← Chapters

မျက်နှာသာပေးခြင်း

Vol. 39 Ch. 581

မျက်နှာသာပေးခြင်း

Vol. 39 Ch. 581

တိကျန်းဘိုးဘေးက မိတ်ဆွေဟောင်းချုန်းချီဘိုးဘေးကို စိုက်ကြည့်နေသည်။ မပေါ့ဆရဲ။

အရန်အစီအစဉ်တစ်ခု ရှိသော်လည်း ချုန်းချီဘိုးဘေးထုတ်လွှတ်သည့် ဖိအားတစ်ခုကို သူခံစားနေရသည်။

ကြောက်တော့မကြောက်ပါ။ နှစ်ယောက်လုံး မသေမျိုးတစ်ဝက်အဆင့်များဖြစ်သည်။

ထိုချုန်းချီ သေပြီးသွားချိန်မပြောနှင့်။ အသက်ရှိစဉ်ကပင် သူမကြောက်။

"တကယ်လို့ ငါငြင်းမယ်ဆိုရင်ရော"

"ဘုန်း"

နောက်ထပ်စကားတစ်ခွန်းမှမပြော။ ချုန်းချီလက်ဝါးကျလာသည်။ ဖရဲသီးကို ထုခွဲလိုက်သကဲ့သို့ ကြောက်စရာလေလှိုင်းက သင်္ချိုင်းဂူထဲတွင် ရိုက်ခတ်သွားသည်။

"ငါ့မျိုးနွယ်ကို လာထိန်းချုပ်ရဲတယ်ပေါ့။ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်"

လက်ဝါးချက်ကြောင့် အရိုးတံဆိပ်ထဲမှပေါ်လာသည့် ကူးဖြတ်ခြင်းအဆင့် နတ်ဆိုးအင်ပါယာအရိပ်များ တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်သွားသည်။ တံဆိပ်ထဲတွင် ဖိအားရိပ်အနည်းငယ်သာ ကျန်ရစ်ခဲ့သည်။ ရှေးဟောင်းချုန်းချီ၏ လက်ဝါးချက်ကို သူတို့ဘယ်လိုခံနိုင်ရည်ရှိမည်နည်း။

တိကျန်းဘိုးဘေးက အကြောက်အရွံ့မရှိဘဲ။ တောင်ပံများကိုခတ်၍ တိုက်ခိုက်မှုကို ရင်ဆိုင်သည်။

ချုန်းချီဘိုးဘေး သေသွားခဲ့သည်မှာ ကြာပြီဖြစ်သည်။ တိကျန်းဘိုးဘေး၏ ခန္ဓာအစစ်ကလည်း နတ်ဆိုးနယ်မြေ၏ အရှေ့စွန်းတွင် ရှိနေခြင်းဖြစ်သည်။

မသေမျိုးတစ်ဝက်နှစ်ယောက် အချိန်နှင့်လေဟာနယ်ကိုဖြတ်ကျော်၍ ရင်ဆိုင်တိုက်ခိုက်သည်။ ချုန်းချီမျိုးနွယ်တစ်ခုလုံး ထိုရိုက်ခတ်မှုကို ခံစားကြရသည်။

ဂူသင်္ချိုင်းအပြင်ဘက်တွင် ချုန်းချီပေါင်းများစွာ ဂူသင်္ချိုင်းရှိရာသို့ အလေးအနက်ဦးညွှတ်နေသည်။ သွေးဆက်ခေါ်သံကို နားစွင့်နေသကဲ့သို့ရှိသည်။

ဂူသင်္ချိုင်းထဲတွင် တိကျန်းဘိုးဘေးက တဟားဟားရယ်မောလျက် တိုက်ခိုက်မှုများကို ပြန်ရုပ်သိမ်းလိုက်သည်။

"ချုန်းချီခေါင်းဆောင်၊ မင်းနဲ့ငါက ညီအကိုလို ရင်းနှီးကြတဲ့လူတွေပါ။ ငါနိုးထလာတဲ့အချိန် ပထမဆုံးတွေ့ချင်တဲ့လူက မင်းပဲ။

ဒီနေ့ ငါမင်းကိုတွေ့ရပြီ။ မင်းလက်စွမ်းတွေ ကျမသွားသေးတာမြင်ရတာ ငါဝမ်းသာပါတယ်။

မင်းတို့မျိုးနွယ်ဆီ တမန်တစ်ယောက်လွှတ်တာက မင်းဆီကို လာလည်ချင်လို့ပါ။ အခု ငါ့ရည်ရွယ်ချက်အောင်မြင်သွားပြီ။ မင်းကောင်းကောင်း ဆက်အိပ်လိုက်ပါဦး။ သွားတော့မယ်"

နတ်ဆိုးနယ်မြေကို ဗျူဟာကျစည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားနေဆဲဖြစ်သည်။ အင်အားကြီးရန်သူတစ်ယောက်ကို အကြောင်းမရှိဘဲ ပြဿနာသွားရှာဖို့ မလိုအပ်။

ချုန်းချီမျိုးနွယ် ရှိခြင်းမရှိခြင်းကလည်း သိပ်မကွာခြားလှ။

ဤခရီးသည် ချုန်းချီတို့၏ နောက်ခံအင်အားကို စမ်းသပ်ကြည့်ရုံသာဖြစ်သည်။

"ဘုတ်"

အရိုးတံဆိပ် မြေပေါ်ကျ၍ အမှုန့်ဖြစ်သွားသည်။

ချုန်းချီဘိုးဘေးက ပြိုင်ဘက်တိကျန်းဘိုးဘေးကို အေးစက်စက်ကြည့်သည်။ နှာခေါင်းတစ်ချက်ရှုံ့သည်။ ထို့နောက် လေထဲတွင် ပျောက်ကွယ်သွားသည်။

"နတ်မယ်၊ ခင်ဗျားပြောတဲ့ မျက်နှာသာပေးတယ်ဆိုတာ ဒါလား"

လုယန် တံတွေးကျိတ်မျိုနေသည်။ ဤအမွှေးသည် ဘယ်နတ်ဆိုးမျိုးနွယ်ကိုမဆို တစ်ခုခုလုပ်ဖို့ တောင်းဆိုနိုင်သည်မှာ မဆန်းတော့။ တစ်ဘက်ကသဘောမတူလျှင် ချုန်းချီဘိုးဘေးက ထွက်လာပြီး လှုပ်ရှားမည်။

"ဟုတ်တယ်လေ၊ ငါပြောတာ ဘယ်နေရာအမှားပါလို့လဲ"

နတ်မယ်က ပုံမှန်လေသံဖြင့် ပြန်မေးသည်။ ချုန်းချီအိုသည် သူနှင့်စကားပြောလျှင် အမြဲတမ်းယဉ်ကျေးပျူငှာသည်။ တစ်ခြားလူများနှင့်ပြောလျှင်တော့ နည်းနည်းပိုခက်ထန်သည်။

"....မပါပါဘူး။ ချုန်းချီဘိုးဘေးနဲ့ ခင်ဗျားစကားပြောဦးမလား။ သူက လုံးဝသေသွားပြီလို့ထင်ရပေမယ့် သူ့လှုပ်ရှားမှုတွေက သက်ရှိတွေလိုပါပဲ"

နတ်မယ်က လက်ခါပြသည်။

"သူတကယ်သေသွားပါပြီ။ အလွန်ဆုံးကျန်ခဲ့ရင် စိတ်ဝိညာဉ်တစ်စလောက်ပါပဲ။ ခုနကတိုက်ခိုက်မှုကြောင့် အမွှေးထဲက စိတ်ဝိညာဉ်စွမ်းအားလည်း ကုန်သွားလောက်ပြီ"

"ဒါဆို တိကျန်းဘိုးဘေး နောက်တစ်ကြိမ်တိုက်ခိုက်လာရင် ဘယ်လိုလုပ်မလဲ"

"မတိုက်ခိုက်နိုင်လောက်ဘူး။ အဲဒါ အားအကြီးဆုံးရှင်သန်မှုအရိယဖလရဲ့ ချို့ယွင်းချက်ပဲ။ ခုနကတိုက်ပွဲမှာ တိကျန်းက သူ့သဘောဆန္ဒအလျောက် နောက်ဆုတ်သွားတယ်။ အထက်စီးနေရာမှာမရှိဘူး။ ဒါကြောင့် ချုန်းချီမျိုးနွယ်ကို မထိန်းချုပ်နိုင်တော့ဘူး"

"နတ်မယ်၊ တိကျန်းဘိုးဘေးပြောသွားတာ သူအိပ်ပျော်ရာကနေ နိုးလာတာတဲ့။ မသေမျိုးဖြစ်ဖို့ ရှေးဟောင်းခေတ်ကနေစပြီး သူအိပ်နေခဲ့တဲ့သဘောလား"

"အဲလိုပဲဖြစ်မှာပေါ့။ ရေခဲတုံးတစ်ချို့ထဲ သူ့ကိုယ်သူသွင်းပြီး အခုမှအရည်ပျော်လာတာဖြစ်မယ်။ ဒါမှမဟုတ် တစ်ခြားအရာတစ်ခုခုထဲ စိမ်နေခဲ့တာဖြစ်မယ်။

နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် အားလုံးက အချိန်ကိုရပ်တန့်ဖို့ ကြိုးစားတဲ့နည်းလမ်းတွေပါပဲ"

သိပ်မကြာသေးမီက ရှေးဟောင်းခေတ်မှ မသေမျိုးတစ်ဝက်အဆင့် မဟာယုနိုင်ငံ့ဆရာကို လုယန်တွေ့ခဲ့သည်။

"ဒါပေမယ့် ကျင့်စဉ်အဆင့်မြင့်လေ အိပ်စက်ဖို့သုံးရတဲ့ ရတနာတွေက ရှားပါးလေပဲ။ မသေမျိုးတစ်ဝက်တွေအိပ်စက်ဖို့သုံးတဲ့ ရတနာတွေဟာ အရှားပါးဆုံးလို့ ပြောလို့ရတယ်။

ပြီးတော့ အိပ်နေတဲ့အချိန်မှာ အရိယဖလက သန္ဓေအဆင့်ပဲရှိတော့ တဖြေးဖြေးစွမ်းအားယိုစိမ့်ထွက်လိမ့်မယ်။ အခွံသက်သက်ပဲကျန်ခဲ့မယ်။

နိုးထပြီးရင် မူလစွမ်းအားပြန်ရဖို့ အားဖြည့်ချိန် အကြာကြီးယူရတယ်"

မသေမျိုးများသည် အဆုံးစမဲ့သက်တမ်းပိုင်ဆိုင်ထားသဖြင့် အိပ်စက်ရန်မလိုကြ။

"တိကျန်းဘိုးဘေးကို သွားတွေ့ကြမလား"

ထိုနတ်ဆိုးသည် နတ်မယ်ရှင်သန်ပြီးနောက် ဒုတိယမြောက်ပေါ်လာသည့် ရှေးဟောင်းစွမ်းအားရှင်ဖြစ်သည်။ ကိစ္စအတော်များများ သိထားလောက်သည်။

နတ်မယ်က အထင်မကြီးဟန်ဖြင့်

"ဖွီး..ဒီအဘိုးကြီးက အကျင့်လုံးဝမကောင်းဘူး။ ဉာဏ်နီဉာဏ်နက်များပြီး အရှောင်အပုန်းကောင်းတယ်။ ရှာတွေ့ဖို့မလွယ်ဘူး။

ရှောင်ယွမ်ကိုခေါ်ပြီး နတ်ဆိုးနယ်မြေကို ပြောင်းပြန်လှန်ခိုင်းလိုက်ရင်တော့ သူ့ကိုရှာတွေ့ချင်တွေ့မှာပါ"

လုယန် "..."

မသေမျိုးတစ်ဝက်နှစ်ယောက်တိုက်ပွဲ ပြီးဆုံး၍ ဖုန်မှုန့်များ ပြန်လည်ငြိမ်သက်သွားသည်။ ချုန်းချီခေါင်းဆောင်က မြေပေါ်တွင် တုန်တုန်ရင်ရင်ဒူးထောက်နေသည့် တိကျန်းတမန်ကို အေးစက်စက်စိုက်ကြည့်သည်။

"တမန်တော်၊ ငါတို့ပိုင်နက်ကနေ မင်းဘာသာထွက်သွားမလား။ တစ်ယောက်ယောက်ကို ငါဆွဲထုတ်ခိုင်းလိုက်ရမလား"

"အခုချက်ချင်းသွားပါ့မယ်"

ချုန်းချီမျိုးနွယ်၏ နောက်ခံအင်အား ထိုမျှတောင့်တင်းမည်ဟု တိကျန်းတမန် ထင်မထား။ သူတို့ဘိုးဘေးပင် ထွက်သွားပြီဖြစ်သည်။ သူ့လိုတမန်တစ်ယောက်က ဘာကြောင့်ဆက်နေဦးမည်နည်း။

တိကျန်းမျိုးနွယ်သည် ခြေခြောက်ချောင်းရှိသည်။ ယခု သူ့စိတ်ထဲ နောက်ထပ်ခြေခြောက်ချောင်း အပိုရချင်မိသည်။ ချုန်းချီဂူသင်္ချိုင်း ချုန်းချီနယ်မြေမှ အမြန်ဆုံးထွက်ပြေးချင်သည်။

ကန်ထန်က ဖြစ်စဉ်တစ်ခုလုံးကို နားထောင်နေသည်။ ဂူသင်္ချိုင်းထဲမှ တိုက်ပွဲအခြေအနေကို အကျဉ်းချုပ်ပြန်ပြောပြသည်။

မုန်ကျင်းကျိုး အံ့အားသင့်နေသည်။ သူတို့သည် ရှေးဟောင်းသုတေသနလုပ်ရန် ဤနေရာသို့ လာခြင်းဖြစ်သည်။ ဘာကြောင့် ဤအဖြစ်မျိုးနှင့် ကြုံသနည်း။ တိကျန်းဘိုးဘေး နိုးထလာပြီး နတ်ဆိုးနယ်မြေကို စုစည်းမည့်အကြောင်း ပြောနေသည်။

ကန်ထန်လည်း အံ့အားသင့်နေသည်။ ဂူသင်္ချိုင်းပေါင်း မရေမတွက်နိုင်အောင် သူအကြိမ်ကြိမ်သွားခဲ့သည်။ ထိုအခြေအနေမျိုး တစ်ခါမှမကြုံဖူး။

နတ်ဆိုးနယ်မြေကို စုစည်းမည့်ကိစ္စသည် ပေါ့သေးသေးမဟုတ်။ သို့သော် ထိုသတင်းလုံးဝမပေါက်ကြား။

တိကျန်းဘိုးဘေးက ရှင်သန်မှုအရိယဖလစွမ်းအားဖြြင့် မျိုးနွယ်ကြီးတို့၏ခေါင်းဆောင်များကို ထိန်းချုပ်ထားခြင်းဖြစ်မည်။

ထိုထိန်းချုပ်မှုအတိုင်းအတာ အမြင့်ဆုံး စိတ်အချရဆုံးဖြစ်သည်။

ယနေ့ တိုက်ဆိုင်မှုတစ်ချို့ကြောင့်သာ တိကျန်းမျိုးနွယ်၏ အကြံအစည် ပေါ်လာခြင်းဖြစ်သည်။

ကန်ထန် ကျောက်စိမ်းတံဆိပ်ထဲမှ စာရွက်တစ်ရွက်ဆွဲယူပြီး နတ်ဆိုးနယ်မြေအပြောင်းအလဲများကို ယွမ်ကျိထံ သတင်းပို့ရန်ပြင်သည်။ လုယန်က သူ့ဘေးတွင် မင်ကြိတ်ပေးသည်။

ယွမ်ကျိထံမျှ ချက်ချင်းသတင်းပြန်လာသည်။

"တိကျန်းဘိုးဘေး တိုက်ခိုက်စွမ်းအားဘယ်လောက်ရှိလဲဆိုတာ ရှောင်လုကိုမေးလိုက်ပါ"

ကန်ထန် အတော်အံ့အားသင့်သွားသည်။ လုယန်က ထိုကိစ္စမျိုးကို ဘယ်လိုသိနိုင်မည်နည်း။

ခဏစဉ်းစားပြီးနောက် လုယန်က ယွမ်ကျိဆီ ပြန်သတင်းပို့သည်။

"မသေမျိုးတစ်ဝက်တစ်ယောက် ခန္ဓာကိုယ်ဆယ်ကြိမ်ဖောက်ခွဲတာကို သူခံနိုင်ရည်မရှိဘူး"

"ဒါဆို အရေးစိုက်စရာမလိုဘူး"

သတင်းပို့ခြင်း ပြီးဆုံးသွားသည်။

နတ်မယ်က သူလုပ်စရာဘာမှမရှိတော့သဖြင့် ပျင်းပျင်းရိရိ သမ်းတစ်ချက်ဝေပြီး သစ်ပင်တစ်ပင်ပေါ်တက်သည်။ သစ်လုံးကိုဖက်၍ အိပ်သည်။

အိပ်မပျော်မီ လုယန်ကို သတိပေးသည်။

"ဪ ဒါနဲ့။ နင်နည်းနည်းဂရုစိုက်သင့်တာလေးတော့ရှိတယ်"

"ဘာလဲ"

"ချုန်းချီခေါင်းဆောင်က နင်တို့ရှိနေတာကိုသိတယ်"

လုယန် ရင်ထိတ်သွားသည်။ လောင်မုန်နှင့်ကန်ထန် တို့ကိုသတိမပေးနိုင်မီ ခန်းမတံခါး ဖြေးညှင်းစွာပွင့်သွားပြီး ချုန်းချီခေါင်းဆောင်၏ဦးခေါင်း ပြူထွက်လာသည်ကို မြင်လိုက်ရသည်။ သူ့မျက်လုံးအိမ်တွင် လူသုံးယောက်၏အရိပ် ထင်ဟပ်နေသည်။

"ဘိုးဘေးသာ သတိမပေးရင် သူခိုးလေးသုံးယောက် ဒီနေရာမှာပုန်းနေမယ်လို့ ငါလုံးဝတတွေးမိမှာမဟုတ်ဘူး။

ကြည့်ရအောင်...နတ်ဆိုးသံစဉ်မယ်ရယ်၊ တာအိုလမ်းစဉ်ဂိုဏ်းက လုယန်ရယ်...။ ပြီးတော့ မုန်ကျင်းကျိုး၊ မင်းက မင်းအဖေခြေရာနင်းဖို့ ကြိုးစားနေတာလား"

မုန်ကျင်းကျိုး "..."

ဒီစကားက စော်ကားသလိုလိုပါပဲလား...

သုံးယောက်လုံး၏သရုပ်မှန်ကို အတည်ပြုပြီးနောက် ချုန်းချီခေါင်းဆောင်၏မျက်နှာ ပျော့ပျောင်းသွားသည်။ နွေးထွေးသည့်အပြုံးတစ်ခုပေါ်လာသည်။

"ကဲ မင်းတို့သုံးယောက်၊ ထွက်ခဲ့ကြပါ၊ ငါ့နောက်ကလိုက်ခဲ့။ ချုန်းချီတွေ ဧည့်ဝတ်မကျေဘူးလို့ တစ်ခြားလူတွေပြောတာ မခံချင်ဘူး"

ထိုသုံးယောက် ဂူသင်္ချိုင်းလာဖောက်သည်ဟု သံသယဝင်စရာရှိသော်လည်း နတ်ဆိုးသံစဉ်မယ်သည် နတ်ဆိုးနယ်မြေတွင် ရန်သူအတော်များသည်။ တာအိုလမ်းစဉ်ဂိုဏ်းကလည်း နာမည်ဆိုးဖြင့်ကျော်ကြားသည်။ ဘယ်သူမှ လူကောင်းသူကောင်းများမဟုတ်။

သို့သော် ချုန်ချီမျိုးနွယ် ငွေကြေးအခက်အခဲကြုံနေသဖြင့် မုန်မိသားစုထံမှ ငွေချေးဖို့လိုသေးသည်။

ထို့ကြောင့် ထိုသုံးယောက်ကို အဆင်ပြေအောင်ဧည့်ခံဖို့ ဆုံးဖြတ်လိုက်သည်။

******************************

All Chapters