လီထန်းအရှင်ကို မသိသူမရှိ
Vol. 35 Ch. 487
ဤကဲ့သို့ ရက်စက်သော လက်တွေ့ဘဝကို ဖြတ်သန်းရမည်မှန်း သိသိလျက်နှင့်ပင် နှစ်စဥ်နှစ်တိုင်း ကမ္ဘာ့နေရာအနှံ့အပြားမှ ရည်မှန်းချက်များဖြင့် ပြည့်ဝတက်ကြွနေသော ငယ်ရွယ်နုပျိုသည့် ကျင့်ကြံသူများမှာ ဤမြို့သို့ အဆက်မပြတ် ခရီးနှင်လာကြဆဲဖြစ်၏။ နာမည်တစ်လုံကို ရယူရန်နှင့် ကမ္ဘာသစ်တစ်ခုကို ထုဆစ်ပုံဖော်ရန် မျှော်လင့်ချက်များ အပြည့်ဖြင့်။
မည်သို့ပင်ဆိုစေ ကျင့်ကြံရေး မြို့တစ်မြို့အနေဖြင့် လီထန်းမြို့၏ အရင်းအမြစ်ပံ့ပိုးမှုသည်ကား မြောက်ပိုင်းလွင်ပြင်ပြည်နယ်တွင် ရှားပါးရုံသာမက အလယ်ပိုင်းဒေသတစ်ခုလုံးတွင်ပင် ရှားပါးသည်ဟု ဆိုရမည်။ ဤသည်မှာ နောက်တက်ကျင့်ကြံသူလေးများကို အဆက်မပြတ် ဆွဲဆောင်နိုင်ခြင်း၏ အခြေခံအကြောင်းရင်းလည်း ဖြစ်သည်။
သို့သော် ယခုတွင်မူ...
ဤ အထင်ကြီးအားကျဖွယ်ကောင်းသော လီထန်းမြို့သည် ယခုအခါ မကြုံစဖူးသော ဘေးအန္တရာယ်တစ်ခုကို ရင်ဆိုင်နေရလေပြီ။
ပြဿနာ၏အစမှာ မီးလျှံနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်၏ ဆင့်ခေါ်သံအား နာခံလိုသော နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများ အလွန်အမင်း များပြားနေသောကြောင့် ဖြစ်သည်။ သူတို့သည် အမိန့်စကားတစ်ခွန်းစာဖြင့် ခွန်အားကြီးသော စစ်တပ်တစ်ခုကို တိုက်ရိုက်ဖွဲ့စည်းကာ မြောက်ပိုင်းလွင်ပြင်ပြည်နယ်ကို အတင်းအဓမ္မ ကျူးကျော်ရုံသာမက လီထန်းမြို့ကိုပါ စတင်တိုက်ခိုက်လာခဲ့သည်။
မြောက်ပိုင်းလွင်ပြင်ပြည်နယ်ရှိ အပြင်းထန်ဆုံး ကျင့်ကြံရေး စွမ်းအားရင်းမြစ်ဒေသတစ်ခု အနေဖြင့် သူတို့သည် သဘာဝအတိုင်း အင်အားကုန်ခုခံခဲ့သည်။ အကယ်၍ ဤမြို့ကို နတ်ဆိုးလမ်းစဥ်မှ သိမ်းပိုက်နိုင်ခဲ့ပါက မြောက်ပိုင်းလွင်ပြင်ပြည်နယ်၏ ကျင့်ကြံသူများ၏ စိတ်ဓာတ်ကို ကြီးမားသောရိုက်ခတ်မှု ဖြစ်ပေါ်စေပြီး ပြန်လည်နာလန်ထူရန် မျှော်လင့်ချက် မရှိသလောက် ဖြစ်ပေလိမ့်မည်။
ဤကာလအတွင်း တိုက်ပွဲများမှာ အလွန် ပြင်းထန်သည်။ မရေမတွက်နိုင်သော ကျင့်ကြံသူများ သေဆုံး ဒဏ်ရာရရှိခဲ့ရ၏။
အပြင်ဘက်သို့ ကြည့်လိုက်ပါလျှင် မြစ်ကဲ့သို့ ပြည့်လျှံစီးဆင်းနေသော သွေးစီးကြောင်းများကို မြင်တွေ့ရမည်။ လေထုသည်ပင် သွေးနံ့ပြင်းပြင်း ပြည့်နှက်လျက်ရှိ၏။
နတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများမှာ မြို့ပြင်ဘက်တွင် အလွန်အမင်း ထူထပ်စွာ ရှိနေသည်။ ကောင်းကင်နှင့် မြေကြီးကိုပင် ဖုံးလွှမ်းတော့မတတ်။ အယောက်တိုင်း၏ မျက်လုံးများမှာ စိတ်အားထက်သန်မှုဖြင့် ထက်ရှစူးလက်ကာ အမျိုးမျိုးသော မှော်ရတနာများကို ကိုင်ဆောင်ထားကြသည်။
မြင့်မားစွာကိုင်ဆောင်ထားသော အလံစများက လေနှင့်အတူ လွင့်ပျံလျက်ရှိ၏။ တစ်ခုချင်းစီတွင် မီးလျှံနတ်ဆိုးဂိုဏ်း၏ အထင်ကရစကားများကို စာလုံးနီဖြင့် ရေထိုးထားသည်မှာ သွေးများ လတ်လတ်ဆတ်ဆတ် စွန်းထင်းကျန်ရှိနေသကဲ့သို့။
ဤ မြင်ကွင်းသည် နှလုံးခုန်သံကို ရပ်တန့်စေမတတ် ကြောက်လန့်ဖွယ်ကောင်းသည်။
ထိုနတ်ဆိုးစစ်တပ်ကြီးနှင့် ဆန့်ကျင်ဘက်အနေဖြင့် လီထန်းမြို့မှ ကျင့်ကြံသူများတော့ ခြေကုန်လက်ပန်းကျနေကြလေပြီ။
စစ်ပွဲအတွင်း ပြင်းထန်သော ဆုတ်ယုတ်နစ်နာမှုများ ကြုံတွေ့ရခြင်းကြောင့် မြို့ကို ကာကွယ်ရန် တာဝန်ယူထားသော ခံစစ်တပ်များသည်လည်း အဆက်မပြတ် ပျက်စီးသွားရသည်။ ထို့အပြင် အချိန်ကြာရှည်စွာ ဆင်နွှဲနေသော်ငြား မပြီးပြတ်နိုင်သေးသော စစ်ပွဲကြောင့် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ တောင့်ခံနိုင်စွမ်းမရှိတော့။
နှစ်ဖက်စလုံး ခေတ္တခဏ အနားယူနေစဉ် နတ်ဆိုးလမ်းစဥ် စစ်တပ်ထံမှ မိုးခြိမ်းသံကဲ့သို့ အော်ဟစ်သံများ ထွက်ပေါ်လာသည်။
“အထဲကလူတွေ နားထောင်ကြ! မင်းတို့ မြို့တံခါးတွေကို ဖွင့်ပြီး ငါတို့ရဲ့ မီးလျှံနတ်ဆိုးဂိုဏ်းကို လက်နက်ချရင် အားလုံးကို အသက်ချမ်းသာပေးမယ်!”
“ငါတို့က ဂိုဏ်းအတွက် ခံတပ်တစ်ခုအဖြစ် ဒီမြို့ကိုသိမ်းပိုက်ဖို့ နတ်ဆိုးဂိုဏ်းချုပ်ရဲ့ အမိန့်ကို တရားဝင်ရထားတာ! မင်းတို့ ဆက်ပြီး ခေါင်းမာမာနဲ့ ခုခံနေရင် နောက်ဆက်တွဲ ဆိုးကျိုးတွေက စိတ်ကူးမယဥ်နိုင်အောင် ဆိုးရွားလိမ့်မယ်!”
“မင်းတို့ကို ရိုးရိုးသားသားပြောရရင် ငါတို့နတ်ဆိုးဂိုဏ်းချုပ်ရဲ့ ဒေါသနဲ့ဆို တစ်မြို့လုံးလူမကျန်အောင် အသတ်ဖြတ်ခံရလိမ့်မယ်! သက်ကြီးရွယ်အိုတွေ အမျိုးသမီးငယ်တွေ ကလေးငယ်တွေဆိုပြီး တစ်ယောက်မှညှာနေမယ့်သူမဟုတ်ဘူး!”
မြို့ကို အချိန်ကြာသည်အထိ မသိမ်းပိုက်နိုင်လှသဖြင့် နတ်ဆိုးလမ်းစဥ်ကျင့်ကြံသူတို့ နှုတ်အားကိုးဖြင့်စတင်ခြိမ်းခြောက်လာကြခြင်း ဖြစ်သည်။ မြို့တွင်းရှိ အားကိုးရာမဲ့ ကျင့်ကြံသူများကို စကားလုံးများဖြင့် ဖိအားပေးကာ စိတ်ပိုင်းဆိုင်ရာကို အရင်ချိုးဖျက်ဖို့ ကြိုးစားနေကြခြင်းဖြစ်၏။
အစမှ အဆုံးအထိ ဤနတ်ဆိုးလမ်းစဥ် ကျင့်ကြံသူများသည် ယုံကြည်မှုအပြည့်ဖြင့် တက်ကြွနေခဲ့ကြသည်သာ။ အကြောင်းမှာ သူတို့တွင် တရားမျှတသော အကြောင်းပြချက်လည်း ပါရှိသလို ဤစစ်ဆင်ရေးမှာ မီးလျှံနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်ကို ကိုယ်စားပြုပြီး ဆောင်ရွက်နေသောကြောင့် ဖြစ်သည်။
တိုက်ပွဲမှ ဆုတ်ခွာထွက်ပြေးဖို့ရာ အကြောင်းမရှိ။
လီထန်းမြို့ရှိ ကျင့်ကြံသူများမှာတော့ ခြိမ်းခြောက်ဟိန်းဟောက်လာသော စကားလုံးများ၏ ဖိအားကြောင့် နှလုံးသားများမှာ ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများဖြင့် ဖိစီးလေးလံလာတော့၏။ သူတို့ ဆက်လက်တိုက်ခိုက်နေပါက မီးလျှံနတ်ဆိုးဂိုဏ်း၏ နတ်ဆိုးဂိုဏ်းချုပ်မှ ကိုယ်တိုင်အရေးယူတိုက်ခိုက်လာမည်ကို စိုးရိမ်မိသည်။
တစ်ဖက်လူသည် ကောင်းကင်ကို ကိုင်လှုပ်နိုင်လောက်အောင် အစွမ်းရှိသော သွေးနီနတ်ဆိုး ဖြစ်သည်။
ယခင်က မဟာတာအိုဂိုဏ်းကြီးခုနစ်ခုသည် မသေမျိုး မဟာမိတ်စစ်တပ်ကို အရှေ့ပိုင်းဒေသသို့ စေလွှတ်ခဲ့သည်။ သို့သော် တစ်ဦးတစ်ယောက်မှ ပြန်မလာနိုင်ခဲ့ပေ။ အားလုံးသည် သွေးနီနတ်ဆိုး၏ သေခြင်းတရားမြစ်ထဲသို့ နစ်မြုပ်မျောပါသွားခဲ့ရသည် ဟူ၏။
နောက်ပိုင်းတွင် ထိုသတင်းသည် အလယ်ပိုင်းဒေသသို့ ရောက်ရှိပျံ့နှံ့သောအခါ သူတော်ကောင်းလမ်းစဥ် ကျင့်ကြံသူများ၏ စိတ်နှလုံးထဲ စွဲမြဲထင်ကျန်နေသော ကြောက်ရွံ့မှုကား ပိုလို့ပင် ဆိုးရွားနက်ရှိုင်းလာတော့သည်။
လီထန်းမြို့တွင် ခွန်အားကြီးသော ပုဂ္ဂိုလ်များနှင့် ကြီးမားသော ကျင့်ကြံရေး မိသားစုများစွာ ရှိသော်လည်း သွေးနီနတ်ဆိုးသာ အမှန်တကယ် ဒေါသထွက်ပြီး ကိုယ်တိုင်ထွက်ပေါ်လာပါက တစ်မြို့လုံး သက်ရှိပင်မကျန်အောင် သတ်ဖြတ်ခံရမည် အမှန်ပင်။
အကြွင်းမဲ့စွမ်းအားကို ရင်ဆိုင်သောအခါ မည်သည့် ခုခံမှုမဆို အချည်းနှီး ဖြစ်ပေမည်။
ထိုအချိန်တွင်။
လီထန်းမြို့တစ်မြို့လုံး ပိန်းပိတ်အောင် မှောင်မိုက်နေကာ လေထုမှာ ဖိစီးလေးလံလျက်။
အဓိက တိုက်ပွဲလမ်းမပေါ်တွင် ကျင့်ကြံရေးမိသားစုများကို ကိုယ်စားပြုသော မိသားစု ခေါင်းဆောင်များ ခေါင်းချင်းဆိုင် ဆွေးနွေးနေကြသည်။ သူတို့သည် လီထန်းမြို့၏ အထွတ်အထိပ်ဟု ခေါ်ဆိုရမည်ဖြစ်သော စွမ်းအားရှင်များဖြစ်ပြီး အားလုံး မသေမျိုးအဆင့်တွင် ရှိကြသည်။
အပြင်ဘက်မှ ဂိုဏ်းသားများ၏ အော်ဟစ်သံကို ကြားသောအခါ သူတို့၏ မျက်နှာများ ကြောက်စိတ်ဖြင့် ဖြူဖျော့သွားသည်။ ဒေါသထွက်မိပါသော်ငြား စိတ်နောက်ကိုယ်ပါဖို့အတွက် အခွင့်အရေးမရှိခဲ့။
လီထန်းမြို့သည် သေရေးရှင်ရေး အခြေအနေသို့ ရောက်ရှိနေလေပြီ။ သူတို့၏ ဆုံးဖြတ်ချက်တိုင်းက မြို့တွင်းရှိ မရေမတွက်နိုင်သော လူများ၏ အသက်နှင့် သက်ဆိုင်နေသည်။
“ချီးတဲ့မှ၊ သူတို့က လီထန်းမြို့ကိုမှ အသည်းအသန်သိမ်းယူချင်နေကြတာ! မီးလျှံနတ်ဆိုးဂိုဏ်းက တကယ်ပဲ လွန်လွန်းတယ်!”
“ငါတို့ ဘာလုပ်နိုင်မှာလဲ? မြို့ကို ဖွင့်ပြီး လက်နက်မချဘဲ ဆက်ပြီးတိုက်နေပြန်ရင်လည်း ငါတို့ပဲပိုအထိနာမှာပဲ"
“ငါတို့ အောင်အောင်မြင်မြင် ခုခံနိုင်ပြီး မီးလျှံနတ်ဆိုးဂိုဏ်းရဲ့ တပ်ဖွဲ့တွေ ဆုတ်ခွာသွားရင်တောင် သူတို့ရဲ့ နတ်ဆိုးဂိုဏ်းချုပ် လက်တုံ့ပြန်ဖို့ ရောက်လာခဲ့ရင် လီထန်းမြို့ ဘယ်လိုလုပ်ပြီး ဆက်ရှင်သန်နိုင်တော့မှာလဲ?"
“မမေ့နဲ့! အဲ့ဒါ သွေးနီနတ်ဆိုး! သူက မသေမျိုး သုံးသောင်းကျော်ကို တစ်ဦးတည်း သတ်ဖြတ်ခဲ့တာ! ငါတို့ရဲ့ လီထန်းမြို့တစ်ခုလုံးမှာ ပေါင်းလိုက်ရင် မသေမျိုး ဘယ်လောက်ရှိလဲ? သူ့အတွက် သွားကြားတောင်မညပ်လောက်ဘူး"
စုဝေးရောက်ရှိနေကြသော မိသားစု ခေါင်းဆောင်များသည် သူတို့၏ အတွင်းစိတ်မှ စိုးရိမ်မှုများကို တစ်ဦးပြီးတစ်ဦး တင်ပြလာကြ၏။
သူတို့သည် အပြင်ဘက်မှ နတ်ဆိုးလမ်းစဥ် အစွမ်းထက်သူများ၏ စိန်ခေါ်ခြင်းကို မကြောက်ပေ။ သူတို့ အကြောက်ဆုံးအရာမှာ ၎င်း၏နောက်ကွယ်မှ ကြိုးကိုင်သူ ဖြစ်သည်။
သူတို့သာ ဆက်လက်တွေဝေနေပါက လီထန်းမြို့ အမှန်တကယ်ပျက်သုဥ်းခြင်းသို့ ဆိုက်ရောက်ပေတော့မည်။
“အရှင်တင်း၊ အရှင့်ရဲ့ ထင်မြင်ချက်အရ ကျွန်တော်တို့ရဲ့ လီထန်းမြို့ ဘယ်လို တုံ့ပြန်သင့်လဲ?” မိသားစု ခေါင်းဆောင်တစ်ဦးက တစ်စုံတစ်ခုကို အမှတ်ရလိုက်သကဲ့သို့ လေးစားစွာ မေးမြန်းလိုက်သည်။
ဝှစ် ဝှစ် ဝှစ် ~
အနောက်မှ မျက်လုံးပေါင်းတစ်ဒါဇင်ကျော်ခန့်က မေးခွန်း၏ဦးတည်ရာဖြစ်သော စားပွဲထိပ်မှလူထံ စုစည်းရောက်ရှိသွားကြသည်။
ထိုသူသည် ခမ်းနားပြီး မြင့်မြတ်သော အနီရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် ခန့်ခန့်ညားညား အဖိုးအိုတစ်ဦး ဖြစ်သည်။ သူ၏လက်ထဲတွင် နက်နဲသော သင်္ကေတများ ဖုံးလွှမ်းနေသည့် ရေခဲပြာရောင် မှော်လှံတံကို ကိုင်ဆောင်ထားသည်။ နားကပ်များကို ဝတ်ဆင်ထားပြီး ဖြူစွတ်သောအသားအရည်တွင် မှဲ့ခြောက်များပါရှိ၏။
ထိုသူသည် တင်းမိသားစု၏ မိသားစု ခေါင်းဆောင် တင်းကျန်း ဖြစ်သည်။
တင်းကျန်းသည် ငယ်စဥ်ချိန်ခါတုန်းက ထူးချွန်သော ကျင့်ကြံရေးပါရမီနှင့် အလွန်ထက်မြက်သော နားလည်နိုင်စွမ်းကို ပိုင်ဆိုင်ရုံသာမက ရေခဲရင်းမြစ် ကျင့်စဥ်နည်းလမ်းများကို ကျင့်ကြံရန် အလွန်သင့်တော်သော မသေမျိုး ခန္ဓာကိုယ်လည်း ရှိသည်။ ကောင်းကင်ဘုံ၏ ချစ်သားမျက်ရှုဟု ဆိုရမည့် မွေးရာပါ ပါရမီထူးသူတစ်ဦးပင်။
ထိုပါရမီကြောင့် ငယ်ရွယ်စဥ်ကတည်းက နာမည်ကြီးကျော်ကြားသည်။ သူသည် တင်းမိသားစုကို ခွန်အားကြီးမားအောင် ဦးဆောင်ခဲ့သူ မိသားစုဦးစီးတစ်ယာက်ဖြစ်၏။ သြဇာအာဏာသည် အလွန်တောက်ပပြီး မသိသူမရှိသောကြောင့် ထိုအချိန်က လီထန်းမြို့တွင် ဆိုရိုးစကားတစ်ခု ပျံ့နှံ့ခဲ့သည်။
ဝတ်ကောင်းစားလှဝတ်ထားတဲ့လူငယ်လေး မြင်းကောင်းတစ်စီးနဲ့ ပေါ်ထွက်လာရင် အဲ့ဒါ လီထန်းမြို့ရဲ့ အရှင်သခင်ပဲ ဟူ၏။
မှန်သည်။ ငယ်ရွယ်နုပျိုစဥ်ကာလကတည်းကပင် လီထန်းအရှင်ဟူသောဘွဲ့အမည်ကို သူရရှိထားပြီးဖြစ်၏။ တင်းကျန်းဆိုသူကား လီထန်းမြို့တွင် ထိုမျှလွှမ်းမိုးနိုင်ခဲ့သည်။
နောက်ပိုင်းတွင် တင်းကျန်းသည် မိသားစု ခေါင်းဆောင်ရာထူးကို ဆက်ခံသည်။ တင်းမိသားစုကို ဦးဆောင်ပြီး လီထန်းမြို့ကို လွှမ်းမိုးခဲ့ကာ သူ၏ သြဇာနှင့် ကျင့်ကြံမှု အဆင့်အတန်းသည်လည်း အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ မြို့တွင်းရှိ အမျိုးမျိုးသော အင်အားစုများမှ လေးစားခံရသော မြို့မျက်နှာဖုံးတစ်ဦးပေ။
အသက်ကြီးလာသည်နှင့်အမျှ တင်းကျန်းသည် အငြိမ်းစားယူပြီး မိသားစုခေါင်းဆောင်သစ်ကို ရွေးချယ်လိုသည်။ သို့သော် ထိုလုပ်ရပ်ကို မျိုးနွယ်စုအကြီးအကဲများစွာက ကန့်ကွက်ခဲ့ကြ၏။ အကြောင်းမှာ သူ၏ ကျော်ကြားသော ဂုဏ်သိက္ခာနှင့် စေ့စပ်သော အုပ်ချုပ်စီမံနိုင်စွမ်းကြောင့် အငြိမ်းစားယူဖို့ရာ အချိန်မကျသေးဟု ခံယူကြသောကြောင့်ပင်။
ထို့ကြောင့် တင်းကျန်းသည် မိသားစု ခေါင်းဆောင်အဖြစ် အကြိမ်တိုင်း ပြန်လည်ရွေးချယ်ခံရသည်။ တင်းမိသားစု၏ သက်ရှိအမှတ်အသားတစ်ခုဆိုလည်း မမှား။ သူ၏ သက်တမ်းနှင့် ကြာရှည်စွာ တည်မြဲနေနိုင်သော အာဏာကြောင့် အပြင်လူများက သူ့ကို အရှင်တင်းဟု တလေးတစား ခေါ်ဆိုကြသည်။
အားလုံး၏ စိုးရိမ်မှုတကြီး မေးခွန်းများကို ရင်ဆိုင်သောအခါ တင်းကျန်းသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်သည်။ သူ၏မျက်လုံးများက သန့်ရှင်းပြီး ကြည်လင်သည်။ ဖြတ်သန်းကြုံတွေ့ခဲ့ရသော အရေးကိစ္စအဝဝထံမှ မည်သည့်အစွန်းအထင်းမှ သူ့စိတ်နှလုံးဖြူစင်မှုကို သက်ရောက်ဖျက်ဆီး၍ မဖြစ်နိုင်သကဲ့သို့။
အားလုံး၏ နှလုံးသားများ တုန်လှုပ်သွားသည်။ သူ့ကို တိတ်တိတ်လေး လေးစားယုံကြည်မိကြ၏။
ဤမျှ ကြီးရင့်သော အသက်အရွယ်အပိုင်းအခြားတွင် အပြောင်းအလဲများစွာကို ကြုံတွေ့ခဲ့ရပြီး မြို့၏ အခြေအနေ အတက်အကျများစွာကို မျက်မြင်ကိုယ်တွေ့ ကြုံကြိုက်ခဲ့ရသော်ငြား စင်ကြယ်သော နှလုံးသားကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲပင်။
လီထန်းအရှင် တင်းကျန်း ဖြစ်ထိုက်ပေသည်!
သူ အသက်ရှင်သရွေ့ လီထန်းမြို့၏ ထာဝရအရှင်သာဖြစ်သည်!
တင်းကျန်း၏ ထိုင်ခုံဘေးတွင် အမွေးဖြူဖြူ နှင်းကျားသစ်တစ်ကောင် လှဲလျောင်းနေသည်!
၎င်းသည် စစ်မှန်သောမသေမျိုး အဆင့်ရှိ သားရဲမျိုးနွယ်တစ်ကောင် ဖြစ်သည်။ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တင်းကျန်း၏နောက်တွင် လိုက်ပါခဲ့သော သစ္စာရှိတွဲဖက်တစ်ဦးသာဖြစ်၏။
ခက်ခဲသော အခြေအနေကို ရင်ဆိုင်နေသောအခါ တင်းကျန်းသည် စက္ကန့်အနည်းငယ်မျှ စဥ်းစားခန်းဝင်နေပြီးမှ စကားပြောရန်ပြင်သည်။ ထိုအချိန်တွင် နှင်းကျားသစ်သည် ပျင်းရိစွာ အိပ်ငိုက်နေပြီး နားမခံသာသော ဟစ်အော်သံဖြင့် သမ်းလိုက်လေရာ ငြိမ်သက်စွာ စောင့်ဆိုင်းနေသော မိသားစုခေါင်းဆောင်အားလုံး လန့်ဖျပ်တုန်ယင်သွားရ၏။
တင်းကျန်း မျက်မှောင်ကြုတ်ကာ မကျေမနပ်လေသံဖြင့် ဆူပူသည်။ “နှင်းကျားသစ်၊ တိတ်တိတ်နေစမ်း!”