အခန်း (၄၈၄)
Vol. 35 Ch. 484
လျှပ်စီးဘေးဒဏ်သည် အလွန် မကျေမနပ်ဖြစ်ရသော်လည်း ယဲ့ကျွင်းလင်၏မျက်နှာထက်မှ အပြုံးကြီးကိုကြည့်ရင်း ကျောရိုးတစ်လျှောက် ကြက်သီးဖြန်းဖြန်းထလာသည်ကို ခံစားလိုက်မိ၏။ တစ်ချိန်က ရက်စက်စွာ အနိုင်ကျင့်ခံခဲ့ရသော အမှတ်တရများလည်း ပြန်လည်ပေါ်ထွက်လာသည်။
ဂျိန်း~!
ထိုအချိန်တွင် ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာမှ ကြီးမားသော မိုးကြိုးပစ်သံတစ်ချက် ပေါက်ကွဲထွက်လာကာ လူအများ ဒိန်းခနဲရင်တုန်သွားရသည်။
“လျှပ်စီးဘေးဒဏ် ဒေါသထွက်နေတာလား?” တုန်ဖန်ကျင်းမှာ မျှော်လင့်ချက်မကျန်ရှိတော့ပေ။
ရလဒ်အနေဖြင့် မိုးခြိမ်းသံသည် စက္ကန့်အနည်းငယ်မျှအကြာတွင် တိတ်ဆိတ်ပျောက်ဆုံးသွားသည်။ ကျယ်ပြောသော လျှပ်စီးပင်လယ်သည် ခြေရာလက်ရာမရှိဘဲ ပျောက်ကွယ်သွားကာ တိမ်မည်းထုကြီးလည်း ပြန့်ကျဲသွားပြီး ရာသီဥတုသည် တမုဟုတ်ချင်း ရှင်းလင်းသွားသည်။
ယဲ့ကျွင်းလင်သည် ခုလေးတင် ဆက်တိုက်ထွက်ပေါ်လာသော မိုးခြိမ်းသံများမှာ မိုးကြိုးလေးမှ သူ့အားဆဲဆိုနေခြင်းပေလားဟု သံသယအကြီးအကျယ်ဝင်မိ၏။
ကျိန်ဆဲပြီးနောက် အမြန်ဆုံး ထွက်ပြေးသွားခြင်းပင်!
“ဒီ မိုးကြိုးလေးက တကယ်ကို ဆိုးသွမ်းနေတာပဲ” ယဲ့ကျွင်းလင်က စိတ်ဆိုးမာန်ဆိုး ဆူပူလိုက်သည်။
“ပြီး၊ ပြီးသွားပြီလား?”
တုန်ဖန်းမုန့်ယောင် မရေမရာဖြင့် အံ့သြခြင်းကြီးစွာ မေးလာသည်။
ရွှစ်!
ရုတ်တရက် တုန်ဖန်းမုန့်ယောင်၏ အရေပြားသည် တောက်ပသော အလင်းဖြင့် လင်းလက်လာသည်။ သူမ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဖြူစင်ကြည်လင်ကာ အပြစ်အနာအဆာ ကင်းမဲ့စွာ ဝင်းပလာတော့၏။ ကောင်းကင်မှ ကျဆင်းလာသော ရောင်စုံ ပန်းပွင့်များနှင့်အတူ သူမသည် သန့်ရှင်းသော နတ်မိမယ်တစ်ပါးကဲ့သို့ ပြောင်းလဲသွားခဲ့တော့လေသည်။
မြင်ကွင်းသည် အလွန် အိပ်မက်ဆန်ပြီး စိတ်ဝင်စားဖွယ်ကောင်းလှသည်။
“ကျွန်မ မသေမျိုး ဖြစ်သွားပြီလား? ကောင်းကင်ဘုံ မသေမျိုးတစ်ပါးတောင် ဖြစ်သွားပြီ!” ရုတ်တရတ်ဖြစ်ပေါ်လာသော အံ့ချီးဖြစ်ရပ်ကြောင့် တုန်ဖန်းမုန့်ယောင်မှာ ပါးပြင်များနီရဲကာ အသက်ရှူမြန်လာသည်။
“ဒါ၊ ဒါက…” တုန်ဖန်ကျင်းလည်း ကြောင်သွားသည်။ နေရာတွင် ကျောက်ဖြစ်ရုပ်ကြွင်းကဲ့သို့ ရပ်နေရုံမှအပ ပြောစရာစကားမရှိတော့။
ထို့နောက် သူမသည် ယဲ့ကျွင်းလင်ကို မယုံကြည်နိုင်စွာ ကြည့်လိုက်သည်။ ခေါင်းထဲတွင်တော့ ဆူညံပေါက်ကွဲလျက်။
ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးဘေးဒဏ်ကို အကြီးအကဲယဲ့မှ မိုးကြိုးလေးဟုခေါ်ကာ ဆူပူငေါက်ငမ်းနိုင်သည်လား?
အဓိကအချက်မှာ လျှပ်စီးဘေးဒဏ်သည် အမှန်တကယ် မျက်နှာသာပေးခဲ့ပြီး ပြဿနာရှာရန်ပင် မဝံ့ရဲစွာ နာနာခံခံ ဆုတ်ခွာသွားခြင်းပင်။
ဘာလို့လဲ?
ဒီမျက်နှာကပဲ အရမ်းတွေကြည့်ကောင်းနေလို့လား?!
တုန်ဖန်ကျင်းသည် မိမိ၏နားလည်နိုင်စွမ်းကို ဖျက်ဆီးလိုက်သော ဖြစ်ရပ်ကြောင့် အံ့သြလို့မဆုံးနိုင်သေး။
“အမေ၊ သမီးက အခု မသေမျိုးတစ်ပါး ဖြစ်သွားပြီ!” တုန်ဖန်းမုန့်ယောင်သည် ငှက်ကလေးတစ်ကောင်ကဲ့သို့ အမေ့ရင်ခွင်ထဲ စိတ်လှုပ်ရှားစွာ ပျံသန်းဝင်ရောက်သွားသည်။
“မြန်မြန်၊ မြန်မြန် ဒူးထောက်ပြီး အကြီးအကဲယဲ့ကို ကျေးဇူးတင်လိုက်! သူသာမရှိရင် လျှပ်စီးဘေးဒဏ်က သမီးကို လွှတ်ပေးမှာ မဟုတ်ဘူး!” တုန်ဖန်ကျင်း သတိဝင်လာပြီး အမြန် ပြောလိုက်သည်။
တုန်ဖန်းမုန့်ယောင် ကြောင်သွားသည်။ ထို့နောက် လျှပ်စီးဘေးဒဏ်၏ ပုံမှန်မဟုတ်သော အပြုအမူနှင့် သူမ ကြားခဲ့ရသော စကားများကို ပြန်တွေးမိလိုက်သည်။ သူမ၏နှလုံးသားမှာ ခံစားချက်များပြည့်လျှမ်းလာပြီး ရိုသေလေးစားမှုများ ဝင်ရောက်လာတော့၏။
သခင်လေးယဲ့သည် အမှန်တကယ်ကို မယုံနိုင်လောက်အောင် အစွမ်းထက်သည်။ လျှပ်စီးဘေးဒဏ်ကပင် ရိုသေကြောက်ရွံ့ရသည်အထိ။
“မုန့်ယောင်က ဒူးထောက်အရိုအသေပေးပြီး အကြီးအကဲကို ကျေးဇူးတင်ပါတယ်!”
တုန်ဖန်းမုန့်ယောင်သည် အလွန်လိမ်မာပါးနပ်သော ကလေးမလေးသာပင်။ သခင်လေးယဲ့ဟူသော အခေါ်အဝေါ်ကိုပင် ပြောင်းလဲလိုက်တော့သည်။ အဘယ်ကြောင့်ဆိုသော် သူမ၏စိတ်ထဲတွင် ဤလူငယ်၏ ပုံရိပ်သည် ကောင်းကင်များထက် ပိုမိုမြင့်မားထည်ဝါနေခဲ့လေပြီ။
“ခမ်းခမ်းနားနားတွေ လုပ်နေစရာမလိုပါဘူး၊ ထပါ။”
ယဲ့ကျွင်းလင် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ “ငါပြောခဲ့သလိုပဲ၊ မိုးကြိုးလေးက ငါတို့နဲ့ မိသားစုဝင်ပါပဲ၊ ငါတို့မှာ အလွန် ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်”
“ကျွန်မ ရှက်မိပါတယ်၊ အကြီးအကဲယဲ့မှာ ဒီလို ဆက်ဆံရေးမျိုးရှိမယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ခဲ့မိလို့ပါ…” တုန်ဖန်ကျင်းမှာ ပါးပြင်များပူထူလာကာ ပျောက်ကွယ်သွားချင်လောက်အောင် ရှက်မိရ၏။
သူက ကောင်းကင်နဲ့တောင် မိသားစုဝင်လိုဆက်ဆံရေး ရှိနေနိုင်တာလား?
မျက်မြင်ကိုယ်တွေ့ဆိုတော့ မယုံလို့လည်းမဖြစ်ပြန်။
မည်သို့ပင်ဆိုစေ ယနေ့သည် ပျော်ပွဲရွှင်ပွဲ ဆင်နွှဲထိုက်သော နေ့ထူးနေ့မြတ်တစ်နေ့ ဖြစ်သည်!
ဒါက နှစ်ထပ်ကွမ်း မင်္ဂလာပါပဲ!
ဆိုရိုးစကားအရ ပျော်ရွှင်မှုကို မျှဝေခြင်းသည် နှစ်ဆတိုးပျော်ရွှင်စေသည်ပင်။
နတ်မိမယ်တိုင်းပြည်၏ ပြည့်ရှင်ဘုရင်မအနေဖြင့် တုန်ဖန်ကျင်းသည် နိုင်ငံတစ်ဝှမ်းလုံးတွင် လွတ်ငြိမ်းချမ်းသာခွင့်ကို ချက်ချင်း အမိန့်ပေးသည်။ သမီးဖြစ်သူ မသေမျိုးအဆင့်သို့ တက်ရောက်ပြီးကြောင်းကိုလည်း တရားဝင်ကြေညာသည်။
မကြာခင်တွင် နိုင်ငံတစ်ခုလုံးမှာ ပျော်ပွဲရွှင်ပွဲများဖြင့် ဆူပူအုံကြွသွားတော့၏။ နေရာဒေသအနှံ့တွင် ပွဲတော်များ ကျင်းပကာ ပြည်သူလူထုတစ်ရပ်လုံး ဝမ်းမြောက်ရွှင်လန်းနေချိန်တွင်...
ဝေးလံသော ဖုန့်မင်ပြည်နယ်၏ တစ်နေရာ၌။
ကမ်းပါးတစ်ခုပေါ်တွင် လူနှစ်ဦး ပေါ်ထွက်လာသည်။ လှိုင်းထန်နေသော ပင်လယ်ကို ငေးမောရပ်ကြည့်နေကြရင်း စိတ်နှလုံးထဲ ကျန်ရှိနေသေးသော အကြောက်တရားကို ဖြေဖျောက်နေကြရ၏။
“သခင်လေး၊ အဲ့ဒီ လူသားမျိုးနွယ် လိုက်မမှီတော့ပါဘူး!” ပိန်ပိန်ပါးပါး အမျိုးသားက ပြောလိုက်သည်။ သူလည်း တုန်ယင်နေဆဲ ဖြစ်၏။
“အင်း”
စစ်ထူယန်သည် လေးနက်သောမျက်နှာထားဖြင့် လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထားသည်။ လက်သည်းများပင် လက်ဖဝါးသို့စိုက်ဝင်ကာ စူးရှသောနာကျင်မှုကို ဖြစ်ပေါ်စေ၏။
ခွင်းလွင်ကမ္ဘာသို့ မလာမီ သူအလွန် စိတ်အားထက်သန်ခဲ့သည်ကို အမှတ်ရမိ၏။ ဤဒေသခံများကို လက်ခုပ်ထဲမှရေကဲ့သို့ စိတ်တိုင်းကျခြယ်လှယ်ချုပ်ကိုင်နိုင်လိမ့်မည်ဟု တွေးထင်ခဲ့မိသည်ပင်။
အမိန့်လက်စွပ် ရှိနေသည်ဆိုသော်ငြား တစ်ဦးချင်းတိုက်ခိုက်ရလျှင်ပင် သူသည် ကြောက်ရွံ့မည်မဟုတ်။ သူသည် အလင်းမျိုးနွယ်စု၏ တော်ဝင်မိသားစုမျိုးနွယ် ဖြစ်သည်။ အမြင့်မြတ်ဆုံး မျိုးနွယ်သွေးပါဝင်ပြီး ကျင့်ကြံဆင့်တူများကြားတွင် ပြိုင်ဘက်ကင်းစွမ်းရည်ရှိသော ပါရမီရှင်တစ်ဦးသာဖြစ်၏။
မမျှော်လင့်ဘဲ ထို ငွေရောင်ဆံပင်နှင့်လူငယ်ကို ရင်ဆိုင်သောအခါ စစ်ထူယန်သည် အဆင့်တူ ပြိုင်ဘက်တစ်ဦးနှင့် ရင်ဆိုင်ရခြင်းအတွက် ဘဝတွင် ပထမဆုံးအကြိမ် နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် သတိတရားကို ခံစားမိလိုက်ရသည်။
ထိုသူသည် အဆင့်မြင့်ဆုံး နတ်ဘုရားကျင့်စဥ်များကို အားထုတ်စရာပင်မလို ခပ်လွယ်လွယ် အသုံးပြုနိုင်ရုံသာမက သူ၏ စိတ်စွမ်းအင်သည်လည်း အလွန်မြင့်မားနေပြန်သေးသည်။ အားနည်းချက်ဟူ၍ လုံးဝမရှိ။
ဒါက မသေမျိုးဘုရင်တစ်ပါး တတ်နိုင်လောက်တဲ့ စွမ်းရည်အဆင့် ဟုတ်ရဲ့လား?
စစ်ထူယန်မှာ မိမိ၏ မသေမျိုးဘုရင်ဘဝကိုပင် သံသယဝင်မိရ၏။
“ဒါနဲ့၊ သခင်လေး၊ ကျွန်တော်တို့ မထွက်ခွာမီမှာ အဲ့ဒီ လူသားမျိုးနွယ်ရဲ့ တပည့်က သူ့ ဆရာသခင်ကို အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်လို့ခေါ်တာ ကြားမိတယ်။ သူက အမှောင်မျိုးနွယ် ဆူပူအုံကြွမှုကို နှိမ်နင်းခဲ့တဲ့ ကောင်းကင်ဧကရာဇ်ယဲ့ ဆိုလား…”
ပိန်ပိန်ပါးပါး အမျိုးသားသည် သေသေချာချာစဥ်းစားပြောပြလာပြီး တအံ့တသြမေးသည်။ “သခင်လေး အဲ့ဒါအမှန်ပဲလား?"
“ဟင်?”
စစ်ထူယန်၏ မျက်လုံးများမှ အလင်းရောင်များ စူးလက်လာသည်။ “အဲ့ဒီလိုကိုး!”
မသေမျိုးဘုရင်တစ်ပါးမှ ပြိုင်ဘက်ကင်းကျင့်စဥ်ကို လွယ်လွယ်အသုံးပြုနေနိုင်ခြင်းအား သူအံ့သြမိကာ စိတ်ဓာတ်လည်းကျမိရသည်။ ကျင့်ကြံဆင့်ပိုမြင့်သော မသေမျိုးစွမ်းအားရှင်များပင် ထိုမျှအထိ ကျွမ်းကျင်တတ်မြောက်လိမ့်မည်မဟုတ်။
သို့သော် ထိုသူသည်သာ မသေမျိုးဧကရာဇ်တစ်ပါး ဆိုပါက အရာအားလုံး အဓိပ္ပာယ်ရှိသည်!
သို့ဆိုလျှင် ယဲ့ကျွင်းလင် အမည်ရှိသော လူသားမျိုးနွယ်သည် ရှေးခေတ် ခွင်းလွင်ကမ္ဘာမှ အစွမ်းအထက်ဆုံး မသေမျိုး ဧကရာဇ်၊ ကောင်းကင်ဧကရာဇ်ယဲ့ ဖြစ်လေသည်။
သူသည် ထိုနာမည်နှင့် ထိုသမိုင်းကြောင်းကို တစ်ခါမျှ မကြားဖူးပါသော်လည်း ရှေးဟောင်းစွမ်းအားရှင်တစ်ဦးဖြစ်တာကြောင့် မိမိထက်သာလွန်နေခြင်းဖြစ်သည် ဟူသောအချက်ဖြင့် စစ်ထူယန်၏ စိတ်ခံစားချက် ပြန်လည်ကောင်းမွန်လာသည်။
မသေမျိုးဘုရင်တစ်ပါးအနေဖြင့် ထိုမျှအစွမ်းထက်နေရခြင်းမှာ အံ့သြစရာမဟုတ်တော့။
နောက်ကွယ်မှ အကြောင်းရင်းကား သူစိတ်ကူးနိုင်သည်ထက် နက်နဲနေခဲ့ခြင်းသာ။
“သခင်လေး၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ?” ပိန်ပိန်ပါးပါး အမျိုးသားက လေးစားစွာ မေးသည်။
စစ်ထူယန်၏ မျက်လုံးအကြည့်များ အဆက်မပြတ် ပြောင်းလဲနေပြီးမှ တည်ငြိမ်သော အမူအရာသို့ ပြန်လည်ရောက်ရှိသည်။ စိတ်ဓာတ်ကျဆင်းမှုမှ ပြန်လည်ရုန်းထွက်နိုင်ခဲ့ပုံပင်။
“အစီအစဥ်အတိုင်း ဆက်လုပ်မယ်၊ ငါတို့ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ မဟာမိတ်တွေကို ရှာရမယ်”
စစ်ထူယန် လက်များကိုနောက်ပစ်ကာ ရပ်နေရင်း မျက်လုံးများက သတ်ဖြတ်တိုက်ခိုက်လိုသော ရည်ရွယ်ချက်ဖြင့် တောက်ပနေသည်။ အေးစက်သော အပြုံးတစ်ခုသည် နှုတ်ခမ်းထက်ပေါ်လွင်လာ ရေရွတ်လိုက်၏။
“ကောင်းကင်ဧကရာဇ်ယဲ့၊ မင်း အစွမ်းထက်တယ် ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမယ့် ဒီကမ္ဘာမှာဆက်နေဖို့ ဆုံးဖြတ်လိုက်တာကိုက မင်းဘဝရဲ့ အကြီးမားဆုံး အမှားပဲ!”
အမိန့်လက်စွပ်ကို လက်နက်အဖြစ် ပိုင်ဆိုင်ထားဆဲအခြေအနေတွင် သူ၏အောင်ပွဲအတွက် အပြည့်အဝယုံကြည်မှုရှိဆဲဖြစ်သည်။
ဟဲဟဲ၊ မင်း ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ၊ ငါ့ထောင်ချောက်ထဲ ကိုယ့်ခြေနဲ့ကိုယ်ဝင်မိပြီး ကျင့်ကြံဆင့်ဆုံးရှုံသွားတာနဲ့ မသတ်ဖို့ကို တောင်းပန်အသနားခံရတော့မယ့် အခြေအနေ ရောက်ရတော့မှာပဲမလား?
မှတ်ထား၊ ဒီတစ်ကြိမ် မင်းက ငါ့ကို လွှတ်ပေးလိုက်တာ မဟုတ်ဘူး၊ ငါ စစ်ထူယန်က မင်းကို လွှတ်ပေးလိုက်တာ!
“သွားကြရအောင်”
“ဟုတ်ကဲ့၊ သခင်လေး!”
ကမ်းပါးမှ လူနှစ်ဦး ပျောက်ကွယ်သွားသည်။