သေခြင်းတရားကို တောင့်တစေခြင်း
Vol. 36 Ch. 511
…
အာရန်တစ်ယောက် ထိုအခန်းထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် သီးခြားကမ္ဘာတစ်ခုသို့ ရောက်ရှိသွားသလို ခံစားလိုက်ရသည်။
သန့်စင်ပရောဟိတ်မ၏ ကောင်းချီးနယ်မြေတွင် ရှိစဉ်က ဓားဧကရာဇ်၏ အော်ရာကို အသုံးပြုမှသာ သူ၏အားနည်းမှုများ ပျက်ပြယ်သွားခဲ့၏။
သို့သော် ဤနေရာတွင်မူ ဓားဧကရာဇ်၏ အော်ရာကပင် ထိုအားနည်းစေသည့် အာနိသင်များကို မပျက်ပြယ်စေနိုင်ခဲ့ပေ။
ထိုအခန်းကိုယ်တိုင်ကပင် သူ၏စွမ်းအင်များကို အချိန်တိုင်း ဖိနှိပ်ထားသကဲ့သို့ပင်။
[သင်သည် အမည်မသိနတ်ဘုရားမတစ်ပါး၏ နယ်မြေထဲသို့ ဝင်ရောက်သွားခဲ့ပါသည်။]
[သင်၏ အခြေခံစွမ်းရည်များအားလုံးသည် ၅၀% ဝန်းကျင်သို့ ယာယီအားနည်းသွားပါပြီ။]
သူ၏ ရှေ့တွင် အသိပေးချက်များ ပေါ်လာသောအခါ အာရန်တစ်ယောက်လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။
သူသည် နတ်ဘုရားမတစ်ပါး၏ နယ်မြေထဲသို့ ရောက်ရှိသွားခဲ့ခြင်းတဲ့လား။ ထိုအကြောင်းကို တွေးမိလေလေ အခြေအနေများ သည်ထင်ထားသည်ထက် များစွာဆိုးသွားနိုင်ကြောင်းတွေးမိလေလေပင်ဖြစ်လေသည်။
နောက်ဆုံးတွင် သူ၏ ဓားဧကရာဇ် အော်ရာသည် အဘယ်ကြောင့် သူ၏ အားနည်းသွားမှုအား မခုခံနိုင်ခြင်းကို သူနားလည်လိုက်လေပြီ။
ဤသည်မှာ ပရောဟိတ်မ၏ နယ်မြေမဟုတ်ဘဲ နတ်ဘုရားမတစ်ပါး၏ သီးသန့်နယ်မြေတစ်ခု ဖြစ်နေခြင်းကြောင့်ပင်။
သူသည် ထောင်ချောက်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်သွားခဲ့မိသည်မှာ ပို၍ပင် ၍ရှင်းလင်းလာခဲ့၏။
ဤထောင်ချောက်မှ ထွက်ခွာနိုင်မည့် တစ်ခုတည်းသောနည်းလမ်းမှာ သူ၏ လက်ထဲတွင် ဖွက်ထားဆဲဖြစ်သည့် လွတ်မြောက်ခြင်းအဆောင်တစ်ခုတည်းသာ ကျန်တော့သည်။
သို့သော်လည်း ဤနယ်မြေအတွင်း၌ ထိုအဆောင်သည် အမှန်တကယ် အလုပ်ဖြစ်ပ့ါမလားဆိုသည်ကိုမူ သူလည်းမသေချာတော့ပေ။
အခန်းကို လွှမ်းခြုံထားသည့် မှောင်မိုက်မှုများသည် တဖြည်းဖြည်းချင်း မှိန်ဖျော့သော အလင်းရောင်များဖြင့် အစားထိုးခြင်းခံလိုက်ရကာ နံရံများပေါ်တွင် ချိတ်ဆွဲထားသော မီးတိုင်များစွာသည် စတင်အသက်ဝင်လာခဲ့၏။
သူသည် နောက်ဆုံးတွင်တော့ ဤအခန်းကို ကောင်းစွာနားလည်နိုင်ခဲ့ပြီဖြစ်သည်။
အခန်းသည် သူအစောပိုင်းက ထင်ထားသည်ထက် များစွာပိုကြီးလေသည်။
အနက်ရောင်ကျောက်နံရံကြီးများသည် အထက်သို့ထောင်မတ်လျက်ရှိနေကြပြီး အထက်ပေပေါင်းထောင်ချီအကွာရှိ မြူခိုးငွေ့များကြားတွင် အဆုံးသတ်နေရာမှာ ပျောက်ကွယ်လျက်ရှိနေလေ၏။
ဤသီးသန့်နယ်မြေတစ်ခုဖြစ်နေသော အခန်း၏ဗဟိုတွင် ရုပ်တုကြီးတစ်ခုလည်းရှိနေခဲ့သည်။
အာရန်သည် ထိုရုပ်တု၏မျက်နှာကိုကြည့်ရန် ခေါင်းကိုမော့လိုက်သော်လည်း ရုပ်တု၏မျက်နှာကို မမြင်နိုင်ခဲ့ပေ။
၎င်းတွင် ဖုံးမမြင်နိုင်အောင် ကွယ်ထားသည့် မြူခိုးငွေ့များတည်ရှိနေခဲ့သည်။
ထိုမြူခိုးငွေ့များသည် စာရေးဆရာဆိုသူပုဂ္ဂိုလ်၏ မျက်နှာကို မမြင်ရအောင် ကာဆီးထားသည့်မြူခိုးငွေ့များနှင့် ဆင်တူနေသောကြောင့် သူ့အတွက် ရင်းနှီးနေဟန်ရ၏။
၎င်းသည် စာရေးဆရာ ရောက်ရှိလာတိုင်း အတူပါလာသည့် မြူခိုးငွေ့များနှင့်အတူတူပင်တည်း။
အာရန်သည် ဤလူများမှာ အဘယ့်ကြောင့် မြူခိုးငွေ့များဖြင့် ၎င်းတို့၏ မျက်နှာများကို ဖုံးကွယ်ထားရခြင်းအကြောင်းရင်းကို အနည်းငယ် သိချင်နေခဲ့သည်။
ကံမကောင်းစွာဖြင့် ထိုအကြောင်းကို စပ်စုရန် သူ့တွင် အချိန်မရှိပေ။
ထိုရုပ်တုသည် သူထင်ထားသကဲ့သို့ သက်မဲ့ရုပ်တုတစ်ခု မဟုတ်သည်မှာတော့ ရှင်းလင်းနေလေသည်။
နတ်ဘုရားမသည် ဤနေရာသို့ ကိုယ်တိုင်ဆင်းသက်မလာခဲ့လျှင်ပင် ဤနယ်မြေအတွင်း၌ သူမ၏သြဇာအာဏာကို အသုံးပြုနိုင်သည်မှာ ထင်ရှား၏။
၎င်းသည် စာရေးဆရာ ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အချိန်အတော်ကြာအထိ ရပ်တန့်ထားနိုင်သည့်သဘောတရားနှင့် ဆင်တူပေမည်။
ဤကဲ့သို့ဖြစ်တည်မှုကြီးများ၏ရှေ့တွင် သူ၏ အစောပိုင်း တိုးတက်လာသော အဆင့်ကလေးနှင့် လုံလောက်ပါ့မလား။
အစောပိုင်းလေးကမှ အာရန်သည် သူ့ကိုယ်သူ ဤကမ္ဘာတွင် ပိုမိုဘေးကင်းသွားပြီဟု ထင်မှတ်ခဲ့သော်လည်း ယခုမူ ကမ္ဘာ့အကြောင်း သူအထင်သေးခဲ့မိကြောင်း သဘောပေါက်လိုက်သည်။။
အရှင်သခင်များသည် သူအစက ထင်မှတ်ထားသလောက် မရိုးရှင်းကြပေ။
အကယ်၍ အနောက်ပိုင်း အရှင်သခင်၌ ဤကမ္ဘာကို ဝင်ရောက်စွက်ဖက်နိုင်သော နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်တည်မှုမျိးရှိနေခဲ့သည်ဆိုလျှင် ကျန်အရှင်သခင်များရော ဘာတွေရှိနေကြဦးမည်နည်း။ ၎င်းတို့တွင် မည်သည့်အရာများ ဖုံးကွယ်ထားကြသနည်း။
‘ရန်နစ်ခရိုလိုင်းတစ်ယောက် အစွမ်းတွေချိတ်ပိတ်ခံခဲ့ရတာ အံ့ဩစရာမရှိတော့ဘူး။ ဒီလိုဖြစ်တည်မှုတွေလက်ကနေ သူလွတ်မြောက်နိုင်ခဲ့တာကမှ ပိုပြီး အံ့ဩစရာကောင်းနေတာ။ အနည်းဆုံး ငါသူ့ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခွင့်ရခဲ့တဲ့ အချိန်အထိပေါ့။’
အာရန်တစ်ယောက် အတွေးများထဲတွင် နစ်မြုပ်နေစဉ် လက်ခုပ်တီးသံတစ်ခုကို ကြားလိုက်ရသည်။
သူသည် ထိုအတွေးများမှ နိုးထလာပြီး ရုပ်တုခြေရင်းအနီးတွင် ရပ်နေသည့် မိန်းကလေးဆီသို့ အာရုံပြန်ရောက်သွားသည်။
သန့်စင်ပရောဟိတ်မသည် သူမ၏ ပုံမှန်ရွှေရောင်ဝတ်စုံနှင့် ကွဲပြားစွာပင် ခရမ်းရောင်ဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားသည်။
သူမ၏မျက်ဝန်းများတွင် အပြင်ဘက်မှာကဲ့သို့ အခြားသူများရှေ့တွင် ထုတ်ဖော်ပြသလေ့ရှိသည့် သနားကြင်နာသည့် အကြည့်မျိုး လုံးဝမရှိတော့ပေ။ ဤနေရာတွင် သူမ၏ အစစ်အမှန်ပုံစံကို မကွယ်မဝှက်ပဲ ပြသနေသကဲ့သို့ပင်။
သူမ၏မျက်လုံးများသည် မကျေနပ်မှုများဖြင့် ပြည့်နှက်နေပြီး သူမ၏အကြည့်သည် အာရန်အပေါ်၌ ရစ်ဝဲနေခဲ့၏။
“ရှင်နောက်ဆုံးတော့ ရောက်လာပြီပဲ” ဟု ပရောဟိတ်မကဆိုလိုက်သောအခါ သူမ၏အသံသည် အခန်းထဲတွင် ညင်သာစွာ ပဲ့တင်ထပ်သွားခဲ့သည်။
သူမသည် သူ့ကို အချိန်အတော်ကြာစောင့်နေခဲ့ရသကဲ့သို့ သူမ၏လေသံတွင် သိမ်မွေ့သော ကျေနပ်မှုအရိပ်အယောင်တစ်ခု ရှိနေခဲ့၏။
အာရန်သည် အစစအရာရာအတွက် အသင့်ဖြစ်နေစေရန် သူတစ်ဖက်တွင် ဝှက်ထားဆဲဖြစ်သော လွတ်မြောက်ခြင်းအဆောင်ကို ထပ်မံ၍တင်းကျပ်စွာ ဆုပ်ကိုင်ထားလိုက်မိသည်။
“မင်းရဲ့ ဖိတ်ကြားမှုကို ကိုယ်မငြင်းဆန်နိုင်ခဲ့ဘူးလေ” ဟု အာရန်သည် ယခင်ကကဲ့သို့ပင် တည်ငြိမ်သောလေသံဖြင့် ပြန်ဖြေလိုက်သည်။
သန့်စင်ပရောဟိတ်မသည် မျက်မှောင်ကြုတ်လျက် အာရန်အား စိုက်ကြည့်လိုက်သည်။
“ရှင့်ကို ဧကရာဇ်ဖြစ်အောင် ကျွန်မကူညီပေးခဲ့တဲ့နေ့ကို ခုထိမှတ်မိနေတုန်းပဲ။ အဲ့တုံးက ရှင်ခုလို ကျွန်မကို သစ္စာဖောက်လိမ့်မယ်လို့သာ သိခဲ့ရင် အဲဒီနေ့က ကွဲပြားတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ခဲ့မိမှာပဲ။”
“ဘာကွဲပြားတဲ့ ဆုံးဖြတ်ချက်ကို ချမှာလဲ” ဟု အာရန်က မေးသည်။ “မင်း ကျုပ်အဖေကို သတ်ခဲ့သလို ကျုပ်ကိုသတ်ခဲ့မှာမလား”
အာရန်သည် သန့်စင်ဧကရာဇ်အဖြစ် ဤနေရာသို့ရောက်ရှိနေခြင်းဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် သန့်စင်ဧကရာဇ်၏ ဇာတ်ကြောင်းတစ်ခုလုံးကို သိထားပြီးဖြစ်သည်။
ဤအခန်းကဏ္ဍကို မည်သို့ကစားပေးရမည်ကို သူအတိအကျသိ၏။
သန့်စင်ပရောဟိတ်မသည် သူ့အား တိတ်ဆိတ်စွာ စိုက်ကြည့်နေပြီး သူမ၏ နှုတ်ခမ်းထောင့်များ လှုပ်ရှားလာခဲ့သည်။
“ဒါဆို ရှင်အစောကတည်းက ကြိုသိနေခဲ့တာပေါ့။ အခုတော့ နားလည်လာပြီ။ ဒါတွေအားလုံးက ရှင့်ရဲ့ လက်စားချေမှုသက်သက်ပေါ့ဟုတ်လား”
သူမသည် သူမ၏ နဖူးကို ပြန်လည်၍ ပွတ်သပ်လိုက်မိသည်။
သူမ၏ စိတ်ပျက်သွားမှုသည် ပို၍ပင် ထင်ရှားလာခဲ့သည်။
“ကျွန်မကိုယ်ကျွန်မ အရာအားလုံးကို ချုပ်ကိုင်ထားနိုင်ခဲ့တယ်လို့ထင်ခဲ့မိတာ။ ရှင့်လို ခပ်နုံနုံနယ်ရုပ်တစ်ရုပ်ရဲ့ လက်စားချေမှုကို ထည့်မတွက်ထားခဲ့မိဘူး အဲ့ဒီအကြောင်းကို ပြန်တွေးကြည့်ရင်...”
“ဘယ်လောက်တောင် တုံးအခဲ့လိုက်သလဲ”
သူမ၏ သတ်ဖြတ်လိုစိတ်များသည် ပိုမိုပြင်းထန်လာခဲ့ပြီး သူမ၏အသံမှာ ပိုမို၍ အေးစက်လာခဲ့သည်။
“ရှင့်ရဲ့လက်စားချေမှုလေးအတွက် ကျွန်မကို အကွက်ဆင်ခဲ့တာလား။ ရှင့်ရဲ့ဒီလှည့်ကွက်လေးတွေနဲ့ ကျွန်မကို ဆွဲချနိုင်မယ်လို့ တကယ်ကြီး ထင်နေတာလား”
သူမသည် အချိန်ကြာလာသည့်နှင့်အမျှ သန့်စင်ဧကရာဇ်အား အကြမ်းတမ်းဆုံးနည်းလမ်းများဖြင့် သတ်ဖြတ်လိုကြောင်း ပိုမိုရှင်းလင်းလာခဲ့၏။ သူမ၏ လမ်းကို လာရောက် တားဆီးရန်ကျိုးစားခဲ့သော သူ့အား သေခြင်းတရားကို ပင် တောင့်တစေသည်အထိ အကြမ်းတမ်းဆုံးနည်းလမ်းများဖြင့် နှိပ်စက်ပြီးမှ သတ်ဖြတ်လိုခဲ့သည်။
သို့သော် ထိုမတိုင်မီတွင် သူမသည် သူ၏ ဝိညာဉ်အား အရင် ရှာဖွေရန်လိုအပ်လေသည်။
နဂါးများကို သူမည်သို့ စည်းရုံးနိုင်ခဲ့သည်ကို သူမသိလိုနေသေးသည်။
သူမ၏ နတ်ဘုရားမ နယ်မြေကိုပင် ဝင်ရောက်စွက်ဖက်နိုင်သည့် ထိုထူးခြားသည့် ရတနာပစ္စည်းနှင့်ပတ်သက်၍ သူမအနေနှင့် ပိုမို၍ သိရှိလိုသေးသည်။
ထိုမေးခွန်းများအားလုံးအတွက် အဖြေသည် သန့်စင်ဧကရာဇ်၏ စိတ်ဝိညာဉ်အတွင်း၌ ရှိနေမည်ဟု သူမယုံကြည်ထားမိသည်။
၎င်းသည် သူ့ဝိညာဉ်ကို ဆုတ်ဖြဲခံရသည်ဟု ခံစားရစေခြင်းဖြင့် သူ့အား အပြစ်ပေးရန် အကောင်းဆုံးနည်းလမ်းလည်းဖြစ်လေ၏။
သူမသည် အာရန်ဆီသို့ လျှောက်သွားလိုက်ပြီး အာရန်၏ ခန္ဓာကိုယ်ပေါ်တွင် ပြင်းထန်သော ဖိအားတစ်ခုကို သက်ရောက်စေလိုက်သည်။
ဤနေရာတွင် သူ၏ စွမ်းရည်များ ပိုမိုအားနည်းနေမည်ဖြစ်သဖြင့် ပို၍ပင် ထိရောက်မှုရှိရပေမည်။
အာရန်သည် မည်သည့်အချိန်မဆို ထွက်ပြေးရန် အသင့်ဖြစ်နေခဲ့သော်လည်း ထိုမတိုင်မီ ထိုအမျိုးသမီးအား အနည်းဆုံးတစ်ကြိမ် သွေးထွက်အောင် ပြုလုပ်ရန် လိုအပ်နေသေးသည်။
ကျန်ရှိနေသေးသော ချိတ်စည်းတံဆိပ်သုံးခုမှ တစ်ခုကို ထပ်မံဖယ်ရှားရန်အတွက် သူမ၏ သွေးတစ်စက်ကို လိုအပ်လေသည်။
ပရောဟိတ်မတစ်ယောက် သူ၏ သတ်မှတ်အကွာအဝေးအတွင်းသို့ ရောက်သည်နှင့်တစ်ပြိုင်နက် အာရန်သည် ဓားဧကရာဇ်၏ အရိပ်ဓားကို ခေါ်ထုတ်ပြီး လွှဲခုတ်ရန် အသင့်ပြင်ထားလိုက်သည်။
ပိုမိုကောင်းမွန်သည့် သရုပ်ဆောင်မှုအနေဖြင့် သန့်စင်ပရောဟိတ်မ၏ စွမ်းအားဖိနှိပ်မှုကြောင့် သူသည် ဒူးထောက်လဲကျသွားဟန်ပင် သရုပ်ဆောက်လိုက်သေး၏။
သန့်စင်ပရောဟိတ်မသည် ထိုအကြောင်းကို သိပ်ပြီး မတွေးမိခဲ့ပေ။
သူမသည် အာရန်နှင့် ပိုမိုနီးကပ်သောနေရာအနီးသို့ လျှောက်လာရင်း သူ့အား သစ္စာဖောက်မှုအတွက် သေခြင်းတရားကိုပင် တောင်းပန်ယူရအောင် ပြုလုပ်မည်ဖြစ်ကြောင်း မိမိကိုယ်မိမိ ကတိပေးလိုက်၏။
#Catfoot