အခန်း (၄၇၉)
Vol. 35 Ch. 479
“မင်း မသေမျိုးဘုရင် နဝမအဆင့် ဖြစ်နေရင်ကော ဘာဖြစ်လဲ? ဒီ ဘိုးဘေးကြီးက မသေမျိုးဘုရင်တွေ အများကြီးသတ်ခဲ့ဖူးတာ! လူသားကောင်၊ မင်းဒီလောက် မာနကြီးမနေနဲ့!”
“တောင်ဖြိုလှိုင်းရူး လက်ဝါး!”
ပင်လယ်ဝေလငါးဘိုးဘေးမှာ ဆံပင်မွေးများပါ ဒေါသဖြင့် ထောင်မတ်လာသည်။ ထို့နောက် လက်နှစ်ဖက်ကို ရှေ့ထုတ်ကာ သင်္ကေတများစွာ ပြုလုပ်ပြီးနောက် ရုတ်တရက် လှိုင်းလုံးပုံစံ လက်ဖဝါးအားနှစ်စုံကို ပစ်မှတ်ဆီသို့ ထုတ်လွှတ်လိုက်သည်။
ရေအောက်တွင် တိုက်ခိုက်ခြင်းသည် ဝေလငါးမျိုးရင်းဖြစ်သော သူ့အတွက် ပိုသဘာဝကျကာ ပတ်ဝန်းကျင်ဆိုင်ရာလည်း အားသာချက်ရှိသည်။ မြေပြင်မှာတိုက်ခိုက်ရသည်ထက် ပိုမိုအားရကာ အစွမ်းထက်သည်ပင်!
“ပျက်စီးစမ်း!”
ယဲ့ကျွင်းလင်၏ စကားများမှာ ရေအောက်လောက၏ ဥပဒေစည်းမျဥ်းများကဲ့သို့။ လှိုင်းလုံးပုံစံ လက်ဖဝါးအားနှစ်စုံသည် အားစိုက်ထုတ်စရာပင် မလိုလိုက်ဘဲ ချက်ချင်းပျောက်ကွယ်သွားသည်။
ပင်လယ်ဝေလငါးဘိုးဘေး မျက်နှာပျက်သွားပြီး ကြမ်းတမ်းမှုက အစားထိုးဝင်ရောက်လာသည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို အပြာရောင်ချီစွမ်းအင်များဖြင့် ဝန်းရံထားပြီး မရေမတွက်နိုင်သော အပြာရောင်ချီလှိုင်းများက သူ၏ ညာလက်သီးပေါ်တွင် စတင်စုစည်းလာသည်။
“ဝေလငါးဘုရင် ကောင်းကင်ဖြိုလက်သီး!”
လက်သီးတစ်ချက် ထိုးချလိုက်သည်နျင့် ကြီးမားသော ဝေလငါးပုံစံ လက်သီးရာတစ်ခု ရှေ့သို့ တွန်းကန်ထွက်ပေါ်လာသည်။ နားကွဲမတတ်ကျယ်လောင်သော ဝေလငါးအော်သံတစ်ခုသည် ရေအောက်ကမ္ဘာတစ်ခုလုံးတွင် ပဲ့တင်ထပ်သွား၏။
“အို ဘုရားရေ!” လျှပ်စစ်ငါးရှဉ့်ဘုရင်နှင့် အခြားသူများသည် ကြောက်လန့်တကြား မြေပြင်ပေါ်သို့ လဲကျသွားပြီး သူတို့၏ခေါင်းများကို လက်နှစ်ဖက်ဖြင့် ဝှက်ဖက်ထားကာ တုန်ယင်နေကြသည်။
ထိုမျှကြောက်စရာကောင်းသော စွမ်းအားပါပေ။
အဝေးတစ်နေရာမှ စောင့်ကြည့်နေသော စစ်ထူယန်သည် အနည်းငယ် လှုပ်ရှားသွားသည်။ ထို့နောက် နှုတ်ခမ်းပါးများက စကားလုံးအချို့ကို ရေရွတ်လိုက်သည်။ “ထူးခြားကျင့်စဥ်”
ထူးခြားကျင့်စဥ်နှင့် သာမန်ကျင့်စဥ်တို့ကြားတွင် ကမ္ဘာတစ်ခုစာမျှ ကွာခြားမှု ရှိသည်။ ပင်လယ်ဝေလငါးဘိုးဘေး ဤမျှ ယုံကြည်မှုရှိနေသည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။ ထိုသို့သော ခွန်အားသည် သူနှင့်ပူးပေါင်းရန် အမှန်တကယ် အရည်အချင်းပြည့်မီသည်။
“လက်သီးချင်း ပြိုင်ထိုးတဲ့ပွဲမှာ ငါ့အတွက် အရှုံးမရှိဖူးဘူး!”
ယဲ့ကျွင်းလင်သည် ရှေးဟောင်း လက်ဝှေ့ထိုးဟန်ဖြင့် အသင့်ပြင်လိုက်သည်။ သူ၏နောက်ဘက်တွင် တောက်ပသော ရွှေရောင် အငွေ့အသက်တစ်ခု ထွန်းလင်းလာ၏။ တင်းတင်းဆုပ်လိုက်သော လက်သီးမှာလည်း ကောင်းကင်ယံထက်မှ နေမင်းအလား တောက်ပလာသည်။
တိုက်ပွဲဝင်သူတော်စင်လက်သီး!
မကြာမီတွင် ကျယ်ပြောသောလွှမ်းမိုးမှုဖြင့် ရှေးဟောင်း ရွှေရောင်လက်သီးပုံစံသည် သွက်လက်ဖျတ်လတ်သော တိုက်ခိုက်လိုစိတ်ဖြင့် ရှေ့သို့ ပျံသန်းထွက်ခွာသွားကာ အပြာရောင် ဝေလငါးပုံစံလက်သီးနှင့် အရှိန်ပြင်းပြင်း တိုးတိုက်မိကြတော့၏။
ဘုန်း!
ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများသည် ပင်လယ်ကြမ်းပြင်တစ်လျှောက် ပျံ့နှံ့သွားပြီး တော်ဝင်မြို့တော်တစ်ခုလုံးမှာ စက္ကန့်ပိုင်းအတွင်း ပြိုကွဲသွားရသည်။
ကျိုးပဲ့နေသော ကျောက်တုံးများလည်း နေရာတိုင်းသို့ ပျံဝဲသွားသည်။ အပျက်အစီးများ၏ ရိုက်ခတ်မှုကြောင့် ပင်လယ်မျိုးနွယ်စုဝင်များစွာသည် ချက်ချင်းပင် ပြိုလဲသေဆုံးကုန်ကြကာ နေရာတိုင်းဝယ် အလောင်းများ အပုံပုံအထပ်ထပ် ပြည့်နှက်သွားရ၏။
“အွတ်…”
ပင်လယ်ဝေလငါးဘိုးဘေးသည်လည်း သွေးတစ်ပွက် အန်ထွက်လာသည်။ သူ၏ခန္ဓာကိုယ်သည် အမြောက်ဆန်တစ်ခုကဲ့သို့ အနောက်စွန်းစွန်းအထိ လွင့်စင်သွားပြီး ပေါက်ကွဲသံတစ်ချက်ဖြင့် ပင်လယ်ကြမ်းပြင်ပေါ် ကျရောက်သွားလေတော့၏။
မတ်တပ်ရပ်နေစဉ်မှာပင် ယိမ်းထိုးနေပြီဖြစ်သည်။ လက်သီးတစ်ခုလုံး ရစရာမရှိအောင် စုတ်ပြဲနေပြီး သွေးများဖြင့် ဖုံးလွှမ်းနေသည်။ လူငယ်လေး၏ ဟန်မပျက်သော ပုံပန်းကို စူးခနဲ တစ်ချက်ကြည့်ကာ သံသယအပြည့်ဖြင့် မေးလိုက်သည်။
“ဒီ လက်သီးကျင့်စဥ်က ဘယ်အဆင့်လဲ?”
ပင်လယ်ဝေလငါးဘိုးဘေးသည် ဤတိုက်ပွဲနှင့်ပက်သက်ပြီး မူလက အလွန်ယုံကြည်မှုရှိခဲ့၏။ ကျင့်ကြံသူများအကြား ရင်ဆိုင်မှုသည် ကျင့်ကြံဆင့်တစ်ခုတည်းဖြင့်သာ သက်ဆိုင်သည်မဟုတ်ဘဲ သူတို့ကျွမ်းကျင်တတ်မြောက်ထားသော ကျင့်စဥ်စွမ်းရည်များပါ ပါဝင်နေသောကြောင့်ပင်။
သူ့ဘက်က စွမ်းအင်အပြည့်ဖြင့် ထုတ်သုံးခဲ့သော ဝေလငါးဘုရင် ကောင်းကင်ဖြိုလက်သီးသည် အလွန်ရှားပါးသော ထူးခြားကျင့်စဥ်တစ်ခု ဖြစ်သည်။
၎င်းသည် အစောပိုင်းအဆင့်တွင်သာ ရှိသော်လည်း နှစ်ပေါင်း မရေမတွက်နိုင်လောက်သော ကျင့်ကြံအားထုတ်မှု၏ အကျိုးကျေးဇူးဖြင့် ၎င်းသည် အရည်အသွေးအားဖြင့် ပြီးပြည့်စုံနေခဲ့ပြီဖြစ်၏။
အပြတ်အသတ်ကြီး ထပ်မံဖိနှိပ်ခံလိုက်လောက်မည်ဟု လုံးဝထင်မထားခဲ့။
သူ၏ မွေးရာပါ ပါရမီပြည့်သော ခန္ဓာကိုယ်မရှိပါက ထိုလက်သီးချက်သည် သူ့ကို ညက်ညက်ကြေအောင် ချေနိုင်လောက်မည်ပင်။
စစ်ထူယန်၏ မျက်ခွံများ အနည်းငယ် တုန်ယင်သွားသည်။ ထိုကြောက်မက်ဖွယ်ကောင်းသော လက်သီးကျင့်စဥ်သည် ဘေးမှရပ်ကြည့်နေသူကိုပင် ကြီးမားသော ဖိနှိပ်မှုခံစားချက်အား ပေးစွမ်းခဲ့သေး၏။
သူသာ ထိုလက်သီးချက်ကို ရင်ဆိုင်ရပါက အခုအချိန် မတ်တပ်ပင်ရပ်နိုင်လိမ့်မည်မဟုတ်။
“ဒါ ပြိုင်ဘက်ကင်းကျင့်စဥ် ဖြစ်နိုင်လား?” ဤ ဖြစ်နိုင်ခြေကို တွေးပြီးနောက် စစ်ထူယန်သည် စိမ့်တက်လာသောအကြောက်တရားကြောင့် ပြန်လည်လွှတ်ချလိုက်ရသည်။
ပြိုင်ဘက်ကင်းကျင့်စဥ်များသည် အလွန်ရှားပါးပြီး ကျင့်ကြံရန် အလွန်ခက်ခဲသောကြောင့် ယဲ့ကျွင်းလင် အသုံးပြုခဲ့သည်မှာ အမြင့်ဆုံးဆင့် ထူးခြားကျင့်စဥ်တစ်ခုသာဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။
“သခင်လေး၊ ကျွန်တော်တို့ ဝင်ကူညီသင့်လား?” ပိန်ပိန်ပါးပါး အမျိုးသားက တံတွေးတစ်ချက်မျိုချကာ မေးလာသည်။ ခွင်းလွင်ကမ္ဘာမှ အင်အားကြီးပုဂ္ဂိုလ်များကို သူထပ်ပြီး အထင်မသေးဝံ့တော့ပါချေ။
ဤ လူသားမျိုးနွယ်စု မသေမျိုးဘုရင်သည် အလွန်အင်အားကြီးလှပေတကား။ ကုလီ သူ့လက်ချက်ဖြင့် သေဆုံးခဲ့သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ။
စစ်ထူယန်သည် ဆယ်စက္ကန့်ကျော်မျှကြာအောင် ဝေခွဲမရနိုင်စွာ တိတ်ဆိတ်နေခဲ့သည်။ နောက်ဆုံးတွင် အံကြိတ်ထားသော သွားများကြားမှ ဝါကျတစ်ခုကို ခက်ခက်ခဲခဲ ညှစ်ထုတ်လိုက်သည်။ “စောင့်ကြည့်ကြတာပေါ့…”
ပင်လယ်ဝေလငါးဘိုးဘေး အလဲထိုးခံနေရသည်ကိုမြင်သော် သူလည်း လက်လွတ်စပယ် ဝင်မပါရဲ။
တဖက်တွင် ယဲ့ကျွင်းလင်သည် ပေါ့ပေါ့ပါးပါး ဟိုလျှောက်သည်လျှောက်တောင် လုပ်နေသေး၏။ ထို့နောက် အောက်ဘက်တွင် ချောင်းဆိုးလို့မပြီးသေးသော ပင်လယ်ဝေလငါးဘိုးဘေးကို အထင်အမြင်သေးစွာ လှမ်းကြည့်လိုက်ပြီး မြူးကြွစွာပြောသည်။ “ဆက်တိုက်ဦးမလား?"
ပင်လယ်ဝေလငါးဘိုးဘေးသည် လက်တွေ့အဖြစ်ကို လက်ခံရန် ခက်ခဲဆဲရှိသေး၏။ ကျင့်ကြံဆင့်နှင့် ကျင့်စဥ်ပိုင်းဆိုင်ရာ နှစ်ခုလုံးတွင် အပြတ်အသတ် ဖိနှိပ်ခံလိုက်ရလေပြီ။ နုနုငယ်ငယ် ချောမောကြည့်ကောင်းသော ကောင်လေးက အတွင်းပိုင်းတွင် နားလည်ဖို့မဖြစ်နိုင်သော လျှို့ဝှက်ချက်များစွာဖြင့် ရှုပ်ထွေးနေသည်ဟု ခံစားမိသည်။
“ဒီ ဘိုးဘေးကြီး ဒီလောက်နဲ့ အရှုံးပေးလိမ့်မယ်လို့ မင်းထင်နေလား? ဒီဘိုးဘေးကြီးက တစ်ခေတ်တစ်ခါတုန်းက မြောက်ပင်လယ်ဒေသကို လွှမ်းမိုးနိုင်ခဲ့ပြီး မသေမျိုးဘုရင် အားလုံးထဲမှာ အထူးတလည် ထူးချွန်ပြောင်မြောက်ခဲ့တာ သာမန်အရည်အချင်း မဟုတ်ဘူးကွ"
ပင်လယ်ဝေလငါးဘိုးဘေးက တစ်ချက်ပြုံးသည်။ “နောက်ပြီး မင်းသိထားရမှာက ဒါက ဒီဘိုးဘေးကြီးရဲ့ ဇာတိမြေပဲ!”
စကားအဆုံးတွင် ဖရိုဖရဲဖြစ်နေသောဆံပင်ဖြင့် လက်နှစ်ဖက်ကို ဆန့်တန်းလိုက်ပြီး စကားတစ်ခွန်းအား ထွက်ဆိုသည်။
“မိတ်ဆွေဟောင်း၊ ထွက်လာခဲ့တော့!”
ထိုအသံတွင် အင်အားကြီးသော မသေမျိုးစွမ်းအင်တစ်ခု ပါဝင်သည်။ အရှိန်အဝါက ပင်လယ်ကြမ်းပြင်၏ အနက်ရှိုင်းဆုံးတစ်နေရာသို့ ထိုးဖောက်ဝင်ရောက်ပြီး အမျိုးအမည်မသိနိုင်သော ရှေးဟောင်းသတ္တဝါတစ်ကောင်အား လှုပ်ရှားနိုးထစေခဲ့တော့၏။