← Chapters

ချုန်းချီမျုးနွယ်ဂူသင်္ချိုင်း

Vol. 39 Ch. 576

ချုန်းချီမျုးနွယ်ဂူသင်္ချိုင်း

Vol. 39 Ch. 576

ကန်ထန်ပေးသည့် ကိုယ်ပျောက်မှော်အဆောင်က အတော်အဆင့်မြင့်သည်။ စွမ်းအားအဆင့်အကန့်အသတ်မရှိဘဲ အသုံးပြုနိုင်သည်။

လုယန် မှော်အဆောင်ကို မီးရှို့လိုက်သည်။ ကိုယ်ပျောက်သွားသည်။ ချုန်းချီမျိုးနွယ်ခွဲများကြားမှ အေးအေးဆေးဆေး ဖြတ်လျှောက်သွားသည်။

မျိုးနွယ်ခွဲဟုဆိုသော်လည်း ချုန်းချီသွေးပါသူများဖြစ်သည်။ နတ်ဆိုးနယ်မြေတွင် လေးစားခံရသူများဖြစ်သည်။

ခဏလျှောက်လာကြပြီးနောက် ကင်းလှည့်တပ်ဖွဲ့တစ်ခုတွေ့သည်။

တပ်ဖွဲ့ခေါင်းဆောင်က အခြေတည်အဆင့်ဖြစ်သည်။ အဖွဲ့ဝင်အားလုံး ချီအဋ္ဌမအဆင့် နဝမအဆင့်များဖြစ်သည်။

ထိုတပ်ဖွဲ့က ကင်းလှည့်အဖွဲ့ငယ်တစ်ခုသာဖြစ်သည်။ ထိုထက်ပိုကြီးသည့် တပ်ဖွဲ့ခေါင်း‌ဆောင်များသည် ရွှေသန္ဓေအဆင့် သို့မဟုတ် အနည်းဆုံး ရွှေသန္ဓေတစ်ဝက်အဆင့်ရှိသည်။

"ဒီမျိုးနွယ်ခွဲရဲ့ခေါင်းဆောင်က စုစည်းခြင်းအခြေခံအဆင့်ရှိတယ်။ ချုန်းချီမျိုးနွယ်အကြီးအကဲတွေနဲ့ တန်းတူအဆင့်ရှိတယ်။ ဒါပေမယ့် သူငယ်ငယ်က ဒဏ်ရာတစ်ခုရခဲ့လို့ သွက်သွက်လက်လက်မတိုက်ခိုက်နိုင်ဘူး"

ကန်ထန်က သတိပေးသည်။

ဤမျိုးနွယ်ခွဲသည် ပထမအဆင့်ဂိုဏ်းတစ်ခုနှင့်တန်းတူ စွမ်းအားရှိသည်။ အားအနည်းဆုံးပထမအဆင့်ဂိုဏ်းမျိုးကို ဆိုလိုပါသည်။ သို့သော် အထင်တော့မသေးသင့်။

နှစ်ယောက်လုံး ခေါင်းငြိမ့်ကြသည်။ သူတို့ညီအကို တစ်ခြားစွမ်းရည်များ လျော့ချင်လျော့မည်။ သတိတော့မလျော့။

ထို့နောက် ငယ်ရွယ်သန်စွမ်းသည့် သွေးနှောချုန်းချီတစ်ကောင် ခြံဝန်းငယ်ထဲတွင် ခုန်ပျံလှုပ်ရှားရင်း စွမ်းရည်လေ့ကျင့်နေသည်ကို မြင်ရသည်။ တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသော်လည်း မရပ်သေး။

"ငါ့သွေးဆက်ကို သန့်စင်တဲ့ချုန်းချီသွေးဆက်အဖြစ်ပြောင်းရမယ်။ ငါ့မိသားစု ဂုဏ်တက်အောင်လုပ်ရမယ်"

ချုန်းချီငယ်၏မျက်လုံးများက စူးရှတောက်ပပြီး မျှော်လင့်ချက်အပြည့်ရှိနေသည်။

"သွေးဆက်ပြောင်းတဲ့နည်းလမ်းတွေ ဒီနေ့ခေတ်အထိ ရှိနေတုန်းလား"

နတ်ဆိုးသားရဲများနှင့် အချိန်ကြာမြင့်စွာ ထိတွေ့ဆက်ဆံခဲ့ဖူးသည့်နတ်မယ်က တစ်ချက်ကြည့်ရုံဖြင့် ချုန်းချီလှုပ်ရှားနေသည့် ပညာရပ်ကို နားလည်။ ချီလင်မသေမျိုး တီထွင်ခဲ့သည့် သွေးဆက်ပြောင်းလဲခြင်းကျင့်စဉ်ပညာဖြစ်သည်။

ချီလင်မသေမျိုးမတိုင်မီကလည်း သွေးဆက်ပြောင်းလဲနည်းများရှိခဲ့သည်။ သို့သော် ထိရောက်မှုနည်းလွန်းသည်။

"နတ်မယ်၊ သူက ချုန်းချီသွေးဆက်အစစ်ကို ပြောင်းလဲနိုင်လား"

"ဒီကျားပေါက်လေးရဲ့သွေးဆက်တွေက အများကြီးရောနေတယ်။ နတ်ဆိုးသားရဲဘိုးဘေး ခြောက်မျိုးခုနစ်မျိုးလောက်ရဲ့သွေးဆက် ရောနေတာ။

မျိုးနွယ်ခွဲတစ်ခုမှာ သူ့ပါရမီက ထူးခြားတယ်လို့ သတ်မှတ်နိုင်ပါတယ်။ ဒီနည်းလမ်းအတိုင်းကျင့်ကြံသွားရင် သွေးဆက်အစစ်ကို တကယ်ပြောင်းလဲနိုင်တယ်။

ဒါပေမယ့် အဲလောက်ထိပဲသူသွားနိုင်မှာ။ သွေးဆက်အစစ်ရလို့ ချုန်းချီမျိုးနွယ်စစ်ထဲကို ဝင်လိုက်တာနဲ့ သူ့လိုပါရမီရှင်တွေ အများကြီးရှိနေတာတွေ့လိမ့်မယ်။

မျိုးနွယ်စစ်တွေကြားမှာ သူထူးချွန်ထင်ရှားလာမှာမဟုတ်ဘူး"

"အဲလောက်တောင်ဆိုးတာလား"

"ဆိုးတာမဟုတ်ဘူး။ ဒါအမှန်တရားပဲ။ ပါရမီချင်းကွာခြားတာက ရှင်းနေတာပဲလေ။ ဒီကျားပေါက်လေးက မဟာရှားဗိုလ်လုပွဲမျိုးမှာဆို အနိုင်ရဖို့မပြောနဲ့။ ဝင်ပြိုင်ဖို့တောင် အရည်အချင်းမီမှာမဟုတ်ဘူး။

ချုန်းချီမျိုးနွယ်မှာ သူ့လို ဇွဲကောင်းကောင်းနဲ့ကြိုးစားနေတဲ့ပါရမီရှင်တွေ အများကြီးရှိတယ်။ အဲဒီ့ပါရမီရှင်တွေက အစကတည်းက အထောက်အပံ့ကောင်းကောင်းရခဲ့တော့ သူထက်ပိုသာနေတာပေါ့။ သူဘယ်လို ထင်ပေါ်နိုင်မှာလဲ။

စွမ်အားအကြီးဆုံးဖြစ်ဖို့ ပါရမီနဲ့အထောက်အပံ့ နှစ်ခုလုံးလိုအပ်တယ်။ နင့်ပါရမီကောင်းရင်တောင် ဒုတိယအဆင့် တတိယအဆင့်ဂိုဏ်းတွေကိုမပြောနဲ့ဦး ပထမအဆင့်ဂိုဏ်းကို ဝင်ခွင့်ရရင်တောင် အဲဒီ့ဂိုဏ်းမှာ နင့်ပါရမီကို အကျိုးရှိအောင် အပြည့်အဝအသုံးချနိုင်မှာလား။ မဖြစ်နိုင်ဘူးလေ"

လုယန် ခေါင်းငြိမ့်သည်။ ကိုယ့်ငါးချဉ်ကိုယ်ချဉ်သည်မဟုတ်။ သူ့ပါရမီသည် ပထမအဆင့်ဂိုဏ်းတွင် အပြည့်အဝအသုံးချနိုင်သည့် အဆင့်အတန်းမျိုးမဟုတ်။ ဓာတ်ငါးမျိုးဂိုဏ်းမှာပင် အဆင်မပြေလောက်။

"ဒီတော့ နင်သိလား။ ကြိုးစားရင် အောင်မြင်နိုင်တယ်ဆိုတာမှန်တယ်။ ဒါပေမယ့် ဘယ်လောက်ကြိုးစားကြိုးစား နင့်ထက်ပါရမီထူးပြီး နင့်လိုကြိုးစားနေတဲ့လူတွေကို ယှဉ်နိုင်မှာမဟုတ်ဘူး"

"နတ်မယ်၊ ခင်ဗျားက ကျုပ်ကို ဒီထက်ပိုပြီး ကြိုးစားအားထုတ်ဖို့ ပြောနေတာလား"

"မဟုတ်ဘူး။ ငါဆိုလိုတာက ရှောင်ယွမ်ရဲ့ပါရမီဟာ အရမ်းကောင်းတယ်။ အခက်အခဲတွေကို သည်းခံနိုင်တယ်။ နင်ထက် နှစ်ပေါင်းရာချီပိုပြီးကျင့်ကြံခဲ့တာ။ နင်သူ့ကို အမီမလိုက်နိုင်လောက်ဘူး။

ဒီတော့ ငါတို့ထာဝရမျိုးဆက်တွေ သူနဲ့တိုက်ခိုက်တဲ့အခါ ငါဦးဆောင်မယ်။ နင်က အားဖြည့်ပေးပါလို့ပြောတာ"

လုယန် "..."

သုံးယောက်သား ပြဿနာတစ်စုံတစ်ရာမတွေ့ဘဲ မျိုးနွယ်ခွဲနယ်မြေကိုဖြတ်ကျော်၍ ချုန်းချီမျိုးနွယ်စစ်ဆီ ရောက်လာသည်။

ကောင်းကင်နှင့်မြေပြင်တွင် ချုန်းချီငါးဖွဲ့ ကင်းလှည့်နေသည်။ ဆယ်မိနစ်တစ်ကြိမ် အဖွဲ့ပြောင်းသည်။

"ထူးဆန်းတယ်။ ဘာလို့ချုန်းချီတွေ ဒီလောက်လှုပ်လှုပ်ရွရွဖြစ်နေတာလဲ။ နတ်ခွေးမျိုးနွယ်ကို စစ်တိုက်ကြတော့မလို့များလား"

ကန်ထန်သူ့ဘာသာရေရွတ်နေသည်။

"ကျုပ်တို့နေရာပြောင်းကြမလား"

"မလိုပါဘူး။ သူတို့က ငါတို့ကိုပစ်မှတ်ထားတာမှမဟုတ်တာ"

"အမဘယ်လိုသိတာလဲ"

မုန်ကျင်းကျိုး စပ်စုလိုက်သည်။

"ငါတို့ကို တိုက်ခိုက်ချင်ရင် ချုန်းချီအကြီးအကဲတွေ ကင်းပတ်နေမှာပေါ့။ ဒီအဆင့်နိမ့်အဖွဲ့တွေ ဘယ်ဟုတ်ပါ့မလဲ။ ဒီလိုလုံခြုံရေးတင်းကြပ်နေတာက ဟန်ပြသက်သက်ပဲဖြစ်မှာပါ"

"...ဟုတ်ပါတယ်လေ"

"မွန်းတည့်ချိန်ရောက်တိုင်း မျိုးနွယ်အကာအကွယ်မှော်စက်ဝန်းက အသက်သုံးရှူစာ ဟာကွက်ပေါ်တယ်။ ဒီအချိန်ကိုအသုံးချပြီး ငါတို့ဝင်ရမှာ"

ချုန်းချီမှော်စက်ဝန်းနှင့် ကန်ထန် ရင်းနှီးပြီးနေဟန်တူသည်။ ဤနေရာသို့ အကြိမ်ကြိမ်အခါခါ လာခဲ့ဖူးပုံရသည်။

နောက်ထပ် ဆယ့်ငါးမိနစ်ကြာချိန်တွင် ကန်ထန် အချက်ပြလိုက်သည်။ သုံးယောက်လုံး ချုန်းချီနယ်မြေသို့ အချိန်ကိုက်ဝင်ကြသည်။

ချုန်းချီတို့သည် တော်အုပ်များ လှိုဏ်ဂူများတွင် နေထိုင်လေ့ရှိသည်။ ထို့ကြောင် နယ်မြေတစ်ခုလုံး အခေါင်းထွင်းထားသည့် သစ်ပင်များ‌‌ တောင်ကုန်းများ ပြည့်နေသည်။

နယ်မြေထဲဖြတ်လျှောက်လာချိန်တွင် မကြာခဏဆိုသလို ချုန်းချီများစု၍ စကားပြောနေသည်ကို ကြုံရသည်။

'သံတမန်လာမယ်'ဆိုသည့်စကားကို လုယန် မသဲမကွဲကြားရသဖြင့် အတွေးနစ်သွားသည်။

ချုန်းချီမျိုးနွယ် လုံခြုံရေးတင်းကြပ်နေသည်မှာ ထိုအကြောင်းကြောင့်လော...

လုယန် ကန်ထန်ကို တီးတိုးမေးလိုက်သည်။

"သံတမန်လား...။ အဆင့်တူမျိုးနွယ်သံတမန်ဆိုရင် ဒီလောက်ဂဏာမငြိမ်မဖြစ်လောက်ဘူး။ ချုန်းချီထက်ပိုစွမ်းအားကြီးတဲ့မျိုးနွယ်တစ်ခု ဖြစ်မယ်။ နဂါးမျိုးနွယ်နဲ့ဖီးနစ်မျိုးနွယ်သံတမန်မျိုး ဖြစ်နိုင်တယ်"

"အမသုံး၊ ကျုပ်တို့ ဘယ်နေရာကိုသွားမှာလဲ"

လုယန်နှင့်မုန်ကျင်းကျိုးတို့ ကန်ထန်နောက်မှလိုက်ရင်း နယ်မြေအတွင်းပိုင်းသို့ တစ်ဖြေးဖြေးရောက်လာသည်။

နေ့တစ်ပိုင်းခန့် လျှောက်ခဲ့သော်လည်း ချုန်းချီတစ်ယောက်မှမမြင်ရသဖြင့် သူတို့ကျောရိုးစိမ့်လာသည်။

"ချုန်းချီမျိုးနွယ် ဂူသင်္ချိုင်းကိုပါ။ သမိုင်းအမွေအနှစ် ဖုံးကွယ်နေတဲ့ လျှို့ဝှက်ချက်တွေ လေ့လာချင်ရင် အဲလိုနေရာမျိုးကိုသွားရတယ်။

ဆေးရေးပန်းချီတွေဖြစ်ဖြစ် သဂြိုလ်ပစ္စည်းတွေဖြစ်ဖြစ် အားလုံးက လေ့လာထိုက်တဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေပဲ။ အမယွမ်ကို ရှေးဟောင်းသမိုင်းကျွမ်းကျင်တဲ့လူတစ်ယောက် လွှတ်ပေးဖို့တောင်းဆိုခဲ့တယ် မဟုတ်လား။

အဲဒါ ဒီနေရာပဲ။ ချုန်းချီဂူသင်္ချိုင်းမှာ ထူးဆန်းတာတစ်ခု ငါတွေ့ထားတယ်"

"ထူးဆန်းတာတစ်ခု...ဟုတ်လား"

"ရှင်းပြရခက်တယ်။ မြင်တဲ့အခါ နင်နားလည်ပါလိမ့်မယ်"

ချုန်းချီမျိုးနွယ်သည် ဘိုးဘေးဂူသင်္ချိုင်းများကို အတော်အလေးအနက်ထားသည်။ စုစည်းခြင်းအဆင့်ချုန်းချီတစ်‌ယောက် ဂူသင်္ချိုင်းကို စောင့်နေသည်။

သို့သော် ထိုအစောင့်ရှိနေသည်ကို ကန်ထန်ကအရေးမစိုက်။ မျိုဆက်သစ်လူငယ်နှစ်ယောက်ကိုပင် ဖုံးကွယ်၍ အထဲသို့ခေါ်သွားနိုင်သည်။

ချုန်းချီဂူသင်္ချိုင်းကိုကြည့်၍ လုယန်တို့နှစ်ယောက် မင်သက်မိသွားကြသည်။

ခံ့ညားထည်ဝါသည် ချုန်းချီရုပ်ထုတစ်ခု ရှိနေသည်။ ကြီးလွန်းလှသည်။ သူတို့မြင်ကွင်းတစ်ခုလုံး အပြည့်ဖြစ်နေသည်။ တောင်တန်းသုံးခုကို မှော်စွမ်းအားဖြင့်စုစည်း၍ ထုလုပ်ထားခြင်းဖြစ်သည်။

ချုန်းချီရုပ်ထုက အသက်ဝင်နေသယောင်ထင်ရသည်။ ကြောက်စရာကောင်းသည့်ကျားတစ်ကောင် တောင်ပံနှစ်ဘက်ဖြန့်ထားသည်။ မျက်လုံးများက စူးရှသည်။ ကောင်းကင်သို့ ပျံတက်တော့မည့် ဟန်ပန်မျိုးရှိသည်။

ကြည့်ရုံဖြင့်ပင် ကျောချမ်းစရာကောင်းသည်။

ချုန်းချီဂူသင်္ချိုင်းက ထိုရုပ်ထု၏ အောက်တည့်တည့်တွင် ရှိသည်။

"ဒါဟာ ရှေးဟောင်းခေတ်က တည်ဆောက်ခဲ့တဲ့ ဂူသင်္ချိုင်းလို့ ပြောကြတယ်။ အဲဒီ့ခေတ်က နတ်ဆိုးမျိုးနွယ်ကြားမှာ ရေပန်းစားခဲ့တဲ့ဒီဇိုင်းပုံစံပေါ့"

ကန်ထန် သူတို့သိပ်အံ့ဩနေဖို့မလိုကြောင်း စကားရိပ်ပြသည်။

ရုတ်တရက် မုန်ကျင်းကျိုး ခြေလှမ်းရပ်သွားသည်။ ဦးခေါင်းအထက်မှ ချုန်းချီရုပ်ထုကို မော့မကြည့်ရဲဘဲ လက်ညှိုးထိုး၍

"ဒီရုပ်ထုက အသက်ရှိနေသလို ခံစားရတယ်။ ကျုပ်တို့ကို စောင့်ကြည့်နေသလိုပဲ။ စိတ်ထင်လို့ပဲလားတော့မသိဘူး"

လုယန်လည်း ထိတ်လန့်သွားပြီး ကြက်သီးမွှေးညှင်းများထလာသည်။

မှန်သည်။ သူလည်း ထိုသို့ခံစားနေရသည်။

နှစ်ယောက်လုံး ထိုခံစားချက်မျိုးရှိနေသည်ဆိုလျှင် စိတ်ထင်ခြင်းမဖြစ်နိုင်။

ကန်ထန်က သိစိတ်အာရုံမှ လှမ်းပြောသည်။

"ငါလည်းအဲလိုပဲ ခံစားရပါတယ်။ ချုန်းချီမျိုးနွယ်မှာ ဒဏ္ဍာရီတစ်ပုဒ်ရှိတယ်။ ငါတို့ဦးခေါင်းထက်က ရုပ်ထုဟာ ရုပ်ထုအစစ်မဟုတ်ဘူးတဲ့။ ရှေဟောင်းချုန်းချီတစ်ကောင် ကျောက်ရုပ်အဖြစ်ပြောင်းသွားပြီး အိပ်မောကျနေတာလို့ပြောတယ်။ အချိန်မရွေးပြန်နိုးထလာနိုင်တယ်တဲ့"

နှစ်ယောက်လုံး ပို၍ဂဏာမငြိမ်ဖြစ်လာသည်။

လောကအတွေ့အကြုံစုံသည့်နတ်မယ်က ရှင်းလင်းချက်ပေးသည်။

"နင်တို့ကို တစ်ယောက်ယောက်စောင့်ကြည့်သလိုခံစားနေရတာက မှော်စက်ဝန်းတစ်ခုရဲ့စွမ်းအားကြောင့်ပါ။ ဒီမှော်စက်ဝန်းကို ယင်ထန်မသေမျိုး တီထွင်ခဲ့တာလေ။ ဂူသင်္ချိုင်းတွေဆောက်တဲ့အခါ အဲလိုမှော်စက်ဝန်းတွေ ဖန်တီးကြဖို့ အားလုံးကို သူတိုက်တွန်းခဲ့တယ်။

အဲလိုဆိုရင် လူတွေစိတ်ခြောက်ခြားပြီး တောင်ပြောမြောက်ပြောပြောတဲ့ ဒဏ္ဍာရီတစ်ပုဒ်ဖြစ်လာနိုင်တယ်တဲ့"

**********************************

All Chapters