မင်းသေချင်နေတာလား။
Vol. 148 Ch. 2106
ထိုအချိန်တွင် လေးမျက်နှာကျေးရွာအတွင်း နေရာအနှံ့မှ တန်ခိုးရှင်များက သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများကို ရှာဖွေနေကြသည်။
သို့သော် ရီဖူရှင်းနှင့် အခြားသူများက ပျော်ရွှင်စွာ သောက်စားနေကြ၏။ သူတို့သည် အပြင်ဘက်လောက၌ မည်သည့်ကိစ္စတို့ ဖြစ်ပျက်နေသည်ကို ဂရုမစိုက်ဘဲ သေးငယ်သည့် ခြံဝန်းလေးအတွင်းတွင် ငြိမ်းအေးကာ သက်သောင့်သက်သာ ရှိသော ပြိုင်ဘက်ကင်း မြင်ကွင်းကို ဖန်တီးနေကြသည်။
ကလေးနှစ်ယောက်ဖြစ်သော ထျယ်ထိုနှင့် ရှောင်လင်းတို့ နှစ်ယောက်လုံးက အပြင်ဘက်သို့ ခဏခဏ ကြည့်နေပြီး အပြင်ဘက်ရှိ စိတ်လှုပ်ရှားစရာများကို မြင်တွေ့ချင်နေပုံ ရလေသည်။
ရီဖူရှင်းက သူတို့ကို ကြည့်ကာ ပြောလိုက်၏။ "အဘိုးမာ ကျွန်တော် သူ့ကို ခဏလောက် အပြင်ခေါ်သွားလိုက်ဦးမယ်။"
"အင်း.. ကောင်းပြီ။" အဘိုးမာက ခေါင်းညိတ်လိုက်သည်။
ဆယ်ကျော်သက်လေး နှစ်ယောက်က ၎င်းကို မျှော်လင့်နေခဲ့ခြင်း ဖြစ်သည်။ သူတို့က ရီဖူရှင်း၏ စကားကို ကြားသည့်အခါ ကဆုန်ပေါက်ကာ ရီဖူရှင်းထံသို့ ပြေးလာပြီး လက်ချင်းတွဲလိုက်ကြသည်။ ရှောင်လင်းက ရီဖူရှင်းဆီ လျှောက်လာကာ သူ့ လက်ချောင်းများကို ဆုပ်ကိုင်လိုက်၏။ သူတို့ သုံးယောက်က အပြင်ဘက်သို့ အတူတကွ ထွက်ခွာသွားကြသည်။
"ဦးလေးရီ ကျွန်မတို့ ဘယ်သွားကြမလဲ။" ရှောင်လင်းက ရီဖူရှင်းအား မော့ကြည့်ကာ မေးလိုက်သည်။
"အဲဒီကို ရောက်တဲ့အခါ မင်းသိလိမ့်မယ်" ရီဖူရှင်းက အပြုံးနှင့် ပြောလိုက်ကာ ရှောင်လင်းနှင့် ထျယ်ထိုကို ခေါ်ဆောင်သွား၏။ သူက ပတ်ဝန်းကျင်ကို အသေးစိတ် လေ့လာကြည့်သည့်အခါ ရွာတစ်ရွာလုံးက လုံးဝ ကွဲပြားခြားနားသွားသည်ကို တွေ့မြင်ခဲ့ရသည်။ လူအများကလည်း သူတို့၏ အခွင့်အလမ်းများကို ရှာဖွေရန် သွားရောက်နေကြသည်။
ကြည့်ရသည်မှာ လူကြီးများ ပြောသည့်စကားက အမှန်ပင် ဖြစ်လိမ့်မည်။ အနာဂတ်တွင် ဤနေရာ၌ ရွာအတွင်းပိုမိုများပြားသော ကျင့်ကြံသူများ မွေးထုတ်ပေးနိုင်ပြီး သူတို့က ပို၍ပင် အစွမ်းထက်လာလိမ့်မည် ဖြစ်သည်။ သူသည် ၎င်းကို ကိုယ်တိုင် စောင့်ကြည့်ချင်မိသည်။
ရီဖူရှင်းက ရှောင်လင်းနှင့် ထျယ်ထိုကို သစ်ပင်ထံသို့ ရောက်သည်အထိ ခေါ်ဆောင်သွားခဲ့သည်။
ရှောင်လင်းနှင့် ထျယ်ထိုက သစ်ပင်ကို စူးစမ်းကြည့်လိုက်ပြီး ခပ်တိုးတိုးပြောလိုက်ကြ၏။ "ဦးလေးရီ ဒီသစ်ပင်က ဘာအမျိုးအစားလဲ။"
"လမ်းစဉ်ဖွေရှာသစ်ပင်။" ရီဖူရှင်းက ပြောလိုက်သည်။ "ရှောင်လင်း အဲဒီ သစ်ပင်အောက်မှာ သွားထိုင်လိုက်။"
"ဟုတ်ကဲ့။" ရှောင်လင်းက ခေါင်းညိတ်လိုက်ပြီးနောက် သစ်ပင်အောက်၌ တိတ်ဆိတ်စွာ ထိုင်လိုက်သည်။ ထျယ်ထိုသည်လည်း လိုက်သွားကာ သူမ၏ ဘေးတွင် ထိုင်ချလိုက်သည်။ သူက ခေါင်းကို မော့ကာ သစ်ပင်အား စူးစမ်းလိုစိတ်နှင့် ကြည့်လိုက်၏။
"မင်း မျက်လုံးကို မှိတ်ပြီးတော့ ခံစားကြည့်လိုက်။ တစ်ခုခု မြင်နိုင်မလားလို့" ရီဖူရှင်းက ရှောင်လင်း၏ ဘေးတွင် ရပ်ကာ သူမကို နူးညံ့စွာ ပြောလိုက်သည်။ သူ၏ အသံက အလွန် သိမ်မွေ့စွာဖြင့် ရှောင်လင်း၏ စိတ်ထဲသို့ မျောလွင့်သွား၏။
ကလေးမလေးက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေပြီး သူမ၏ မျက်လုံးများကို နာနာခံခံနှင့် မှိတ်လိုက်သည်။ သူမက ခန္ဓာကိုယ်ကို ချိန်ညှိလိုက်ပြီးနောက် သူမက တဖြည်းဖြည်း တည်ငြိမ်လာသည်။
ရှေးဟောင်းသစ်ပင်က ညင်သာစွာ ယိင်းနွဲ့နေပြီး လေတိုးသံများကို ပြုလုပ်နေသည်။ မနီးမဝေးတွင် ဤ နေရာသို့လာနေသော လူတစ်စု ရှိသည်။ ခေါင်းဆောင်လာသည့် လူမှာ လုမိသားစုမှ လုချီရှင်း ဖြစ်သည်။ သူက သစ်ပင်ကို ကြည့်လိုက်သော်လည်း ဤသစ်ပင်က တစ်ခုခုထူးခြားနေသည်ကိုသာ ခံစားမိပြီး မည်သို့ ကွဲပြားနေကြောင်းအတိအကျ ခံစားနိုင်ခြင်း မရှိပေ။
လုချီရှင်းက ရီဖူရှင်းနှင့် ရှောင်လင်းတို့ကို မြင်ကာ သူတို့အား သိလိုစိတ်နှင့် ကြည့်လိုက်သည်။
မိန်းမငယ်လေးနှင့် ထျယ်ထိုနှစ်ယောက်လုံးက တိတ်ဆိတ်စွာ ထိုင်နေကြသည်။ တခဏ ကြာပြီးနောက် ထျယ်ထိုက မျက်လုံးများကို ဖွင့်ကာ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူက တစ်ခုခုပြောလိုသောကြောင့် ပါးစပ်ဖွင့်လိုက်သော်လည်း ရီဖူရှင်းက သူ့ကို တိတ်တိတ်နေရန် အမူအရာလုပ်ပြလိုက်၏။ ထျယ်ထိုက ခေါင်းကို ကုတ်လိုက်ပြီး သူ့ဘေးတွင် ထိုင်နေသောရှောင်လင်းကို တစ်ချက်လှမ်းကြည့်လိုက်သည်။ သူက ရီဖူရှင်း ဆိုလိုသည့်အရာကို နားလည်သဘောပေါက်သည်။ ထို့ကြောင့် သူက စကားပြောဆိုချင်နေသည်ကို ထိန်းချုပ်ထားလိုက်၏။
ယိမ်းနွဲ့နေသော ရှေးဟောင်းသစ်ပင်မှ သစ်ရွက်များက ရှောင်လင်းပေါ်သို့ သက်ဆင်းလာသည်။ မမြင်နိုင်သည့် လေစီးကြောင်းများက သူမ၏ ခန္ဓာကိုယ်အတွင်းသို့ စီးဝင်နေခဲ့သည်။ တဖြည်းဖြည်းနှင့် ရှောင်လင်းသည် အံ့သြဖွယ်ကောင်းသော အခြေအနေသို့ ဝင်ရောက်သွားသည်။ သူမသည် သူမက ထိုနေရာ၌ ထိုင်နေခြင်း မဟုတ်ဘဲ လေထဲတွင် မျောလွင့်နေသည်ဟု ခံစားရသည်။ မရေတွက်နိုင်သော တောက်ပသည့် နတ်ရောင်ဝါများက သူမ၏ ခန္ဓာကိုယ်ကို လွှမ်းခြုံထားပြီး သူမက အခြားလေဟာနယ်တစ်ခုအတွင်း ဝင်ရောက်သွားသလို ခံစားနေရသည်။
"အရမ်းလှတာပဲ။" ရှောင်လင်းက အံ့သြစွာ ရေရွတ်လိုက်သည်။ သူမသည် သူမ၏ ရှေ့မှ မတူညီသော နေရာများတွင် ပေါ်ပေါက်လာသည့် ခမ်းနားထည်ဝါသော ရွှေရောင်တံခါးများအား မြင်တွေ့လိုက်ရသည်။
ဤ လေဟာနယ်အထက်ရှိ ကောင်းကင်ထက်တွင် ရွှေရောင် ရောင်ဝါတစ်ခုက ပေါ်ပေါက်လာပြီး ရှောင်လင်းပေါ်သို့ ကျဆင်းလာ၏။ အချိန်တခဏအတွင်း ရှောင်လင်းသည် ခမ်းနားထည်ဝါသော အလင်းတို့နှင့် လွှမ်းခြုံခံလိုက်ရသည်။
ရီဖူရှင်းက မော့ကြည့်လိုက်ပြီး အထက် ကောင်းကင်တွင် လေဟာနယ် ရွှေတံခါးတစ်ခု ပေါ်ပေါက်လာသည်ကို ခပ်ရေးရေးမြင်တွေ့လိုက်ရသည်။ ၎င်း၏ အလင်းက ရှောင်လင်းပေါ်သို့ ဖြာကျနေသည်။
ထို အခိုက်အတန့်တွင် ရီဖူရှင်းက ကိစ္စရပ်များကို သေသေချာချာ နားလည်သွားခဲ့သည်။ ရှောင်လင်းသည် နတ်ဘုရားနည်းစနစ်ခုတစ်ခုကို ဆက်ခံရန် နိုးထနိုင်သည့် ရွာသားတစ်ယောက်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ကြည့်ရသည်မှာ အဘိုးမာက ထိုအကြောင်းတစ်ခုခု သိထားပုံရလေသည်။
သူသည် အဘိုးမာ၏ သာမန်ဆန်လှသော အသွင်အပြင်ကြောင့် လှည့်စားခံရသလို ခံစားလိုက်ရသည်။
ရီဖူရှင်းသည် နတ်ဘုရားနည်းစနစ်ခုနှစ်ပါးထဲမှ တစ်ခုက ကောင်းကင်အထက်တွင် ပုန်းကွယ်နေသလို ထင်မှတ်ရသော်လည်း ၎င်းကို မည်သူက ဆက်ခံနိုင်မည်ဖြစ်ကြောင်း သူမသိပေ။ သူ ရှောင်လင်းကို ဤနေရာသို့ ကျင့်ကြံရန် ခေါ်ဆောင်လာခြင်းမှာ သူမက မည်သို့သော ပါရမီမျိုးရှိကာ မည်သည့်စွမ်းရည်အမျိုးအစားအား ဆက်ခံနိုင်မည်ကို မြင်တွေ့လိုသောကြောင့် ဖြစ်သည်။ သူသည် သူမ ဆက်ခံရသည့် စွမ်းအားက လေဟာနယ်အတွင်းမှ နတ်ဘုရားနည်းစနစ်တစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း မရှိပေ။
ရှောင်လင်း၏ ခန္ဓာကိုယ်က မျောလွင့်လာပြီး လေဟာနယ်သို့ တက်လာခဲ့သည်။ သူမက ရွှေရောင်တံခါးအတွင်းစုပ်ယူခံနေရသလိုပင်။ တစ်ချိန်တည်းမှာပင် လေဟာနယ်အတွင်း မတူညီသော နေရာများမှ လူအများသည် ထူးဆန်းသော စွမ်းအားအတက်အကျများကို ခံစားမိလိုက်ကြသည်။ သို့သော်လည်း သူတို့သည် မည်သည်တို့ ဖြစ်နေသည်ကို အတိအကျ မမြင်နိုင်ကြပေ။ သူတို့က ရှောင်လင်း၏ ခန္ဓာကိုယ်သည် လေဟာနယ်အတွင်း မတူညီသော နေရာများသို့ အဆက်မပြတ် ပြောင်းလဲပေါ်ပေါက်နေသည်ကို မြင်တွေ့လိုက်ရပြီး ထိတ်လန့်သွားကြသည်။
"ဒါက..."
"ဒါက ရှောင်လင်းပဲ။"
"သူမက စွမ်းအင် နိုးထလာပြီလား။"
လေးမျက်နှာကျေးရွာအတွင်းမှာ လူတိုင်းသည် ထိုနေရာသို့ အာရုံစိုက်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် ပြောဆိုနေသံများ ထွက်ပေါ်လာသည်။
ရှောင်လင်းသည် ဆရာသခင်က မကျင့်ကြံနိုင်ဟု ဆုံးဖြတ်ခဲ့သော တစ်စုံတစ်ယောက် ဖြစ်သည်။ သို့ပါသော်လည်း ယခုတွင် သူမက ထူးခြားဆန်းကြယ်သည့် စွမ်းရည်ကို အမှန်တကယ် ဆက်ခံနိုင်ခဲ့သည်။ ၎င်းက နတ်ဘုရားနည်းစနစ်တစ်ခုခု အမှန်တကယ် ဖြစ်နိုင်ပါသလား။
မကြာသေးခင်က ဆရာသခင်သည် နတ်ဘုရားနည်းစနစ်ခုနစ်ခု ပေါ်ပေါက်လာလိမ့်မည်ဟု ပြောခဲ့သည့်အတွက်ကြောင့် ၎င်းကို မှန်းဆရန် မခက်လှပေ။
"လေဟာနယ် အတက်အကျစွမ်းအားက ဒီလောက်တောင် အားကောင်းတာလား။" အပြင်ဘက်မှ အချို့သော တန်ခိုးရှင်များက ထိုနေရာကို ကြည့်ကာ မှတ်ချက်ချလိုက်သည်။ ကြည့်ရသည်မှာ နောက်ထပ် နတ်ဘုရားနည်းစနစ်တစ်ခု ထပ်မံပေါ်ပေါက်လာခြင်း ဖြစ်နိုင်သည်။
အခြားတစ်ဖက်တွင် မုယွင်မိသားစုမှ လူများလည်း ရှိနေပြီး မုယွင်လုံနှင့် မုယွင်ရှုတို့က လေဟာနယ်ထဲမှ ပုံရိပ်ကို ကြည့်လိုက်ပြီး စိတ်မကျေမနပ် ဖြစ်သွားခဲ့သည်။
သိပ်မကြာခင်က သူတို့သည် ထိုလူများကို မောင်းထုတ်ရန် အဘိုးမာ၏ အိမ်သို့ သွားခဲ့ကြသည်။
ယခု ရှောင်လင်းက နိုးထခြင်းဖြစ်စဉ် ဖြစ်ပေါ်လာနေပြီ ဖြစ်သည်။
"သေစမ်း" မုယွင်လုံသည် ခပ်တိုးတိုး ကျိန်ဆဲလိုက်သည်။ သူ၏ အမူအရာက ဂရုမစိုက်ဟန် ကျန်ရှိနေဆဲ ဖြစ်သည်။ သူ့ မျက်လုံးများက အဝေးရှိ သစ်ပင်၏ အောက်ခြေတွင်ရပ်နေသော ရီဖူရှင်းကို ကြည့်နေပြီး မျက်လုံးများက အလွန် အေးစက်နေခဲ့သည်။
သူ စိတ်ပူနေသကဲ့သို့ ထိုလူက ထူးခြားလှသော ကံကြမ္မာကောင်းများနှင့် တစ်စုံတစ်ယောက် ဖြစ်နေသည်လား။
မုယွင်လုံသည် ထိုနေ့က အနီရောင် မေပယ်များ အပြည့် ပွင့်လန်းနေသည်ကို မြင်တွေ့ခဲ့သည်။ သူက သံသယဝင်ခဲ့သည့်အတွက် သူတို့ကြားတွင် အနည်းငယ် ပဋိပက္ခ ဖြစ်ပွားခဲ့သည်နှင့် ရီဖူရှင်းအား အဝေးသို့ မောင်းထုတ်ရန် ကြိုးစားခဲ့၏။ သူက အနည်းငယ် စိုးရိမ်ပူပန်နေခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခုတွင် ကြည့်ရသည်မှာ သူ၏ စိုးရိမ်ပူပန်မှုက အစစ်အမှန် ဖြစ်လာပုံရလေသည်။
ခဏကြာပြီးနောက် ရှောင်လင်း၏ ခန္ဓာကိုယ်က ရှေးဟောင်းသစ်ပင် အောက်ခြေသို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သူမက ထိုနေရာတွင် တိတ်ဆိတ်စွာ ထိုင်နေကာ အလင်းရောင်ဝါတို့ဖြင့် လွှမ်းခြုံခံထားရသည်။ လေဟာနယ်အောက်ဘက်မှ ထိုတံခါးများက သူမ ထံသို့ စွမ်းအားများ သွန်းလောင်းနေခဲ့သည်။ ရှောင်လင်း၏ နောက်တွင် လှပသော မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။
ထိုနေရာသို့ အရိပ်များ လျင်မြန်စွာ ရောက်ရှိလာကြသည်။ အဝေးမှ လူများသည် သစ်ပင်အောက်ရှိ ပုံရိပ်သုံးခုကို မြင်တွေ့ခဲ့ရသည်။
ရီဖူရှင်းနှင့် ဆယ်ကျော်သက်လေး နှစ်ယောက်က လှပသော ပန်းချီကားတစ်ချပ် ဖြစ်တည်စေ၏။
ရွာမှ လူများက အနည်းငယ် အံ့အားသင့်နေကြသည်။ ရှောင်လင်းက ရီဖူရှင်း ရွာသို့ ဝင်ရောက်လာသည့် အချိန်၌ သူမအိမ်သို့ဖိတ်ကြားခဲ့ခြင်းအား ရွာရှိ မည်သူကမှ ကောင်းမွန်သည့် အတွေးဟု မထင်မှတ်ခဲ့ကြပေ။ သို့သော်လည်း ယခုတွင် ရှောင်လင်းက တစ်သက်မှ တစ်ခါသာ ရရှိနိုင်သော အခွင့်အရေးကို လက်ခံရရှိခဲ့ပြီး ထိုအဖြစ်အပျက်က ရီဖူရှင်းနှင့် တစ်ခုခုသက်ဆိုင်နေကြောင်း သိရှိသွားကြသည်။
ဆိုလိုသည်မှာ ဤ အဖြူရောင်ဆံပင်နှင့်လူငယ်က ကြီးမားသော ကံတရားရှိနေသည့် လူတစ်ယောက်ဖြစ်နေသည်လား။
သစ်ပင်ရှိရာသို့ ရောက်လာကြသော လူတစ်စုတွင် မုယွင်မိသားစုမှ လူများလည်း ပါဝင်သည်။ သူတို့သည် ထိုသစ်ပင်က ပုံမှန်မဟုတ်ကြောင်း ခံစားမိကြသည်။ သူတို့က ဤနေရာ၌ နားလည်သဘောပေါက်အောင် ဆင်ခြင်နိုင်လျှင် နိုးထခြင်း၏ ကြီးမားသော အခွင့်အရေးကို ရရှိလိမ့်မည်လား။
ထျယ်ထိုက ရှေ့သို့ ခြေလှမ်းလိုက်သော်လည်း မည်သည့်စကားမှ မဆိုပေ။ သူက မည်သူမှ အနားကပ်လာ၍ ရှောင်လင်းကို အနှောက်အယှက်ပေးရန် ခွင့်မပြုနိုင်သကဲ့သို့ ထိုနေရာ၌ လက်များကို ဘေးဘက်သို့ ဆန့်တန်းကာရပ်နေသည်။
"လမ်းက ဖယ်လိုက်။" အချို့သော အပြင်လူများက သူ့ကို ကြိမ်းမောင်းလိုက်ပြီး ရှေ့သို့ ဆက်လက်ချီတက်လာကြသည်။ သို့သော် ရီဖူရှင်းက ထိုလူအား တစ်ချက်ကြည့်လိုက်လျှင် မမြင်နိုင်သော ဖိအားက ထိုလူကို လွှမ်းခြုံသွားပြီး သူ့အား ရပ်တန့်သွားစေသည်။ ထိုလူက သူ၏ အာရုံကို ရီဖူရှင်းထံသို့ ရွှေ့ပြောင်းလိုက်၏။
"ထျယ်ထို မင်းဘာလုပ်နေတာလဲ" အသံတစ်ခု ထွက်ပေါ်လာပြီး မုယွင်လုံနှင့် အခြားလူများက ထျယ်ထိုထံသို့ လျှောက်လာခဲ့ကြသည်။ သူ့ဘေးမှ ရပ်နေသော လူက လက်ကို ဆန့်တန်းလိုက်ကာ ထျယ်ထိုကို ဖမ်းဆုပ်ရန် ကြိုးစားလိုက်သည်။
သို့သော် နောက်တခဏတွင် ထိုလူ၏ လက်က အခြားလက်တစ်ဖက်ဖြင့် ဖမ်းချုပ်ခြင်းကို ခံလိုက်ရ၏။ သူက အနည်းငယ် ရုန်းကြည့်သော်လည်း တစ်ဖက်လူ၏ လက်က သူ့လက်မောင်းအား တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားသည်ကို သိရှိလိုက်ရသည်။
သူ၏ အမူအရာက ချက်ချင်းပြောင်းလဲသွားကာ ခေါင်းကို မော့ကြည့်လိုက်လျှင် သူ့ရှေ့တွင် ရပ်နေသည့် လူကို မြင်လိုက်ရသည်။ ထိုလူ၏ မျက်လုံးများက တွင်းနက်ကြီး တစ်ခုကဲ့သို့ ဖြစ်နေပြီး အလင်းမရှိသည်မျက်မမြင်တစ်ယောက် ဖြစ်သည်။ ထိုသူမှာ မျက်မမြင်ထျယ် ဖြစ်သည်။ သူ၏ လက်မောင်းများက အကျီလက်ဖြင့် ကာကွယ်မထားသည့် အတွက်ကြောင့် သူ၏ ပြီးပြည့်စုံသော အားအင်အပြည့်နှင့် ကြေးညိုရောင် ကြွက်သားများကို ရှင်းလင်းစွာ ဖော်ပြထားသည်။
မျက်မမြင်ထျယ်က သူ၏ လက်ကို ရှေ့သို့ ယမ်းလိုက်ပြီး ထိုလူက နောက်သို့ ခြေလှမ်းပေါင်းများစွာ ဆုတ်ခွာသွားခဲ့ရသည်။ မျက်မမြင်ထျယ်သည် ရှေ့သို့ ခြေလှမ်းလိုက်ကာ သူ့အား ပိတ်ဆို့လိုက်သည်။ သူက မျက်လုံးမမြင်သော်လည်း လူတိုင်းကို မြင်နိုင်သကဲ့သို့ ထင်မှတ်ရသည်။
သူက ထိုနေရာ၌ ကျောက်ရုပ်တစ်ခုကဲ့သို့ ရပ်နေခဲ့ပြီး မည်သူကမှ သူ့ကို ဖြတ်ကျော်နိုင်လိမ့်မည် မဟုတ်သလို ခံစားမိစေသည်။
လူအများက ထိုမျက်မမြင်ကို စိုက်ကြည့်လိုက်ကြသည်။ တစ်ချိန်တုန်းက မျက်မမြင်ထျယ် ကျေးရွာသို့ ပြန်ရောက်လာသည့်အခါ သူ၏ အသက်က ကြိုးတန်းပေါ်တွင် ရှိနေခဲ့ပြီး သေလုဆဲဆဲပင် ဖြစ်သည်။ သူ့ အမြင်အာရုံကွယ်သွားသော်လည်း သူ၏ အသက်ကို ကယ်ဆယ်ခဲ့သူမှာ ဆရာသခင်ပင် ဖြစ်သည်။ ထို့နောက်တွင် ထိုမျက်မမြင်က ပန်းပဲရုံအတွင်း၌ တိတ်ဆိတ်စွာ အလုပ်ကြိုးစားနေခဲ့ပြီး သူ၏ ခွန်အားကို မည်သူထံမှ ပြသခြင်း မရှိတော့ပေ။ ထိုနည်းလမ်းဖြင့် သူက နှစ်ပေါင်းများစွာ တိတ်ဆိတ်စွာ နေထိုင်ခဲ့သည်။
ယခုအချိန်၌ မျက်မမြင်ထျယ်၏ ခွန်အားအစစ်အမှန်ကို မည်သူမှမသိသလို သူယခင်က ထိခိုက်ဒဏ်ရာ ရရှိခြင်း၌ စွမ်းအင် မည်မျှ ကျန်ရှိခဲ့သည်ကို မသိကြပေ။
သို့သော် သူတို့ရှေ့၌ မြင်ရသည့် မြင်ကွင်းကြောင့် လူတိုင်း ထိတ်လန့်သွားခဲ့ကြသည်။ သူ ထိုနေမှာ ရပ်နေရုံနှင့် မျက်မမြင်ထျယ်သည် လူတိုင်းကို မမြင်နိုင်သော ဖိအားတစ်ခု အမှန်တကယ် ပေးစွမ်းနိုင်ပေသည်။ ကြည့်ရသည်မှာ သူက ဖြတ်ကျော်၍ မရနိုင်သော အဟန့်အတားတစ်ခုကဲ့သို့ ထင်မှတ်ရ၏။
"ဘယ်လိုတောင် ရဲတင်းရတာလဲ။" နန်ဟိုင်ချင်းက ရှေ့သို့ ခြေလှမ်းလိုက်ကာ မျက်မမြင်ထျယ်ထံသို့ တိုးဝင်သွားသည်။ နန်ဟိုင်ချင်း နီးကပ်လာသောအခါ မျက်မမြင်ထျယ်က သူ့လက်ကို မြှောက်လိုက်သည်။ လူတိုင်းက လင်းလက်သွားသော အလင်းတန်းများကိုသာ မြင်တွေ့လိုက်ကြရသည်။
ဘန်း...
အသံကို ကြားလိုက်ရပြီးနောက် နန်ဟိုင်မိသားစု၏ ဂုဏ်ယူရသော မျိုးဆက်တစ်ဦးဖြစ်ပြီး အပြင်လောက၌ ပါရမီရှင်ဟု ကျော်ကြားသည့် နန်ဟိုင်ချင်းက မြေပြင်သို့ ရိုက်ချခြင်းခံလိုက်ရသည်။
မျက်မမြင်ထျယ်က သူ၏ ခြေထောက်ကို ကွေးကာ နန်ဟိုင်ချင်း၏ လည်ပင်းသို့ တင်လိုက်ပြီး မြေပြင်၌ ခိုင်မာစွာ ဖိနှိပ်ထားလိုက်သည်။ သူကပြောလိုက်၏။ "အပြင်လူတစ်ယောက်က ရွာထဲမှာ လက်ကို မြှောက်ရဲတယ်ပေါ့။ မင်းသေချင်နေတာလား။"
***