← Chapters

သမိုင်းတွင်အဆင့်အမြင့်ဆုံးတိုက်ပွဲ

Vol. 39 Ch. 579

သမိုင်းတွင်အဆင့်အမြင့်ဆုံးတိုက်ပွဲ

Vol. 39 Ch. 579

ကန်ထန်စကားကြောင့် လုယန်နှင့်နတ်မယ် စကားပြတ်သွားသည်။

လုယန်မြင်ဖူးသည့် ရှေးဟောင်း ကြွေအိုးပန်းချီများလို အကြောင်းအရာကို ခန့်မှန်းကြည့်စရာမလို။ ချုန်းချီသင်္ချိုင်းမှ ကြွေအိုးပန်းချီက အတော်လေးအသေးစိတ်ကျသည်။

မိုးမြေကြားမှ ကပ်ဆိုးအပြောင်းအလဲကြီးတစ်ခုကို ဖော်ပြသည်။ ကမ္ဘာ့အဆုံးသတ်ချိန်ရောက်လာသလို ထင်ရသည်။

သက်ရှိအားလုံးက ပုရွက်ဆိတ်နှင့်တူသည်။ ကြွေအိုးပန်းချီမှတစ်ဆင့် သက်ရှိတို့၏ အဆုံးမဲ့စိတ်ပျက်အားငယ်ခြင်းကို လုယန်ခံစားရသည်။

ထိုခွန်အားမျိုးနှင့် ရင်ဆိုင်ရလျှင် ခုခံနိုင်စရာအကြောင်း လုံးဝမရှိ။

ချုန်းချီဘိုးဘေးက တောင်ပံကိုဖြန့်လျက် သူ့မျိုးနွယ်ကို အတင်းကာကွယ်နေသည်။

ပန်းချီပုံ၏ ရည်ရွယ်ချက်က ချုန်းချီအို၏ ထူးခြားသည့်အောင်မြင်မှုများကို ဖော်ပြခြင်းဖြစ်သည်။ မဟာကပ်ဆိုးကြီးတစ်ခုအတွင်း ချုန်းချီမျိုးနွယ်ကို ကာကွယ်ခဲ့ကြောင်း ပြထားသည်။

သို့သော် လုယန်က ချုန်းချီကို သိပ်အာရုံမစိုက်မိ။ ပန်းချီကား၏ နောက်ခံအခြေအနေကိုသာ အာရုံစိုက်သည်။

ကမ္ဘာဖျက်ကပ်ဆိုးကြီးက နောက်ဘက်မှ မထင်မရှားသဏ္ဌာန်လေးခုမှ စတင်ဖြစ်ပေါ်လာသည်။

ထိုသဏ္ဌာန်လေးခုက သဲသဲကွဲကွဲမမြင်ရ။ သို့သော် သူတို့လှုပ်ရှားမှုတိုင်း အဆုံးစမဲ့စွမ်းအားကို ထင်ဟပ်နေသည်။

"ဒီသဏ္ဌာန်လေးခုက ရှေးဟောင်းမသေမျိုးလေးယောက်ဖြစ်မယ်"

ကန်ထန် ယုံကြည်ချက်အပြည့်ဖြင့် မှတ်ချက်ပြသည်။

ထိုဒဏ္ဍာရီလေးယောက်သာ ချုန်းချီအိုတောင်ပံဖြန့်၍ မျိုးနွယ်တူများကိုကာကွယ်ရသည့် အခြေအနေမျိုး လုပ်နိုင်စွမ်းရှိသည်။

"ဟုတ်တယ်"

လုယန် ခေါင်းငြိမ့်သည်။ သူ့အမူအရာ နည်းနည်းတည်ငြိမ်နေသည်။ ပန်းချီကားထဲမှ အဖြစ်အပျက်ကို ခန့်မှန်းမိပြီးဖြစ်ဟန်တူသည်။

"ဒါပေမယ့် မေးစရာရှိတာက ဘယ်လိုရန်သူမျိုးမို့ မသေမျိုးလေးယောက် အတူပေါင်းပြီး ရင်ဆိုင်ခဲ့ရတာလဲ"

ကန်ထန် နားမလည်။ ပုံရိပ်လေးခုက တစ်တန်းတည်းရှိနေသည်။ ပူးပေါင်းလှုပ်ရှားနေမှန်း သိသာသည်။

ရှေးဟောင်းခေတ်တွင် ဒဏ္ဍာရီမသေမျိုးလေးယောက် အတူပေါင်း၍ရင်ဆိုင်ရသည့် ရန်သူသည် ဘယ်လိုရန်သူနည်း။

ရှေးမှတ်တမ်းအားလုံး ဖတ်ရှူဖူးသည့် ကန်ထန်ပင် ထိုရန်သူအကြောင်း ဖော်ပြချက်မျိုး မတွေ့ဖူးခဲ့။

လုယန် အသံတိတ်နေသည်။ နတ်မယ်ကိုသတ်၍ ရှေးမသေမျိုးလေးယောက် ဒေါသထွက်အောင်လုပ်ခဲ့သည့် လျှို့ဝှက်စွမ်းအားရှင်တစ်ယောက် ရှိခဲ့သည်။

ပန်းချီကားက ထိုစွမ်းအားရှင်နှင့် မသေမျိုးလေးယောက်တိုက်ပွဲအကြောင်း သရုပ်ဖော်ထားသည်။ ရှေးဟောင်းမသေမျိုးငါးယောက် စွမ်းရည်တိုးတက်အောင် လေ့ကျင့်တိုက်ခိုက်မှုမျိုးမဟုတ်။

ဤတိုက်ပွဲနှင့် ကွဲပြားခြားနားသည်။

အမည်မသိမသေမျိုးနှင့် ရှေးမသျေိုးလေးယောက်တိုက်ပွဲသည် စွမ်းအားကုန်ထုတ်၍ တိုက်ခိုက်ကြခြင်းဖြစ်သသည်။ ဘယ်တုန်းကမှ မမြင်ဖူးခဲ့သည့် တိုက်ပွဲမျိုးဖြစ်သသည်။

သမိုင်းတွင် အပြင်းထန်ဆုံးတိုက်ပွဲ ဒဏ္ဍာရီတိုက်ပွဲတစ်ပွဲဖြစ်သည်။

မသေမျိုးတစ်ဝက်အဆင့်များပင် ဤတိုက်ပွဲ၌ ဝင်စွက်ခွင့်မရ။

သို့သော် ထိုအကြောင်းမျိုးကို ကန်ထန်အား လုယန်ထုတ်ပြော၍မဖြစ်။

အမယွမ်က သတိပေးထားသည်။ နောက်ကွယ်မှ လူသတ်သမား၏ သရုပ်မှန်နှင့် ရည်ရွယ်ချက်ကို မသိရသေး။ ထို့ကြောင့် နတ်မယ်ရှိနေသည့်အဖြစ်ကို ထုတ်မပြောရ။

နတ်မယ် ပြန်ရှင်သန်လာကြောင်း လူသတ်သမားသိသွားလျှင် နတ်မယ်အကြောင်းသိသမျှ လူအားလုံးကို သတ်ဖြတ်ပေလိမ့်မည်။

လုယန် ခေါင်းခါသည်။ ရှေးမသေမျိုးလေးယောက်၏ရန်သူကို သူလည်းမသိကြောင်း အချက်ပြခြင်းဖြစ်သည်။

ကန်ထန်စိတ်ပျက်သွားသည်။ လုယန် ပန်းချီကားထဲမှ နောက်ထပ်အသေးစိတ်အချက်တစ်ခုကို ထောက်ပြသည်။

"ကြည့်ပါဦးအမသုံး။ ပန်းချီနောက်ခံမှာ တစ်ခြားဂြိုလ်တွေလည်းပါတယ်။ ဂြိုလ်တိုင်းရဲ့ဘေးပတ်လည်မှာ အလင်းစက်ဝန်းတွေရှိတယ်။ အကာအကွယ်ဒိုင်းတွေဖြစ်လောက်တယ်။

ရှေးမသေမျိုးလေးယောက်က သိစိတ်ပျောက်ပြီး ဒေါသထွက်ကြတာမဟုတ်ဘူး။ တိုက်ခိုက်ရင်းမှာတောင် ဒီဂြိုလ်တွေကို ကာကွယ်ဖို့ ကြိုးစားခဲ့ကြတယ်။ ဒီအကာအကွယ်သာမရှိခဲ့ရင် စကြာဝဠာရဲ့ သတ္တဝါအများစုဟာ သေရင်သေ၊ မသေရင် ဒဏ်ရာအပြင်းအထန်ရခဲ့လောက်တယ်"

"ဟုတ်တယ်၊ အဲလိုပဲဖြစ်မယ်"

ကန်ထန် ထူးထူးခြားခြားအံ့အားသင့်သွားသည်။ အတော်အရေးပါသည့် အချက်တစ်ချက် သိလိုက်ရခြင်းဖြစ်သည်။

လက်ရှိသမိုင်းမှတ်တမ်းများတွင် ကိုးဆမသေမျိုး ဆပွားမြေဖြင့် လူအများကို ကယ်ခဲ့သည့်ဖြစ်ရပ်လောက်သာပါသည်။ တစ်ခြားမသေမျိုးများ လူကယ်သည့်အကြောင်းအရာမျိုး လုံးဝမရှိ။

ထို့ကြောင့် တစ်ခြားမသေမျိုးသုံးယောက်၏ စိတ်နေစရိုက်နှင့်ပတ်သက်၍ သမိုင်းပညာရှင်များကြား အငြင်းပွားစရာဖြစ်ခဲ့သည်။

ယခု သေချာသည့်အချက်တစ်ချက် ရှိလာသည်။ ရှေးဟောင်းမသေမျိုးလေးယောက်သည် သက်ရှိအားလုံးကို ပုရွက်ဆိတ်လို သဘောမထားခဲ့။

အမှန်တော့ ဂြိုလ်များကို ကာကွယ်ထားသည့်ကိစ္စ လုယန် သတိထားမိခြင်းမဟုတ်။ မသေမျိုးလေးယောက် ဝင်စွက်ခဲ့သည့်အဖြစ်ကို သူမမြင်ခဲ့။ ဂြိုလ်များပတ်လည်မှ အလင်းစက်ဝန်းများကိုလည်းမမြင်ခဲ့။

နတ်မယ်က သတိထားမိခဲ့ခြင်းဖြစ်သည်။

သိစိတ်နယ်မြေတွင် လုယန်မျက်မှောင်ကျုံ့သည်။ ရှေးဟောင်းအမည်မသိစွမ်းအားရှင်ဆိုသည်မှာ ရှေးဟောင်းမသေမျိုးလေးယောက်ဖြစ်သည်။

သူတို့လေးယောက်က တိုက်ခိုက်ချိန်တွင် ကြယ်ကမ္ဘာ(ဂြိုလ်)များကို နည်းလမ်းတစ်ခုဖြင့် ကာကွယ်ခဲ့သည်။ ထိုအချက်သည် သူသိထားသည့် သမိုင်းမှတ်တမ်းများနှင့် ဆန့်ကျင့်နေသည်။

သမိုင်းမှတ်တမ်းအရ ရှေးဟောင်းအမည်မသိစွမ်းအားရှင်သည် ကြယ်ကမ္ဘာများကို တိုက်နယ်များအဖြစ် သန့်စင်ခဲ့သည်။ မရေမတွက်နိုင်သည့် သေကြေပျက်စီးမှုများ ဖြစ်စေခဲ့သည်။ သမိုင်းကြောင်း အဆက်ပြတ်ခဲ့သည်။

ရှေးဟောင်းဘာသာစကားပင် ပျောက်ကွယ်သွားသည်။

ထိုအပျက်အစီးထဲမှ မဟာချန်နိုင်ငံကို တည်ဆောက်ခဲ့သည်။ လူသားမျိုးနွယ်အင်ပါယာနိုင်ငံများခေတ်သို့ ရောက်လာသည်။

အကယ်၍ ကြယ်ကမ္ဘာများကိုသန့်စင်ခဲ့သူသည် ရှေးဟောင်းမသေမျိုးလေးယောက်ဖြစ်လျှင် သန့်စင်ချိန်၌ သမိုင်းအဆက်ပြတ်သွားရလောက်အောင် သက်ရှိအားလုံး၏ ကံကြမ္မာကို ဘာကြောင့်လျစ်လျူရှုခဲ့သနည်း။

"ကြယ်ကမ္ဘာတွေကို တိုက်နယ်တွေအဖြစ် သန့်စင်ပြီးတဲ့နောက်မှာ သမိုင်းအဆက်ပြတ်စေခဲ့တဲ့ တစ်ခြားအဖြစ်အပျက်တစ်ခု ရှိခဲ့တာများလား"

ဘယ်ကမှန်းမသိသည် မီးနိုင်ငံ(ချီနိုင်ငံ) အကြောင်း လုယန် ရုတ်တရက် ပြန်သတိရလာသည်။

မီးနိုင်ငံအကြောင်း မသေမျိုးလျှို့ဝှက်မြေ(ထာဝရမြို့ပျက်)တွင် စသိခဲ့ရသည်။

အချိန်ကာလခန့်မှန်းချက်အရ ရှေးဟောင်းခေတ်အတွင်း တည်ရှိခဲ့သည်။ သို့သော် ထူးဆန်းသည်မှာ မီးနိုင်ငံနှင့်ပတ်သက်၍ မှတ်တမ်းမှတ်ရာ လုံးဝမရှိ။ နာမည်ဖော်ပြထားခြင်းမျိုးပင်မရှိ။

မီးနိုင်ငံခေတ်တွင် ဘာတွေဖြစ်ခဲ့သနည်း။

"လောင်လု၊ ဒီကြွေအိုးပေါ်က ပန်းချီကဘာလဲမသိဘူး။ လာကြည့်ပါဦး"

မုန်ကျင်းကျိုးက လုယန်ကို လှမ်းခေါ်သည်။ လုယန်လို သမိုင်းကျမ်းကျေနေသူကို ကောင်းကောင်းအသုံးမချလျှင် အချည်းအနှီးဖြစ်ပေလိမ့်မည်။

မုန်ကျင်းကျိုးပြောသည့် ကြွေအိုးက ဂူသင်္ချိုင်း၏တစ်ခြားတစ်ဘက်တွင်ရှိသည်။ နဂါးနှင့်ကျားတစ်ကောင် အပြင်းအထန် တိုက်ခိုက်နေသည့် ပန်းချီဖြစ်ည်။

ချုန်းချီတစ်ကောင်နှင့် နဂါးစစ်တစ်ကောင် အပြင်းအထန်တိုက်ခိုက်နေစဉ် ကောင်းကင်မှ ထွန်းလင်းတောက်ပသည့် သဏ္ဍာန်တစ်ခု ဆင်းလာသည်။ ပြိုင်ဘက်ကင်းနတ်ဆိုးအင်ပါယာနှစ်ယောက်၏ တိုက်ပွဲကို ရပ်တန့်သည်။

လုယန် ပြန်မဖြေမီ သမိုင်းအတွေ့အကြုံကြွယ်သည့် ကန်ထန်က စရှင်းပြသည်။

"ဒါက ဗုဒ္ဓဝါဒသမိုင်းမှာ အတော်နာမည်ကျော်တဲ့ဒဏ္ဍာရီတစ်ခုပါ။ ချုန်းချီနဲ့ နဂါးမျိုးနွယ်တွေဟာ လုံးဝမတည့်ကြတဲ့ သဘာဝရန်သူတွေဆိုတာ နင်တို့ကြားဖူးမှာပါ။

ချုန်းချီတစ်ကောင်နဲ့ နဂါးစစ်တစ်ကောင် တိုက်ခိုက်ကြတယ်။ ကုန်းမြေတွေ ရေလျှံတယ်။ သဘာဝကပ်ဆိုးတွေ ပေါ်လာတယ်။

ကံကောင်းတာက ဗုဒ္ဓဂိုဏ်းရဲ့ ဗုဒ္ဓတစ်ယောက် ဝင်ဖြန်ဖြေခဲ့တယ်။ ချုန်းချီရော နဂါးစစ်ကိုပါ ဖျောင်းဖျနိုင်ခဲ့တယ်။ အဲလိုနဲ့ ငြိမ်းချမ်းရေးပြန်ရခဲ့တယ်။

ဗုဒ္ဓဝါဒမှာ 'နဂါးနဲ့ကျားကို ယဉ်ပါးစေနိုင်တဲ့ စွမ်းအားရှိတယ်'စကားဟာ ဒီဖြစ်ရပ်ကြောင့် ပေါ်လာတာ။ ငါလေ့လာထားသမျှတော့ ဒီတိုက်ပွဲဟာ ချုန်းချီဘိုးဘေးနဲ့ နဂါးဘိုးဘေး မသေမျိုးရာထူးအတွက် နေရာလုရင်း တိုက်ခိုက်ခဲ့ကြတာဖြစ်လောက်တယ်။ ဒါကို တစ်ယောက်ယောက်က တားဆီးခဲ့တာဖြစ်မယ်။

ဒီပန်းချီကားက ဘာကိုပြချင်သလဲဆိုတာ ငါလည်းစဉ်းစားလို့မရဘူး။ နဂါးနဲ့ကျားကို နှိပ်ကွပ်တဲ့သဘောမျိုးပဲ။ ဒါဆိုရင် ချုန်းချီတွေကို သိက္ခာချသလို ဖြစ်နေတယ်။ ဘာလို့ ဒီမှာ သင်္ဂြိုလ်ပစ္စည်းအဖြစ် ထားသလဲမသိဘူး"

ထိုအချိန်တွင် လုယန်က နတ်မယ်ပြောသည့်စကားများကို နားထောင်နေသည်။

"ချုန်းချီအိုမှာ သမီးတစ်ယောက်ရှိတယ်။ သူက လှတယ်။ ပါရမီကလည်း သူအဖေနဲ့ တန်းတူလိုက်နိုင်တယ်။

အတော်များများက ဒီချုန်းချီမကို ပိုးပန်းကြတယ်။ ဒါပေမယ့် သူက ဘယ်သူ့ကိုမှ သ‌ဘောမကျဘူး။ ချီလင်မသေမျိုးကိုပဲ သဘောကျတယ်။

တိုက်တိုက်ဆိုင်ဆိုင် ချီလင်ကလည်း သူ့ကိုသဘောကျတယ်။ တစ်ယောက်နဲ့တစ်ယောက် အဆင်ပြေသွားတယ်။ နောက်ပိုင်းတော့ နဂါးမျိုးနွယ်ပါရမီရှင်က ဒီအကြောင်းသိသွားပြီး ချုန်းချီမဆီ ဒေါသတကြီးရောက်လာတယ်။ အဲလိုနဲ့ တိုက်ပွဲစဖြစ်တာပဲ။

ဒါပေမယ့် ချုန်းချီမက နဂါးပါရမီရှင်ကို မယှဉ်နိုင်ဘူး။ အနိုင်မယူနိုင်ဘူး။

နောက်တော့ ချီလင်မသေမျိုး‌ရောက်လာပြီး ဖြန်ဖြေတယ်။ အတော်ကြာအောင် နားချပြီးမှ နှစ်ဦးနှစ်ဘက်ပြေလည်မှုရတယ်။

အဲဒီ့နေ့ ချီလင်မသေမျိုး အိမ်ပြန်ရောက်ပြီးကတည်းက ဓားမှော်စက်ဝန်းအောက်မှာ နေ့တိုင်းဒူးထောက်ရတယ်ပြောတာပဲ။

နောက်ပိုင်းမှာ ငါတို့အတူဆုံးဖြစ်တော့ ဒီအကြောင်းကို ဗုဒ္ဓဇာတ်လမ်းတွေထဲ ထည့်လိုက်တယ်လေ"

လုယန် "..."

ကျုပ်ဘာလုပ်ရမလဲ...အမသုံးကို ချီလင်မသေမျိုးနဲ့ သူ့မိန်းမဇာတ်ကြောင်း ပြောလိုက်ရမှာလား..

ဒီဇာတ်ကြောင်း ကျုပ်သိတယ်ဆိုတာ ချီလင်မသေမျိုးသိသွားရင် ဒီဂူထဲကတောင် အသက်ရှင်လျက် ပြန်ထွက်နိုင်ပါ့မလား...

"ဒါပေမယ့် တွေးကြည့်ရင် ဘာလို့ ချုန်းချီဘိုးဘေးတစ်ယောက်တည်း ဒီနေရာမှာ မြှုပ်နှံထားတာလဲ။ သူ့သမီးက ဘယ်ရောက်သွားလဲ။

သူသမီးကို အဲလောက်အလေးထားတယ်ဆိုရင် သူတို့ဂူသင်္ချိုင်းတွေ အတူတူရှိနေရမှာမဟုတ်လား"

နတ်မယ် တွေးရခက်နေသည်။ ချုန်းချီအို၏သမီးသည် ကူးဖြတ်ခြင်းထိပ်ဆုံးအဆင့်သာရှိကြောင်း သူမှတ်မိသည်။ မသေမျိုးတစ်ဝက်အဆင့်မရောက်။ ချုန်းချီအိုထက်အရင် သေခဲ့လောက်သည်။

*******************************

All Chapters