← Chapters

ငါးတို့၏ဘဝ

Vol. 35 Ch. 481

ငါးတို့၏ဘဝ

Vol. 35 Ch. 481

အမိန့်လက်စွပ်ကို အသုံးပြု၍ ယဲ့ကျွင်းလင်၏ ကျင့်ကြံမှုကို ဖယ်ရှားနိုင်သော်လည်း အမိန့်လက်စွပ်သည် တစ်ခါအသက်ဝင်သည်နှင့် နောက်တစ်ကြိမ် ပြန်လည်အသုံးပြုနိုင်ရန် နှစ်တစ်သောင်း စောင့်ဆိုင်းရမည် ဖြစ်သည်။

ယဲ့ကျွင်းလင်ကို တစ်ယောက်တည်း ရင်ဆိုင်ရန်အတွက်နှင့် ဤတန်ဖိုးရှိသော အခွင့်အရေးကို ဖြုန်းတီးရန်မှာ မထိုက်တန်လှဟု စစ်ထူယန်ခံစားမိ၏။

ယဲ့ကျွင်းလင်သည် သာမန်ထက်လွန်ကဲသော ခွန်အားကို ပိုင်ဆိုင်ထားပြီး သူ့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခုဖြစ်နေသည်။ သို့တိုင် စစ်ထူယန်မှာ သူ၏ စိတ်အားထက်သန်မှုကို အတင်းအကျပ် ချိုးနှိမ်ခဲ့ရသည်။ တန်ဖိုးကြီးသောအရာကို ပိုအရေးကြီးသောအစီအစဥ်အတွက် ဦးစားပေးချန်လှပ်ထားရမည်ပင်။

ယခုက အချိန်မကျသေး။

ပင်လယ်ဝေလငါးဘိုးဘေးကတော့ သူ့အတွက် စစ်တုရင်ရုပ်တစ်ရုပ်ထက် မပိုသဖြင့် ထိုးကျွေးသင့်က ကျွေးရမည်သာဖြစ်၏။

မည်သို့ပင်ဆိုစေ ဤကျယ်ပြန့်သောကမ္ဘာမြေထက် ပူးပေါင်းလုပ်ဆောင်မည့် မိတ်ဆွေအသစ်များကို အချိန်မရွေး ရှာဖွေနိုင်သည်။ အမိန့်လက်စွပ်ကတော့ တစ်ကွင်းသာရှိသည်မဟုတ်လော။

ဤသို့ဖြင့် ပင်လယ်ဝေလငါးဘိုးဘေး၏ အကူအညီတောင်းခံသံများကို မကြားယောင်ပြုကာ စစ်ထူယန်နှင့် တစ်ဦးတည်းသာကျန်ရစ်သော ငယ်သားမှာ အတူထွက်ပြေးပုန်းရှောင်သွားကြလေသည်…

“တာအိုမိတ်ဆွေ စစ်ထူ ဆိုတာ ဘယ်သူလဲ?” ယဲ့ကျွင်းလင်၏ မျက်လုံးများ လက်ခနဲဖြစ်သွားပြီး အရှိန်အဟုန်ဖြင့် ခုတ်ချတော့မည့် စန်းယွမ်ကို ခေတ္တဆိုင်းငံ့ထားလိုက်သည်။ ဓားပျံကား ပတ်ဝန်းကျင်တွင် တစ်စုံတစ်ခုကို စူးစမ်းရှာဖွေနေသကဲ့သို့ လှည့်လည်နေ၏။

အချိန်အတော်ကြာသည်အထိ တုံ့ပြန်မှု မရှိသည်ကို မြင်သောအခါ ပင်လယ်ဝေလငါးဘိုးဘေးသည် မိမိစွန့်ပစ်ခံလိုက်ရပြီဖြစ်ကြောင်း နားလည်လိုက်ရ၏။ စိတ်ပျက်အားငယ်စွာဖြင့် ယဲ့ကျွင်းလင်ကို မေးသည်။ “မင်းကဘာလို့ဒီလောက် စွမ်းအားကြီးနေတာလဲ? မင်းလို အင်အားကြီး ပုဂ္ဂိုလ်တစ်ဦးကို ငါ မကြားဖူးတာ မဖြစ်နိုင်ဘူး!”

“တကယ်ပဲ မင်းက ဘယ်သူလဲ?!” သူ စိတ်မထိန်းနိုင်စွာ မကျေမနပ် အော်ဟစ်လိုက်သည်။

ပင်လယ်ဝေလငါးဘိုးဘေးက ဤလူငယ်သည် ရှေးခေတ်မှ မသေမျိုးဧကရာဇ်တစ်ပါး သို့မဟုတ် မသေမျိုးဧကရာဇ်အဆင့်ကို ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်သည်။

သို့သော် ပြဿနာမှာ ယဲ့ကျွင်းလင်၏ အမည်ကို သူတစ်ခါမျှ မကြားဖူးခြင်း ဖြစ်သည်။ ရှုံးနိမ့်မှုကြားတွင် မရေရာမှုများပါ ရောပြွန်းနေသောကြောင့် ပင်လယ်ဝေလငါးဘိုးဘေး စိတ်ဓာတ်ပိုကျကာ တစ်ဖက်လူမှ အမည်တုဖြင့်လှည့်စားနေသည်လားဟု စတင်ထင်မြင်လာခဲ့သည်။

သေရမည်ဆိုလည်း တစ်ဖက်လူ၏ နောက်ခံသမိုင်းကြောင်းကို ကောင်းကောင်းသိရှိနားလည်ပြီးမှသာ အသေဖြောင့်တော့မည်။

ယဲ့ကျွင်းလင် စကားပြောဖို့ပြင်လိုက်ရုံရှိသေး၊ လီဝူကျယ်က ဦးစွာ အော်ဟစ်လိုက်သည်။

"ဗဟုသုတမရှိတဲ့ ခွေးကောင်တွေ! ငါ့တို့ဆရာသခင်က တစ်ချိန်က အမှောင်မျိုးနွယ် ဆူပူအုံကြွမှုကို နှိမ်နင်းခဲ့တဲ့ အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ် ကောင်းကင်ဧကရာဇ်ယဲ့ပဲကွ!”

လီဝူကျယ်သည် ပင်လယ်ဝေလငါးဘိုးဘေး၏ အသိပညာကင်းမဲ့မှုနှင့် ဗဟုသုတမရှိမှုကြောင့် အမှန်တကယ်ကို စိတ်ပျက်နေမိသည်။ မိမိတို့ဆရာသခင် မည်မျှအံ့သြဖွယ်ကောင်းလှကြောင်း တစ်ကမ္ဘာလုံးသိအောင်သာ ကြေညာလိုက်ချင်တော့၏။

ပင်လယ်ဝေလငါးဘိုးဘေး: "???"

အစွမ်းအထက်ဆုံး မသေမျိုးဧကရာဇ်၊ ကောင်းကင်ဧကရာဇ်ယဲ့!

အမှောင်မျိုးနွယ် ဆူပူအုံကြွမှုကိုတောင်မှ နှိမ်နင်းခဲ့သည်တဲ့လား?

ဒါ ဘယ်ပုံပြင်ထဲက အဓိပ္ပာယ်မရှိတဲ့ စကားတွေလဲ?

ပင်လယ်ဝေလငါးဘိုးဘေးမှာ ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေလေပြီ။ သူ ရှင်သန်နေထိုင်ခဲ့သော ခေတ်ကာလတစ်လျှောက်လုံး ကောင်းကင်ဧကရာဇ်ယဲ့ဆိုသည့် ပုဂ္ဂိုလ်တစ်ဦးအကြောင်းကို တစ်ခါမျှ မကြားဖူးခဲ့ပါ။ အမှောင်မျိုးနွယ် ဆူပူအုံကြွမှုကို နှိမ်နင်းခြင်းကိစ္စကိုတော့ စကားထဲထည့်ပြောဖို့ပင်မလိုတော့။

“မဖြစ်နိုင်ဘူး၊ လုံးဝ မဖြစ်နိုင်ဘူး၊ ငါ့ကို လှည့်စားဖို့ မကြိုးစားနဲ့!” ပင်လယ်ဝေလငါးဘိုးဘေးမှာ စိတ်ခံစားချက်များ နိမ့်လိုက်မြင့်လိုက် လှုပ်ရှားနေသည်။

“အဖိုးကြီး၊ မင်းကိုက အသိပညာမရှိတာ ဝန်ခံလိုက်စမ်းပါ!” လီဝူကျယ်က အထက်စီးကဖိသည်။

ဤစကားများသည် ထက်ရှသော ဓားသွားတစ်လက်ကဲ့သို့ ပင်လယ်ဝေလငါးဘိုးဘေး၏ နှလုံးသားထဲကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားသည်။

လီဝူကျယ်၏ အခိုင်မာပြောဆိုနေသော ဟန်ပန်ကို မြင်သောအခါ ပင်လယ်ဝေလငါးဘိုးဘေးသည် မိမိကိုယ်ကို နက်ရှိုင်းစွာသံသယဝင်သွားရကာ ရေရွတ်လိုက်သည်။ “ငါ တကယ်ပဲ အသိပညာ ဗဟုသတ ကင်းမဲ့နေခဲ့တာလား?"

ရှေးဟောင်း ခွင်းလွင်ကမ္ဘာတွင် ကောင်းကင်ဧကရာဇ်ယဲ့ ဆိုသော ပုဂ္ဂိုလ်တစ်ဦး အမှန်တကယ် ရှိခဲ့လေသလား?

စိတ်အစဥ် ပွေလီထွေပြားနေသော ပင်လယ်ဝေလငါးဘိုးဘေးသည် ဖြစ်နိုင်ချေတစ်ခုကိုပင် ထည့်သွင်းစဉ်းစားခဲ့မိသည်။ သူသည် အချိန်အကြာကြီး အိပ်ပျော်နေခဲ့သောကြောင့် မှတ်ဉာဏ်များ ပျက်ပြယ်ပြတ်တောင်းကာ အရေးကြီးသော သတင်းအချက်အလက်များကို မေ့လျော့သွားခဲ့ခြင်းပေလား ဟု။

တစ်ချိန်တည်းမှာပင် အလွန်နာကျည်းမိသည်။

စစ်ထူယန်သည် ထိုရတနာကို အသုံးပြုခြင်းဖြင့် တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်သော်လည်း စွန့်စားဖို့ကို မဝံ့ရဲဘဲ ပြေးထွက်ရှောင်တိမ်းကာ မိမိအား တွန်းလှန်ဖို့ရာမဖြစ်နိုင်သော စွမ်းအားရှင်တစ်ဦးလက်ထဲ သေဖို့သက်သက် ပစ်ထားခဲ့လေသည်။

အစွမ်းပြချင်မိတဲ့ သူ့အပြစ်ပါပဲ။

နှစ်တွေအကြာကြီး အိပ်စက်ပုန်းအောင်းနေခဲ့ရပြီး ပြန်နိုးလာတော့လည်း ပျော်တောင်မပျော်ရသေးခင် ချက်ချင်းသေရဦးတော့မတဲ့။

“မင်းတို့ အားလုံး၊ သေကြစမ်း!”

သည်းခံနိုင်စွမ်းများ ပေါက်ကွဲထွက်သွားသော ပင်လယ်ဝေလငါးဘိုးဘေးသည် သူ၏ မသေမျိုး အရင်းအမြစ်ကို ကိုယ်တိုင် ဖျက်ဆီးရန် အတွေးဝင်လာတော့၏။ ဤပင်လယ်နက်ရှိ သတ္တဝါအားလုံးကို သူနှင့်အတူ သေခြင်းတရားဆီ အတူခေါ်ဆောင်သွားမည်။

ရွှစ်!

သူ၏ကြွေးကြော်သံ အဆုံးတွင်...

ရွှေရောင် အလင်းတန်းတစ်ခုက သူ့ခန္ဓာကိုယ်ကို ပြင်းထန်စွာ ထုတ်ချင်းဖောက်သွားသည်။ ထိုဒဏ်ရာတွင်းမှ အဆုံးမရှိသော ဓားချီစွမ်းအင်များ ပေါက်ကွဲထွက်လာသည်။ ပင်လယ်ဝေလငါးဘိုးဘေးသည် ကြောက်လန့်တကြား အမူအရာတစ်ခုကိုသာ ပြသလိုက်နိုင်ကာ ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းဆိုလသို ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ပျောက်ကွယ်သွားတော့၏။

စန်းယွမ်ဓားသည် ရေကူးနေသော ငါးတစ်ကောင်ကဲ့သို့ သခင်ဆီပြန်လှည့်လာကာ လာရာလမ်းတစ်လျှောက်တွင်လည်း ရွှေရောင်အငွေ့တန်းလေးတစ်ကြောင်း ချန်လှပ်ထားခဲ့သည်။ ၎င်း၏ ရွှေရောင် ဓားကိုယ်ထည်သည် အလင်းဖြင့် တောက်ပနေပြီး လှုပ်ရှားလိုက်သည်နှင့် ရှင်းလင်းသော ဓားသံတချွင်ချွင်ကိုလည်း ကြားရနိုင်သည်။

တစ်ချက်တည်းနှင့် သေစေနိုင်သော ထိုးနှက်ချက်!

မြန်သည်။ ရက်စက်သည်။ တိကျသည်။

ယဲ့ကျွင်းလင်သည် သူ၏ နတ်ဘုရားအာရုံကို ထုတ်လွှတ်ပြီး တစ်ချက်ပြင်းပြင်း ဝေ့ဝဲလိုက်သည်။ ပင်လယ်ဝေလငါးဘိုးဘေး အကူအညီတောင်းခဲ့သော တာအိုမိတ်ဆွေ စစ်ထူဆိုသူ ထိုနေရာတွင် မရှိကြောင်းကို တွေ့ရသောအခါ တစ်ဖက်လူထွက်ပြေးသွားပြီဖြစ်ကြောင်း သူသိလိုက်၏။

“ဟဲဟဲ၊ ခြေတော့သွက်သားပဲ"

ယဲ့ကျွင်းလင်သည် လက်ကို ဝှေ့ယမ်းပြီး ဓားပျံအားသိမ်းလိုက်သည်။ ထို့နောက် နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံးတစ်ပွင့် ဖြစ်တည်လာ၏။

သူသည် ထိုလူသည် အလင်းမျိုးနွယ်စုမှ ထင်ရှားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်မည်ကို သူခန့်မှန်းမိ၏။ မူလက ထိုသူနှင့် မျက်နှာချင်းဆိုင်တွေ့ဆုံရန် စီစဥ်ထားသော်လည်း လှုပ်ရှားမှုက နည်းနည်းပြင်းထန်သွားသောကြောင့် တစ်ဖက်လူကို ကြောက်လန့်ထွက်ပြေးစေမိခဲ့ပုံပင်။

“ဘိုးဘေးကြီး သေဆုံးသွားပြီ၊ သနားစရာကောင်းလှပါလား~” ပင်လယ်သတ္တဝါများက အုပ်စုလိုက် ငိုကြွေးနေကြသည်။

“စိတ်မပူပါနဲ့၊ အရှင်လီက မင်းတို့ကို သူ့နဲ့ ပြန်လည်ပေါင်းစည်းဖို့ ပို့ပေးပါ့မယ်!” လီဝူကျယ် တဟားဟား ရယ်မောလိုက်သည်။ ထို့နောက် မှင်ရောင်ဓားသွားကို တစ်ချက်ဝင့်ကာ လျှပ်စီးအရှိန်ဖြင့် ထိုးနှက်လိုက်တော့၏။

လျှပ်စစ်ငါးရှဉ့်ဘုရင်၏ မျက်လုံးအကြည့်များ စူးရှလာသည်။ ထို့နောက် ခန္ဓာကိုယ်တစ်ခုလုံး လျှပ်စီးတဖျတ်ဖျတ်ဝန်းရံလာကာ အားကုန်ကြုံးအော်လိုက်သည်။ “ဒီ ဘုရင်က မင်းတို့အားလုံးကို တိုက်ခိုက်မယ်!”

ဂုဏ်ကျက်သရေရှိ ကနေဒါ လျှပ်စစ်ငါးရှဉ့်တစ်ကောင် အနေဖြင့် ရန်သူ၏နှိပ်ကွပ်သတ်ဖြတ်ခြင်းကို ဒီအတိုင်း ငြိမ်စောင့်မနေနိုင်။

ရွှိ!

နှစ်ချက်မျှ လှုပ်ရှားလိုက်ပြီးချိန်တွင် သူ၏ဦးခေါင်းမှာ တိခနဲ ဖြတ်တောက်ခံခဲ့ရသည်။ သူ၏ခန္ဓာကိုယ်မှာလည်း ပုံသဏ္ဍာန်အစစ်အမှန်အဖြစ် ပြောင်းလဲသွားရ၏။ ပေတစ်ရာခန့်ရှည်သော ငွေရောင် လျှပ်စစ်ငါးရှဉ့်တစ်ကောင် ဖြစ်သည်။

အခြား စစ်သူကြီးများလည်း ဘုရင်၏သေဆုံးမှုကြောင့် ကြောက်လန့်တကြား ထွက်ပြေးသွားကြသည်။ သို့သော် လီဝူကျယ်နှင့် ဟုန်ချန်ယဲ့တို့ ပူးပေါင်း၍ တစ်ဦးပြီးတစ်ဦး သတ်ဖြတ်နှိမ်နင်းခံလိုက်ရတော့၏။

ကျားငါးမန်းစစ်သူကြီးသည် ယဲ့ကျွင်းလင်ကို ကြည့်ကာ ခါခါးသီးသီး ငိုကြွေးလိုက်သည်။ “အကြီးအကဲ၊ ကျွန်တော့်မှာ ငါးမန်းတောင်တွေ တစ်ခုမှမရှိတော့ဘူးလေ၊ ဘာစားစရာရှိတော့မှာမလို့လဲ?”

ယဲ့ကျွင်းလင် စက္ကန့်အနည်းငယ်ကြာ စဉ်းစားပြီးနောက် ရုတ်တရက် ရွတ်ဆိုလိုက်သည်။

“ငါးမန်းပြုတ်၊ ငါးမန်းသားချိုချဥ်၊ ငါးမန်းအရေခွံ ဟင်းချို၊ ခရမ်းသီးနဲ့ ငါးမန်းအသားလွှာ၊ ငါးမန်းအူ အစပ်ကြော်!”

ယဲ့ကျွင်းလင်သည် နာမည်ကြီးငါးမန်းဟင်းပွဲနာမည်များအား တရစပ်အလွတ်ရွတ်ပြနိုင်လေသည်။

အဘယ့်ကြောင့် ဤမျှ ဆရာကျကျကျွမ်းကျင်နေရပါသနည်းဟု မေးမည်ဆိုပါက စနစ်မှဟင်းချက်စာအုပ်ကိုသာ လက်ညှိုးထိုးပြရပေမည်။

ထို မှော်ဆန်သော ဟင်းချက်စာအုပ်ကို “စကြဝဠာတစ်ခုလုံးရှိ လူမျိုးဘာသာမရွေး ချက်ပြုတ်စားသုံနိုင်သည့် ဟင်းချက်စာအုပ်” ဟု ခေါ်ပြီး မရေမတွက်နိုင်သော လူမျိုးစုများစွာအတွက် ချက်ပြုတ်နည်းများစွာကို မထပ်ရလေအောင် မှတ်တမ်းတင်ထားလေသည်။

ယဲ့ကျွင်းလင်ကတော့ စားသုံးရန်အတွက်သာ တာဝန်ရှိသည်။ ချက်ပြုတ်ပြင်ဆင်ဖို့ကို ပုရှောင်ရှီးက အစစအရာရာ တာဝန်ယူပေလိမ့်မည်။

ဆရာသခင်နှင့် တပည့်တို့၏ တာဝန်ကို ရှင်းရှင်းလင်းလင်း ခွဲဝေထားသည်!

All Chapters