← Chapters

အခန်း (၄၈၅)

Vol. 35 Ch. 485

အခန်း (၄၈၅)

Vol. 35 Ch. 485

နောက်ဆုံးသော ပင်လယ်စာပွဲတော်ကို ပျော်ရွှင်စွာ စားသုံးပြီးနောက် ယဲ့ကျွင်းလင်တို့အဖွဲ့သည် နတ်မိမယ်တိုင်းပြည်မှ တရားဝင် ထွက်ခွာခဲ့ကြသည်!

မထွက်ခွာမီတွင် တုန်ဖန်ကျင်းနှင့် တုန်ဖန်းမုန့်ယောင်တို့သည် စိတ်မပါလက်မပါဖြင့် မခွဲချင့်ခွဲချင် လိုက်ပါနှုတ်ဆက်ပေးခဲ့ကြ၏။

ခွင်းဖန်း ပျောက်ကွယ်သွားသည့် ဦးတည်ရာကို သူတို့ငေးကြည့်နေမိသည်။ အမေနှင့်သမီးတို့၏ မျက်လုံးအကြည့်များဝယ် တောင့်တလွမ်းဆွတ်မှုများ ပြည့်လျှမ်းနေပြီး နေရာမှမ‌ရွှေ့မိကြ။

“အမေ၊ ကျွန်မ သူ့ကို နောက်တစ်ခါ ထပ်တွေ့နိုင်မယ်လို့ ထင်သလား?” တုန်ဖန်းမုန့်ယောင်၏ နူးညံ့သော မျက်နှာလေးမှာ ဝမ်းနည်းရိပ်ဖြင့် ညှိုးငယ်နေရှာ၏။

ထိုသူသည် သူမ၏ နှလုံးသားထဲသို့ ဝင်ရောက်လာနိုင်ခဲ့သော ပထမဆုံး အမျိုးသား ဖြစ်သည်။ သူမသည် အနာဂတ်တွင် ထိုသူမှလွဲ၍ အခြားမည်သည့် အမျိုးသားအတွက်မှ ခံစားချက်ရှိနိုင်တော့မည် မဟုတ်။

တုန်ဖန်ကျင်းသည်လည်း ထပ်တူ ခါးသီးနာကျင်မိနေသည်သာ။ ထိုသူသည် သူမ၏ဘဝတွင် သူမ အလိုချင်ဆုံးသော အမျိုးသားဖြစ်သည်။ ထိုအမျိုးသားကို ရအောင်မယူလိုက်နိုင်ခြင်းသည်ကား သူမဘဝ၏ အကြီးမားဆုံးနောင်တဖြစ်ပေမည်။

“ယောင်ယောင်၊ အကြီးအကဲယဲ့မှာ နတ်ဘုရားတမျှတန်ခိုးထက်တဲ့ စွမ်းရည်ကျင့်စဥ်‌တွေရှိပြီး နောက်ခံဇာစ်မြစ်ကလည်း ခန့်မှန်းမရအောင် နက်ရှိုင်းလှတယ်။ သမီးရော အမေရော သူ့အပေါ် ဘယ်လိုတပ်မက်မှုမျိုးမှ မထားရှိသင့်ပါဘူး။ နောက်ပြီး သမီးရဲ့ကျင့်ကြံဆင့်စမှတ်က အမေ့ထက်ပိုမြင့်တယ်။ အမေတည်ထောင်ခဲ့တဲ့ တိုင်းပြည်အုပ်ချုပ်ရေးနဲ့ အခြေခံအုတ်မြစ်အားလုံးက နောင်တစ်ချိန်မှာ သမီးလက်ထဲလွှဲအပ်ရမယ့် အရာတွေပါပဲ"

တုန်ဖန်ကျင်း စကားအပြီးတွင် ညင်သာစွာ သက်ပြင်းချလိုက်သည်။

သူမသည် ထိုမျှ အံ့မခန်းလောက်အောင် ထူးခြားသော အမျိုးသားတစ်ဦးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့ပါ။ လောက၏အထက်က ခွန်အားအကြီးဆုံးဟု မှတ်ယူထားကြသော လျှပ်စီးဘေးဒဏ်ပင် ထိုအမျိုးသားအား မစော်ကားဝံ့စွာ နာခံရိုကျိုးရသည်ပင်။

ထိုအကြောင်းကို စဉ်းစားလိုက်တိုင်း အိပ်မက်တစ်ခုလို ခံစားရသည်။

အပြင်လောကမှာသာ ဒီအကြောင်းကိုကြားလိုက်ရရင် လူဘယ်လောက်များများက ယုံနိုင်မှာတဲ့လဲ?

တုန်ဖန်ကျင်းသည် ဟုန်ချန်ယဲ့ကို အလွန် မနာလိုဖြစ်မိသည်။ မိမိ၏မိတ်ဆွေဟောင်းမှာ အမှန်တကယ် အစွမ်းထက်သော ဆရာသခင်ကို အမိအရ ဖမ်းဆုပ်ထားနိုင်ခဲ့သည်ပင်။

“ဟုတ်ကဲ့အမေ၊ သမီးကြိုးစားပါ့မယ်…” တုန်ဖန်းမုန့်ယောင်သည် နူးညံ့သောနှုတ်ခမ်းများကို သွားဖြင့်သာသာဖိကိုက်ရင်း ခေါင်းညိတ်လိုက်သည်။

ထို ငွေရောင်ဆံပင်ရှိ လူငယ်လေးနှင့် သူမ၏ ပထမဆုံးတွေ့ဆုံမှု၊ ထို့နောက် မျှောလှေပွဲ‌တော်အတွင်းမှ စိတ်ဝင်စားစရာကောင်းသော အဖြစ်အပျက်များကို ပြန်လည် သတိရမိလိုက်သည်။ ထိုခံစားချက်များကိ သူမဒီတစ်သက် မေ့နိုင်တော့မည်မဟုတ်ဟု ထင်မိ၏။ သို့သော် အခုတော့ ထိုစိတ်ရင်းစစ်မှန်မှုတို့အား သူမ၏ နှလုံးသားတစ်နေရာတွင် နက်ရှိုင်းစွာ မြှုပ်နှံထားရတော့မည်သာ။

ကံပါလျှင် အနာဂတ်တွင် သူတို့ ပြန်လည်တွေ့ဆုံနိုင်မည်…

ကျယ်ပြောသော မိုးတိမ်များသည် အဆက်မပြတ် လှုပ်ရှားလျက်ရှိကာ ပတ်ဝန်းကျင်ရှိ ရှုခင်းများသည် လျင်မြန်စွာ တရိပ်ရိပ်ပြောင်းလဲနေသည်။

နာရီဝက်မျှအကြာတွင်ပင် ခွင်းဖန်းသည် အဓိကပြည်နယ်အများအပြားကို ဖြတ်သန်းသွားခဲ့ပြီး ဖြစ်သည်။ ၎င်း၏အရှိန်ကား သာမန်မသေမျိုးအရှင်ဘုရင်များပင် အံ့သြသွားလောက်အောင် ကောင်းကင်မသေမျိုးတစ်ပါးဟု မထင်ရလောက်သည်အထိ လျှင်မြန်လှ၏။

“ဟူး၊ ပျင်းစရာကောင်းတယ်၊ တကယ်ကို ပျင်းစရာကောင်းတယ်” လီဝူကျယ်သည် သူ၏ ချစ်လှစွာသော ဓားကောက်ကြီးကိုထုတ်ကာ လက်ကိုင်ပဝါဖြင့် ပြောင်လက်နေအောင် သုတ်သင်နေရင်း သစ်ပင်တစ်ခုကို မှီပြီး စိတ်ပျက်အားငယ်စွာ သက်ပြင်းချလိုက်သည်။ တစ်လျှောက်လုံးခံစားခဲ့ရသော လျစ်လျူရှုမှုကို သူအခဲမကျေ ဖြစ်နေဆဲပင်။

သူ၏ ယောက်ျားဆန်ဆန် ဆွဲဆောင်မှုဖြင့် နတ်မိမယ်တိုင်းပြည်မှ အမျိုးသမီးအပေါင်း၏ နှလုံးသားကို အောင်နိုင်လိမ့်မည်ဟု မူလက ထင်မှတ်ခဲ့သည်။ မရေမတွက်နိုင်သော အမျိုးသမီးများ၏ ကြည်ဖြူနှစ်လိုမှုနှင့် အော်ဟစ်သံများကို ဆွဲဆောင်ပြီး လူအများ၏ အာရုံစိုက်ရာ ဗဟိုချက်အဖြစ် ‌ပျော်ရွှင်စွာ လည်ပတ်နေထိုင်ခဲ့ရလိမ့်မည်ဟု ထင်မှတ်ခဲ့သည်။

သို့သော် ရက်စက်လှသော လက်တွေ့ဘဝတွင် အစမှအဆုံးထိ ဖယ်ကျဥ်ရှောင်ထွက်ခြင်းကိုသာ ခံခဲ့ရလေသည်။

ထိုအကြောင်းကို ပြန်သတိရလိုက်မိတိုင်း သူစိတ်ဓာတ်မကျဘဲ မနေနိုင်။

လီဝူကျယ်၏ ပုပ်သိုးနေသောမျက်နှာကြီးကို မြင်သောအခါ ဟုန်ချန်ယဲ့က ထပ်ဖိသည်။ “ညီလေး၊ ဘဝက အရမ်း ရှည်လျားတယ်။ သည်းခံလိုက်ရင် အရာအားလုံးအဆင်ပြေသွားလိမ့်မယ်။ တစ်နေ့တော့ မင်း သိသိသာသာကြည့်‌ကောင်းလာဖို့ ငါဆုတောင်းပါတယ်ကွာ"

လီဝူကျယ်က ဓားသုတ်နေတာကိုရပ်လိုက်ပြီး မည်းမှောင်နေသောမျက်နှာကြီးဖြင့် ပြောသည်။ "အစ်ကိုကြီးပါးစပ်ပါတာ ကျွန်တော်သိပြီးသားမလို့ စကားမပြောဘဲနေလည်းရပါတယ်"

ဟုန်ချန်ယဲ့က သူ့ကိုမျက်စောင်းထိုးကြည့်သည်။ "မင်းကိုပြောတာမဟုတ်ဘူးကွ"

“ကျင့်ကြံဆင့်မြင့်တယ်ဆိုတိုင်း ရန်လာစမနေနဲ့‌! အရှင်လီလည်း ဒေါသထွက်တတ်တယ်!” လီဝူကျယ်သည်းမခံနိုင်တော့ဘဲ ဒေါသတကြီးအော်သည်။

“လာ၊ လာ၊ ဒီ အရှင်က ကျင့်ကြံဆင့်ပိုနိမ့်နေရင်တောင် မင်းလိုကောင်လောက်တော့ လုံးဝ ချေမှုန်းနိုင်သေးတယ်!” ဟုန်ချန်ယဲ့က တစ်ခွန်းမခံပြန်ပက်ကာ ဝတ်ရုံစများကိုပင့်တင်ပြီး ကျောက်စိမ်းလို ဖြူဝင်းချောမွတ်သော လက်မောင်းကြွက်သားများကိုပင် ဖျစ်ညှစ်ထုတ်ပြနေသေး၏။ မည်သည့်အချိန်မဆို တိုက်ခိုက်ရန်အသင့်။

“ဟဲဟဲ၊ မင်း ပြောတာနော်!”

လီဝူကျယ်၏ မျက်လုံးများ စူးရှလာပြီး ခန္ဓာကိုယ်ရှိ သွေးများသည် ချော်ရည်ကဲ့သို့ ဆူပွက်လာသည်။ သူ၏ နှလုံးသားမှာ တိုက်ပွဲစည်သံကဲ့သို့ တဒုန်းဒုန်းလှုပ်ခုန်နေလျက်။

နှစ်ဖက်စလုံး ပဋိပက္ခ ဖြစ်တော့မည့်အချိန်တွင်။

ရုတ်တရက် နူးညံ့ပြီး သေးငယ်သော အပြာရောင် စက္ကူငှက်ရုပ်တစ်ခုက ပြင်းထန်သော စွမ်းအင်လှိုင်းများကို ထုတ်လွှတ်ပြီး သူတို့၏ခေါင်းပေါ်သို့ ပျံသန်းလာသည်။

“ဟင်?”

နှစ်ဦးစလုံး ကြောင်သွားကြသည်။

မျက်စိလျင်ပြီး လက်သွက်သော ဟုန်ချန်ယဲ့က စက္ကူငှက်ရုပ်အား ဖျတ်ခနဲဖမ်းဆွဲမိလိုက်သည်။

“ဒါ ဘာလဲ? ငါတို့ ကျွန်းပေါ်ကိုတောင် ပျံသန်းလာနိုင်တယ်ပေါ့!” လီဝူကျယ်မှာ စိတ်ဝင်တစားဖြင့် စက္ကူရုပ်အား အသည်းအသန်ငုံ့ကြည့်လာသည်။

“ဒါက အလယ်ပိုင်းဒေသ ကျင့်ကြံသူတွေ အသုံးပြုတတ်တဲ့ ဆက်သွယ်ရေးစက္ကူငှက်ပဲ။ ဒီတစ်ခုက အကူအညီတောင်းခံတဲ့ဟာ ဖြစ်ပုံရတယ်” စက္ကူငှက်၏အသုံးပြုပုံကို ရှင်းပြပြီးနောက် ဟုန်ချန်ယဲ့ ၎င်းကို နဂိုဦးတည်ချက်ဆီသို့ ပြန်လွှတ်ဖို့ပြင်သည်။

သူသည် လူစိမ်းများကို ကူညီရန် စိတ်မဝင်စားပေ။

"အလျင်လိုမနေပါနဲ့၊ အရင်ဆုံး ဖွင့်ကြည့်လိုက်ဦး!” လီဝူကျယ်က စက္ကူငှက်ကို ဆွဲယူလိုက်သည်။ မည်သူက အကူအညီတောင်းခံနေသနည်း သူစိတ်ဝင်စား၏။

ဟုန်ချန်ယဲ့ မျက်မှောင်ကြုတ်သည်။ သို့သော် ဘာမှ မပြောပေ။

လီဝူကျယ် စက္ကူငှက်ရုပ်ကို အမြန်ဖြည်ဖွင့်လိုက်သည်။ စက္ကူပြားပေါ်တွင် ဖရိုဖရဲ၊ ဟိုခြစ်သည်ခြစ် ရေးထားသော လက်ရေးကို တွေ့ရှိသည်။ အတော်လေး အရေးပေါ်ဖြစ်နေဟန် စိုးရိမ်ပူပန်နေရဟန် တူ၏။

“တာအိုမိတ်ဆွေများ၊ အရေးပေါ်ကိစ္စပါ! မီးလျှံနတ်ဆိုးဂိုဏ်းမှ တပည့်သားများဟာ ဂိုဏ်းချုပ်ဖြစ်သူရဲ့ အမိန့်အရ မြောက်ပိုင်းလွင်ပြင်ပြည်နယ်ကို ကျူးကျော်ဝင်ရောက်ပြီး လီထန်မြို့ကို ဝိုင်းရံထားပါတယ်။ ကျေးဇူးပြုပြီး ဆင်းရဲဒုက္ခရောက်နေတဲ့ ပြည်သူပြည်သားတွေကို လက်ကမ်းကယ်တင်ပေးပါ!”

ဖတ်ပြီးနောက် လီဝူကျယ် မျက်မှောင်ကြုတ်သွားသည်။ “ဒီ မီးလျှံနတ်ဆိုးဂိုဏ်းက ဘာလို့ ဒီလောက် ရင်းနှီးနေတာလဲ?”

ထို့နောက် သူသည် ရုတ်တရက် ဟုန်ချန်ယဲ့ကို မော့ကြည့်ကာ တအံ့တသြမေးသည်။ “သောက်ကျိုးနည်း! အဲ့ဒါ မင်းတည်ထောင်ခဲ့တဲ့ဂိုဏ်း မဟုတ်ဘူးလား? မင်းက မင်းရဲ့လက်အောက်ခံတွေကို ပြဿနာလိုက်ရှာခိုင်းထားတာလား!”

“အဓိပ္ပာယ်မရှိတာ၊ ဒီအရှင် အဲ့အကြောင်း ဘာမှ မသိဘူး!”

ဟုန်ချန်ယဲ့ လက်ကို ဆန့်ထုတ်ပြီး စက္ကူပြားကို ပြန်ဆွဲယူကာ စာပါအကြောင်းအရာကို သေသေချာချာ စစ်ဆေးသည်။ ထို့နောက် မျက်နှာမှာ ပြိုတော့မည့်မိုးကဲ့သို့ အုံ့မှိုင်းမှောင်မိုက်လာတော့၏။

မသမာသူအချို့သည် သူ၏ နာမည်ကို အပေါ်ယံအသုံးပြုပြီး နတ်ဆိုးလမ်းကြောင်းမှ ကျင့်ကြံသူများအား သူတို့အတွက် နယ်မြေများ တိုက်ခိုက်သိမ်းပိုက်ဖို့ အမိန့်ပေးထိန်းချုပ်နေသည်မှာ အသေအချာပင်။

ဤအကြောင်းကို စဉ်းစားလိုက်သည်နှင့် ဟုန်ချန်ယဲ့ ဒေါသထွက်လာသည်။

ဤသည်မှာ ကြက်မွေးဖြင့် ဖီးနစ်ယောင်ဆောင်ခြင်း၊ မြေခွေးက ကျားရေခြုံခြင်း သက်သက်သာ။

မီးလျှံနတ်ဆိုးဂိုဏ်းကို ပြန်လည်တည်ထောင်မည် ဆိုလျှင်ပင် သူ၏ ခွင့်ပြုချက်ကို မဖြစ်မနေ လိုအပ်လိမ့်မည်။ သို့သော် ထိုအမှိုက်များသည် သူ့လုပ်ပိုင်ခွင့်ကို တစ်ချက်မှထည့်မတွက်ပါဘဲ သူ့ဂိုဏ်းအမည်ဖြင့် စစ်ပွဲကို စတင်ဖို့ ကြိုးပမ်းနေခဲ့လေပြီ။

ဘာတွေ ဖြစ်နေတာလဲ?

All Chapters