ရွှေသန္ဓေ
Vol. 39 Ch. 583
ချုန်းချီသင်္ချိုင်းဂူထဲတွင် သဏ္ဌာန်ကြီးတစ်ခု သဏ္ဌာန်ငယ်တစ်ခု အနက်ရောင်ခေါင်းတလားရှေ့တွင် တည်ငြိမ်စွာရပ်နေကြသည်။ စကားတစ်ခွန်းမှမပြောကြ။
မည်းမှောင်နေသည့် ပတ်ဝန်းကျင်တွင် သူတို့မျက်လုံးအိမ် အစိမ်းရောင်တောက်နေသဖြင့် ပို၍ခြောက်ခြားစရာဖြစ်နေသည်။
ချုန်းချီအကြီးအကဲတစ်ယောက် ရှိနေလျှင် ဤချုန်းချီအကြီးသည် ကူးဖြတ်ခြင်းအဆင့်သို့ရောက်ခဲ့သည့် သက်တမ်းကိုးထောင်ရှိသည့် နာမည်ကျော် ချုန်းချီဘိုးဘေးဖြစ်ကြောင်း သိလိမ့်မည်။
ချုန်းချီမျိုးနွယ်ဝင်ထဲတွင် ထိုကူးဖြတ်ခြင်းအဆင့်ချုန်းချီက ချုန်းချီငယ်နောက်တွင် ရိုသေမှုအပြည့်ဖြင့်ရပ်နေသည်။ လုံးဝစည်းမကျော်ရဲ။
ချုန်းချီငယ်က ချိတ်ပိတ်ထားသည့် သင်္ဂြိုလ်ပစ္စည်းများကို ငြင်သာစွာပွတ်လိုက်သည်။ ပျားမြည်သံကဲ့သို့ ပေါ်လာသည်။ အကာအကွယ်ကို ထိုးဖောက်၍ သခင်နှင့်အတူ တိုက်ပွဲဝင်တော့မယောင် ထင်ရသည်။
"အချိန်မကျသေးဘူး"
ချုန်းချီငယ် ခပ်တိုးတိုးရေရွတ်လိုက်သည်။ သခင့်အမိန့်ကြောင့် သင်္ဂြိုလ်ပူဇော်ထားသည့်ပစ္စည်းများ ငြိမ်ကျသွားသည်။
ချုန်းချီခေါင်းဆောင် လေးဘက်တွားသွားလျက် ဂူသင်္ချိုင်းခန်းထဲတွင်လာသည်။ ပင်မသင်္ချိုင်းဂူနားရောက်လာချိန်တွင် အရှိန်လျှော့ပြီး လူအသွင်ပြောင်းလိုက်သည်။
အထဲမှ ချုန်းချီနှစ်ယောက်ကို အရိုအသေပြုသည်။
"ဘိုးဘေးငယ်၊ မုန်မိသားစုနဲ့တာအိုလမ်းစဉ်ဂိုဏ်းကလူတွေကို ကျုပ်လိုက်ပို့ပြီးပါပြီ။ မုန်မိသားစုအမွေခံက ဝိညာဉ်ကျောက်ချေးဖို့ကိစ္စ သူ့အဖေကိုပြောပေးမယ်လို့ ကတိပေးသွားပါတယ်"
ဘိုးဘေးငယ်ဟု ရည်ညွှန်းသူက သူ့ကိုလှည့်ကြည့်လာသည်။ အသက်ဆယ့်သုံးဆယ့်လေးအရွယ် ကောင်မလေးတစ်ယောက်ဖြစ်သည်။
ချုန်းချီခေါင်းဆောင်၏ အစီရင်ခံချက်ကိုနားထောင်ပြီးနောက် သူခေါင်းငြိမ့်သည်။
"ဒါတကယ့်သတင်းကောင်းပဲ။ မဟာကပ်က နီးလာပြီ။ တိကျန်းမျိုးနွယ်အဘိုးကြီးက လောဘမသတ်နိုင်တော့ဘူး။ နတ်ဆိုးနယ်မြေကို စုစည်းပြီး လက်ဦးမှုယူဖို့ကြိုးစားနေပြီ။ သူ့အရိယဖလသန္ဓေကလည်း အဲလိုလုပ်ဖို့ တကယ်သင့်တော်တယ်။
ငါတို့ချုန်းချီတွေက တစ်ခြားလူတွေလုပ်တိုင်း လိုက်လုပ်ဖို့မလိုဘူး။ မဟာကပ်တကယ်ရောက်လာဖို့ အချိန်လိုပါသေးတယ်။ လောလောဆယ့် ကိုယ်ကျင့်စဉ်စွမ်းအားကိုပဲ တိုးတက်အောင်လုပ်ပါ"
ကောင်မလေးက ညွှန်ကြားသည်။
"ဟုတ်ကဲ့"
မျိုးနွယ်ခေါင်းဆောင်ရော ချုန်းချီဘိုးဘေးပါ ပြိုင်တူဖြေကြသည်။ သူ့တို့မျက်လုံးတွင် စိတ်အားတက်ကြွမှုအရိပ်များ ပေါ်လာသည်။
မဟာကပ်အပြိုင်အဆိုင်ကာလကို ရှေးဟောင်းခေတ်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ ရှေးဟောင်းခေတ်ကိစ္စများအကြောင်း အသိဆုံးလူသည် ထိုဘိုးဘေးငယ်မှလွဲ၍ တစ်ခြားသူမရှိနိုင်။
ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိဟန်ဖြင့် မျိုးနွယ်ခေါင်းဆောင် တုံ့ဆိုင်းဆိုင်းဖြစ်သွားသည်။
"စိတ်ထဲရှိတာပြောပါ။ ဘာမှမဖြစ်ပါဘူး"
ကောင်မလေးက ပြောခွင့်ပေးသည်။
"ဘိုးဘေးငယ်၊ ချုန်းချီတွေရဲ့ လက်ရှိအင်အားနဲ့ မဟာကပ်ကာလမှာ မဟာရှားလို ဗုဒ္ဓနိုင်ငံလို အင်အားစုကြီးတွေနဲ့ယှဉ်ဖို့ အရည်ချင်းမီနိုင်လောက်လား"
ကောင်မလေးက နည်းနည်းစိတ်ပျက်ဟန်ဖြင့် မျက်လုံးစွေကြည့်သည်။
"ငါတို့ ပထမနေရာကို ရအောင်ယူမယ်လို့ ငါမပြောခဲ့ဘူးလေ။ ထိပ်တန်းဆယ်နေရာထဲမှာ စာရင်းဝင်ရင်တောင် နည်းလို့လား"
"ဪ"
.....
မှောင်ခိုဈေးသည် စရိုက်စုံရောနေပြီး ကောလဟာလပြန့်လွယ်သည့်နေရာတစ်ခုဖြစ်သည်။
ငွေပေးလျှင် မရနိုင်သည့်သတင်းမရှိ။
ဆိုင်တစ်ခုထဲတွင် မျက်နှာမမြင်ရသည့် ဝတ်ရုံနက်များဝတ်ထားသည့်လူနှစ်ယောက် စကားပြောနေကြသည်။ ထိုဝတ်စုံမျိုး မှောင်ခိုဈေးတွင် အသုံးများသည်။
"နတ်ဆိုးသံစဉ်မယ်မိုယင်အကြောင်း မင်းကြားဖူးလား"
"သူ့အကြောင်း မကြားဖူးတဲ့လူ ဘယ်သူရှိလို့လဲကွာ။ ရှေးဟောင်းဗျတ်စောင်းကို တီးလိုက်တာနဲ့ တာအိုသံစဉ်ကြိုးတွေက နတ်ဆိုးတွေကို အစိတ်စိတ်အမွှာမွှာ ပိုင်းဖြတ်သွားတာ။
ဒီမဟာနတ်ဆိုးကို မျိုးနွယ်တိုင်းက အလိုရှိစာရင်းသွင်းထားကြတာ။ သူ့ကိုဖမ်းဖို့ ကူးဖြတ်ခြင်းအဆင့်တွေတောင် စိတ်ဝင်စားကြတယ်။ ငါသာအဲလောက်စွမ်းအားအဆင့်ရှိရင် ငါလည်းသွားဖမ်းမှာပဲ"
"ဟ...ဒါတော့ လူတိုင်းသိတာပေါ့။ ငါက လွန်ခဲ့တဲ့လေးလလောက်က ဖြစ်ခဲ့တဲ့ကိစ္စကို ပြောနေတာ။ မိုယင်ရဲ့ဘေးမှာ လက်ထောက်နှစ်ယောက် ပေါ်လာတယ်လေ"
"လက်ထောက်နှစ်ယောက်လား၊ အရိုးသားဆုံးပြောရရင် လွန်ခဲ့တဲ့ခြောက်လလုံး ငါတံခါးပိတ်ကျင့်နေတာကွ။ ဒီသတင်းမျိုး အာရုံမစိုက်ခဲ့မိဘူး"
"ငါ့ကိုအရက်ဝယ်တိုက်လေ။ အကြောင်းစုံပြောပြမယ်"
"စားပွဲထိုး၊ အကောင်းဆုံးမျောက်ဝိုင်နှစ်အိုးပေး"
ချလာသည့်အရက်ကို အနံ့စစ်၍ သတင်းသမားက သဘောကျစွာတစ်ချက်ရယ်ပြီး စတင်ပြောပြသည်။
"မိုယင်အကြောင်းကတော့ အားလုံးသိပြီးသားမို့ ငါသိပ်မပြောတော့ဘူး။ လွန်ခဲ့တဲ့လေးလက သူ့ဘေးမှာ လက်ထောက်နှစ်ယောက်ပေါ်လာတယ်။ လူသားမျိုးနွယ်တွေပဲ။ နတ်ဝိညာဉ်နောက်ဆုံးအဆင့်ရှိတယ်။
အဲဒီ့လက်ထောက်နှစ်ယောက် ရပြီးကတည်းက မိုယင်ကိုမြင်ရတဲ့အကြိမ်ရေ ပိုပြီးစိပ်လာတယ်။ မျိုးနွယ်စုံက ဘိုးဘေးဂူသင်္ချိုင်းတွေကို မကြာခဏသွားတယ်။ သက်ဆိုင်ရာမျိုးနွယ်က ရောက်လာချိန်ကျတော့ သူတို့က ထွက်ပြေးသွားကြပြီ။
ဂူသင်္ချိုင်းထဲမှာ မိရင်လည်း မိုယင်က ထူးခြားတဲ့ သူ့နည်းလမ်းတွေနဲ့ လက်ထောက်နှစ်ယောက်ကို အပါခေါ်ပြီး ထွက်ပြေးနိုင်တယ်။ မျိုးနွယ်တွေ မကျေမနပ်ဖြစ်ကျန်ခဲ့ရတယ်။
တစ်ချို့မျိုးနွယ်က သင်္ချိုင်းစောင့်တွေက သူတို့ကိုယ်တိုင် ရတနာတွေယူသုံးထားတော့ မိုယင်ကို လာစေချင်တယ်တဲ့။ မိုယင်ရောက်ကလာရင် ပစ္စည်းတွေပျောက်တဲ့ကိစ္စ သူ့အပေါ်လွှဲချလို့ရတယ်လေ။
ဒါပေမယ့် မိုယင်က အဲဒီ့မျိုးနွယ်တွေကို လုံးဝစိတ်မဝင်စားဘူးတဲ့။ နှစ်သုံးသိန်းကျော် အမွေအနှစ်ရှိတဲ့ မျိုးနွယ်ဂူသင်္ချိုင်းတွေကိုပဲ သူကပစ်မှတ်ထားတာ။
မိုယင်ရဲ့နောက်ပစ်မှတ်က ကျူးယန်မျိုးနွယ်လို့ကြားတယ်။ ကြိုတင်သတိပေးစာတောင် ပို့ထားတယ်တဲ့"
"အဲလောက်တောင်ရဲတင်းတယ်ပေါ့။ ကျူးယန်မျိုးနွယ်မှာ ကူးဖြတ်ခြင်းအဆင့် ဘိုးဘေးတစ်ယောက်ရှိတယ်လေ။ ဒီမိုယင်က ဘယ်လိုနောက်ခံမျိုးရှိလို့လဲ"
"ငါ့အထင်တော့ သူဟာ မဟာရှားက ဂူဖောက်ဘိုးဘေးရဲ့ လက်ရင်းတပည့်ဖြစ်မယ်။ ငါတို့နတ်ဆိုးနယ်မြေမှာ လေ့ကျင့်ရေးဆင်းဖို့လာတာလို့ထင်တယ်"
ထိုအချိန်တွင် ဝိုင်ဆိုင်ထဲမှလူများ သူတို့နှစ်ယောက်ဘေးသို့ ဝိုင်းအုံနေကြသည်။ မိုယင်အကြောင်း စိတ်ဝင်တစားနားထောင်နေကြသည်။
တစ်ယောက်က မျက်မှောင်ကျုံ့လျက် ပြောသည်။
"မိုယင်ရဲ့ လက်ထောက်နှစ်ယောက်က အင်းဆက်မျိုးနွယ်မှာတုန်းက ဓာတ်ငါးမျိုးဂိုဏ်းဝင်တွေလို့ ပြောသွားတယ်တဲ့"
"အဓိပ္ပါယ်မရှိတာကွာ။ ဓာတ်ငါးမျိုးဂိုဏ်းဆိုတာ မသေမျိုးငါးဂိုဏ်းဝင်ဂိုဏ်းကြီးပါ။ ဘယ်အလုပ်မဆို ပွင့်ပွင့်လင်းလင်း သိက္ခာရှိရှိလုပ်တာ။
ဂူဖောက်တာလို သိက္ခာကျစရာအလုပ်မျိုးကို လုပ်ပါ့မလားကွ"
"မသေမျိုးငါးဂိုဏ်းထဲမှာ တာအိုလမ်းစဉ်ဂိုဏ်းရော ပါတယ်မဟုတ်လား"
လူအုပ်ကြီးက မိုယင်၏နောက်ခံသရုပ်မှန်အကြောင်း ငြင်းခုန်နေကြစဉ် ထိုသတင်းကို အစောဆုံးထုတ်ပြောခဲ့သူက နေရာမှမသိမသာထွက်သွားသည်။ မှောင်ခိုဈေးအပြင်ဘက်သို့ ရောက်လာသည်။
"အမသုံး၊ ကျုပ်ပြန်လာပြီ"
အနက်ရောင်ဦးထုပ်ကို ချွတ်လိုက်သည်။ မုန်ကျင်းကျိုးမျက်နှာပေါ်လာသည်။
"သတင်းစနည်းနာတာ အခြေအနေဘယ်လိုလဲ"
"သတင်းစုံရထားတဲ့လူလို ဟန်ဆောင်ပြီး နေ့တစ်ပိုင်းလောက် မနားတမ်းသတင်းဖွခဲ့တယ်။ ဝိုင်ဆိုင်ကလူတွေအားလုံးက စိတ်ဝင်စားနေပြီ။
ကျုပ်တို့သရုပ်မှန်နဲ့တည်နေရာကိုတော့ သူတို့မသိလောက်သေးဘူး"
လုယန်က နောက်ထပ် မှောင်ခိုဈေးဝင်ပေါက်တစ်ခုမှ ထွက်လာပြီး အခြေအနေကို သတင်းပို့သည်။
"ပိုင်ကျဲ့မျိုးနွယ်ဆီ ချဉ်းကပ်ပြီး ကျုပ်တို့သရုပ်မှန်နဲ့တည်နေရာအကြောင်း သတင်းဝယ်ချင်တယ်လိ့ ပြောကြည့်တယ်။
သူတို့မှာ ခန့်မှန်းချက်တွေပဲရှိတာ။ ခိုင်မာတဲ့သတင်းမရှိဘူး။ သူတို့ဘာမှမသိသေးဘူး။ ဒါကြောင့် ကျုပ်ပြန်လာခဲ့တယ်"
ကန်ထန် "..."
နင်တို့ကို သတင်းစုံစမ်းဖို့ ဝိညာဉ်ကျောက်နှစ်တုံးပေးလိုက်တာ။ တစ်တုံးမှမသုံးခဲ့ကြဘူးပေါ့...
လေးလအတွင်း သူတို့သုံးယောက် ဂူသင်္ချိုင်းများသို့သွား၍ ရှေးဟောင်းသမိုင်းကို စူးစမ်းလေ့လာခဲ့သည်။ ကျင့်ကြံမှုလည်းမပျက်ခဲ့။ လုယန်ရော မုန်ကျင်းကျိုးပါ တိုးတက်လာသည်။
ရွှေသန္ဓေနဝမအဆင့်သို့ ရောက်လာကြသည်။ နတ်ဝိညာဉ်အဆင့်တက်ရန် ခြေတစ်လှမ်းသာ လိုတော့သည်။
ယခုလည်း ကိုယ့်လုံခြုံရေးအတွက် ကိုယ့်သတင်းကိုယ် ပြန်စုံစမ်းကြည့်နေကြခြင်းဖြစ်သည်။ ထိုအချိန်တွင် နတ်ဆိုးနယ်မြေတစ်ခုလုံး အံ့ဩတုန်လှုပ်စရာ သတင်းတစ်ခုပျံ့နှံ့သွားပြီး ကျင့်ကြံသူလောကတစ်ခုလုံး လှုပ်လှုပ်ရှားရှားဖြစ်လာသည်။
ရှေးဟောင်းတိကျန်းဘိုးဘေး ပေါ်လာသည်။ မျိုးနွယ်ပေါင်းရာချီက သူ့ဆီအညံ့ခံကြသည်။ နတ်ဆိုးအင်ပါယာအဖြစ် တင်မြှောက်ကြသည်။ နတ်ဆိုးနိုင်ငံတည်ထောင်ဖို့ တောင်းဆိုကြသည်။
တိကျန်းဘိုးဘေးက နတ်ဆိုးပေါင်းထောင်ချီ၏ တောင်းဆိုမှုကို သုံးကြိမ်တိုင်တိုင် ငြင်းဆိုပြီးနောက်တွင် စိတ်မပါ့တပါ သဘောတူလက်ခံခဲ့သည်။
တိကျန်းမျိုးနွယ်က မဟာနန်းတော်ကြီး ခွန်တိုက်အားတိုက် တည်ဆောက်နေသည်။ နန်းတက်ပွဲအတွက် ပြင်ဆင်နေကြသည်။
တိကျန်းဘိုးဘေးက ဖိတ်စာများ နေရာအနှံ့ပို့ထားသည်။ ချန်းချီ၊ နဂါးမျိုးနွယ်၊ ဖီးနစ်မျိုးနွယ်၊ မဟာရှား၊ မသေမျိုးငါးဂိုဏ်း၊ ဗုဒ္ဓနိုင်ငံ၊ အရှေ့ပင်လယ်...
အင်အားကြီးအဖွဲ့အစည်းအားလုံး တိကျန်းဘိုးဘေး၏ နန်းတက်ပွဲဖိတ်စာကိုရကြသည်။
"နတ်ဆိုးမျိုးနွယ်တွေဒီလောက်အများကြီး အညံ့ခံကြတယ်ပေါ့"
နတ်မယ် နည်းနည်းအံ့အားသင့်သွားသည်။
မြန်လွန်းနေသည်။
လက်ရှိလောကတွင် မသေမျိုးများလုံးဝမရှိသဖြင့် တိကျန်းလို မသေမျိုးတစ်ဝက်ကို အလွယ်တကူ အညံ့ခံကြခြင်းလားမသိ။
အားအကြီးဆုံးရှင်သန်မှုအရိယဖလ၏ ဗီဇလက္ခဏာတစ်ခုက ထိန်းချုပ်ထားသည့်လက်အောက်ခံ စွမ်းအားကြီးလေ ထိန်းချုပ်သူလည်း စွမ်းအားတိုးလာလေဖြစ်သည်။
"ဒီမျိုးနွယ်ကြီးတွေမှာ စုစည်းခြင်းအဆင့် ကူးဖြတ်ခြင်းဆင့်ကျင့်ကြံသူတွေရှိမှာပဲ။ ဒီလောက်များတဲ့ နတ်ဆိုးဘုရင်တွေအင်ပါယာတွေကို ထိန်းချုပ်ထားနိုင်တယ်ဆိုတော့ တိကျန်းအိုရဲ့စွမ်းအားဟာ ရှေးဟောင်းခေတ်ကထက် ပိုတိုးလာတဲ့သဘောပဲ။ ချုန်းချီအိုနဲ့တန်းတူ အားအကြီးဆုံးမသေမျိုးတစ်ဝက်တွေကြားမှာ စာရင်းဝင်နေလောက်ပြီ။
သူ့ကိုယ်သူ အင်ပါယာလို့ ကြေညာရဲတာ မဆန်းတော့ပါဘူးလေ"
**********************************