← Chapters

မိတ်ဆွေဟောင်း ထွက်လာခဲ့တော့

Vol. 35 Ch. 478

မိတ်ဆွေဟောင်း ထွက်လာခဲ့တော့

Vol. 35 Ch. 478

“ငါက ရွှယ်ထျန်းဂိုဏ်းက ယဲ့ကျွင်းလင်ပါ" ယဲ့ကျွင်းလင် သူ့ကိုယ်သူ အကျဥ်းချုံးမိတ်ဆက်လိုက်သည်။

“ယဲ့ကျွင်းလင်?”

ပင်လယ်ဝေလငါးဘိုးဘေး မျက်မှောင်ကြုတ်လိုက်သည်။ သူ့မှတ်ဉာဏ်ထဲမှ ရှေးဟောင်း စွမ်းအားရှင် အမျိုးမျိုး၏ အမည်များကို ပြန်လည်တူးဖော်ဆန်းစစ်ကြည့်သော်လည်း ယဲ့ကျွင်းလင်ဟူသောအမည်ကို ဘယ်နေရာမှရှာမတွေ့ခဲ့ချေ။

သူပဲ ဗဟုသုတနည်းနေတာလား?

သို့မဟုတ် ဒီလူငယ်က ခေတ်ပေါ် ခွင်းလွင်ကမ္ဘာမှာ အသစ်ပေါ်ပေါက်လာတဲ့ ပါရမီရှင်တစ်ဦးလား?

ယဲ့ကျွင်းလင်၏ ကျင့်ကြံဆင့်သည် မသေမျိုးဘုရင် ဆဋ္ဌမအဆင့် ဖြစ်နေသည်ကို မြင်သောအခါ ပင်လယ်ဝေလငါးဘိုးဘေးမှာ ပိုလို့ မယုံကြည်နိုင်ဖြစ်လာရ၏။

ခွင်းလွင်ကမ္ဘာ ပြန်လည်တိုးတက်တဲ့အချိန်က ဘယ်လောက်များကြာသွားပြီမလို့လဲ? လူသားမျိုးနွယ်တစ်ယောက်က ဒီလောက်တိုတောင်းလှတဲ့အချိန်အတွင်းမှာ ဒီအဆင့်ထိ ဘယ်လိုများကျင့်ကြံနိုင်မှာတဲ့လဲ?

ဒါက ဘယ်လိုတောင် ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ ကျင့်ကြံမှု အရှိန်အဟုန်မျိုးလဲ?!

ပင်လယ်ဝေလငါးဘိုးဘေးသည် သူပဲ ဗဟုသုတနည်းနေခြင်းဖြစ်မည်ဟုသာ ယုံကြည်လိုက်သည်။ တစ်ဖက်လူ၏ဇာစ်မြစ်ကို သူမမှတ်မိခြင်းဖြစ်ရမည်။

သို့သော် ပြဿနာမှာ ရှေးယခင်ခေတ်ကတည်းက ဂူပိတ်အိပ်စက်ကာ ခွင်းလင်၏တက်ချိန်ကို စောင့်ဆိုင်းခဲ့ကြသော ကျင့်ကြံသူအားလုံးသည် ထူးခြားသော ချီစွမ်းအင်အစအနတစ်ခုထား သယ်ဆောင်ထားတတ်၏။ ပင်လယ်ဝေလငါးဘိုးဘေးသည် အလယ်ပိုင်းဒေသတွင် ရှေးဟောင်းစွမ်းအားရှင်များစွာ ပုန်းအောင်းနေထိုင်နေသည်ကို သိရဖို့ ထိုသဲလွန်စအား အသုံးပြုခဲ့ရသည်ပင်။

ယခုတော့ ထိုချီသဲလွန်စပင် ပါမလာသော ယဲ့ကျွင်းလင်ကို ရင်ဆိုင်သောအခါ ပင်လယ်ဝေလငါးဘိုးဘေးလည်း မတွေးတတ်လောက်အောင် ဖြစ်သွားရသည်။

အချက်အလက်များစွာ ထည့်သွင်းစဉ်းစားပြီးနောက် ပင်လယ်ဝေလငါးဘိုးဘေးက တိုက်ရိုက် မေးလိုက်သည်။ “ကျေးဇူးပြုပြီး လူကြီးမင်း၊ ရှေးခေတ်တစ်ချိန်က တာအိုနယ်ပယ်တစ်ခုကို သင်ထူထောင်ခဲ့ဖူးပါသလား?”

ရှေးခေတ်က မသေမျိုးဘုရင်အဆင့်အထိ ကျင့်ကြံခဲ့သော မည်သည့် သတ္တဝါမဆို သူတို့၏ ကိုယ်ပိုင် တာအိုနယ်ပယ် ရှိတတ်ကြသည်။ ပင်လယ်ဝေလငါးဘိုးဘေးသည် ယဲ့ကျွင်းလင်၏ ဇာစ်မြစ်ကို ရှင်းရှင်းလင်းလင်းသိရဖို့ ထိုမေးခွန်းအား ထုတ်မေးခဲ့ခြင်းပင်။

သူ၏အကြည့်သည် ငွေရောင်ဆံပင်ရှိသော လူငယ်အပေါ်တွင် စူးစိုက်နေပြီး မျက်နှာထားကို သေချာစောင့်ကြည့်ကာ သဲလွန်စတစ်ခုခုများ ရနိုးနိုး ဆန်းစစ်မိနေ၏။

ရလဒ်အနေဖြင့် ယဲ့ကျွင်းလင်က မပြုံးတပြုံး လုပ်ပြလာသည်။

“ခန့်မှန်းကြည့်”

ရိုးရှင်း၍ ရိုင်းစိုင်းသော စကားလုံးနှစ်လုံးဖြင့် ဘိုးဘေးကြီးအား အညှာအတာမဲ့ ပစ်ပေါက်လိုက်ခြင်းပင်။

ပင်လယ်ဝေလငါးဘိုးဘေး၏ အလေးအနက်ဟန်မှာ ပျက်စီးသွားပြီး ဒေါသတကြီးဖြင့် ဆူပူလိုက်သည်။ “ခန့်မှန်းနေရအောင် ငါက ကလေးလား?!”

တစ်ဖက်လူမှာ သူ့ကိုအပျော်ကစားနေခြင်းပင်။

ဝုန်း!

ပြင်းထန်သော ချီစွမ်းအင်တစ်ခုက သူ၏ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။ ထိုအရှိန်အဟုန်က ပတ်ဝန်းကျင်ရှိ သမုဒ္ဒရာရေစီးကြောင်းများကို ရပ်တန့်သွားစေ၏။ မရေမတွက်နိုင်သော ပင်လယ်မျိုးနွယ်စု သတ္တဝါများသည် ရင်ဘတ်များတင်းကျပ်လာသည်အထိ အသက်ရှူကျပ်ကာ ဤနေရာမှထွက်ပြေးနိုင်ဖို့ အသည်းအသန်ကြိုးစားရုန်းကန်ကြတော့သည်။

“ဒီ ဘိုးဘေးကြီးက အရမ်း အစွမ်းထက်တာပဲ” လီဝူကျယ်၏ ဦးရေပြား ရှိန်းခနဲထုံကျဥ်သွားသည်။

ဟုန်ချန်ယဲ့က ဘာမှမပြောဘဲ ဆိတ်ဆိတ်သာနေရင်း အကြည့်ကတော့ လျှပ်စစ်ငါးရှဉ့်ဘုရင်တို့ အဖွဲ့ထံသို့ အေးစက်စွာ ဝေ့ဝဲသွားသည်။

ဒီညစားမယ့် ပင်လယ်စာတွေကတော့ လစ်ထွက်သွားလို့မဖြစ်ဘူး။

“ဒီ ဘိုးဘေးကြီး လူသားတွေကို အစိမ်းလိုက် မစားရတာ နှစ်ပေါင်းများစွာ ရှိပြီ။ မင်းလို မသေမျိုးဘုရင် အဆင့်ရှိ လူသတ္တဝါလောက်ကတော့ ဒီ ဘိုးဘေးကြီးရဲ့ မျက်လုံးထဲမှာ ခွန်အားဖြည့်ဆေးတစ်ခုသာသာပါပဲ!”

ပင်လယ်ဝေလငါးဘိုးဘေး၏ မျက်လုံးများတွင် သွေးဆာကြမ်းကြုတ်သော အလင်းတစ်ခု ဖျတ်ခနဲလက်သွားသည်။ ထို့နောက် လက်တစ်ဖက်ကိုမြှောက်ကာ အင်အားကြီးချီလှိုင်းလုံးများအား ရိုက်ခတ်ဝှေ့ယမ်းလိုက်ပြီး အောက်ဘက်မှလူငယ်ကို ဆွဲကိုင်မြှောက်လိုက်သည်။

မရေမတွက်နိုင်သော ရေစီးကြောင်းများသည် ဧရာမ လက်ကြီးတစ်ဖက်အဖြစ် စုစည်းသွားသည်။ ပင်လယ်ရေများမှာ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများဖြင့် လှုပ်ခါနေကာ ပစ်မှတ်ကို တစ်ချက်တည်း ဖိနှိပ်ဖမ်းဆုပ်ဖို့ ချဥ်းကပ်လာကြတော့၏။

မသေမျိုးဘုရင် အဋ္ဌမအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပင်လယ်ဝေလငါးဘိုးဘေးသည် ယဲ့ကျွင်းလင်ကို လက်တစ်ဖက်တည်းဖြင့်ပင် နှိမ်နင်းနိုင်မည်ဟု ယုံကြည်သည်။

သူ့ကို ဝန်းရံထားသော ဖိအားကို ခံစားရသောအခါ ယဲ့ကျွင်းလင်၏ အပြုံးသည် ပို၍အသက်ဝင်လာပြီး အကျွမ်းတဝင်ရှိလှသော စနစ်၏ အကြောင်းကြားသံက မဆိုင်းမတွ ထွက်ပေါ်လာတော့၏။

“တင်! ပိုင်ရှင်ဟာ မသေမျိုးဘုရင် အဌမအဆင့်ရန်သူရဲ့ တိုက်ခိုက်မှုကို ရင်ဆိုင်နေရကြောင်း သိရှိရတဲ့အတွက် အင်အားကြီးသောရန်သူကို ရင်ဆိုင်ပြီး ပိုလို့အင်အားကြီးလာခြင်း စွမ်းရည်အသက်ဝင်ကာ မသေမျိုးဘုရင်နဝမအဆင့်ကို တိုးမြှင့်ခံလိုက်ရကြောင်း အသိပေးလိုက်ရပါတယ်ရှင်”

အုံး…

ယဲ့ကျွင်းလင်၏ ခန္ဓာကိုယ်သည် အမြင့်ဆုံး မသေမျိုးဘုရင်အဆင့်ရှိ ချီလှိုင်းများဖြင့် ပေါက်ကွဲထွက်လာသည်။ မသေမျိုးဧကရာဇ်အဆင့်သို့ ထိုးဖောက်တက်ရောက်ရန် ဆံချည်မျှင်မျှသာလိုတော့သော စွမ်းအင်အဟုန်ဖြင့်။

သူ၏မျက်လုံးများသည် ကြယ်ပွင့်များကဲ့သို့ ထူးကဲစွာတောက်ပနေပြီး ခန္ဓာကိုယ် တစ်ခုလုံးသည်လည်း အမတရွှေဖြင့် သွန်းလောင်းထုလုပ်ထားသကဲ့သို့ သန့်စင်လင်းလက်နေခဲ့သည်။

“ဟဲဟဲ။”

ယဲ့ကျွင်းလင်သည် လက်ညှိုးတစ်ချောင်းကို ပေါ့ပေါ့ပါးပါး ဆန့်ထုတ်ပြီး လက်မနှင့်ထိကာ ဖျောက်ခနဲတောက်လိုက်သည်။

ရှာလာလာ~

ရန်လိုစွာ ချဥ်းကပ်လာသည့် ကျယ်ပြောသော အပြာရောင်လက်ကြီးသည် ချက်ချင်း ပြိုလဲသွားပြီး ရေအဖြစ်ပြောင်းလဲကာ လှစ်ခနဲလွင့်ပြယ်သွားလေတော့၏။

ပင်လယ်ဝေလငါးဘိုးဘေးမှာတော့ ငယ်ထိပ်တည့်တည့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား။ သူ၏မျက်နှာသည် ဖုံးကွယ်မရသော ထိတ်လန့်မှုကို ဖော်ပြနေသည်။ ခဏအကြာတွင် စိတ်ခံစားချက်များကို တည်ငြိမ်အောင် ပြန်လည်ညှိယူကာ လေးနက်သောလေသံဖြင့် ပြောလိုက်သည်။

“ဒါဆို ဒါက မင်းရဲ့ ကျင့်ကြံဆင့်အမှန်ပေါ့"

လုံးဝမအံ့သြပါဟု ဆိုပါက လိမ်ရာရောက်လိမ့်မည်။ အချိန်တွေအကြာကြီး တစ်ကိုယ်‌တော်ကျင့်ကြံပြီးနောက် ဤနယ်တွင် မည်သည့်စွမ်းအားရှင်နှင့် တိုက်တိုက် အသာစီးရလိမ့်မည်ဟုသာ ထင်မှတ်ထားခဲ့သည်။ သို့သော် ပထမဆုံးပြိုင်ဘက်နှင့်ပင် ဤသို့ဖြတ်ရိုက်ခံလိုက်ရမည်ဟု မျှော်လင့်မထားခဲ့။

“မှန်တယ်၊ ဒါပေမယ့်…” ယဲ့ကျွင်းလင်က အဓိပ္ပာယ်ပါပါပြုံးသည်။ “အကုန်လုံးတော့ မမှန်သေးဘူး”

ပင်လယ်ဝေလငါးဘိုးဘေး မျက်မှောင်ကြုတ်လိုက်သည်။ “မင်း ဘာကို ဆိုလိုတာလဲ?”

“ခန့်မှန်းကြည့်!”

ထိုစကားလုံးသုံးလုံးကို ထပ်ကြားလိုက်ရသောအခါ။

“ခွေးမသား…” ပင်လယ်ဝေလငါးဘိုးဘေးသည် ဒေါသဖြင့် သွေးအန်တော့မတတ်ပင်။ သူ၏ မျက်ခွံစများပါ တဆတ်ဆတ်တုန်ယင်နေသည်။

ငါ့ကို ကစားရတာ အဲ့လောက်ပျော်စရာကောင်းလား?

All Chapters