ရှေးဟောင်းမဟာနတ်ဆိုးစွမ်းအား
Vol. 39 Ch. 580
"ဒီဂူသင်္ချိုင်း တစ်ခုခုမူမမှန်သလို ခံစားနေရတယ်။ လူတစ်ယောက်လျော့နေသလိုပဲ။ ကျင်းချိုင်ဝေ ဘယ်ရောက်နေတာလဲ"
ချုန်ချီမျိုးနွယ်သည် မျိုးရိုးနာမည်ကို 'ကျင်း'ဟု သုံးကြသည်။ ကျင်းချိုင်ဝေသည် နတ်မယ်ပြောခဲ့သည့် ချုန်းချီမလေးဖြစ်သည်။
လုယန် "..."
ခင်ဗျားစကားက နည်းနည်းကြောင်တက်တက်ဖြစ်နေသလိုပါလား...
"နေဦး၊ လူတစ်ယောက်လာနေပြီ။ နင့်အမနဲ့ မုန်မျိုးရိုးကိုခေါ်ပြီး မြန်မြန်ထွက်သွားတော့"
နတ်မယ်က သတိပေးသည်။
"လူတွေဒီကိုလာနေပြီပေါ့"
နတ်မယ်သူ့ကို လိမ်ညာနေခြင်းမဟုတ်လောက်ဟု ယူဆလျက် ကန်ထန်ကို လှမ်းပြောသည်။
"အမသုံး၊ မြန်မြန်ပုန်းရအောင်။ လူတွေ ဒီထဲကိုလာနေပြီ"
"နင်ဘယ်လိုသိတာလဲ"
ကန်ထန်အံ့အားသင့်သွားသည်။ သူဘာမှအာရုံမခံမိ။ လုယန်ဘယ်လိုသိသနည်း။
ဂူသင်္ချိုင်းထဲတွင် ဘာကြောင့် တစ်ခြားလူများရှိနေမည်နည်း။ နောက်ထပ်သေပြီးသားချုန်းချီတစ်ကောင်လော။
လုယန်က တည်တည်ငြိမ်ငြိမ် ရှင်းပြသည်။
"အမယွမ်က ကျုပ်တို့ထွက်မလာခင် မှော်ပစ္စည်းတစ်ခု ပေးလိုက်ပါတယ်။ အဲဒါက အန္တရာယ်ကို ကြိုသတိပေးနိုင်တဲ့အစွမ်းရှိတယ်။
အခု ဒီပစ္စည်းက အန္တရာယ်အချက်ပြနေပြီဆိုတော့ တစ်ယောက်ယောက်လာနေလို့ပဲ ဖြစ်မှာပါ"
"အမယွမ်က အဲလောက်တောင် မျက်နှာလိုက်တယ်ပေါ့"
ကန်ထန် သံသယမရှိပါ။ ထိုမှော်ပစ္စည်းမျိုး ယွမ်ကျိပေးနိုင်စွမ်းရှိသည်။
သုံးယောက်သား ပစ္စည်းများ ပုံမှန်နေရာအတိုင်း ပြန်ထား၍ ထောင်ချောက်ခန်းထဲသို့ ပြန်ဝင်ကြသည်။
ဂူဖောက်သူခိုးများ ထောင်ချောက်ယန္တရားများကို အာရုံမခံနိုင်စေရန် ထိုအခန်းကို ဝိညာဉ်အာရုံမထိုးဖောက်နိုင်အာင် ဖန်တီးထားသည်။ ထို့ကြောင့် ပုန်းခိုဖို့ အသင့်တော်ဆုံးနေရာလည်းဖြစ်နေသည်။
သူတို့ ပုန်းကွယ်ပြီး သိပ်မကြာမီ စင်္ကြံအဝင်လမ်းဆီမှ ခြေသံများကြားရသည်။
"အသံအရတော့ နတ်ဆိုးမျိုးနွယ်သတ္တဝါနှစ်ကောင်ပဲ။ တစ်ကောင်က ချန်းချီ၊ နောက်တစ်ကောင်က...တိကျန်းမျိုးနွယ်ထင်တယ်"
ကန်ထန်၏ အကြားအာရုံက ထူးခြားသည်။ ခြေသံကိုနားထောင်ရုံဖြင့် မျိုးနွယ်ကို ခန့်မှန်းနိုင်သည်။
"ချုန်းချီနဲ့တိကျန်း၊ ဒီမျိုးနွယ်နှစ်ခုပေါင်းပြီးရောက်လာတယ်ဆိုတော့ ဂူဖောက်ထွင်းတာမျိုး နာရေးအခမ်းအနားတက်တာမျိုး မဟုတ်လောက်ဘူး"
မုန်ကျင်းကျိုး ခေါင်းကုတ်နေသည်။
နတ်ဆိုးနှစ်ကောင် ထောင်ချောက်ခန်းဘေးမှ ဖြတ်သွားချိန်တွင် အာရုံခံမိသွားမည်စိုးသဖြင့် လုယန် တုန်လှုပ်နေည်။
"မျိုးနွယ်ခေါင်းဆောင်က ဆွေးနွေးဖို့ အတော်ထူးခြားတဲ့နေရာတစ်ခုကို ရွေးထားတာပဲ"
တိကျန်းမျိုးနွယ်တမန်က ပြုံး၍ပြောသည်။ သို့သော် စိတ်ထဲတွင် နည်းနည်းကြောက်နေသည်။
ဂူသင်္ချိုင်းထဲဝင်လာစဉ်က တစ်ယောက်ယောက် စောင့်ကြည့်နေသလို ခံစားခဲ့ရသည်။ သို့သော် ချုန်းချီခေါင်းဆောင်မှလွဲ၍ အနီးအနားတွင် တစ်ခြားနတ်ဆိုးများ လုံးဝမရှိ။
သူ့ဦးခေါင်းအထက်မှ ရှေးဟောင်းချုန်းချီရုပ်ထုက စောင့်ကြည့်နေခြင်းလားမသိ။
ထိုချုန်းချီ အသက်ရှင်နေသေးခြင်းလားမသိ။
တွေးမိရုံဖြင့် ကျောရိုးထဲစိမ့်တက်သွားသည်။ ချက်ချင်းခေါင်းခါ၍ ထိုအတွေးကို ရှင်းထုတ်လိုက်သည်။
ချုန်းချီမျိုးနွယ်ခေါင်းဆောင်က ခပ်ညှင်းညှင်းရယ်လျက်
"ဘာပဲပြောပြော၊ ဒါက အရေးကြီးကိစ္စပဲလေ။ ကျုပ်တို့ဘိုးဘေးတွေရဲ့ ရှေ့မှောက်မှာ ဆွေးနွေးဖြေရှင်းမှ တိကျန်းမျိုးနွယ်ရဲ့ အဆိုပြုချက်ကို ကျုပ်တို့ဘက်က အလေးထားရာရောက်မှာပေါ့"
"တိကျန်းမျိုးနွယ်က ချုန်းချီမျိုးနွယ်ပိုင်နက်မှာ ဒီလောက်ဩဇာလွှမ်းနိုင်တာလား"
လုယန် ကန်ထန်ဆီ သိစိတ်အာရုံမှ လှမ်းမေးသည်။
အပြင်ဘက်မှ အစောင့်အကြပ်များက နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်တမန်များ လာတော့မယောင် တင်းကြပ်သည်။ တိကျန်းမျိုးနွယ်သည် မျိုးနွယ်ကြီးတစ်ခုဟု ဆိုနိုင်သော်လည်း ချုန်းချီတို့အနေဖြင့် ထိုမျှအလေးပေးဆက်ဆံစရာတော့ မလိုလှ။
ချုန်းချီဂူသင်္ချိုင်းထဲသို့ပင် ဖိတ်ခေါ်လာသည်။
ကန်ထန်မျက်မှောင်ကျုံ့နေသည်။ သူလည်း နားမလည်။ မျိုးနွယ်စုံမှ ဂူသင်္ချိုင်းများကိုလေ့လာရင်း သူအလုပ်များနေခဲ့သည်။ နတ်ဆိုးနယ်မြေမှအဖြစ်အပျက်များကို သတိမထားမိခဲ့။
ချုန်းချီခေါင်းဆောင်နှင့် တိကျန်းတမန်တို့ ဆက်လျှောက်သွားကြသည်။ သူတို့စကားသံများလည်း တဖြေးဖြေးဝေးသွားသည်။ အကြားအာရုံထက်မြက်သည့် ကန်ထန်သာ သူတို့ပြောနေသည့်စကားများကို ကြားနိုင်သည်။
"ဘိုးဘေးကို ဂါရဝပြုပါတယဘ်"
ချုန်းချီခေါင်းဆောင် အနက်ရောင်ခေါင်းတလားရှေ့တွင် ဒူးထောက်လိုက်သည်။
ရှေးဟောင်းချုန်းချီ၏ အရှိန်အဝါကို လေးစားသည့်အနေဖြင့် တိကျန်းတမန်လည်း မတတ်သာဘဲ ဒူးထောက်လိုက်ရသည်။
"အခုတလော တိကျန်းမျိုးနွယ်က နတ်ဆိုးနယ်မြေမှာ အတော်တက်ကြွလှုပ်ရှားနေတာပဲ။ ကျုပ်မိတ်ဆွေဟောင်းအတော်များများက ခင်ဗျားအကြောင်း ကျုပ်ကိုပြောပြကြတယ်။
ခင်ဗျားတို့မျိုးနွယ်၏ အစီအစဉ်ကို ထောင်ကျူးခေါင်းဆောင်ကပြောပြတုန်းက ကျုပ်တကယ်အံ့အားသင့်ခဲ့တာ။
နတ်ဆိုးနယ်မြေကိုစုစည်းပြီး နတ်ဆိုးနိုင်ငံတည်ထောင်ဖို့ဆိုတာ တကယ်ထူးခြားတဲ့ စိတ်ကူးပဲ"
ချုန်းချီခေါင်းဆောင်က တိကျန်းတမန်ကို အေးစက်စက်စိုက်ကြည့်နေသည်။
"ဒီထက်ပိုအံ့ဩရတာ ရှိသေးတယ်။ ထောင်ကျူးမျိုးနွယ်က ခင်ဗျားရဲ့ တောင်းဆိုချက်ကို သဘောတူပြီး သစ္စာခံလိုက်တဲ့အဖြစ်ပဲ"
ထိုအဖြစ်ကြောင့် ချုန်းချီခေါင်းဆောင် စိုးရိမ်ပူပန်သဖြင့် တိကျန်းတမန်ကို ချုန်းချီဂူသင်္ချိုင်းထဲသို့ ခေါ်လာခြင်းဖြစ်သည်။
ထောင်ကျူးမျိုးနွယ်သည် ချုန်းချီမျိုးနွယ်နှင့်တန်းတူ စွမ်းအားရှိသည်။ ဘာကြောင့် ထူးခြားအကြောင်းတစ်စုံတစ်ရာမရှိဘဲ ဦးညွှတ်သစ္စာခံလိုက်သနည်း။
တိကျန်းတမန် သက်ပြင်းချသည်။
"မတတ်နိုင်ဘူးလေ။ မဟာကပ်လာတော့မယ်။ အခွင့်အရေးတွေအများကြီး နိုးထလာပြီ။ မဟာရှားက စွမ်းအားတိုးတက်နေတယ်။ မသေမျိုးငါးဂိုဏ်းက ကျောထောက်နောက်ခံပြုထားတယ်။
နတ်ဆိုးဂိုဏ်းလေးဂိုဏ်းတောင် မဟာရှားမှာ ပြဿနာမရှာရဲဘူး။ အခု ထာဝရဂိုဏ်းကိုတောင် ရှင်းလင်းလိုက်ကြပြီ။
ဒါပေမယ့် ကျုပ်တို့နတ်ဆိုးနယ်မြေမှာ ရှေးဟောင်းခေတ်ကတည်းကရှိခဲ့တဲ့ စည်းမျဉ်းဓလေ့က မပြောင်းလဲဘူး။ နယ်မြေတစ်ခုလုံးရဲ့စွမ်းအားဟာ မဟာရှားထက်တောင်သာတယ်။ ဒါပေမယ့် ကျုပ်တို့က ကိုယ့်အချင်းချင်းပဲ တိုက်ခိုက်နေကြတယ်။
လူသားမျိုးနွယ်အပေါ် သဘောထားအရလည်း ကျုပ်တို့မျိုးနွယ်တွေ အုပ်စုသုံးခုကွဲပြားနေတယ်။
ဒီလိုမစည်းလုံးပဲနေရင် ကျုပ်တို့နတ်ဆိုးနယ်မြေက အနာဂတ်မှာ ဘယ်အခွင့်အရေးတွေအတွက် ယှဉ်ပြိုင်နိုင်မှာလဲ။
ကျုပ်တို့တိကျန်းမျိုးနွယ်က နတ်ဆိုးနယ်မြေကို စုစည်းမယ်။ ပြီးရင် ပင်လယ်မျိုးနွယ်ကို လွှမ်းမိုးပြီး အဓိပဓိနတ်ဆိုးနိုင်ငံ တည်ထောင်မယ်။ အဲဒါပြီးရင် မဟာရှားဖြစ်ဖြစ် ဗုဒ္ဓနိုင်ငံဖြစ်ဖြစ် ဘာအရေးစိုက်စရာလိုတော့မှာလဲ။ အသေးအဖွဲတွေပါပဲ"
ချုန်းချီခေါင်းဆောင်က တိကျန်းကို သတိမပြတ်ကြည့်နေသည်။
တိကျန်းတမန်၏ အမူအရာက လေးနက်တည်ကြည်သည်။ ဟန်ဆောင်နေခြင်းမဟုတ်။ ထိုသို့လုပ်နိုင်မည်ဟု သူတကယ်ယုံကြည်ပုံရသည်။
ထိုယုံကြည်ချက် ဘယ်ကလာသနည်း။
"တိကျန်းမျိုးနွယ်မှာ ပြိုင်ဘက်ကင်းစွမ်းအားရှင်တစ်ယောက်ယောက်ရှိလို့လား"
မုန်ကျင်းကျိုး သိစိတ်အာရုံမှ လှမ်းမေးသည်။
"ငါသိသလောက်တော့ တစ်ယောက်ရှိတယ်။ ကူးဖြတ်ခြင်းအဆင့်ရောက်ထားတယ်။ အတော်စွမ်းအားကြီးတယ်။ ဒါပေမယ့် နိုင်ငံတည်ထောင်နိုင်လောက်အောင် ထောက်ပံ့ပေးနိုင်မယ်မထင်ဘူး။
လွန်ခဲ့တဲ့ နှစ်သုံးသိန်းက မသေမျိုးတစ်ဝက်အဆင့်တစ်ယောက် ပေါ်ခဲ့ဖူးတယ်။ ဒါပေမယ့် အသက်ကြီးလို့ သေသွားခဲ့တာကြာပြီ"
....
"ကျုပ်သဘောကျတဲ့ နတ်ဆိုးနယ်မြေအကြောင်း စဉ်းစားပေးတတ်တဲ့စိတ်ဓာတ်မျိုးက အတော်ရှားတယ်။ ဒါပေမယ့် စိတ်မကောင်းပါဘူး။ ကျုပ်တို့ ချုန်းချီမျိုးနွယ်က လွှမ်းမိုးပြိုင်ဆိုင်မှုတွေကို လုံးဝစိတ်မဝင်စားဘူး။
နတ်ဆိုးနိုင်ငံတည်ဖို့ကိစ္စလည်း စိတ်မဝင်စားဘူး။ ဒီတော့ ခင်ဗျား ပြန်လိုက်ပါတော့"
ချုန်းချီခေါင်းဆောင် ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။
တိကျန်းတမန်၏စကားများက နားထောင်ကောင်းသည်။ အဓိပဓိနတ်ဆိုးနိုင်ငံတစ်ခု အကြောင်းပြောသည်။ မဟာကပ်ပြိုင်ဆိုင်မှုအကြောင်းပြောသည်။ မဟာရှားနှင့် ဗုဒ္ဓနိုင်ငံကိ မြူမှုန့်ပမာသဘောထားသည်။
သို့သော် မဟာရှားသည် ကလေးကစားစရာမဟုတ်။ ပြင်းထန်သည့်တိုက်ပွဲတစ်ခု မလွဲမသွေဖြစ်လာမည်။
မျိုးနွယ်ခေါင်းဆောင်အနေဖြင့် သူ့မျိုးနွယ်ကို အန္တရာယ်ထဲသို့ ဆွဲမခေါ်နိုင်။
"ပြန်ရမယ်တဲ့လား"
တိကျန်းတမန် အေးစက်စက်ပြုံးသည်။ ဂူသင်္ချိုင်းထဲတွင်ဖြစ်၍ ပို၍ပင်ကြောက်စရာကောင်းနေသည်။
"ချုန်းချီခေါင်းဆောင်၊ ခင်ဗျား တစ်ခုနားလည်မှုလွဲနေပြီထင်တယ်။ ကျုပ်ခင်ဗျားနဲ့ ညှိနှိုင်းဆွေးနွေးဖို့လာတာမဟုတ်ဘူး"
"မင်းဘာလုပ်ချင်တာလဲ"
ချုန်းချီခေါင်းဆောင် ဒေါသတကြီးအော်ဟစ်၍ တောင်ပံကိုဖြန့်လိုက်သည်။ ကျားမျက်လုံးများ ပြူးကျယ်ဝိုင်းစက်လာပြီး ခေါင်းမော့၍ ဟိန်းဟောက်လိုက်သည်။
တိကျန်းတမန်က သူ့ရင်ဘတ်ထဲမှ အရိုးတံဆိပ်တစ်ခု ထုတ်လိုက်သည်။ 'တိ'ဟူသည့် စာလုံး ရေးထွင်းထားသည်။
ထိုတံဆိပ်ထုတ်လိုက်သည်နှင့် ကြောက်စရာစွမ်းအင်ဖိအားတစ်ခု ထွက်လာသည်။ လေဟာနယ်တစ်ခုလုံး တုန်ခါနေပြီး တောင်တစ်ပေါင်းထောင်ချီဖိနှိပ်ထားသလို ချုန်းချီခေါင်းဆောင် ခံစားရသည်။
သဏ္ဍာန်တစ်ချို့ တံဆိပ်ပေါ်တွင် ပေါ်လာသည်။ သွေးကဲ့သို့နီရဲ့သည့် ခန္ဓာကိုယ်နှင့် မွေခေါင်းကိုးလုံး။ အေးစက်စက်ကြည့်နေသည်။ ကျိုးယင်မဟာနတ်ဆိုး...
တောင်တန်းအရွယ်ခန္ဓာကိုယ်နှင့် သားရဲတစ်ကောင်။ ခြင်္သေ့နှင့်တူသည်။ အပေါ်သို့ ငေါထွက်နေသည့်အစွယ်များက ကောင်းကင်ဓားနှစ်စင်းနှင့်တူသည်။ ထောင်ကျူးမဟာနတ်ဆိုး...
သတ်ဖြတ်ခြင်းစွမ်းအင်ရောင် အရပ်ရှစ်မျက်နှာသို့ ဖြာထွက်နေသည့် ကျားဖြူနတ်ဆိုး...
ထို့ပြင် နောက်ထပ် ကြောက်စရာစွမ်းအင်ရောင်ပိုင်ဆိုင်သည့် ပြိုင်ဘက်ကင်းမဟာနတ်ဆိုးများလည်း ရှိသည်။
ချုန်းချီခေါင်းဆောင် တုန်လှုပ်နေသည်။ မတ်တတ်ပင်ကောင်းကောင်းမရပ်နိုင်ဘဲ ဒူးထောက်ကျမတတ်ဖြစ်နေသည်။
ဤနတ်ဆိုးအင်ပါယာအားလုံး တိကျန်းမျိုးနွယ်ထံ အညံ့ခံပြီးသည့်သဘောဖြစ်သည်။
မဟာနတ်ဆိုးများကြားတွင် အထင်ရှားဆုံးမှာ နေမင်းကဲ့သို့ တောက်ပနီရဲပြီး ခြေခြောက်ချောင်း အတောင်လေးဘက် စူးရှထက်မြက်သည့်မျက်လုံးပိုင်ရှင် နတ်ဆိုးကြီးဖြစ်သည်။
ရှေးဟောင်းတိကျန်း၊ မသေမျိုးတစ်ဝက်အဆင့် မဟာနတ်ဆိုး။
"ချုန်းချီခေါင်းဆောင်၊ ငါ့ဘိုးဘေးရဲ့ ဝိညာဉ်တံဆိပ်ကိုလက်ခံပါ"
တိကျန်းတမန်က အော်ဟစ်ရယ်မော၍ တံဆိပ်ကို နောက်တစ်ကြိမ် ထိန်းချုပ်လိုက်သည်။ ဖိအားပိုပြင်းထန်လာသည်။
ထိုနည်းလမ်းဖြင့် တစ်ခြားမျိုးနွယ်များစွာကို ကျွန်တံဆိပ်ခတ်နှိပ်ခဲ့ပြီးဖြစ်သည်။
"ဒီခွေးသူတောင်းစားက အသက်ရှင်နေသေးတာလား"
နတ်မယ်က ရှေးဟောင်းတိကျန်းကို ချက်ချင်းမှတ်မိသည်။
"သူလည်း ဖီးနစ်ပါရမီရှင်လို အားအကြီးဆုံးရှင်သန်သူအရိယဖလသန္ဓေ တည်ဆောက်ခဲ့တာ။ ကိုယ့်ထက်အားနည်းတဲ့လူတွေကို ထိန်းချုပ်နိုင်တယ်။ သေခြင်းရှင်ခြင်းကို ဆုံးဖြတ်နိုင်တယ်"
"အဲလောက်စွမ်းအားကြီးတယ်ပေါ့"
"သာမန်အစွမ်းပါပဲ။ ငါမသေမျိုးတစ်ဝက်အဆင့်တုန်းကဆို ငါ့တိုက်ကွက်ကို ဆယ်ကွက်စာထက် သူပိုမခံနိုင်ဘူး"
ရှေးဟောင်းတိကျန်းကို စွမ်းအားကြီးသည်ဟု နတ်မယ်မမြင်။ သို့သော် ချုန်းချီခေါင်းဆောင်စိတ်တွင် ကောင်းကင်ပြိုကျနေသလို ခံစားရသည်။
ပြင်းထန်သည့်ဖိအားအောက်တွင် ချုနး်ချီခေါင်းဆောင် မခိုးမခန့်တ်စချက်ပြုံးသည်။ ခြေလှမ်းခိုင်အောင်ရပ်သည်။ ကျားလက်ဝါးနှစ်ဘက်ကို ဖြန့်လိုက်သည်။ အဖြူရောင်အမွှေးတစ်ချောင်းပေါ်လာသည်။
ချုန်းချီဘိုးဘေး၏အမွှေး။
ခုနက ခေါင်းတလားကို အရိုအသေပြုချိန်တွင် အကာအကွယ်တံဆိပ်ကိုဖယ်ရှား၍ ထိုအမွှေးကို ယူထားလိုက်ခြင်းဖြစ်သည်။
တစ်ခုခုမူမမျှန်ကြောင်း တမန်တော် ရီပ်စားမိသည်။
သတ္တဝါများကို ထိန်းချုပ်နိုင်စွမ်းကြောင့် ကျော်ကြားသည့် သူတို့ဘိုးဘေးလိုမဟုတ်။ ချုန်းချီဘိုးဘေးသည် တိုက်ခိုက်စွမ်းအားကြောင့် ကျော်ကြားခြင်းဖြစ်သည်။
ချုန်းချီခေါင်းဆောင် ချုန်းချီဘိုးဘေး၏အမွှေးကို အသက်သွင်းလိုက်သည်။ ကျားဟိန်းသံတစ်ခု ပဲ့တင်ထပ်၍ထွက်လာသည်။ သင်္ချိုင်းဂူနှင့်မြေပြင်တစ်ခုလုံး တုန်ခါသွားသည်။ တောင်ကုန်းများထက်ကြီးမားသည့် ကိုယ်ထည်တစ်ခု သင်္ချိုင်းဂူခန်းမထဲ ပြည့်သွားသည်။ ကြောက်စရာကောင်းသည့်စွမ်းအင်ဖိအားကြောင့် တိကျန်းတမန် တုန်ရင်နေသည်။
ချုန်းချီဘိုးဘေးက ခေါင်းငုံ့ကြည့်သည်။ သူ့မျက်လုံးအိမ်တွင် တိကျန်းဘိုးဘေးနှင့် နတ်ဆိုးအင်ပါယာတို့၏ အရိပ်များ ထင်ဟပ်နေသည်။
တိကျန်းဘိုးဘေးကိုကြည့်၍ နှားခေါင်းတစ်ချက်ရှုံ့ပြီး ပါးစပ်ကိုဟလျက် အစွယ်ကိုဖြဲလိုက်သည်။ ထို့နောက် မပွင့်တပွင့်အပြုံးဖြင့် ဖြေးဖြေးချင်းပြောသည်။
"မိတ်ဆွေ၊ ငါ့ကို မျက်နှာသာနည်းနည်းပေးလို့မရဘူးလား"
******************************