်နေပြီး သူတော်ကောင်းလမ်းစဥ်နှင့် နတ်ဆိုးလမ်းစဥ်နှစ်ခုလုံးမှ ရှောင်ကြဥ်ခြင်းခံရသည်။

“ဂိုဏ်းချုပ်ဆီက ဒီလိုအသိအမှတ်ပြုခံရတာဟာ ကျွန်တော့်အတွက်တော့ အကြီးမားဆုံး ဂုဏ်ယူမှုကြီးပါပဲ!” ကွေ့ကျန်းချုံသည် အလွန်ပင် စိတ်လှုပ်ရှားစွာ ပြောဆိုသည်။

နတ်ဆိုးလမ်းစဥ်သို့ ဝင်ရောက်ခဲ့သူတို့တွင် မပြောပြနိုင်သော အတိတ်ဇာတ်ကြောင်းများစွာ ရှိနေတတ်ကြသည်သာ။

သို့သော် မည်မျှပင် အခက်အခဲများနှင့် ဒုက္ခများကို ခံစားခဲ့ရစေကာမူ၊ နောက်ဆုံးတွင် ရယ်မောနိုင်သူများသာ အောင်နိုင်သူဖြစ်သည်။

ဟုန်ချန်ယဲ့၏ နတ်ဆိုးလမ်းစဥ် ခရီးစဥ်သည်လည်း တာအိုလမ်းကြောင်းပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့သည်။

ထိုသူသည် သူတော်ကောင်းလမ်းစဥ် မဟာမိတ်တပ်မတော်၏ ဝိုင်းရံခြင်းခံရချိန်တွင် သူသည် သွေးစွန်းသော လမ်းကြောင်းကို ဖောက်ထွက်ပြီး အဝေးတစ်နေရာသို့ ထွက်ပြေးလွတ်မြောက်ခဲ့ကာ နှစ်ပေါင်းများစွာကြာပြီးနောက် ပိုမိုကြီးမားသောစွမ်းအားဖြင့်ပင် ပြန်လည်ထွက်ပေါ်လာပြီး အလယ်ပိုင်းဒေသ သူတော်ကောင်းလမ်းစဥ်တကြောလုံးအား ပြန်လည်ကိုင်လှုပ်နိုင်ခဲ့သည်။

ထိုကဲ့သို့သော ဒဏ္ဍာရီဆန်သည့် လုပ်ရပ်များသည် နတ်ဆိုးကျင့်ကြံသူများ၏ စည်းလုံးစိတ်ဓာတ်ကို တိုက်ရိုက်ပင် လှုံ့ဆော်ပေးခဲ့ပြီး လေးစားကြည်ညိုစိတ်ဖြင့် ဦးညွတ်စေခဲ့သည်။

သူသည် နတ်ဆိုးကျင့်စဥ် လောကတခွင်တွင် စံနမူနာတစ်ဦး၊ စည်းလုံးခြင်း၏ ကိုယ်စားပြုအဓိပ္ပာယ်သာ ဖြစ်ပေတော့၏။

ထိုအချိန်တွင် အရပ်မြင့်မြင့် ကိုယ်လုံးတောင့်တောင့်နှင့် ကြမ်းတမ်းသော ရုပ်ရည်ရှိသော ကွေ့ကျန်းချုံသည် သူ့၏ စံပြပုဂ္ဂိုလ် ရှေ့တွင် သစ္စာရှိသော နောက်လိုက်တစ်ဦးအဖြစ် မီးနှင့်ရေကိုပင် မတွန့်ဆုတ်ဘဲ ဖြတ်သန်းရန် ဆန္ဒရှိနေခဲ့သည်။

အခြားသော နတ်ဆိုးကျင့်ကြံသူများ၏ လေးစားကြည်ညိုသော အမူအရာများကို ကြည့်ရင်း ဟုန်ချန်ယဲ့သည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။

ဤ လူများသည်လည်း လမ်းလွဲရောက်နေခြင်း ဖြစ်သည်။ သူတို့ကိုလည်း နစ်နာသူများဟုသာ သတ်မှတ်ရပေမည်။

သူသည်လည်း မီးလျှံနတ်ဆိုးဂိုဏ်းကို ပြန်လည်တည်ထောင်ရန် ဆန္ဒရှိသည်။ ထိုအစီအစဥ် အကောင်အထည်ဖော်ရာတွင် ကွေ့ကျန်းချုံနှင့် အခြားသူများသည် သူ၏ ပထမဆုံးသော လက်အောက်ခံများ ဖြစ်လာလိမ့်မည်။

“ကွေ့ကျန်းချုံ၊ ငါ မင်းကို မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ အတွင်းရေးတာဝန်များကို စီမံခန့်ခွဲဖို့အတွက် ဒုတိယဂိုဏ်းချုပ်အဖြစ် တရားဝင် ခန့်အပ်တယ်!” ဟုန်ချန်ယဲ့သည် နက်ရှိုင်းသော အသံဖြင့် မိန့်ဆိုလိုက်သည်။

“ခင်ဗျာ?!”

ကွေ့ကျန်းချုံသည် သူ၏ နားများကိုပင် သံသယဝင်မိမတတ် ဖြစ်သွားသည်။ သူ၏ နှလုံးသားမှာ ရုတ်တရက် ပြင်းထန်စွာ ခုန်လှုပ်လာသည်။

‌အံ့အားသင့်စရာ အောင်မြင်မှုကြီးကား အလွန်ပင် ရုတ်တရတ်ဆန်ဆန် ဖြစ်ပေါ်လာခဲ့သည်လေ။

သူသည် ဂိုဏ်းသို့ ဝင်ရောက်သည်မှာ အချိန်တစ်ခုသာ ရှိသေးသော်လည်း ဒုတိယဂိုဏ်းချုပ်အဖြစ် ရာထူးတိုးခြင်းခံလိုက်ရလေပြီ။

တစ်သောင်းသော လူတို့၏ အထက်၊ တစ်ဦးတည်းသော သူ၏ အောက်မှ ရာထူးနေရာ!

ဤအမိန့်စကားကို ကြားသောအခါ နတ်ဆိုးကျင့်ကြံသူများသည် အလွန်ပင် အံ့အားသင့်သွားကြပြီး မရေမတွက်နိုင်သော မနာလိုအားကျ အကြည့်များက ကွေ့ကျန်းချုံဆီသို့ ရောက်ရှိလာခဲ့သည်။

“ဘာလဲ၊ မလိုချင်ဘူးလား?” ဟုန်ချန်ယဲ့ မျက်ခုံးပင့်လိုက်သည်။

“လိုချင်ပါတယ်! ကျွန်တော်မျိုး သေချာပေါက် လိုချင်ပါတယ်!”

ကွေ့ကျန်းချုံသည် ထပ်ခါထပ်ခါ ခေါင်းညိတ်သည်။ သူ၏ အသံမှာ စိတ်ခံစားမှုဖြင့် နင့်သည်းနေကာ မျက်လုံးနီနီများမှ ကျေးဇူးတင်ခြင်းမျက်ရည်များ စီးကျလာ၏။

ဤကျေးဇူးကို သူပြန်လည်ပေးဆပ်နိုင်မည်မဟုတ်၊ သူသည် သေလွန်သည်အထိ ဂိုဏ်းချုပ်တစ်ဦးတည်းကိုသာ ထာဝရ သစ္စာရှိစွာ အမှုထမ်းမည်ဟု သစ္စာဆိုလိုက်သည်။

ရုတ်တရတ် ကွေ့ကျန်းချုံသည် တစ်ခုခုကို သတိရသွားပြီး ဂရုတစိုက် လျှောက်တင်သည်။ ဂိုဏ်းချုပ်၊ အကယ်၍ ဂိုဏ်းချုပ်က ကျွန်တော်မျိုးကို ဒုတိယဂိုဏ်းချုပ်အဖြစ် ခန့်အပ်ခဲ့မယ်ဆိုရင် ကူဝူချန်က ကန့်ကွက်မှုရှိလာနိုင်မလား?"

“ကူဝူချန် ဆိုတာ ဘယ်သူလဲ?”

ဤ နာမည်ကို ကြားသည်နှင့် ဟုန်ချန်ယဲ့သည် ချက်ချင်းပင် အရှေ့သို့တိုးလာကာ ကွေ့ကျန်းချုံကိုစိုက်ကြည့်လျက် လျှို့ဝှက်အသံဖြင့် မေးမြန်းလိုက်သည်။

အရှေ့မှလူမှာ လှုပ်ရှားနိုင်စွမ်းမရှိဘဲ ရပ်တန့်သွားသည်။

“ဟာ? ကူ၊ ကူဝူချန်က ဂိုဏ်းချုပ် အရင်က ခန့်အပ်ခဲ့တဲ့ ဒုတိယဂိုဏ်းချုပ်မဟုတ်ဘူးလား?” ကွေ့ကျန်းချုံ အခက်တွေ့စွာ တံတွေးမျိုချလိုက်သည်။

“မင်းပြောတာက ကူဝူချန်ဆိုတဲ့ တစ်ယောက်က လူတိုင်းကို လီထန်းမြို့ကို တိုက်ခိုက်ဖို့ စုရုံးခဲ့တယ်ပေါ့?” ဟုန်ချန်ယဲ့၏ မျက်လုံးများသည် အနည်းငယ်မှေးကျဥ်းသွားသည်။ သတ်ဖြတ်လိုသော အငွေ့အသက်များက ပိုလို့မြင့်တက်လာတော့၏။

“ဟုတ်ပါတယ်၊ ဟုတ်ပါတယ်” ကွေ့ကျန်းချုံ ခက်ခက်ခဲခဲ ခေါင်းညိတ်လိုက်သည်။

ဂိုဏ်းချုပ်က ကူဝူချန်ကို မသိဘူးလား?

ဒါဆို အဲ့ဒီလူယုတ်မာက မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ ဒုတိယဂိုဏ်းချုပ်မဟုတ်ဘူးလား?

ရုတ်တရတ် ကွေ့ကျန်းချုံ၏ စိတ်ထဲသို့ မဖြစ်နိုင်လောက်စရာ အတွေးတစ်ခု ဝင်ရောက်လာခဲ့သည်။ သူ၏ မျက်လုံးများမှာ ကြေးခေါင်းလောင်းများထက်ပင် ပို၍ ပြူးကျယ်လာသည်။

မဟုတ်မှလွဲရော…

ဂိုဏ်းချုပ်၏ စကားများနှင့် အပြုအမူများက ထူးဆန်းနေသည်မှာ အံ့သြစရာမရှိတော့။

သူတို့အားလုံး ကူဝူချန် လှည့်စားတာကို ခံခဲ့ရတာ ဖြစ်နေသည်။

ကွေ့ကျန်းချုံ၏ စိတ်ခံစားမှုများမှာ ရှုပ်ထွေးနေသည်။ အသုံးချခံရတဲ့အခါ ဘယ်သူက စိတ်မဆိုးဘဲ နေပါ့မလဲ? ပြဿနာက သူသည် ဤကံဆိုးမှုမှ ကောင်းချီး တစ်ခုကို ရရှိခဲ့ခြင်ပင်။ ဂိုဏ်းချုပ်ကိုယ်တိုင်၏ လေးစားယုံကြည်မှုနှင့် ရာထူးတစ်နေရာကိုလည်း ရရှိခဲ့သည်။ ထို့ကြောင့် သူသည် ကူဝူချန်ကို မကျေမနပ်ဖြစ်သင့်သလား သို့မဟုတ် ကျေးဇူးတင်သင့်သလား မသိတော့ပေ…

“အခု၊ ချက်ချင်းပဲ ငါ့ကို အဲ့ဒီလူဆီ ခေါ်သွားပေး။”

“ဟုတ်ကဲ့ ဂိုဏ်းချုပ်!”

ဟုန်ချန်ယဲ့ လှည့်ထွက်သွားချိန်တွင် လီထန်းမြို့၏ အထက်မှ မိုးခြိမ်းသံကဲ့သို့သော ကြွေးကြော်သံတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများကို တုန်လှုပ်စေခဲ့သည်။

“ရဲတင်းလှချည်လား သွေးနီနတ်ဆိုး၊ မြောက်ပိုင်းလွင်ပြင်နယ်မြေကို ကျူးကျော်ရဲလား! ဒီနေ့၊ ငါ တင်းကျန်းဟာ တာအိုလမ်းကြောင်းရဲ့ ကိုယ်စားပြုအနေနဲ့ မင်းကို ဖယ်ရှားပစ်မယ်!!!”

စာစဉ်ပြီး၏

All Chapters