← Chapters

လှောင်အိမ်

Vol. 39 Ch. 573

လှောင်အိမ်

Vol. 39 Ch. 573

"ကျင့်ကြံတယ်ဆိုတာ အခက်အခဲတွေ အန္တရာယ်တွေကို မကြောက်ဘဲ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ရတာပါ"

လုယန်က မုန်ကျင်းကျိုးကို အကြံပေးသည်။

"ငါ့ဆရာဆို နေရာတိုင်းမှာ ရန်သူရှိတာပဲ။ ဒီလိုပြင်းထန်တဲ့ဖိအားကြောင့် သူ့ကျင့်စဉ်စွမ်းအား ထိုးတက်ခဲ့တယ်။ ငါတို့ခေတ်ရဲ့ ထိပ်တန်းစွမ်းအားရှင်ဖြစ်လာတယ်မဟုတ်လား"

နဂါးဗီဇယန်ဓာတ်ပြင်းထန်သည့်စရိုက်ကို ရှောင်ကြဉ်ဖို့တွေးခြင်းသည် မကောင်းကြောင်း ပြောသည်။ ထိုစိတ်ဓာတ်မျိုးသည် ကျင့်စဉ်လမ်းအတွက် အတားအဆီးဖြစ်သည်။

ဖိအားကြီးလေ စွမ်းအတိုးတက်လေဖြစ်သည်။

ထိုစကားသည် ဝစီပိတ်ထံမှ သင်ယူပြီး ယွမ်ကျိကိုယ်တိုင် ပြောခဲ့သည့်အမှန်တရားဖြစ်သည်။

ဝစီပိတ်ကလည်း ပြောသည့်အတိုင်း ကျင့်ကြံခဲ့သည်။ သူ့အယူအဆမှန်ကြောင်း သက်သေပြခဲ့သည်။

ယနေ့အထိ ထိုအယူအဆကို လက်ခံထားဆဲဖြစ်သည်။ မပြောင်းလဲသည့်ထိုသဘောထားကို လုယန်လေးစားသည်။

မုန်ကျင်းကျိုးက လုယန်ကို မျက်လုံးစွေကြည့်သည်။

"မင်းပြောတော့ လွယ်လိုက်တာကွာ။ ဒါမျိုးက ခံစားဖူးမှသိတာကွ။ မင်းနဲ့ငါ နေရာချင်းလဲကြည့်မှ မင်းနားလည်မှာပါ"

ကန်ထန်သတ်ခဲ့သည့် စွမ်နီသည် ပါရမီရှင်အစစ်ဖြစ်၍ အဖိုးတန်ပစ္စည်းများစွာ ပိုင်ဆိူင်သည်။

"ဒါက ဝိညာဉ်အသွင်ပြောင်းဆေးလုံးတွေလား"

လုယန် ပုလင်းငယ်တစ်ခုထဲမှ ဆေးတစ်လုံး ထုတ်လိုက်သည်။ ပညာကျမ်းများတွင် ဖော်ပြသည့် ဝိညာဉ်အသွင်ပြောင်းဆေးလုံးနှင့် အတော်တူသည်။

ထိုဆေးလုံးများသည် ရွှေသန္ဓေအဆင့်မှ နတ်ဝိညာဉ်အဆင့်တက်ဖို့ ကူညီနိုင်သည်။

ဆေးအိုးတောင်က ထိုဆေးလုံးမျိုး မဖော်စပ်ကြ။ ထို့ကြောင့် လုယန်တစ်ခါမှမမြင်ဖူး။

"ဒီဆေးပုလင်းသုံးလုံးက ဝိညာဉ်အသွင်ပြောင်းဆေးလုံးတွေပါ"

"ဒါက ဘယ်လိုဆေးလုံးမျိုးလဲ"

မုန်ကျင်းကျိုးကိုင်ထားသည့် ပုလင်းငယ်ထဲတွင်လည်း ဆေးတစ်လုံးတွေ့သည်။

ပုလင်းဖွင့်လိုက်ချိန်တွင် သင်းပျံ့သည့်ဆေးနံ့ကို သူရသည်။ တန်ဖိုးကြီးဆေးလုံးဖြစ်ဟန်ရှိသည်။

"ဆေးနံ့အရ ဝိညာဉ်စုဆေးလုံးဖြစ်မယ်ထင်တယ်။ နတ်ဝိညာဉ်အဆင့်ကနေ ဝိညာဉ်ပြောင်းအဆင့်ကိုတက်ဖို့ သုံးတာ"

ကန်ထန်က အနံ့တစ်ချက်ရှူကြည့်ပြီး ကောက်ချက်ချသည်။

သိပ်မကြာမီ နောက်ထပ် ဝိညာဉ်စုဆေးတစ်လုံး မုန်ကျင်းကျိုးတွေ့ပြန်သည်။

ကန်ထန်က ဂူနံရံကိုမှီထားရင်း ရှင်းပြသည်။

"စွန်နီက ဝိညာဉ်ပြောင်းအလတ်တန်းအဆင့်ရောက်နေပြီ။ ဝိညာဉ်စုဆေးလုံးတွေ မလိုတော့ဘူး။ သူ့လက်အောက်ခံတွေကို စည်းရုံးနိုင်ဖို့ ဒီဆေးလုံးတွေသိမ်းထားတာဖြစ်မယ်။

စွန်နီမျိုးနွယ်မှာ အဖွဲ့ခွဲတွေ အများကြီးရှိတယ်။ နောင်တစ်ချိန် မျိုးနွယ်ခေါင်းဆောင်ရာဖူးရဖို့ အကြီးအကဲများ၏ ထောက်ခံမှုရရုံဖြင့်မပြီးသေးဘူး။ ရတနာစုဆောင်းတာ၊ သတင်းစုဆောင်းတာမျိုးတွေအတွက် သစ္စာရှိတဲ့ လက်အောက်ခံတွေလည်းလိုတယ်။

စွန်နီလက်အောက်ခံတွေ ရတနာစုဆောင်းတယ်လို့အမည်ခံပြီး အားနည်းတဲ့သူတွေအနိုင်ကျင့်တာမျိုး အတော်များများမြင်ဖူးတယ်။ တစ်ချို့လက်အောက်ခံတွေကို ငါသတ်လိုက်တယ်။ ဒါကြောင့် တစ်ချို့စွန်နီတွေနဲ့ ရန်သူဖြစ်နေတာ။

လက်အောက်ခံတွေ သစ္စာရှိအောင် ထိန်းချုပ်တဲ့နည်းလမ်းတွေကတော့ အများကြီးပေါ့။ တစ်ချို့က ယုံကြည်မှုသက်သက်နဲ့ တည်ဆောက်တယ်။ တစ်ချို့ကျတော့ အသက်ဆက်ဝိညာဉ်ကြိုးနဲ့ချည်ထားတယ်။ ဒါမှမဟုတ် သခင်နဲ့ကျွန်ဝိညာဉ်တံဆိပ်ခတ်ထားတယ်။

နောက်ပြီး တစ်ချို့ရှေးမျိုးဆက်တွေက သစ္စာခံလူယုံတွေ သီးသန့်မွေးပြီး လေ့ကျင့်ပေးတာလည်းရှိတယ်"

"ဒါနဲ့ အမသုံး၊ လျှို့ဝှက်မြေမှာတုန်းက အချိန်မရလို့ အမရှင်းမပြခဲ့ဘူး။ အလယ်ပိုင်းတိုက်နယ်၊ နတ်ဆိုးနယ်မြေ၊ ဗုဒ္ဓနိုင်ငံ၊ အရှေ့ပင်လယ်နဲ့ မြောက်ပိုင်းအေးခဲနယ်မြေတွေက ဘယ်လိုဖြစ်တည်နေတာလဲ။

နယ်စပ်မှာ ထူးဆန်တဲ့ဖြစ်ရပ်တစ်ခုခုကြုံရင် အမသုံးကိုမေးဖို့ အမယွမ်ကလည်း ပြောလိုက်တယ်"

ထိုအကြောင်းရောက်လာသည်နှင့် ကန်ထန်က နံရံတွင် ပျင်းရိပျင်းတွဲ မှီရပ်မနေတော့ဘဲ ခါးဆန့်လာသည်။ အလေးအနက်လေသံဖြင့်ပြောသည်။

"တကယ်တမ်းပြောရရင် မင်းတို့အဆင့်နဲ့ ဒီကိစ္စတွေကို မသိသင့်သေးဘူး။ ဒါပေမယ့် အမယွမ်က ဒီလိုပြောလိုက်တယ်ဆိုတော့ သူ့မှာအကြောင်းရင်းရှိလို့ဖြစ်မှာပါ။

သေချာအောင် ငါထပ်မေးချင်တယ်။ မင်းတို့ ဒီအကြောင်းကို တကယ်သိချင်လား"

နှစ်ယောက်လုံး ပြိုင်တူခေါင်းငြိမ့်သည်။

အဖြေက လက်တစ်ကမ်းတွင်ရှိနေပြီးမှ မသိရလျှင် တစ်ဆန့်ငင်ငင်ဖြစ်နေလိမ့်မည်။

ကန်ထန် သက်ပြင်းချသည်။ လက်ချောင်းထိပ်ဖြင့် လေထဲတွင် မျဉ်းကြောင်းများဆွဲသည်။ 'အလယ်ပိုင်းတိုက်နယ်'ဟု နာမည်တပ်ထားသည့် တိုက်နယ်တစ်ခု၏ပုံရိပ် ပေါ်လာသည်။

"ကျင့်ကြံသူအများစုက ငါတို့နေတဲ့ကမ္ဘာကြီးဟာ ရေပြင်ညီအတိုင်းရှိပြီး သက်ရှိအားလုံး တိုက်နယ်တစ်ခုတည်းမှာ နေကြတယ်လို့ ထင်ကြတယ်။ အမှန်က အဲလိုမဟုတ်ဘူး"

ထိုသို့ပြောနေချိန်မှာပင် အလယ်ပိုင်းတိုက်နယ်နှင့် အရွယ်အစားတူတိုက်နယ်တစ်ခု အရှေ့ဘက်တွင် ပေါ်လာသည်။ အလယ်ပိုင်းတိုက်နယ်နှင့် ဒေါင်လိုက်အနေထားရှိသည်။

ထိုဒေါင်လိုက်တိုက်နယ်သည် ကျယ်ပြန့်သည့်သမုဒ္ဒရာတစ်ခုဖြစ်သည်။

"ဒါအရှေ့ပင်လယ်ပဲ"

အလယ်ပိုင်းတိုက်နယ်အနောက်ဘက်တွင် အရှေ့ပင်လယ်နှင့်မျဉ်းပြိုင် တိုက်နယ်တစ်ခု ထိုးထွက်လာသည်။

"ဒါက ဗုဒ္ဒနိုင်ငံ"

အလယ်ပိုင်းတိုက်နယ်တောင်ဘက်တွင် ထူထဲသည့်သစ်တောများဖုံးလွှမ်းနေသည့် တိုက်နယ်တစ်ခု ထိုးထွက်လာသည်။

"ဒါကငါတို့အခုရောက်နေတဲ့ နတ်ဆိုးနယ်မြေ"

မြောက်ဘက်တွင် အဖြူရောင်တိုက်နယ်တစ်ခု ထိုးထွက်လာပြီး လွတ်နေသည့်နံရံနေရဦကိုဖြည့်သည်။

"ဒါက လူနေကျဲတဲ့ မြောက်ပိုင်းအေးခဲနယ်မြေပါ"

ကန်ထန်က လက်ညှိုးလက်မနှစ်ခုကိုစုပြီး အနီရောင်အလုံးတစ်ခု ညှပ်ယူသည်။ တိုက်နယ်ငါးခုအထက်တွင် ထားသည်။

"ဒါကနေနဲ့လပဲ"

(**နေနှင့်လကို တစ်ခုတည်းဟုသတ်မှတ်ခြင်းဖြစ်သည်)

ထို့နောက် ခဏရပ်၍ ဆက်ပြောသည်။

"မှတ်တမ်းတွေမှာမပါတဲ့ တိုက်နယ်တစ်ခုလည်းရှိတယ်။ အဆင့်မြင့်ကျင့်ကြံသူတွေပဲ သိကြတဲ့တိုက်နယ်ပေါ့"

ခြောက်ခုမြောက်တိုက်နယ်တစ်ခု ပေါ်လာသည်။ အပေါ်မှဖုံးအုပ်သည်။

အလုံပိတ်အခန်းတစ်ခုလိုဖြစ်လာသည်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ အံ့အားသင့်သွားကြသည်။ မယုံနိုင်အောင်ဖြစ်နေသည်။

"ဒါကို ဝိညာဉ်မဲ့တိုက်နယ်လို့ခေါ်တယ်။ နာမည်အတိုင်းပဲပေါ့။ ဝိညာဉ်စွမ်းအင်လုံးဝမရှိတဲ့ ဘာမှအဖိုးမတန်တဲ့ နယ်မြေပဲ။ ကျင့်ကြံသူတွေတင်မကဘူး။ သေမျိုးတွေတောင် အဲလိုနေရာမျိုးကို သွားချင်မှာမဟုတ်ဘူး"

ဝိညာဉ်စွမ်းအင်သည် စမ်းအင်ကြောများကိုဖွင့်ပေးပြီး ခန္ဓာကိုယ်ကိုအားဖြည့်ပေးသည်။ သေမျိုးများ ဝိညာဉ်မဲ့တိုက်နယ်သို့သွားလျှင် ရုပ်ခန္ဓာအခြေအနေ ဆုတ်ယုတ်ချို့ယွင်းလာပေလိမ့်မည်။

"လွန်ခဲ့တဲ့နှစ်သုံးသိန်းက အမည်မဲ့ရှေးစွမ်းအားရှင်တစ်ယောက် ကြယ်ကမ္ဘာတွေကို တိုက်နယ်အဖြစ်ပြောင်းလဲတယ်ဆိုတဲ့ ဒဏ္ဍာရီကို နင်တို့ကြားဖူးမှာပါ။

ဒါပေမယ့် သူက ကြယ်ကမ္ဘာတွေကို တိုက်နယ်တစ်ခုတည်းအဖြစ် ဖန်တီးခဲ့တာမဟုတ်ဘူး။ တိုက်နယ်ခြောက်ခုဖန်တီးခဲ့တာ။ မဖျက်ဆီးနိုင်တဲ့ တိုက်နယ်ခြောက်ခုက သေတ္တာတစ်လုံးလို ဖြစ်လာတယ်။ အားလုံးကို အထဲမှာပိတ်လှောင်ထားတယ်။

ခေတ်အဆက်ဆက်မှာ ပါရမီရှင်ကျင့်ကြံသူအတော်များများ တိုက်နယ်တွေကို ထိုးဖောက်ပြီး လောကအပြင်ဘက်ကိုသွားဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် တစ်ယောက်မှ မအောင်မြင်ဘူး။

လေဟာနယ်မှော်ပညာကျွမ်းကျင်တဲ့လူတွေတောင် တိုက်နယ်ရဲ့အောက်ဆုံးအလွှာကို မထိုးဖောက်နိုင်ကြဘူး။

မသေမျိုးတွေတောင် တိုက်နယ်တွေကိုမ ထိုးဖောက်ဘူးဆိုတဲ့ ကောလဟာလစကားတောင်တွင်ခဲ့တယ်။

ရှေးဟောင်းမသေမျိုးက ဘာကြောင့်ဒီလိုလုပ်ခဲ့သလဲဆိုတာတော့ အခုချိန်ထိ ဖြေရှင်းမရတဲ့ပဟေဠိတစ်ပုဒ်ပဲ။

တိုက်နယ်တစ်ခုဖြစ်ဖြစ် ခြောက်ခုလုံးဖြစ်ဖြစ် ကျင့်ကြံသူတွေအပေါ် ဘာသက်ရောက်မှုမှမရှိဘူး။ ဒီတိုက်နယ်ခြောက်ခုရဲ့ အဝိုင်းအဝန်းက ကျင့်ကြံလို့ တိုက်ခိုက်လို့ရလောက်အောင် အရမ်းကျယ်ပြန့်နေတယ်။ ပိတ်ဆို့ကန့်သတ်ထားတာကို လုံးဝမခံစားမိနိုင်ဘူး"

တိုက်နယ်ခြောက်ခုရှိနိုင်ကြောင်း၊ အဆုံးမရှိထင်ရလောက်အောင် ကျယ်ပြန့်လွန်းသည့်သေတ္တာတစ်လုံးထဲတွင် နေထိုင်နေကြခြင်းဖြစ်နိုင်ကြောင်း လုယန်ကြိုတင်တွေးမိခဲ့သည်။ သို့သော် လက်တွေ့သိရချိန်တွင် အိပ်မက်တစ်ခုလို ခံစားနေရဆဲဖြစ်သည်။

လုယန် အမြဲတွေးခဲ့သည်။ ဘာကြောင့် အမည်မဲ့ရှေးစွမ်းအားရှင်က ကြယ်များကို တိုက်နယ်အဖြစ်ပြောင်းခဲ့သနည်း။ ဘာရည်ရွယ်ချက်ရှိသနည်း။

သူစဉ်းစားမရခဲ့။ ယခု အဖြေတစ်ခုတော့ ရလာသည်။

ထိုစွမ်းအားရှင်သည် တစ်ခုခုကို ပိတ်လှောင်ထားလိုခြင်းဖြစ်မည်။

ကြယ်များကို အစိုင်အခဲတိုက်နယ်အဖြစ်ပြောင်း၍ မထိုးဖောက်နိုင်သည့် သေတ္တာကြီးတစ်ခု တည်ဆောက်ခဲ့သည်။ ကြီးမားလွန်းသဖြင့် အရွယ်အစားကို တိုင်းတာ၍မရနိုင်။

"နင်မယုံရင် ကိုယ်တိုင်အောက်ဆင်းပြီးကြည့်လို့ရတယ်။ မြေထွက်ပြေးပညာမျိုး တတ်ထားတယ်ဆိုရင်ပေါ့လေ"

ကန်ထန်က ထပ်ပြောသည်။

ကျင့်ကြံသူအတော်များများက ထိုအမှန်တရားကို ပထမဆုံးအကြိမ်သိရချိန်တွင် လက်မခံနိုင်အောင်ဖြစ်ကြသည်။

ကိုယ်တွေ့ကြုံမှ ယုံကြသည်။

"ကျုပ်သွားကြည့်မယ်"

လုယန် ချက်ချင်းထရပ်၍ မြေထဲအောင်းရန်ပြင်သည်။

သူ့တစ်ယောက်တည်း၏ဆန္ဒမဟုတ်။ နတ်မယ်ကလည်း ကြည့်ချင်နေသည်။

တိုက်နယ်၏ထုထည်က ထူထဲသည်။ လုယန်၏အမြန်နှုန်းဖြင့်ဆိုလျှင် အောက်ခြေသို့ရောက်ဖို့ ရက်ချီကြာမည်။

ယခု ရွှေသန္ဓေအဆင့်ရောက်နေပြီဖြစ်၍ ကိုယ်တွင်းလည်ပတ်မှုစနစ်ကို ထိန်းသိမ်းနိုင်သည်။ အချိန်အတော်ကြာအောင် အသက်မရှူဘဲနေနိုင်သည်။

တစ်ခုတည်းသောပြဿနာက မြေစုံ့မှော်ပညာကို ဆက်တိုက်သုံးလျှင် ဝိညာဉ်စွမ်းအင်ကုန်ခမ်းသွားနိုင်သည်။

သို့သော် မဟာအားဖြည့်ဆေးဖြင့် ထိုပြဿနာကို ဖြေရှင်းနိုင်သည်။

မြေစုံ့ပညာသုံး၍ မြေထဲသို့ သူအောင်းသွားသည်။

သုံးနာရီကြာပြီးနောက် သူ့ဝိညာဉ်စွမ်းအား ကုန်ခမ်းသွားသည်။

မြေပြင်ထောင်ဆွဲပညာဖြင့် မြေအောက်တွင် အခန်းတစ်ခုဖန်တီးပြီး ခဏအနားယူသည်။ အားဖြည့်ဆေးသောက်သည်။ ထို့နောက် ဆက်၍ဆင်းသည်။

ထိုကဲ့သို့ အကြိမ်နှစ်ဆယ်လုပ်ပြီးနောက် အချိန်ငါးရက် ကုန်သွားသည်။

နောက်ထပ်ဆက်၍ မြေစုံ့၍မရတော့။ ခိုင်မာသည့်မြေသားပေါ် ခြေချမိသလိုဖြစ်လာသည်။ အတော်သိပ်သည်းမာကျောသည်။

မြေစုံ့ပညာဆက်သုံး၍မရ။

တိုက်နယ်၏အောက်ခြေသို့ ရောက်လာခြင်းဖြစ်သည်။

********************************

All Chapters