ပြေးဟေ့
Vol. 35 Ch. 480
ဘုန်း! ဘုန်း!
ဘုန်း! ဘုန်း!
မြေကြီးကွဲအက်လုမတတ် ဆူညံသံများ ဆက်တိုက်ထွက်ပေါ်လာပြီး ပင်လယ်ကြမ်းပြင် အောက်နက်ပိုင်းသည် စတင်ကွဲအက်လာသည်။
“ဘာဖြစ်နေတာလဲ?” လူတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ကုန်ကြသည်။ မြေအောက်အနက်ပိုင်းမှ ရှေးဟောင်းဆန်သော အငွေ့အသက်တစ်ခု ပေါ်ထွက်လာသည်ကို ခံစားမိကြ၏။
ထို အငွေ့အသက်သည် အလွန်ထူးခြားသည်။ ပင်လယ်ကဲ့သို့ ကျယ်ပြောပြီး နားမလည်နိုင်လောက်အောင် နက်ရှိုင်းကာ သန့်ရှင်းစင်ကြယ်သောခံစားချက်ကိုလည်း ပေးစွမ်း၏။ သမုဒ္ဒရာတစ်ခုလုံး၏ ဆန္ဒကို ကိုယ်စားပြုနေသကဲ့သို့ပင်။
လူတိုင်း၏ စူးစိုက်အကဲခတ်နေသော မျက်လုံးများအောက်တွင်။
ဧရာမ သတ္တဝါကြီးတစ်ကောင်သည် ကွဲအက်နေသော ပင်လယ်ကြမ်းပြင်ကြားမှ ထွက်ပေါ်လာသည်။ ၎င်း၏ မှုန်ရီဝေဝါးသော ခန္ဓာကိုယ်သည် ဖောက်မြင်ရလုနီးပါး ပါးလျလွန်း၏။ ခန္ဓာကိုယ် တစ်ခုလုံးတွင် မရေမတွက်နိုင်သော လက်တံများ ဝေ့ယမ်းတွဲပါလာပြီး ရေခူနှင့်ဆင်တူသည်။
၎င်း၏ အရွယ်အစားသည် တော်ဝင်မြိုတော် တစ်ဝက်ခန့်ကိုပင် ဖုံးလွှမ်းထားနိုင်သည်။ အမှန်တကယ်ကို ခမ်းနားထည်ဝါသော မြင်ကွင်းတစ်ခုပင်။
ထိုသတ္တဝါကြီး၏ ထွက်ပေါ်လာမှုတွင် မြောက်ပင်လယ်ဒေသရှိ ပင်လယ်သတ္တဝါများ တုန်ရီသွားကြသည်။ ရှေးဟောင်းအငွေ့အသက်၏ ရင်းမြစ်ရှိရာဆီသို့ ခေါင်းညွှတ်အရိုအသေပြုရင်း အလွန်တရာလည်း ကြောက်လန့်တုန်လှုပ်နေကြပုံရ၏။
“ဒါဘာကြီးလဲ?” လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် အခြားသူများမှ ကြောင်တောင်တောင်ဖြစ်နေကြသည်။ သူတို့အားလုံး မြောက်ပင်လယ်ဒေသတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးပါသော်ငြား မိမိတို့၏ ခြေဖဝါးအောက်တွင် ဤမျှကြောက်မက်ဖွယ်ကောင်းသော ဧရာမ ရေခူကြီး ပုန်းအောင်းအိပ်စက်နေလောက်မည်ဟု အိပ်မက်ပင်မမက်စဖူး။
“ရေခူဘုရင်၊ မတွေ့တာကြာပြီ” ပင်လယ်ဝေလငါးဘိုးဘေးသည် ဧရာမ ရေခူကြီးထံ ချဉ်းကပ်လိုက်ပြီး ချစ်ခင်ရင်းနှီးသောလေသံဖြင့် နှုတ်ဆက်လိုက်သည်။
ရေခူဘုရင်က စိတ်စွမ်းအင်လှိုင်းများကိုထုတ်လွှတ်ကာ ပင်လယ်ဝေလငါးဘိုးဘေးအား ရင်းနှီးစွာ ပြန်နှုတ်ဆက်လေသည်။
ပင်လယ်ဝေလငါးဘိုးဘေး တိတ်တိတ်လေး သက်မချမိသွားသည်။ မိတ်ဆွေဟောင်းကြီး မှတ်မိနေ၍သာ တော်သေးသည်ဟု ဆိုရပေမည်။
ဤ ရေခူဘုရင်ဝယ် ထူးခြားသော ဇာစ်မြစ်တစ်ခုရှိသည်။ ရေခူဘုရင်သည် ရှေးခေတ်တစ်ချိန်က တန်ခိုးထွားခဲ့ဖူးသော ရှေးဟောင်း ပင်လယ်သားရဲတစ်ကောင်ဖြစ်ပြီး မြောက်ပင်လယ်ဒေသကို လွှမ်းမိုးခဲ့ဖူးသည်။ ၎င်းသည် စိတ်စွမ်းအင် တိုက်ခိုက်မှုများကို အသုံးပြုရာတွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ နာမည်ကျော် မသေမျိုးဘုရင်အချို့သည် တစ်ချိန်က မြောက်ပင်လယ်ဒေသသို့ ပြဿနာရှာရန် ရောက်လာတတ်ကြသော်ငြား ရေခူဘုရင်၏ စိတ်စွမ်းအင်ဖြင့် သိစိတ်ပင်လယ်အား အတင်းအကျပ် ဖောက်ထွင်းကျူးကျော်ခံခဲ့ရပြီး စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်သည်အထိ လှည့်စာကြိုးကိုင်ခံရကာ နောက်ဆုံးတော့ ရေခူကြီး၏လက်တံများဖြင့် လည်ပင်းညှစ်၍ အသတ်ခံခဲ့ရလေ၏။
ရေခူဘုရင်သည် ပင်လယ်ဝေလငါးဘိုးဘေး၏ ဂူအောင်းအိပ်စက်ကာ ခွင်းလွင်၏တက်ချိန်ကို စောင့်ဆိုင်းခြင်း အစီအစဉ်တွင်လည်း အတူပါဝင်ခဲ့သည်။ ထို့ကြောင့် ၎င်းသည် မြောက်ပင်လယ်ဒေသ၏ နက်နဲသော အစိတ်အပိုင်းတစ်နေရာတွင် အမြဲနေထိုင်တည်ရှိနေခဲ့ခြင်းပင်။
ယခုတော့ မိတ်ဆွေဟောင်း အကူအညီတောင်း ခေါ်ဆောင်ခြင်းခံရသောကြောင့် ၎င်းသည် မြေကြီးကို ဖောက်ထွင်းဝင်ရောက်ကာ ကမ္ဘာပေါ်တွင် ပြန်လည်ပေါ်ထွက်လာခဲ့လေသည်။
“ဝိုး၊ ဘယ်လောက်တောင်ကြီးလိုက်တဲ့ ရေခူကြီးလဲ!” လီဝူကျယ် အော်ဟစ်လိုက်သည်။
“ကြီးနေတော့ ဘာလုပ်ရမှာလဲ? ဒီလို ရေခူမျိုးက စားလို့မရဘူး!” ယဲ့ကျွင်းလင်က စိတ်ပျက်လက်ပျက် ငြီးတွားလိုက်သည်။
မျှော်လင့်ချက်တွေအကုန် သဲထဲရေသွန်ပါပဲ။
“စားမယ်?”
ပင်လယ်ဝေလငါးဘိုးဘေး ကြောင်သွားသည်။ “ငါကတော့ အစားခံလိုက်ရတာ မင်းရဲ့ဦးနှောက်ဖြစ်မယ်လို့ထင်တယ်!”
မင်း ဘယ်သူ့ကို စော်ကားနေလဲဆိုတာ မင်းသိရဲ့လား?
ယဲ့ကျွင်းလင်၏ စကားများတွင် မထီမဲ့မြင်ပြုမှုကို ခံစားမိသဖြင့် ရေခူဘုရင်သည် ဒေါသထွက်သော စိတ်စွမ်းအင်လှိုင်းများ ထုတ်လုပ်လိုက်သည်။
“လူသားမျိုးနွယ်ကောင်… သေစမ်း…”
မရေမတွက်နိုင်သော ပင်လယ်သတ္တဝါများသည် စိတ်စွမ်းအင်လှိုင်းဖြင့် သက်ရောက်ခံရပြီး မူးဝေစွာ လှည့်ပတ်နေကြသည်။ အမှန်တကယ် ရှားပါးပြီး ကြည့်ကောင်းသော မြင်ကွင်းတစ်ခုပင်။
ပင်လယ်ဝေလငါးဘိုးဘေး အလွန် ဝမ်းမြောက်သွားသည်။ သူ၏ မိတ်ဆွေဟောင်းသည် အထင်သေးခံရခြင်းကို သည်းမခံနိုင်ကြောင်း သူကောင်းကောင်းသိ၏။
စိတ်စွမ်းအင်နယ်ပယ်ကို အထူးပြုကျင့်ကြံအားထုတ်သော ရေခူဘုရင်အနေဖြင့် ၎င်း၏ စိတ်စွမ်းအင်သည် အဆင့် တစ်ရာသုံးဆယ်အထိ ရောက်ရှိနေခဲ့ပြီဖြစ်၏။
အဆင့်တစ်ရာ့သုံးဆယ်ဆိုတာ ဘာကို ကိုယ်စားပြုပါသလဲ?
အဆင့်တစ်ရာသည် မသေမျိုးဘုရင်နယ်ပယ်ကို ကိုယ်စားပြုပါက အဆင့်တစ်ရာသုံးဆယ်သည် မသေမျိုး ဧကရာဇ်တစ်ပါး၏ စိတ်စွမ်းအင်အဆင့်ကို ကိုယ်စားပြုပေသည်။
သူ၏ မိတ်ဆွေဟောင်း၊ ရေခူဘုရင်သည် ထူးကဲသာလွန်သော မသေမျိုးဧကရာဇ်တစ်ပါးနှင့် စွမ်းရည်ချင်းညီမျှသည်။
ခွင်းလွင်၏ ကောင်းကင်တာအိုဥပဒေမှာ မသေမျိုးဘုရင်အဆင့် သတ္တဝါများကိုသာ ကန့်သတ်ထားရှိသော်ငြား စိတ်စွမ်းအင်ကို အထူးပြုကျင့်ကြံသူများကတော့ လက်တစ်လုံးခြား လွတ်လမ်းရနေခဲ့သည်ပင်။
ထို့ကြောင့် ပင်လယ်ဝေလငါးဘိုးဘေးသည် သည်တစ်ခါတော့ဖြင့် ယဲ့ကျွင်းလင်တစ်ယောက် အဆုံးသတ်ရောက်တော့မည်ဟု မှတ်ယူလိုက်တော့သည်။ မည်မျှပင် အစွမ်းထက်ပြီး တိုက်ရည်ခိုက်ရည်ကျွမ်းကျင်နေပါစေ၊ အားနည်းချက်ကတော့ တစ်ခုမဟုတ်တစ်ခု ရှိကိုရှိရပေမည်။
ဤကမ္ဘာရှိ လူသားတိုင်းတွင် အားနည်းချက်ရှိသည်။
အကယ်၍ အားနည်းချက်တစုံတရာမပါဝင်သော ပြီးပြည့်စုံသည့် လူတစ်ဦးသာ ရှိခဲ့ပါက ကောင်းကင်တာအိုအား စိန်ခေါ်အားပြိုင်နေသူဟုသာ ယူဆရပေမည်၊
“အခု၊ သူ့ရဲ့ သိစိတ်ပင်လယ်ကို အမြန်ဆုံး တိုက်ခိုက်လိုက်!” ပင်လယ်ဝေလငါးဘိုးဘေးသည် ရေခူဘုရင်ကို အမြန်လျှို့ဝှက်ဆက်သွယ်လိုက်သည်။
ဒေါသထွက်နေသော ရေခူဘုရင်လည်း တမုဟုတ်ချင်း စတင်လှုပ်ရှားတော့၏။
သာမန်မျက်စိဖြင့် မမြင်နိုင်သော ကြောက်မက်ဖွယ် စိတ်စွမ်းအင်လှိုင်းများ ထွက်ပေါ်လာသည်။ ထို့နောက် မမြင်နိုင်သော စိတ်ပိုင်းဆိုင်ရာဓားလှံများအဖြစ် ကူးပြောင်းသွားကာ ယဲ့ကျွင်းလင်၏ သိစိတ်ပင်လယ်အား စတင်ထိုးနှက်လေတော့၏။
ကျင့်ကြံသူတစ်ဦး၏ သိစိတ်ပင်လယ်သည် သာမန်လူတစ်ဦး၏ ဦးနှောက်နှင့်ဆင်တူသည်။ ၎င်းသည် ပြင်းထန်သော ထိုးနှက်ချက်ကို ခံစားရပါက ကျင့်ကြံသူ၏ တိုက်ခိုက်ရေး စွမ်းအား မည်မျှပင် အစွမ်းထက်စေကာမူ တစ်ချက်တည်းနှင့် နှိမ်နင်းခံရနိုင်ခြေ ရှိသည်။
“ဟင်?”
ယဲ့ကျွင်းလင် တစ်ခုခု မှားနေသည်ဟု ခံစားလိုက်မိသည်။ သူ လှုပ်ရှားတော့မည့်အချိန်တွင် စနစ်မှ အကြောင်းကြားချက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။
[တင်! ပိုင်ရှင်ဟာ စိတ်စွမ်းအင် အဆင့်တစ်ရာ့သုံးဆယ်ရှိတဲ့ ရန်သူဆီက တိုက်ခိုက်ခံနေရတဲ့အတွက် အင်အားကြီးသူနဲ့တိုက်ခိုက်ရာမှ ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်ကိုအသက်သွင်းပြီး စိတ်စွမ်းအင်အဆင့် တစ်ရာသုံးဆယ့်တစ်ကို တိုးမြှင့်ပေးလိုက်ပါတယ်ရှင့်!]
ဤသို့ဖြင့် ယဲ့ကျွင်းလင်၏ စိတ်စွမ်းအင်သည် ချက်ချင်းပင် အဆင့်တစ်ရာမှ အဆင့်တစ်ရာ့သုံးဆယ်သို့ မြင့်တက်လာခဲ့သည်။
လျှပ်စီးလက်လိုက်သလိုပင်။
အစွမ်းထက်သော ရေခူဘုရင်သည် ရုတ်တရက် တုန်ယင်သွားပြီး စိတ်ဓာတ်ကျသွားပုံရသည်။
မိတ်ဆွေဖြစ်သူ မျက်နှာပျက်သွားသည်ကို သတိပြုမိသော ပင်လယ်ဝေလငါးဘိုးဘေးသည် အံ့အားသင့်နေသော ပုံစံဖြင့် မေးလိုက်သည်။ “ရေခူဘုရင်၊ မင်း ဘာဖြစ်တာလဲ?”
“ဒီလူရဲ့ စိတ်စွမ်းအင်က… ငါ့ထက် ပိုမြင့်တယ်…” ရေခူဘုရင်သည် သတင်းစကားတစ်ခုအား ပြတ်တောင်းပြတ်တောင်း ပေးပို့လိုက်၏။
စိတ်စွမ်းအင်များအကြား ထိပ်တိုက်ရင်ဆိုင်မှုသည် အလွန် အန္တရာယ်များသည်။
အဆင့်တစ်ခုမျှ ကွာခြားလျှင်ပင် ကြီးမားသော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေနိုင်သည်!
သို့သော် ကံကောင်းထောက်မစွာဖြင့် ကွာဟမှုသည် အရမ်းတော့မကြီးမားပေ။ ရေခူဘုရင်သည် ၎င်း၏ သိစိတ်ကို မနည်းပြန်ထိန်းချုပ်ကာ ရုပ်သိမ်းနိုင်ခဲ့ပါသော်ငြား အခြေအနေမှာတော့ မဟန်လှတော့ပေ။
“အယ်၊ ငါ့ခေါင်းက ယားနေလိုက်တာ၊ ဦးနှောက်တစ်ခု အသစ်ပေါက်နေသလိုပဲ” ယဲ့ကျွင်းလင် မနေနိုင်စွာ ခေါင်းကိုတဗျင်းဗျင်းကုတ်လိုက်သည်။
ပင်လယ်ဝေလငါးဘိုးဘေး ကြောင်ကြည့်နေမိသည်။
အခြေအနေကို သိလိုက်ရပြီးနောက် သူအလန့်မပြေနိုင်တော့။
ယဲ့ကျွင်းလင်သည် ရှေးခေတ်မှ မသေမျိုးဧကရာဇ်တစ်ပါး ဖြစ်ပြီး ယခုအချိန်တွင် မသေမျိုးဘုရင် အဆင့်အထိ နှိမ်နင်းခံထားရခြင်းဖြစ်မည်ဟုသာ ကောက်ချက်ချလိုက်သည်။
ဒီလို အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ဦးက မသေမျိုးဘုံမှာ သွားမပြိုင်ဆိုင်ဘဲ ဒီမှာပဲ ကုပ်ကပ်နေနေသတဲ့လား?
သမာဓိတရား မရှိဘူးတော့ဘူးလား? ဂုဏ်သိက္ခာကိုရော ဘယ်နားပစ်ချခဲ့ပြီလဲ?
စနစ်၏ အကြောင်းကြားချက်မှတစ်ဆင့် ယဲ့ကျွင်းလင်သည် ရေခူဘုရင်မှ စိတ်စွမ်းအင် တိုက်ခိုက်မှုကို ယခုလေးတင် ပြုလုပ်ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း သိလိုက်သည်။ ကံကောင်းစွာဖြင့် သူ၏ ရွှေလက်ချောင်းစွမ်းရည်သည်ကား ပြိုင်ဘက်၏စိတ်စွမ်းအင်ကိုပါ အသုံးချအမြတ်ထုတ်နိုင်နေခြင်းပင်။
“စန်းယွမ်ဓား၊ ထွက်!”
ရွှစ်
နေမင်းကဲ့သို့ ရွှေရောင်လင်းဖြာနေသည့် ဓားပျံတစ်လက်သည် ပင်လယ်ကြမ်းပြင်မှ လှစ်ခနဲထွက်ပေါ်လာပြီး ဤ အဆုံးမဲ့ နက်ရှိုင်းမှောင်မိုက်သော ပင်လယ်နက်ဒေသကို လင်းချင်းစေကာ ပိတ်ဆည်းခြုံသိုင်းထားသည့် အမှောင်ထုအား နှင်ထုတ်ဖယ်ရှားလိုက်သည်။
ယဲ့ကျွင်းလင်သည် တော်ဝင်မြို့တော်သို့ ရောက်ကတည်းက စနစ်ထံတွင် အောင်မြင်စွာ ဆိုင်းအင်လုပ်နိုင်ခဲ့သည်ပင်။ သူ၏ စန်းယွမ်ဓားသည်လည်း စနစ်မှချီးမြှင့်သည့်ဆုလာဘ်၏ အကျိုးကျေးဇူးအား ခံစားခဲ့ရပြီဖြစ်၏။
“ဒါ၊ ဒါက အဆင့်မြင့်ဆုံး မသေမျိုးဘုရင်လက်နက်!!!” လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် စစ်သူကြီးတို့မှာ ထိတ်လန့်အံ့သြမှုများအပြီး စိတ်ပျက်အားငယ်စွာ တစ်ချက်တည်းငြိမ်ကျသွားကြရှာ၏။
ပင်လယ်ဝေလငါးဘိုးဘေးသည် တစ်ကိုယ်လုံး အအေးဓာတ်ပျံ့နှံ့၍ ချမ်းတုန်နေကာ သေလုနီးပါး အန္တရာယ်ကို ခံစားမိသည်။ ဤမျှအဆင့်မြင့်သော ဓားပျံကို သူ၏အစွမ်းထက်ကိုယ်ခန္ဓာသည်လည်း တားဆီးနိုင်တော့မည်မဟုတ်။
စိတ်ပျက်အားငယ်နေစဥ် အချိန်တစ်ခဏတွင် ပင်လယ်ဝေလငါးဘိုးဘေးမှာ မျက်ရည်များအိုင်ထွန်းလာပြီး အားကုန် အော်ဟစ်လိုက်သည်။ “တာအိုမိတ်ဆွေ စစ်ထူ၊ ငါ့ကို ကယ်ပါ!!!”
ပင်လယ်ဝေလငါးဘိုးဘေးသည် ရေနစ်သူတစ်ဦး ပေါလောပေါ်နေသော ကောက်ရိုးတစ်မျှင်ကို အားကိုးတကြီး ဆုပ်ကိုင်ထားသကဲ့သို့ပင်။ အကျပ်အတည်းကြားတွင် စစ်ထူယန်လက်ထဲ အမိန့်လက်စွပ် ရှိနေသည်ကို သူ သတိရမိလိုက်သည်။ ထို ရှားပါးထူးခြားသော မှော်ရတနာကို အသုံးပြုပါက အစွမ်းထက်ဆုံး လူပုဂ္ဂိုလ်သည်ပင် ကျင့်ကြံမှုကို ဆုံးရှုံးသွားလိမ့်မည် မဟုတ်ပါလား? ဤသို့ဖြင့် တိုက်ပွဲကို ပြောင်းပြန်လှန်နိုင်ပေမည်။
ထို့ကြောင့် ပင်လယ်ဝေလငါးဘိုးဘေးသည် မိမိတို့အသက်ရှင်သန်နိုင်ရန် မျှော်လင့်ချက်အားလုံးအား စစ်ထူယန်အပေါ် ပုံအောထားရှိလိုက်တော့၏။
အဝေးတစ်နေရာတွင်၊
ပိန်ပိန်ပါးပါး အမျိုးသားက သတိကြီးစွာဖြင့် မေးသည်။ “သခင်လေး၊ ကျွန်တော်တို့ ဆက်ပြီး… စောင့်ကြည့်နေဦးမှာလား?”
စစ်ထူယန် ကြက်သေသေနေရာမှ သတိဝင်လာသည်။ သူ၏ အမြဲတစေ တည်ငြိမ်နေတတ်သည့် ကြည့်ကောင်းသော မျက်နှာသည် ရှားရှားပါးပါး စိုးရိမ်ပူပန်ကာ မအီမသာဖြစ်နေဟန်ရှိ၏။ ထို့နောက် ဒရောသောပါး စကားတစ်ခွန်းထွက်လာသည်။
“ပြေး!”