← Chapters

တရားမဝင်သမိုင်းကြောင်း

Vol. 39 Ch. 572

တရားမဝင်သမိုင်းကြောင်း

Vol. 39 Ch. 572

"မောင်လေးလု၊ နတ်ဆိုးမသေမျိုးနဲ့ နဂါးဘိုးဘေး၊ ဖီးနစ်ဘိုးဘေးနှစ်ယောက်ရဲ့ တိုက်ပွဲအကြောင်း ကြားဖူးလား"

ကန်ထန် ဒဏ္ဍာရီတစ်ခုကို ပြန်သတိရလာသည်။ ထိုအကြောင်း လုယန်သိထားသည်နှင့် ကွဲပြားနေမလား သူသိချင်သည်။

"သူတို့သုံးယောက် တိုက်ခိုက်ကြတယ်ပေါ့"

လုယန်စိတ်ထဲတွေးကြည့်သည်။

...ချီလင်မသေမျိုးက နေ့တိုင်း ဓားမှော်စက်ဝန်းအောက်မှာ ဒူးထောက်ခဲ့ရတာမဟုတ်လား...။ သူတို့သုံးယောက် တိုက်ခိုက်တယ်ဆိုတာ အိပ်ယာထဲမှာ တိုက်ခိုက်တာကိုပြောတာများလား...

"ဟုတ်တယ်။ မသေမျိုးအဆင့်တက်ဖို့ တိုက်ခိုက်ကြတာလို့ပြောတယ်။ သမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ တိုက်ပွဲပဲ။ မဟာတိုက်ပွဲထိပ်တန်းဆယ်ခုစာရင်းဝင်တယ်။ ပညာရှင်အများစုက အဲဒီ့တိုက်ပွဲအကြောင်း သေချာသိအောင် ကြိုးစားခဲ့ကြတယ်။

ရှေးမှတ်တမ်းအတော်များများမှာ နတ်ဆိုးမသေမျိုးနဲ့ နဂါးနဲ့ဖီးနစ်ဘိုးဘေးတို့ ကြယ်တွေကြားမှာ အကြီးအကျယ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားတယ်။ ကောင်းကင်ကို အရောင်မှိန်အောင် အမှောင်ကျအောင် နေလအလင်းလျော့သွားအောင် တစ်လောကလုံး အမှောင်ဖုံးသွားအောင် လုပ်နိုင်တဲ့အစွမ်းမျိုး သူတို့မှာရှိတယ်။

လူသားတွေ တုန်လှုပ်ခြောက်ခြားခဲ့တယ်။ နောက်ဆုံးမှာ နတ်ဆိုးမသေမျိုးက နှစ်ယောက်တစ်ယောက်တိုက်ခိုက်ပြီး အနိုင်ရခဲ့တယ်။ ကောင်းကင်က မူလအတိုင်းပြန်ဖြစ်သွားပြီး လောကကို အလင်းရောင်ပြန်ရောက်လာတယ်တဲ့"

"နတ်မယ်၊ အဲဒီ့တိုက်ပွဲအကြောင်း ခင်ဗျားသိလား"

"နင်ဘယ်လိုမေးလိုက်တာလဲ။ နဂါးမနဲ့ဖီးနစ်မက ငါ့ရဲ့အမည်မခံတဲ့တပည့်တွေပါ။ ချီလင်ဆိုတာ ငယ်ငယ်ကတည်းက ငါရိုက်နှက်လာတာလေ။ သုံးယောက်လုံး ငါနဲ့အရမ်းရင်းနှီးတယ်။ ဒီလောက်တိုက်ပွဲကြီးဖြစ်တာ ငါမသိဘဲ ဘယ်နေမလဲ"

သူ့ကို လုယန်အထင်သေးသည်ဟု ခံစားရသည်။ သူ့မိတ်ဆွေများအပေါ် သူအမြဲဂရုစိုက်ခဲ့သည်။

"ငါတင်မကဘူး။ ယင်ထန်ရော ကိုးဆရော အချိန်ရော အားလုံး ဘေးကနေကြည့်နေခဲ့တာ။ တိုက်ပွဲက တကယ်ကြမ်းတယ်။ ချီလင်ရဲ့ တိုက်ခိုက်စွမ်းအားက ပြင်းထန်တယ်။

နှစ်ယောက်တစ်ယောက်တိုက်ရပေမယ့် သူ့ကိုမသတ်နိုင်ကြဘူး။ အစပိုင်းမှာတော့ သုံးယောက်လုံး တစ်ယောက်ချင်း အလွတ်တိုက်ခိုက်ကြတာ။ ဒါပေမယ့် တိုက်ခိုက်ကြရင်း ချီလင်မသေမျိုးဟာ ရင်ဆိုင်ရအခက်ဆုံးဆိုတာ နဂါးမရောဖီးနစ်မပါ နားလည်လာတယ်။ ဒါကြောင့် အတူပေါင်းပြီး ချီလင်ကိုအရင်ဖြိုဖို့ ဆုံးဖြတ်ခဲ့ကြတာ။

ချီလင် ဒဏ်ရာအပြင်းအထန်ရတယ်။ ညိုမည်းဖူးရောင်လာ‌အောင် ရိုက်နှက်ခံရတယ်။ ရုပ်အပျက်ဆုံးမှအပျက်ဆုံးအခြေအနေပဲ။ ဒီလိုတော့မဖြစ်ဘူးဆိုပြီး သူတွေးတယ်။ သက်ရှိအားလုံးက တိုက်ပွဲကိုကြည့်နေကြတာလေ။ သူဒီလိုပုံစံဖြစ်နေတာ အပြင်လူတွေမြင်သွားရင် သူသိက္ခာကျပြီပေါ့။

သူတိုက်ခိုက်တဲ့အချိန် တမင်လုပ်တာလား အလိုလိုဖြစ်တာလားတော့မသိဘူး။ နေနဲ့လနားကို တဖြေးဖြေးရောက်သွားတယ်။ ရွှေကျီးကန်းနဲ့ကျောက်စိမ်းယုန် သေမတတ်ကြောက်သွားကြတယ်။ မသေမျိုးတစ်ဝက်အဆင့်သုံးယောက်ရဲံတိုက်ပွဲပဲလေ။ တစ်ချက်ထိတာနဲ့ ခြောက်လလောက်လှဲနေရမှာ။ နှစ်ချက်ထိရင် တစ်သက်လုံးဒုက္ခိတဖြစ်သွားမယ်။

ဒီတော့ ရွှေကျီးကန်းနဲ့ကျောက်စိမ်းယုန်က နေနဲ့လကိုအမြန်သယ်ပြီး ထွက်ပြေးကြတယ်။ သူတို့ထွက်ပြေးတော့ လောကကြီးတစ်ခုလုံး မှောင်မဲသွားတာပေါ့။

အလင်းရောင်မရှိလည်း ငါတို့မသေမျိုးတွေက ချီလင်တို့တိုက်ပွဲကို မြင်နိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် သေမျိုးတွေ သာမန်ကျင့်ကြံသူတွေက မမြင်နိုင်ကြဘူးလေ။ ဒီတော့ ချီလင်ရဲ့ သိက္ခာမကျချင်တဲ့အကြံအစည် အောင်မြင်သွားတာပေါ့။

ဒါပေမယ် နှစ်ယောက်တစ်ယောက် တိုက်ခိုက်ရတော့ လွယ်လွယ်နဲ့အနိုင်မယူနိုင်ဘူး။ အလင်းမရှိလို့ သူကံကောင်းသွားတာ။ သူရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကိုသာ သက်ရှိအားလုံးမြင်သွားရင် သူသေချင်စိတ်ပေါက်သွားလောက်တယ်။

ငါ့ရဲပုံဆွဲစွမ်းရည်က အရမ်းကောင်းတယ်လေ။ သူ့ပုံတူကို ငါချဆွဲဖို့အခွင့်အရေးရခဲ့တယ်။

ချီလင်မသေမျိုးကို ကလေးဘဝကတည်းက ငါရိုက်နှက်လာတာပါ။ သူ့အသက်ဓာတ်က အရမ်းအားကောင်းတယ်။ အားအကြီးဆုံးရှင်သန်မှုအရိယဖလကြောင့် ပိုတိုက်ခိုက်လေ သူသန်မာလေပဲ။ တိုက်ပွဲစွမ်းရည်အတွက် တကယ်ပြည့်စုံတဲ့ အရိယဖလပါ။

နောက်ဆုံးတော့ နဂါးနဲ့ဖီးနစ်မရဲ့ တိုက်ခိုက်မှုတွေက သူ့အပေါ် သိပ်မထိရောက်တော့ဘူး။

ချီလင် နိုင်သွားတယ်။ ကောင်မလေးနှစ်ယောက်လည်း အရှုံးကိုလက်ခံလိုက်တယ်။

အနိုင်ရပြီးတော့ ချီလင်က ရွှေကျီးကန်းနဲ့ ကျောက်စိမ်းယုန်ကို ပြန်ခေါ်တယ်။ ဒါပေမယ့် သူတို့က ပြန်မလာတော့ဘူးလို့ ငြင်းကြတယ်။ ချီလင်မသေမျိုးကိုကြောက်လို့ သူတို့ထွက်ပြေးတာလေ။ လွယ်လွယ်ပြန်ခေါ်လို့ ဘယ်ရမလဲ။

တစ်ခြားရွေးစရာမရှိတော့ ချီလင်က နောက်ထပ် ရွှေကျီးကန်းနဲ့ ကျောက်စိမ်းယုန်အတွဲတစ်တွဲ ထပ်ခေါ်လိုက်ရတယ်"

လုယန် "..."

နေမရှိ၊ လမရှိ၊ မိုးမြေကိုပြောင်းလဲခဲ့သည့်ဖြစ်စဉ်က ထူးဆန်းလွန်းလှသည်။

လုယန်က ကန်ထန်ကို တိုက်ပွဲအကြောင်း အမှန်အတိုင်းရှင်းပြလိုက်သည်။ ကန်ထန်မျက်နှာတွင် ထူးဆန်းသည့်အမူအရာပေါ်လာသည်။

"မောင်လေးလု၊ ဒါက...ယုံတမ်းပုံပြင်လား"

ဇာတ်လမ်းကကြောင်တက်တက်နိုင်လွန်းသည်။ ချီလင်အကြောင်း ကောလဟာလများ ဖြန့်ရဲကြသည်။

"မဟုတ်ဘူး။ ဒါက တရားဝင်ဖြစ်ရပ်မှန်သမိုင်းပါ"

ကန်ထန် "..."

မုန်ကျင်းကျိုးရော ကန်ထန်ပါ မသေမျိုးအဆင့်ယန်အားဖြည့်ကျင့်စဉ်ပညာကို မလိုချင်ကြ။ လုယန်၏လက်ရှိကျင့်စဉ်အဆင့်နှင့် ထိုပညာကိုလည်း မဖျက်ဆီးနိုင်။ ထို့ကြောင့် သူ့ဘာသာသိမ်းထားလိုက်ရသည်။ ဂိုဏ်းသို့ပြန်ရောက်လျှင် ကျိုးဆောင်မှတ်များနှင့်လဲလှယ်မည်ဟု တွေးထားသည်။

"ဒါကဘာလဲ"

လုယန် လက်ဝါးအရွယ်လှောင်အိမ်ငယ်တစ်ခု ကောက်ကိုင်သည်။ လှောင်အိမ်တွင် သံကြိုးများပါသည်။ မီးကဲ့သို့ ရွှေရောင်တဖျတ်ဖျတ်တောက်နေသည့် စွန်နီအရိပ်တစ်ခုကို ချုပ်နှောင်ထားသည်။ ပုံသဏ္ဌာန်က သိပ်မထင်ရှား။ ဝိုးတဝါးဖြစ်နေသည်။

လုယန်အမေးကို ကန်ထန်ချက်ချင်းပြန်ဖြေသည်။

"ဒါက စွန်နီရဲ့ဝိညာဉ်သန္ဓေပါ။ စွန်နီတစ်ကောင်ရဲ့ဝိညာဉ်နဲ့ ဖန်တီးထားတာ။ အခုတော့ သက်မဲ့ပစ္စည်းတစ်ခုပေါ့။ ဒါကို စုပ်ယူလိုက်ရင် သွေးဆက်ကိုလှုံ့ဆော်ပြီး ဗီဇစွမ်းရည်တွေ ပိုအားကောင်းလာအောင် လုပ်နိုင်တယ်။

ဒီစွန်နီဟာ တစ်ချိန်က သူ့မျိုးနွယ်တူတစ်ကောင်ကိုသတ်ပြီး ဝိညာဉ်သန္ဓေကို စုပ်ယူဖို့ကြိုးစားခဲ့တာဖြစ်မယ်။ ဒါပေမယ့် မစုပ်ယူနိုင်ခင်မှာ သူအသတ်ခံလိုက်ရတာ။

မျိုးနွယ်တူကိုသတ်တာဟာ ကြီးလေးတဲ့ပစ်မှုပဲ။ ပြီးတော့ သူသတ်လိုက်တဲ့စွန်နီဟာ သွေးဆက်သန့်စင်ပြီး အဆင့်အတန်းမြင့်တဲ့သူဖြစ်မယ်။ အချိန်တွေအများကြီးကြာခဲ့ပြီးဆိုတော့ ဒီဝိညာဉ်သန္ဓေကို စွန်နီမျိုးနွယ်ဆီ သွားအပ်ရင် ငါဆင်ခြေပေးနေတယ်လို့ထင်ကြမှာ။ ငါ့လက်ချက်လို့ပဲထင်ကြမှာ။

အရင်က ဒါဟာ ဝိညာဉ်ပြောင်းအဆင့် ဝိညာဉ်သန္ဓေပါ။ နင်တို့မစုပ်ယူနိုင်ဘူး။ ဒါပေမယ့် နှစ်နှစ်ရာနီးပါးကြာပြီဆိုတော့ ချုပ်နှောင်ထားတဲ့ မှော်တံဆိပ်က အစွမ်းမရှိတော့ဘူး။ ဝိညာဉ်စွမ်းအင်အတော်များများ ယိုစိမ့်သွားပြီ။ အခု နတ်ဝိညာဉ်အဆင့်သန္ဓေတစ်ခု ဖြစ်နေပြီ။ နင်တို့စုပ်ယူလို့ အဆင်ပြေပြီ။

မောင်လေးမုန်၊ ဒီဝိညာဉ်သန္ဓေကို နင်စုပ်ယူလိုက်ပါ။ စွန်နီဆိုတာ နဂါးနဲ့ခြင်္သေ့ကနေ မွေးဖွားတာ။ နဂါးနဲ့ခြင်္သေမျိုးနွယ်တွေရဲ့ ဗီဇလက္ခဏာတစ်ဝက်စီ ပိုင်ဆိုင်တယ်။

စွန်နီရဲ့ဝိညာဉ်ကို စုပ်ယူရင် အဲဒီ့ဗီဇစွမ်းရည်တွေ နင်ရနိုင်တယ်။ အထူးသဖြင့် ဗုဒ္ဓဂိုဏ်းက နာမည်ကျော်ခြင်္သေ့တံဆိပ်လိုမျိုးပေါ့"

"ရော့...ယူလိုက်ပါ"

လုယန် စွန်နီသန္ဓေကို မုန်ကျင်းကျိးဆီလှမ်းပေးသည်။

ညီအကိုများကြား ကျေးဇူးတင်စရာမလို။ မုန်ကျင်းကျိုး‌ လှောင်အိမ်ကိုလက်တစ်ဘက်ဖြင့်ကိုင်ပြီး လက်ဝါးတစ်ဘက်ဖြင့်အုပ်လိုက်သည်။ စွန်နီသန္ဓေက ရွှေရောင်အလင်းမျှင်များအသွင်ပြောင်း၍ စွမ်းအင်သွေးကြောအားလုံးကိုဖြတ်ပြီး သူ့ကိုယ်ထဲသို့ဝင်သွားသည်။

နဖူးပြင်တွင် ချွေးသီးများထွက်လာသည်။ ချက်ချင်း တစ်ကိုယ်လုံးစိုရွှဲသွားသည်။ အံတင်းတင်းကြိတ်၍ သူ့သိစိတ်နယ်မြေမှ စွန်နီဝိညာဉ်သန္ဓေနှင့် တိုက်ခိုက်နေသည်။

"နင်အော်ချင်ရင်အော်လိုက်ပါ။ ဒီလှိုဏ်ဂူကို မှော်စက်ဝန်းနဲ့ကာထားတယ်။ အပြင်ကမကြားနိုင်ပါဘး"

မုန်ကျင်းကျိုး အတင်းထိန်းချုပ်ထားမှန်းသိသဖြင့် ကန်ထန် ပြောလိုက်သည်။

သူစကားကြောင့် မုန်ကျင်းကျိုး ဝေဒနာအတွက် ထွက်ပေါက်တစ်ခုရသွားသည်။ မျက်လုံးမှေးသွားသည်။ ရွှေ‌ရောင်ပြောင်းလာသည်။ လည်ချောင်းတုန်ခါလာသည်။ ထို့နောက် လူသားများမလုပ်နိုင်သည့် ဟိန်းဟောက်သံတစ်ခု ထုတ်လွှတ်လိုက်သည်။

"ဝေါင်း"

ခြင်္သေ့ဟောက်သံစွမ်းအား။

"နဂါးအော်သံမဟုတ်ဘူး။ ကြည့်ရတာ နင်က ခြင်္သေ့ဟောက်သံကို ကျွမ်းကျင်သွားတာဖြစ်မယ်။ ဆိုးတာပဲ။ နဂါးဗီဇစွမ်းရည်တွေက ခြင်္သေ့စွမ်းရည်တွေထက် ပိုစွမ်းအားကြီးတယ်။

ဒါပေမယ့် မဆိုးပါဘူးလေ။ နင့်အော်သံမှာ ဗုဒ္ဓခြင်္သေ့ရဲ့ ဟိန်းဟောက်သံစွမ်းအားမျိုး နည်းနည်းပါတယ်။ ပြီးတော့အရဟတ်လက်သီးပညာလည်း နင်တတ်ထားတယ်ကြားတယ်။ နင်က ဗုဒ္ဓဝါဒနဲ့ အတ်ောရေစက်ရှိတာပဲ။

နောင်တစ်ချိန်ကျရင် ဗုဒ္ဓခြင်္သေ့တံဆိပ်(ခြင်္သေ့ဟောက်သံစွမ်းအားပညာ)ကို သင်ယူနိုင်လောက်တယ်"

"ဒါနဲ့ အမသုံး...နဂါးဗီဇဆိုတာဘာလဲ"

"အင်း..အများကြီးရှိတာပေါ့။ လေနဲ့မိုးကို ဆင့်ခေါ်နိုင်တာ၊ ခန္ဓာကိုယ်ကြံ့ခိုင်တာ။ တိမ်တိုက်တွေစီးနိုင်တာ၊ မွှေးရာပါယန်ဓာတ်အားကောင်းတာတွေပေါ့။ အားလုံးက သိပ်ကောင်းတဲ့ဗီဇစွမ်းရည်တွေပါ"

သူလုံးဝ မရသင့်သည့် ဗီဇစွမ်းအားတစ်မျိုးပါသည်ဟု မုန်ကျင်းကျိုးတွေးလိုက်သည်။

'ဒီစွမ်းရည်တွေရလာရင်လည်း မင်းအတွက် ပြဿနာမရှိလောက်ပါဘူး။ အမယွမ်က မင်းစိတ်ဓာတ်ခိုင်မာတာကို အမြဲချီးကျူးတယ်။ နောက်ဆုံးဗီဇစွမ်းရည်ကိုရပြီး အရေးကြီးတဲ့ ယန်သန္ဓေကိုထိန်းထားနိုင်တယ်ဆိုရင် နင့်ရဲ့ကျင့်စဉ်တိုးတက်နှုန်းက မောင်လေးလုထက် သေချာပေါက်ပိုမြန်သွားလိမ့်မယ်"

မုန်ကျင်းကျိုး ကြောက်လန့်တကြား အတင်းခေါင်းခါသည်။ သူသည် မုန်မိသားစုနှင့် အဆက်ဖြတ်ပြီး စိတ်ကောင်းစေတနာထားခဲ့သည်။ ထိုကံကြောင့်သာ အန္တရာယ်ကို ပွတ်ကာသီကာရှောင်နိုင်ခဲ့ခြင်းဖြစ်သည်။

ယခုပင် အတော်ကြိုးစားထိန်းချုပ်နေရသည်။ နဂါးမျိုးနွယ်၏ ယန်ဓာတ်ဗီဇကိုသာ ထပ်ရလျှင် စွန်စီးဘုံကျောင်းမှ ကျမ်းရွတ်သံလည်း အကျိုးမရှိနိုင်။ ဆရာတော်ကျဲ့ရှားကိုယ်တိုင် သူ့ကိုယ်ဝင်ပူးကပ်ပြီးထိန်းချုပ်လျှင် ခန္ဓာကိုယ်၏ တုံ့ပြန်မှုများကို ခုခံနိုင်မည်မဟုတ်။

************************************

All Chapters