← Chapters

ဝစီပိတ်၏သင်ခန်းစာနှစ်ခု

Vol. 39 Ch. 575

ဝစီပိတ်၏သင်ခန်းစာနှစ်ခု

Vol. 39 Ch. 575

ရှေးဟောင်းခေတ်မသေမျိုးငါးယောက် စည်းလုံးကြပုံကို လုယန်အတော်လေးစားသွားသည်။

တစ်ခါမှမရှိခဲ့ဖူးသည့် လှောင်အိမ်တစ်ခုဖြင့် လူသတ်သမားကို ပိတ်လှောင်သည်။ ထိုလှောင်အိမ်ကို မသေမျိုးငါးယောက် အတူပူးပေါင်းမှသာ ဖွင့်နိုင်မည်။

အံ့ဖွယ်သတ္တိဖြစ်သည်။ ပြောင်မြောက်သည့်လုပ်ရပ်ဖြစ်သည်။

လောလောဆယ် လုယန်တစ်ခြားအတွေးများမရှိ။ မေးခွန်းတစ်ခုတည်းသာရှိသည်။ အချိန်မသေမျိုးမရှိဘဲ ရှေးဟောင်းမသေမျိုးငါးယောက်ကို ဘယ်လိုစုစည်းနိုင်မည်နည်း။

(အချိန်အရိယဖလဖြင့် တစ်ယောက်ချင်းဆီ ပြန်ခြေရာခံရှာဖွေခြင်းကို ဆိုလိုဟန်ရှိပါသည်)

နတ်မယ်လည်း ထိုမေးခွန်းကြောင့် အကြပ်ရိုက်သွားသည်။

ခဏစဉ်းစားပြီးနောက် အဆင်ပြေလောက်သည့် နည်းလမ်းတစ်ခုကိုပြောသည်။

"နင်မသေမျိုးဖြစ်အောင်ကြိုစားပြီး အချိန်အရိယဖလတည်ဆောက်လိုက်ပါလား"

လုယန် "..."

နတ်မယ်..ခင်ဗျားကျုပ်ကို အထင်ကြီးနေတာပဲ...

အချိန်စည်းမျဉ်းတွေကို ကျွမ်းကျင်ဖို့ ဒီလောက်တောင်ခက်တာ...

အချိန်မသေမျိုးက သူ့မူလဇစ်မြစ် လောကသစ်ပင်အားကိုးရှိလို့ အဆုံးစမဲ့သက်တမ်းပိုင်ဆိုင်ထားတာ။ အချိန်ကိုအချိန်နဲ့ အလဲအထပ်ပြုပြီး ဖြေးဖြေးချင်းလေ့လာခဲ့လို့ အချိန်စွမ်းအင်နိယာမတွေကို ထိန်းချုပ်နိုင်ခဲ့တာ..

ကျုပ်က ဆယ့်ရှစ်နှစ်ပဲရှိသေးတာ။ ဒါကို အချိန်အရိယဖလတည်ဆောက်ဖို့ အစီအစဉ်ဆွဲခိုင်းနေတာလား...

ကျုပ်ဘယ်လိုကျွမ်းကျင်နိုင်မှာလဲ...

အချိန်မသေမျိးရဲ့'အလောင်း'ကို သွားယူရမှာလား။ ဒါမှမဟုတ် ခင်ဗျားက အချိန်နိယာမတွေအကြောင်း ကျုပ်ကိုသင်ပေးမှာလား...

"ယင်ထန်တို့ဘယ်လိုအခြေအနေရှိလဲ မသိရတာ ဆိုးတာပဲ။ သူတို့အသက်ရှင်နေသေးရင်တောင် ဘယ်ရောက်နေမှန်းမသိနိုင်ဘူး။ အဲလိုသာသိရင် သူတို့ကိုသွားတွေ့ပြီး မေးလိုက်ရုံပဲ"

နတ်မယ် စိတ်ပျက်ဟန်ဖြင့် ခေါင်းခါသည်။ သို့သော် သူစိတ်ကြည်နေမှန်း လုယန်ရိပ်မိသည်။

အရင်က လူသတ်သမားအကြောင်း သူတို့လုံးဝမသိခဲ့ရ။ ရှေးဟောင်းမသေမျိုးလေးယောက်ထဲမှတစ်ယောက်ယောက်ဟု သံသယဝင်ခဲ့သည်။ သို့သော်ယခု ထိုလေးယောက်ကို သံသယစာရင်းမှ ပယ်ထုတ်နိုင်ပြီဖြစ်သည်။

"ကဲပါ...ပြန်ကြစို့"

တိုက်နယ်၏အနက်ရှိုင်းဆုံးအလွှာကို လေ့လာသည့်ကိစ္စ ပြီးဆုံးသွားသည်။ ဤနေရာတွင် ဆက်နေဖို့မလိုတော့။

လူနှင့်ဝိညာည် ပူးပေါင်းလှုပ်ရှားသည်။ လုယန်က မြေစုံပညာဖြင့် မြေပြင်ကိုရေပြင်သဖွယ် ကူးခတ်သည်။

ခြေထောက်ကိုတွန်းကန်၍ ရှေ့မှမြေသားများကို လက်နှစ်ဖက်ဖြင့် ခွဲထုတ်သည်။ မြေထဲတွင် ငါးတစ်ကောင်ရေကူးသည်နှင့် ပမာတူသည်။

သို့သော် သူမကူးခတ်နိုင်တော့။

သူနားမလည်နိုင်အောင်ဖြစ်သွားသည်။ သူ့ပညာရပ်သည် ဟာကွက်မရှိ။ သို့‌သော်ယခု အထက်သို့တက်၍မရ။

အရှိန်ယူပြီး ခြေနှစ်ချောင်းကိုအားပြုကန်ထုတ်၍ မြေသားများကို တစ်ကြိမ်ပြီးတစ်ကြိမ် ယက်ထုတ်သည်။

သို့သော် ကူးခတ်၍မရသေး။

အောက်ခြေမှ တိုက်နယ်အတားအဆီးလွှာကို ငုံ့ကြည့်သည်။ ထိုအရာက သူ့ကိုဆွဲထားခြင်းဖြစ်ကြောင်း နားလည်လာသည်။

လုယန်အခြေအနေကိုကြည့်၍ နတ်မယ် နားလည်သွားသည်။

"ဪ...ငါမေ့နေတာ။ ဒီနေရာမှာ ဒြပ်ဆွဲအားရှိတယ်။ အဲဒါက နင့်ကိုဆွဲထားတာ"

မသေမျိုးလေးယောက်သည် ဤအတားအဆီးဖန်တီးရာတွင် တကယ်တော်ကြပေသည်။ ကြယ်များကို တိုက်နယ်အဖြစ်သန့်စင်ခဲ့ရုံသာမက။ ဒြပ်ဆွဲအားကိုပါ ဆက်ထိန်းသိမ်းထားခဲ့သည်။ သို့မဟုတ် မှော်စွမ်းရည်များဖြင့် ဒြပ်ဆွဲအားမှော်စက်ဝန်းတစ်ခု တည်ဆောက်ထားခဲ့ခြင်းဖြစ်သည်။

ဘယ်လိုပင်ဖြစ်စေ အလယ်ပိုင်းတိုက်နယ်တွင် ဒြပ်ဆွဲအားရှိနေသည်။

"အားနည်းနည်းပိုသုံးလိုက်ပါ။ နင်လုပ်နိုင်ပါတယ်"

နတ်မယ်က အားပေးသည်။

ဆင်းလာစဉ်က အလွန်လွယ်ကူချောမွေ့ခဲ့သည်။ အောက်ကိုကျလာသည့်အချိန်မြန်လွန်းသဖြင့် မြေအောက်အကျဉ်းထောင်စွမ်းအားသုံး၍ အရှိန်ပင်လျှော့ခဲ့ရသည်။

ယခု ပြန်တက်ရသည့်ခရီးက ပင်ပန်းလွန်းလှသည်။

အဆင်းငါးရက်ကြာခဲ့သည့်ခရီးက မြေပေါ်ပြန်တက်ဖို့ ဆယ့်သုံးရက်ကြာသည်။ အသက်ထွက်မတတ် ပင်ပန်းသည်။

နတ်မယ်က လမ်းကြောင်းမမှားအောင် လမ်းညွှန်ပေးခဲ့၍သာ တော်‌တော့သည်။ မဟုတ်လျှင် စွန်နီမျိုးနွယ်၊ ချုန်းချီမျိုးနွယ်တို့၏ပိုင်နက်များသို့ ရောက်သွားနိုင်သည်။

"မင်းခရီးစဉ်က ရက်အတော်ကြာတာပဲ"

လုယန် မြေပေါ်သို့ တီတစ်ကောင်လို လူးလွန့်၍ပေါ်လာချိန်တွင် ကျင့်ကြံနေသည့်မုန်ကျင်းကျိုး နိုးထလာသည်။

လုယန်က မကျေမနပ်စိုက်ကြည့်သည်။

"မင်းဆင်းသွားပြီး ပြန်တက်လာရင်လည်း အဲလောက်ကြာမှာပါပဲ"

ထင်ထားသည့်အချိန်ထက်စော၍ ပေါ်လာသည့်လုယန်ကို ကန်ထန်က စိတ်ဝင်တစားကြည့်နေသည်။ သူ့မောင်လေး၏ အသွားအပြန်ခရီးက သူခန့်မှန်းထားသည်ထက် လေးငါးရက်စောသည်။

'ဒီလိုအမြန်နှုန်းနဲ့ဆို နတ်ဝိညာဉ်အဆင့်တွေတောင် အားငယ်သွားကြမယ်ထင်တယ်'

သူ့စိတ်ထဲ တွေးနေသည်။

ရှောင်လုသည် သူခန့်မှန်းထားသည်ထက်ပင် ပိုစွမ်းအားကြီးသည်။ အမယွမ်က ယာယီဂိုဏ်းချုပ်ခန့်ခဲ့သည့်မှာ မဆန်းတော့။

"ဘယ်လိုလဲ။ တစ်ခုခုတွေ့ခဲ့လား။ ငါပြောတာမှန်တယ်မဟုတ်လား"

လုယန် ခေါင်းငြိမ့်သည်။ ဤခရီးမှ အကျိုးအမြတ်များစွာရခဲ့သည်။ သို့သော် ရှာတွေ့ခဲ့သည့်အချက်အလက်များကို တစ်ခြားလူနှင့် ဆွေးနွေး၍မရ။

မသေမျိုးလေးယောက်၏ အရိယဖလများအကြောင်းပြောလည်း အကျိုးရှိမည်မဟုတ်။ မသေမျိုးတို့၏အရိယဖလဗီဇကြောင့် ပြောပြီးသည်နှင့် တစ်ဘက်လူက ချက်ချင်းမေ့သွားမည်။

"ပြန်ရောက်ပြီဆိုတော့ နင်တို့နှစ်ယောက် ဒီမှာခဏနေခဲ့ဦး။ ငါအပြင်ထွက်ပြီး ဟိုအဘိုးကြီးတွေ ထွက်သွားပြီလား သွားကြည်ဦးမယ်"

ကန်ထန်ထရပ်၍ အကြောတစ်ချက်ဆန့်သည်။

အပြင်သို့လျှောက်မသွားကြရန် သတိပေးသည်။ သိပ်မကြာခင်ပြန်လာမည်ဟု ပြောသည်။

မှော်အဆောင်တစ်ခု သူထုတ်လိုက်သည်။ ချက်ချင်းမီးလောင်သွားသည်။

လုယန်တို့မျက်စိရှေ့မှာပင် ကန်ထန် နေရာမှချက်ချင်းပျောက်သွားသည်။

သာမန်မျက်လုံးဖြင့်ရော ဝိညာဉ်အာရုံ့ဖြင့်ပါ မမြင်ရတော့။

အတော်အဆင့်မြင့်သည့် ကိုယ်ပျောက်မှော်အဆောင်ဖြစ်သည်။ နတ်မယ်တစ်ယောက်သာ သူ့ကိုမြင်နိုင်သည်။

နာရီဝက်ကြာပြီးနောက် ပြောထားသည့်အတိုင်း ကန်ထန်ပြန်ရောက်လာသည်။ သတင်းကောင်းပါလာသည်။

"သူတို့အားလုံးထွက်သွားပြီ။ အခုငါတို့ ဘေးကင်းပါပြီ"

လုယန်တို့နှစ်ယောက် သက်ပြင်းကိုယ်စီချလိုက်သည်။ အနည်းဆုံးတော့ ဘေးကင်းသွားသည်ကို ကျေးဇူးတင်မိသည်။

"အခုကျုပ်တို့ ဘယ်ကိုသွားကြမလဲ"

"ငါ့ရဲ့ ဒုတိယစခန်းရှိတဲ့ ချုန်းချီမျိုးနွယ်ဆီကိုပေါ့"

လုယန်နှင့်မုန်ကင်းကျိုးတို့ မျက်လုံးပြူးသွားသည်။ ကန်ထန်က သူတို့ကို သားရဲဂူထဲသို့ တန်းတန်းမတ်မတ် ခေါ်သွားတော့မည်။

"စိတ်မပူပါနဲ့။ ချုန်းချီပိုင်နက်ကိုငါသွားခဲ့တာ ဘယ်နှကြိမ်လဲတောင် မမှတ်မိတော့ဘူး။ သူတို့က အပြင်ပန်းမှာ စွမ်းအားဘယ်လောက်ကြီးကြီး အတွင်းပိုင်းအုပ်ချုပ်ရေးစနစ်က အတော်လျော့ရဲရဲနိုင်ပါတယ်။ ငါတို့တာအိုလမ်းစဉ်ဂိုဏ်းနဲ့ လုံးဝယှဉ်မရဘူး"

သူတို့နှစ်ယောက် ကန်ထန်နှင့်အတူ ဂူထဲမှထွက်လိုက်သည်။ လှိုဏ်ဂူက တောင်တန်းပေါ်တွင်မဟုတ်ဘဲ တောင်ခြေတွင်ဖြစ်ကြောင်းတွေ့ရသည်။

ထိုနေရာမှ ထွက်ခွာဖို့ တောင်ပေါ်သို့တက်ရမည်။

တောင်တန်းက မြူခိုးနှင့်နှင်းများ သိပ်သည်းစွာဖုံးအုပ်နေသည်။ လတ်တလောရွာထားသည့်မိုးကြောင့် မြေသားလမ်းတွင် ရေအိုင်များ ချိုင့်ခွက်များ ဖြစ်ပေါ်နေသည်။

ရုတ်တရက် ကန်ထန် ခြေလှမ်းရပ်သွားသည်။

"ဘာဖြစ်တာလဲ အမသုံး"

ကန်ထန် ရေအိုင်ငယ်တစ်ခုကို လက်ညှိုးထိုးပြသည်။

"အဲဒီ့ထဲ ခုန်ဆင်းလိုက်"

"ဘာရယ်"

ကန်ထန် ဆက်ရှင်းမပြတော့ဘဲ ရေအိုင်ထဲသို့ ခုန်ချလိုက်သည်။

ထူးဆန်းသည်။ မိုးရေကြောင့်ဖြစ်ပေါ်နေသည့် ရေအိုင်ကွက်ဟုထင်ရသည်။ နှစ်လက်မသုံးလက်မခန့်သာနက်သည်။ သို့သော် ကန်ထန်တစ်ကိုယ်လုံး ပျောက်ကွယ်သွားသည်။

တွေးရခက်နေကြသော်လည်း အမသုံးကိုယုံကြည်ပြီး နှစ်ယောက်သား ခုန်ဆင်းကြသည်။

တစ်ကိုယ်လုံး ရေအောက်သို့ရောက်သွားသလို ခံစားရသည်။ အရှေ့ပင်လယ် အောက်ခြေသို့ နစ်မြုပ်သွားသလိုထင်ရသည်။ အရပ်လေးမျက်နှာကို ခွဲခြားမရ။

တစ်နေရာသို့ လုယန်အားစိုက်ကူးသည်။ သုံးလေးကြိမ်ကူးခတ်ပြီးနောက် သူ့ဦးခေါင်းပေါ့ပါးသွားသည်။ ‌ရေအိုင်ထဲမှ ထွက်ပေါ်လာသည်။

ဘေးပတ်လည်မြင်ကွင်းက ရေအိုင်ထဲခုန်မဆင်းမီကနှင့် အတူတူသာဖြစ်သည်။

"ဒါက အပြင်လောကပါ"

ကန်ထန် ပြုံး၍ပြောသည်။

သူတို့နေခဲ့သည့်နေရာသည် နတ်ဆိုးနယ်မြေသို့သူစရောက်စဉ်က တည်ဆောက်ထားသည့်နေရာဖြစ်သည်။ လေဟာနယ်စွမ်းအားလျှို့ဝှက်ချက်များစွာပါသည်။ ထို့ကြောင့်လည်း ထိုမျှအချိန်ကြာအောင် ဘယ်သူမှ ရှာမတွေ့ခြင်းဖြစ်သည်။

တောင်တန်း၏ သဘာဝမိုးရေကိုအသုံးချ၍ ရေအိုင်ကိုဝင်ပေါက်အဖြစ်ထားပြီး မြေအောက်လေဟာနယ်တစ်ခုတည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း လုယန်သဘောပေါက်လာသည်။

သီးခြားလေဟာနယ်တစ်ခုတွင် သူတို့ပုန်းအောင်းနေခဲ့ခြင်းဖြစ်သည်။

"ဒါက ငါတို့ဆရာသင်ပေးတဲ့ ဒုတိယသင်ခန်းစာလေ။ ပုန်းအောင်းနည်းပညာပေါ့"

ဝစီပိတ်က ကန်ထန်ကို ပထမဦးစွာ ထွက်ပြေးနည်းသင်သည်။ ထို့နောက် ပုန်းအောင်းနည်းသင်သည်။

ယွမ်ကျိသင်ခဲ့သည့် နည်းလမ်းများကို လုယန်ပြန်တွေးမိသည်။ ပထမသင်ခန်းစာက ရေစည်ပိုင်းများကို အလေးမ,ရသည်။ ဒုတိသင်ခန်းစာက ရေနွေးပူဖြင့် ရေချိုးရသည်။

ဘယ်သင်ခန်းစာပိုကောင်းသည်ကို ပြောဖို့ခက်သည်။

"ငါတို့သွားမယ့် ချုန်းချီမျိုးနွယ်နယ်မြေက ဒီဘက်လီတစ်ရာငါးဆယ်အကွာမှာရှိတယ်"

ကန်ထန် တစ်ဘက်သို့ လက်ညှိုးထိုးပြသည်။ ချုန်းချီမျိုးနွယ်ဆီသွားသည့်လမ်းတွင် ချုန်းချီမျိုးနွယ်ခွဲတစ်ခုကို ဖြတ်သန်းရမည်ဖြစ်ကြောင်း ပြောသည်။

"ဒီကိုယ်ပျောက်မှော်အဆောင်နှစ်ခုကို ယူကြ။ မျိုးနွယ်ခွဲဆီ ရောက်ခါနီးရင် မီးရှို့လိုက်"

ကန်ထန် မှော်အဆောင်တစ်ခုစီပေးသည်။

"မျိုးနွယ်ခွဲလား"

"ဟုတ်တယ်၊ သွေးဆက်မသန့်စင်တဲ့ ချုန်းချီတွေပေါ့။ ဒီချုန်းချီတွေက ချုန်းချီမျိုးနွယ်မိသားစုစာရင်းထဲ ပါဝင်ခွင့်မရဘူး။ မင်းတို့မြင်တဲ့အတိုင်းပဲ။ နတ်ဆိုးနယ်မြေက အန္တရာယ်များတယ်။

သူတို့က ချုန်းချီမျိုးနွယ်စစ်တွေနားမှာ အစောင့်အကြပ်အဖြစ် အစေခံအဖြစ် နေကြတာ"

ကန်ထန်ရှင်းပြသည်။

"ငါတို့ပထမဆုံးသတ်ခဲ့တဲ့ နတ်ဆိုးသားရဲက သွေးနှောချုန်းချီမဟုတ်လား"

မုန်ကျင်းကျိုး လုယန်ကို တီးတိုးမေးသည်။

"ဟုတ်တယ်"

လုယန် ခေါင်းငြိမ့်သည်။

သူတို့နှစ်ယောက် အရိုးရိုင်းနှင့်အတူ ကျားနတ်ဆိုးကိုသုတ်သင်ဖို့ သွားခဲ့သည်။ ထိုကျားသည် သွေးနှောချုံးချီဖြစ်သည်။

************************************

All Chapters