နတ်ဆိုးဂိုဏ်းချုပ်
Vol. 35 Ch. 488
နှင်းကျားသစ်သည် အရှင်တင်း ၏ ဆူပူကြိမ်းမောင်းခြင်းကို ခံလိုက်ရသောအခါ လိမ္မာပါးနပ်စွာ ခေါင်းငုံ့သွားလေသည်။ သို့သော် ၎င်း၏မျက်လုံးများထဲတွင် အဓိပ္ပာယ်ခန့်မှန်းရခက်သော အရောင်ဖျော့ဖျော့တစ်မျိုး ဖျတ်ခနဲလင်းလက်သွား၏။
ဘေးပတ်ဝန်းကျင် တိတ်ဆိတ်သွားသောအခါမှ တင်းကျန်းက အစည်းအဝေးရှိလူတိုင်း၏ မျက်နှာများကို အလေးအနက်ကြည့်လိုက်ပြီး ဆိုသည်။ “အားလုံးပဲ၊ ငါ အပြင်ဘက်ပြည်နယ်တွေဆီ အကူအညီ တောင်းခံထားပြီးသားပါ။ အချိန်နည်းနည်းလောက် ဆက်ဆွဲပြီး ခုခံနိုင်မယ်ဆိုရင် နီးစပ်ရာ သူတော်ကောင်းလမ်းစဥ် အင်အားစုတွေဆီက အကူအညီတွေနဲ့အတူ မီးလျှံနတ်ဆိုးဂိုဏ်းကို မကြာခင် နှိမ်နင်းနိုင်မယ်လို့ ယုံကြည်ပါတယ်”
ဤစကားများကို ကြားသောအခါ လူတိုင်း တိတ်ဆိတ်သွားသည်။
ထိုမျှော်လင့်ချက်ကား အလွန်မရေမရာဖြစ်လွန်းနေ၏။ နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ မြို့တံတိုင်းအတွင်းသို့ အောင်မြင်စွာ ထိုးဖောက်နိုင်ခြင်း ရှိမရှိကို ထားပါဦး၊ သွေးနီနတ်ဆိုး၏ ကြောက်မက်ဖွယ်သမိုင်းကြောင်းမှတ်တမ်းများအရ အလယ်ပိုင်းဒေသရှိ မည်သည့်သူတော်ကောင်းလမ်းစဥ် အင်အားစုက ဒုက္ခတောထဲ ရဲရဲခြေချ၍ ကူညီပေးချင်ပါမည်နည်း?
သူတို့သည်လည်း ရန်မီးစကူးမှာကို ကြောက်တတ်ကြပေမည်။ သွေးနီနတ်ဆိုးမှ အခဲမကျေစွာ လိုက်လံလက်တုံ့ပြန်ပါက ပြေးစရာမြေမရှိ။
လေထု၏ ပြောင်းလဲမှုကို သတိပြုမိသော တင်းကျန်းသည် ခပ်ခြောက်ခြောက် ချောင်းတစ်ချက်ဟန့်ကာ ထပ်ဖြည့်ပြောသည်။ “အားလုံး၊ စိတ်မပူပါနဲ့။ သွေးနီနတ်ဆိုး တကယ်ပဲ ကျူးကျော်လာခဲ့ရင်လည်း သူ့ကို ကိုင်တွယ်ဖို့ ငါ့မှာ ကိုယ်ပိုင်နည်းလမ်းတွေ ရှိပါတယ်”
“ဟင်?”
မိသားစုခေါင်းဆောင်များ၏ မျက်ခွံများ တွန့်ခနဲလှုပ်သွားသည်။ သူတို့၏ မျက်နှာအမူအရာများသည်လည်း မယုံချင်သလိုလို ထူးဆန်းနေလျက်။
တစ်ဖက်ရန်သူက ကောင်းကင်ကို တုန်လှုပ်စေသော အစွမ်းရှိ သွေးနီနတ်ဆိုးဖြစ်သည်။ ဉာဏ်အလင်းမသေမျိုးအဆင့် ဖြစ်နိုင်ချေရှိသော စွမ်းအားရှင်မျိုးကို တွန်းလှန်ဖို့နည်းလမ်း ရှိသတဲ့လား?
အဲ့လိုစွမ်းရည် ရှိနေတယ်ဆိုလည်း ဘာလို့အခုပဲ မြို့ပြင်ထွက်ပြီး နတ်ဆိုးလမ်းစဥ်တပ်ဖွဲ့ကို တစ်ခါတည်းဖယ်ရှားမပစ်တာလဲ?
လူတိုင်း စိတ်ထဲမှ ပြိုင်တူမေးခွန်းထုတ်မိကြသည်။
သို့သော် အရှင်တင်း၏ ဂုဏ်သိက္ခာကို လေးစားသောအားဖြင့် သံသယမေးခွန်းများအား နှုတ်မှထုတ်မေးရန် အခွင့်အရေးမရှိခဲ့။
ထိုသို့သော အချိန်မျိုးတွင် မယုံသင်္ကာမေးခွန်းထမေးခြင်းသည် အရှက်ခွဲခြင်းနှင့်မခြားပေ။
မိသားစုများတွင် ခေါင်းဆောင်ပိုင်းဆိုင်ရာ တာဝန်ယူထားသော အကြီးအကဲများအနေဖြင့် လူမှုဆက်ဆံရေးအကြောင်း မသိဘဲနေမည်မဟုတ်။ 'စိတ်ခံစားမှုဆိုင်ရာ ဉာဏ်ရည်' ကို သူတို့အားလုံး နားလည်ကျွမ်းကျင်ကြပါသည်။
လူတိုင်း၏ မသိမသာ ဖုံးဖိလိုက်ကြသော သံသယ မျက်နှာအမူအရာများကို မြင်သောအခါ တင်းကျန်း၏ နှုတ်ခမ်းများသည် အနည်းငယ် ကွေးညွှတ်သွားသည်။ မိမိကိုယ်ကို ယုံကြည်မှုရှိသော အပြုံးတစ်ပွင့်။
သူ့မှာ အားကိုးစရာ တစ်ခုခု ရှိပုံရသည်။
နံဘေးတွင် ငြိမ်ငြိမ်လေးလဲလျောင်းနေသော နှင်းကျားသစ်သည်လည်း သူ့ကို နားမလည်ပါးမလည်သာ မော့ကြည့်နေသည်။
ထိုစဉ် အရေးတကြီး အော်ဟစ်သံများ အပြင်ဘက်မှ ထွက်ပေါ်လာသည်။ “မီးလျှံနတ်ဆိုးဂိုဏ်းက မြို့ကို ထပ်တိုက်ခိုက်နေပြန်ပြီ!”
ဤအရာသည် မြို့တစ်ခွင်လုံး ကြီးမားသော ဆူပူမှုကို ဖြစ်စေသည်!
“မဖြစ်ဘူး…” လီထန်းမြို့မှ ကျင့်ကြံသူများအားလုံး မျက်နှာများ ဖြူဖျော့သွားသည်။ သူတို့၏ တင်းကျပ်နေသော နှလုံးသားများမှာ ပေါက်ထွက်ကျိုးပဲ့တော့မတတ် အားနည်းနေကြလေပြီ။
ဤတစ်ကြိမ်တွင်တော့ နောက်ပြန်ဆုတ်ရန် လမ်းမရှိတော့ကြောင်း ဆိုလိုသည်။ သူတို့ ဒီတစ်ခေါက်ကို အောင်မြင်စွာ ခုခံနိုင်ခဲ့ရင်တောင် သွေးနီနတ်ဆိုး၏ ဒေါသကို ဆွလိုက်မိမည်သာဖြစ်ပြီး ပြင်းထန်သောလက်တုံ့ပြန်မှုအား ဖိတ်ခေါ်လိုက်မိသလိုသာ ဖြစ်ပေမည်။
သွေးနီနတ်ဆိုး၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းဖြင့် လီထန်းမြို့တစ်ခုလုံးတွင် မည်သူက သူ့ကို တားဆီးခုခံနိုင်မည်နည်း?
ရလဒ်သည်ကား ဆုံးဖြတ်ပြီးသား ဖြစ်သည်။
“ဟမ့်၊ ချဆိုတော့လည်း ချကြတာပေါ့၊ သေမှာကို ဘာလို့အဲ့လောက်ကြောက်နေရမှာလဲ?"
“နတ်ဆိုးလမ်းစဥ် လူယုတ်မာတွေ၊ သေလိုက်ကြစမ်း!”
တင်းကျန်းက ထရပ်ပြီး ကြွေးကြော်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှ တက်ကြွသော ကောင်းကင်မသေမျိုးအရှိန်အဝါက တပါတည်း ပေါက်ကွဲထွက်လာသည်။ လူတိုင်း၏ အံ့အားသင့်နေသော အကြည့်များအောက် သူသည် ကောင်းကင်ထက်သို့ လျှပ်တပြက်ရောက်ရှိသွား၏။ ထို့နောက် မှော်လှံတံထဲသို့ အားကောင်းသော မသေမျိုးချီ စွမ်းအင်ကို ပို့ဆောင်ဖြည့်သွင်းကာ လှံတံ၏ ထိပ်ဖျားမှ ရေခဲပြာရောင် အလင်းကို ထုတ်လွှတ်စေသည်။
“ကမ္ဘာပျက်နှင်းမုန်တိုင်း!”
ဒုန်း ~
ကောင်းကင်နှင့် မြေကြီးအကြားရှိ ဥတုရာသီ၏ အေးစက်မှုသည် ချက်ချင်း ပြင်းထန်မြင့်တက်လာသည်။ ထို့နောက် အမြင့်မီတာ သောင်းချီရှိသော နှင်းရေတံခွန်တစ်ခု ကောင်းကင်ထက်မှ ကျဆင်းလာကာ ကျယ်ပြန့်ကြီးမားသော နတ်ဆိုးလမ်းစဥ်စစ်တပ်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့မတတ် ခြိမ်းခြောက်လာခဲ့၏။
မျက်စိနှင့် မြင်နိုင်သမျှ နေရာအားလုံးသည် နှင်းခဲနှင်းလုံးများဖြင့်ပြည့်နေသော အဖြူရောင်လေဟာနယ်ပြင်များသာ။
“မကောင်းတော့ဘူး!”
မရေမတွက်နိုင်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများသည် သူတို့၏ကိုယ်ခန္ဓာကို ဖြတ်ပြေးသွားသော အအေးလှိုင်းအား ရုတ်ချည်းခံစားမိလိုက်ကြပြီး နှင်းချီစွမ်းအင်၏ တိုက်ခိုက်မှုကို ခုခံရန် အသည်းအသန် ကြိုးစားနေကြသည်။
“အား…”
အော်ဟစ်သံများ နားမခံသာအောင် ထွက်ပေါ်လာသည်။
များစွာသော နတ်ဆိုးတပ်သားတို့သည် ခုခံဖို့ပင် အချိန်မရလိုက်ဘဲ စိတ်ပျက်အားငယ်စွာဖြင့် ရေခဲရုပ်များအဖြစ်သို့ ပြောင်းလဲသွားရသည်။ ထို့နောက် ချက်ချင်းအမှုန့်ကြေကာ နှင်းရေတံခွန်ထဲသို့ အတူရောဝင်မျောပါသွားလေတော့၏။
“မြန်မြန်၊ ကာကွယ်ကြ!”
တစ်ချိန်တည်းမှာပင် ဒေါသတကြီး အမိန့်သံများ ထွက်ပေါ်လာသည်။
ဦးဆောင်သူများဖြစ်သော နာမည်ကြီး စွမ်းအားကြီး နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူများလည်း လှုပ်ရှားမှုများ ပြန်လည်ပြုလုပ်သည်။ သူတို့၏ သက်ဆိုင်ရာ နတ်ဘုရားကျင့်စဥ်များကို ထုတ်သုံးကာ ခွန်အားကြီးသော နှင်းရေတံခွန်အား ဖြိုဖျက်တိုက်ခိုက်ဖို့ကြိုးစားသည်။
အုံး ~
အမျိုးစုံလင်သော အရောင်များ ဖျတ်ခနဲ လက်သွားသည်။ အားကောင်းသော စွမ်းအင်စီးကြောင်းများ က မြေပြင်ကိုရိုက်ချိုးကာ ကောင်းကင်ကိုမှိုင်းပျစေတော့မလို ထွက်ပေါ်လာ၏။
သူတို့၏ ပေါင်းစပ်အားထုတ်မှုများဖြင့် တင်းကျန်း၏ ကမ္ဘာပျက်နှင်းမုန်တိုင်းကို ပျက်ပြယ်သွားစေသည်။ သို့သော် နတ်ဆိုးလမ်းစဥ် စစ်တပ်သည် ကြီးမားသော ဆုံးရှုံးမှုများ ရုတ်ချည်းကြုံတွေ့လိုက်ရသဖြင့် ကျဆင်းသွားသောစိတ်ဓာတ်များကိုတော့ တားလို့မမီခဲ့။
“ဘယ်သူလဲ၊ ခုနကလုပ်တာ ဘယ်သူလဲ?!”
ကတုံးပြောင်နှင့် အမျိုးသားတစ်ဦးက အော်ဟစ်မေးမြန်းသည်။ သူသည် အနက်ရောင်ဝတ်ရုံကို ဝတ်ထားပြီး လည်ပင်းတွင် အရိုးခေါင်းများသီတန်းထားသော လည်ဆွဲကို ဆွဲထားကာ ခန္ဓာကိုယ်မှာ သံမဏိမျှော်စင်ကဲ့သို့ ကြံ့ခိုင်ကြီးမား၏။
ထိုသူ၏ နာမည်ပြောင်က ကွေ့ကျန်းချုံ ဖြစ်သည်။ နတ်ဆိုးလမ်းစဥ်တွင် နာမည်ဆိုးဖြင့် ကျော်ကြားသော မိစ္ဆာတစ်ဦး ဖြစ်သည်။ ဤ နတ်ဆိုးလမ်းစဥ်စစ်တပ်တွင် အင်အားအကြီးဆုံး ကျင့်ကြံသူတစ်ဦးလည်း ဖြစ်၏။
“ငါပဲ!”
တင်းကျန်းသည် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ မှော်လှံတံကို ကိုင်ဆောင်ထားရင်း လီထန်းမြို့၏အပေါ်တွင် တည်ငြိမ်စွာ ပေါ်ထွက်လာသည်။ ထို့နောက် ထူထပ်သော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူစစ်တပ်ကြီးအား အပေါ်စီးမှ အထင်အမြင်သေးစွာ ကြည့်ရှုလေ့လာနေသည်။
“မင်းက လီထန်းအရှင်လို့ လူသိများတဲ့ တင်းကျန်းများလား?” ကွေ့ကျန်းချုံ မျက်လုံးများကို မှေးကျဥ်းကာ သေချာကြည့်လိုက်ရင်း ရင်ထဲက နည်းနည်းတော့စိုးရိမ်စိတ်များလာသည်။
“မှန်တယ်!”
တင်းကျန်းက လေးနက်သော အမူအရာဖြင့် ပြောသည်။ “ငါ ဒီမှာရှိနေသရွေ့ လီထန်းမြို့ဟာ မင်းတို့ မက်မောနိုင်တဲ့နေရာ လုံးဝမဟုတ်ဘူး။ ဘာလို့ အမြန် ဆုတ်ခွာမသွားသေးတာလဲ?”
ခိုင်မာသော စိတ်သဘောထားဖြင့် ထွက်ဆိုသောစကားလုံးများက လူတွေကို လွှမ်းမိုးဖိနှိပ်နိုင်သော ခံစားချက်အား ပေးစွမ်းသည်။
“အရှင်တင်း ထွက်လာပြီ!”
မျှော်လင့်ချက်များ မှေးမှိန်နေခဲ့သော မြို့တွင်းရှိ ကျင့်ကြံသူများမှာ မျက်လုံးအရောင်တို့ တလက်လက်တောက်ပလာကာ ကောင်းကင်ထက်ရှိ အနီရောင်ဝတ်ရုံပုံရိပ်အား အားကိုးတကြီး မျှော်ကြည့်နေကြသည်။