အခန်း (၄၈၉)
Vol. 35 Ch. 489
လီထန်းမြို့သားများအတွက် တင်းကျန်းသည် ကောင်းကင်ကြီးသာပင်။
ထိုသူ၏ ငယ်ဘဝတွင် ကြီးမားသော ကံကောင်းခြင်းများဖြင့် ပြည့်စုံကုံလုံကာ ကျင့်ကြံဆင့်ကိုလည်း သူမတူအောင် လျင်လျင်မြန်မြန် တိုးတက်ချိုးဖျက်နိုင်ခဲ့သည်။ တင်းမိသားစုကို အမည်မသိ ညှိုးညှိုးငယ်ငယ် အခြေအနေမှ ခွန်အားကြီးသော မိသားစုကြီးတစ်ခုဖြစ်အောင် ဦးဆောင်နိုင်ခဲ့သည်။ သူသည် ရန်သူတိုင်းကို ခြွင်းချက်မရှိ အလဲထိုးနိုင်၏။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ ပြိုင်ဘက်ကင်း၏။ လီထန်းအရှင်ဟူသော မြို့မျက်နှာဖုံးဂုဏ်ပုဒ်နှင့် အထိုက်တန်ဆုံးပင်။
အသက်အရွယ် ကြီးရင့်သွားချိန်တွင် အေးအေးဆေးဆေးသာနေထိုင်ကာ အချိန်အကြာကြီး လှုပ်ရှားမှု မလုပ်ခဲ့သော်လည်း သူ၏ ဂုဏ်သိက္ခာသည် မြို့သူမြို့သားများအမြင်တွင် တောင်တစ်လုံးထက် ပိုမိုကြီးမြင့်သည်။
ယခု ထိုသူသည် နတ်ဆိုးလမ်းစဥ် စစ်တပ်၏ ထိုးစစ်ကို တစ်ဦးတည်း တားဆီးခုခံနေသည်။ ကျင့်ကြံသူများမှာ ဝမ်းမြောက်မှုနှင့်အတူ တက်ကြွလှုပ်ရှားလာကြ၏။
အကောင်အထည် မမြင်ရပေသည့် အဓိကကျသော စည်းလုံးရေးစိတ်ဓာတ်က ပြန်လည်မြင့်တက်လာသည်။
မြို့တွင်းရှိ စိတ်အားထက်သန်နေသော လေထုနှင့် နှိုင်းယှဥ်သောအခါ အရှင်တင်း၏ တွဲဖက်ဖြစ်သော နှင်းကျားသစ်မှာ အနည်းငယ်စိတ်ပျက်လက်ပျက် ဖြစ်နေသယောင်ရှိ၏။ ဤအရာသည် သူအလိုရှိသောမြင်ကွင်း မဟုတ်သကဲ့သို့။
အရှင်တင်း၏ ကြွေးကြော်သံကို ကြားသောအခါ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ ဒေါသထွက်လာကြပြီး မျက်လုံးများမှာ သတ်ချင်ဖြတ်ချင်စိတ်ဖြင့် စူးရဲလာကြသည်။
ကွေ့ကျန်းချုံ၏ နဖူးပေါ်ရှိ သွေးကြောများ ဖောင်းပွလာကာ ရိုင်းရိုင်းစိုင်းစိုင်း တုံ့ပြန်သည်။ “တင်းမျိုးရိုး၊ မင်းက လီထန်းအရှင် ဖြစ်နေရုံနဲ့ ငါတို့ရဲ့ မီးလျှံနတ်ဆိုးဂိုဏ်းနဲ့ ယှဥ်ပြိုင်ဖို့ အရည်အချင်းရှိတယ် လို့ ထင်နေတာလား?”
“ငါတို့ရဲ့ နတ်ဆိုးဂိုဏ်းချုပ်ရဲ့ မျက်လုံးထဲမှာ မင်း၊ တင်းကျန်းဟာ လက်တစ်ချက်လှုပ်ဖို့တောင် အဖိုးအခမတန်ဘူး!! မင်းက အမှိုက်စတစ်စသာသာပဲ!!!”
“မှန်တယ်!”
“ကောင်းတယ်!”
နံဘေးမှ အပေါင်းအဖော်များကလည်း ကျေနပ်အားရစွာ ထောက်ခံကြသည်။
“မင်းတို့က အရှင်တင်းကို စော်ကားဖို့မတန်ဘူး!” လီထန်းမြို့မှ ကျင့်ကြံသူများ၏ မျက်လုံးများသည်လည်း နီရဲစူးရှလျက် စတင်တုံ့ပြန်လာကြသည်။
တင်းကျန်းလည်း စိတ်ထဲမှမြင့်တက်လာသောဒေါသကို ချိုးနှိမ်မရတော့။ သူ့ဘဝတစ်လျှောက်တွင် တစ်ခါမှ ဤမျှအရှက်မရခဲ့စဖူး။
ဖြစ်နိုင်လျှင် ထိုရတနာကို ချက်ချင်းထုတ်ယူအသုံးပြုပြီး နတ်ဆိုးလမ်းစဥ် တပ်မကြီးတစ်ခုလုံးအား ချက်ချင်း အပြတ်ရှင်းပစ်ချင်သည်။
သို့သော် ထိုရတနာကား အလွန်အရေးကြီး၏။ ဤအဆင့်နိမ့်ကောင်တွေကို သတ်ဖို့ အသုံးပြုလိုက်လျှင် နွားသတ်ဓားဖြင့် ကြက်သတ်တာနှင့် မခြား။ သူ၏ အဖိုးတန်ဆုံးဝှက်ဖဲကို ဖြစ်သလိုအသုံးမပြုနိုင်ပါ။
“ဟဲဟဲ” တင်းကျန်းက ဒေါသကိုပြန်လည်ဖိနှိပ်ပြီး ပြက်ရယ်ပြုသည်။
“ပြန်သွားပြီး မင်းတို့ရဲ့ နတ်ဆိုးဂိုဏ်းချုပ်ကို ပြောလိုက်! ငါ၊ တင်းကျန်းက ဒီနေရာမှာ သူ့ကို စောင့်နေတယ်! သတ္တိရှိရင် လာပြီး သေလိုက်လို့!”
“ရဲတင်းလိုက်တဲ့ကောင်!”
ကွေ့ကျန်းချုံ အလွန် ဒေါသထွက်လာသည်! သူ့ ထင်မြင်ချက်အရ တင်းကျန်း၏ တိုက်ရည်ခိုက်ရည်ပါရမီက အားကောင်းသော်လည်း ကျင့်ကြံဆင့်က ကောင်းကင်မသေမျိုးအဆင့်တွင်သာ ရှိသည်! နတ်ဆိုးဂိုဏ်းချုပ် ဟုန်ချန်ယဲ့နှင့် မည်သို့ နှိုင်းယှဥ်နိုင်မည်နည်း?
သစ္စာရှိ ပရိသတ်တစ်ဦးအနေဖြင့် သူအလွန် ဒေါသထွက်မိသည်။
“နတ်ဆိုးဂိုဏ်းချုပ်က ငါတို့ကို လီထန်းမြို့ကို သိမ်းပိုက်ဖို့ အမိန့်ပေးခဲ့တဲ့အတွက် ဆုတ်ခွာဖို့တော့ လုံးဝမဖြစ်နိုင်ဘူး!”
“ညီအစ်ကိုတို့၊ သတ်ကြ!”
ကွေ့ကျန်းချုံသည် ကောင်းကင်သို့ဦးမော့ကာ ဟိန်းဟောက်သည်! အနက်ရောင်ချီစွမ်းအင်များက မီးခိုးတန်းများကဲ့သို့ သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်ကာ လူ့ဦးခေါင်းခွံများအဖြစ် ပြောင်းလဲသွားပြီး ထူးဆန်းသော ကြောက်မက်ဖွယ်အော်ဟစ်သံများကို ထုတ်လွှတ်လာ၏။
အေးစက်နေသော လေပြင်းတိုက်ခတ်မှုနှင့်အတူ ကောင်းကင်သည်လည်း မှောင်မိုက်သွားရသည်။
မြင်ကွင်းမှာ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
“မင်းကြည့်ရတာ အရမ်းသေချင်နေပုံပဲ!”
တင်းကျန်း၏ မျက်နှာသည် ဒေါသဖြင့် ပြည့်နေကာ လက်ထဲရှိ လှံတံကို မြှောက်ကိုက်လိုက်သော် ရေခဲပြာရောင် အလင်းတန်းကား ကြယ်များကဲ့သို့ တောက်ပလင်းလက်စွာ ထွက်ပေါ်လာသည်။ ထိုစဥ် လေပြင်းနှင်းမုန်တိုင်းများက ပြင်းသည်ထက်ပြင်းထန်လာကာ ပြင်းစွာသော အရှိန်အဟုန်ဖြင့် အားဖြည့်ပေးလာ၏။
နှစ်ဖက်စလုံး တိုက်ခိုက်တော့မည့် အချိန်တွင် မိုးခြိမ်းသံကဲ့သို့ မြည်ဟည်းသံတစ်ခုက မိုးကုတ်စက်ဝိုင်းအတွင်းဘက်မှ ထွက်ပေါ်လာသည်။
မရေမတွက်နိုင်သော လူများ အံ့အားသင့်စွာဖြင့် မော့ကြည့်မိလိုက်ကြချိန်တွင် ချဥ်းကပ်လာသော ဧရာမ သတ္တဝါကြီးကို ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ရသောအခါ ထိတ်လန့်မှုကြောင့် ရင်တဒိန်းဒိန်း ခုန်လှုပ်လာရတော့၏။
“ဘုရား ဘုရား၊ ဒါ၊ ဒါက ခွင်းဖန်း လား?!!!”
ရွှီး ~
တောက်ပသော မသေမျိုးအလင်းများ ဖုံးလွှမ်းနေသော ခွင်းဖန်းသည် လေဟာနယ်ကို ပျံသန်းဖြတ်ကျော်လျက် တိုက်ပွဲနေရာအား ချက်ချင်းပင် ရောက်ရှိလာသည်။ ၎င်း၏ခန္ဓာကိုယ်မှ ထုတ်လွှတ်သော ကြီးမားသော ဖိအားကြောင့် နတ်ဆိုးလမ်းစဥ် စစ်တပ်သည်ပင် ဖရိုဖရဲဖြစ်ကုန်ကြ၏။
ကွေ့ကျန်းချုံ၏ ဦးရေပြားမှာ စူးခနဲ ကြက်သီးထကာ မျက်နှာတပြင်လုံး ဖြူဖျော့သွားသည်။ ဤ ခွင်းဖန်း၏ ရှေ့တွင် သူသည် ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ အသေးအမွှားလေးမျှသာ ကျန်ရှိတော့ကြောင်း ခံစားမိလိုက်ရ၏။
ကြောက်စရာအကောင်းဆုံးမှာ ခွင်းဖန်းသည် ၎င်း၏ကျောပေါ်တွင် မသေမျိုး ကျွန်းတစ်ကျွန်းကို သယ်ဆောင်လာခြင်းပင်။ ဆိုလိုသည်မှာ ခွင်းဖန်းသည် စွမ်းအားရှင်အကြီးအကဲတစ်ဦး၏ စီးတော်ယာဥ်ဖြစ်ကြောင်း။
ဤအရာကို စဉ်းစားလိုက်သောအခါ ကွေ့ကျန်းချုံ၏ နဖူးပေါ်တွင် ချွေးစက်ကြီးများ စီးကျလာသည်။
သူသည် အလယ်ပိုင်းဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ရှင်သန်ခဲ့သော်ငြား ခွင်းဖန်းကို စီးတော်ယာဥ်အဖြစ် အသုံးပြုသည်ဟု တစ်ခါမှ မကြားစဖူး။
ထိုအချိန်တွင် ခွင်းဖန်းသည် နတ်ဆိုးလမ်းစဥ် စစ်တပ်၏ အထက်ကောင်းကင်ဝယ် ပျံဝဲနေသည်။ မရေမတွက်နိုင်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ ကြောက်စိတ်ဖြင့် တောင့်ခဲရပ်တန့်ကာ အသံတစ်သံပင် ထွက်ဝံ့ခြင်းမရှိကြ။
လီထန်းမြို့မှ လူအများသည်လည်း အာခေါင်ခြောက်ကာ ဆွံ့အနေမိကြသည်။ သူတို့၏ မျက်လုံးများမှာ ကြောက်စိတ်ဖြင့် ပြူးကျယ်လျက်။
ရောက်လာသူသည် မိတ်ဆွေလား ရန်သူလား မသဲကွဲပေ။
တတိယလူ၏ ဝင်ရောက်စွက်ဖက်မှုကြောင့် တိုက်ပွဲအခြေအနေကိုလည်း ကြိုတင်ခန့်မှန်းလို့မရနိုင်တော့။
ကွေ့ကျန်းချုံသည် သတ္တိရှိရှိ ဦးညွှတ်အရိုအသေပြုကာ သတိကြီးကြီး လျှောက်တင်သည်။ “အကြီးအကဲခင်ဗျာ၊ ကျွန်တော်တို့က ဒီမြို့ကို မီးလျှံနတ်ဆိုးဂိုဏ်း နတ်ဆိုးဂိုဏ်းချုပ်ရဲ့ အမိန့်နဲ့ သိမ်းပိုက်ဖို့ လာတာပါ! ကျေးဇူးပြုပြီး ကိုယ့်လမ်းကိုယ် ဆက်သွားပေးဖို့ တောင်းဆိုပါတယ်ခင်ဗျာ"
သူသည် အသက်ပင် ရဲရဲမရှူရဲလောက်အောင် ကြောက်ရွံ့နေသည်။ ထို့ကြောင့် နတ်ဆိုးဂိုဏ်းချုပ်၏ နာမည်ကို ကာကွယ်ရေးအဆောင်တစ်ခုအဖြစ် အသုံးပြုလိုက်ခြင်းပင်။ တစ်ဖက်လူ၏ ရောက်ရှိလာခြင်း ရည်ရွယ်ချက်ကိုလည်း စူးစမ်းလို၍ဖြစ်၏။
“အဓိပ္ပာယ်မရှိတာ!”
အုံး!
အေးစက်သော အသံတစ်ခုသည် မိုးခြိမ်းသံကဲ့သို့ ပေါက်ကွဲထွက်လာသည်။ လူတိုင်း ခေါင်းနားပန်းကြီးသွားကြရ၏။
ချက်ချင်းပင် ဟုန်ချန်ယဲ့သည် လေထဲသို့ ရွှစ်ခနဲရောက်ရှိလာသည်။ သူ၏ တိမ်ကဲ့သို့ အနက်ရောင်ဆံပင်များသည် လေထဲတွင် လွင့်ပျံနေလျက် ဖီးနစ်မျက်လုံးများသည် အေးစက်စက်ရောင်ခြည်ကို ထုတ်လွှတ်နေ၏။ လက်များကို အနောက်ပစ်ကာ လေထဲတွင်ရပ်လိုက်ပြီး အောက်ဘက်ရှိ နတ်ဆိုးလမ်းစဥ် စစ်တပ်ခေါင်းဆောင်အား ခပ်မဲ့မဲ့တုံ့ပြန်သည်။
“ဒီအရှင်က အဲ့လိုကိစ္စမျိုးကို အမိန့်ပေးခဲ့ဖူးတာ မရှိဘူး!”