← Chapters

ဒါတွေက ငါလုပ်ခဲ့တာပေ့ါ

Vol. 36 Ch. 518

ဒါတွေက ငါလုပ်ခဲ့တာပေ့ါ

Vol. 36 Ch. 518

...

သန့်စင်ပရောဟိတ်မသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေဟန်ရသော်လည်း သူမ၏အခြေအနေမှာ အဆိုးဆုံးအခြေအနေတွင် ရှိနေခြင်းဖြစ်ကြောင်း အာရန်တစ်ယောက် ကောင်းစွာ သတိထားမိလေသည်။

နတ်ဘုရားမ ကိုယ်တိုင်ဆင်းသက်လာခြင်းသည် သူမ၏အသက်ဓာတ်များအပေါ် ပြင်းထန်သော ထိခိုက်မှုတစ်ခု ဖြစ်ပေါ်စေခဲ့ဟန်ရ၏။

ပုံမှန်အားဖြင့် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များသည် သူမအား ပို၍ ကြာရှည်စွာ အသက်ဆက် စေနိုင်မည် ဖြစ်သော်လည်း ယခုကဲ့သို့ နတ်ဘုရားမ၏ ကောင်းချီးအနည်းငယ်မျှပင် မရှိတော့သောအခါ သူမသည် လေးဆယ့်ရှစ်နာရီဝန်းကျင်ခန့်သာ အသက်ရှင်နိုင်တော့မည်ဖြစ်လေသည်။

“ဒီအတွက် ပျော်ရွှင်သင့်သလား၊ ဒါမှမဟုတ် စိတ်ပျက်သင့်သလားဆိုတာတောင် ငါမပြောတတ်တော့ပါဘူး”

တစ်ဖက်တွင် အာရန်သည် သူ့အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခု လျော့နည်းသွားခြင်းအတွက် ပျော်ရွှင်သင့်လေသည်။

နတ်ဘုရားမသာ ပျောက်ကွယ်မသွားခဲ့ပါက ယနေ့သူသည် သေဆုံးရပေလိမ့်မည်။

အကယ်၍ သူပြန်ရှင်သန်လာနိုင်မည်ဆိုလျှင်ပင် အပိုအသက်တစ်ချောင်းတော့ ဆုံးရှုံးသွားရဦးမည်သာဖြစ်၏။

အခြားတစ်ဖက်တွင်မူ သူသည် နစ်ခရိုမန်ဆာမျှော်စင်သခင်အား ရင်ဆိုင်ရန် ကောင်းမွန်သော လက်နက်တစ်ခုကို ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

ဤဖြစ်ရပ်အားကြည့်ခြင်းဖြင့် အရှင်သခင်လေးဦးသည် အပေါ်ယံမြင်ရသည်ထက် များစွာပိုနေသည်ကို အာရန်အား သဘောပေါက်စေခဲ့သည်။

ပရောဟိတ်မသည်ပင်လျှင် ထိုမျှများပြားသော အန္တရာယ်ရှိသည့် လျှို့ဝှက်ချက်များ ရှိနေပါက ကျန်အရှင်သခင်သုံးဦးဆိုလျှင်ကော။

ထိုသို့တွေးလိုက်မိသောအခါ စိတ်ပျက်သွားမိခဲ့ကာ ခေါင်းခါလိုက်ရင်း အာရန်သည် သန့်စင်ပရောဟိတ်မအား သူ၏ ပခုံးပေါ်သို့ ပွေ့တင်ထားလိုက်သည်။

ဤရက်အနည်းငယ်အတွင်း သတိမေ့မြောနေသော မိန်းကလေးတစ်ဦးကို သူ၏ နေအိမ်သို့ ပြန်လည် ခေါ်သွားခြင်းမှာ ယခုသည် ဒုတိယအကြိမ်မြောက်ဖြစ်လေ၏။

သို့သော် အခြေအနေများမှာမူ လုံးဝ ကွဲပြားလေသည်။

သန့်စင်ပရောဟိတ်မတွင် အချိန်နှစ်ရက်သာ ကျန်ရှိတော့သည် ဆိုလျှင်တောင်မှ သူမသည် သူ့အတွက် လွန်စွာအကျိုးရှိနေဆဲပင်။

သူမတစ်ဦးတည်းသာ သိနိုင်မည့် လျှို့ဝှက်ချက်အချို့ရှိနေလေသည်။

ယခု သူမသည် အလွန်တရာ အားနည်းနေပြီဖြစ်သောကြောင့် သူမတွင် အားသာချက်များစွာ မရှိတော့ပေ။

ပိုအရေးကြီးသည်မှာ မပြည့်စုံသေးသည့် အရှင်သခင်သတ်ဓားအား ပြီးပြည့်စုံသွားစေမည့် နည်းလမ်းတစ်ခုကိုလည်း သူသိလိုနေသေး၏။

လက်နက်သည် အရှင်သခင်အဆင့်တစ်ဦးကို သတ်နိုင်သည့် အရာတစ်ခုဖြစ်သော်လည်း ထိုထက်ပိုမိုနေလိမ့်မည်ဟု အာရန်တစ်ယောက် ယုံကြည်မိခဲ့သည်။

ထိုသို့မဟုတ်ပါက ထိုလက်နက်အကြောင်း ပထမဆုံးမေးမြန်းခဲ့စဥ်အခါက စာရေးဆရာသည် ဤမျှပြင်းထန်စွာ တုံ့ပြန်ခဲ့လိမ့်မည်မဟုတ်ပေ။

၎င်းသည် သန့်စင်ပရောဟိတ်မကိုယ်တိုင် ဖန်တီးထားသည့် လက်နက်တစ်ခုသာဖြစ်ပါက ထိုစာရေးဆရာဆိုသူသည် ထိုမျှအရေးကြီးသည်ဟု သတ်မှတ်ခဲ့လိမ့်မည်မဟုတ်ပေ။

သို့သော် နတ်ဘုရားမတစ်ပါး၏ ပါဝင်ပတ်သတ်မှုကြောင့် ၎င်း၏ဖြစ်တည်မှုသည် ပိုမို၍ ထူးခြားလာခဲ့ရသည်။

သီးသန့်ခန်း၏ တံခါးဖွင့်သွားခဲ့သည်။

ကာဒီနယ်ရဟန်းအမတ်များသည် သန့်စင်ပရောဟိတ်မ ထွက်လာတော့လိမ့်မည်ဟု မျှော်လင့်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်မျှ ဆုတ်ပေးလိုက်ကြသည်။

သို့သော် အခန်းအတွင်းရှိ ထွက်လာသူအပေါ် အလင်းရောင်ကျရောက်သွားသောအခါ ၎င်းသည် မိမိတို့ မျှောလင့်ထားသူတစ်ဦးမဟုတ်ကြောင်း တွေ့လိုက်ရလေ၏။

သူသည် သန့်စင်ပရောဟိတ်မအား သူ့၏ ပခုံးပေါ်သို့ တင်ဆောင်ထားသည့် သန့်စင်ဧကရာဇ်ပင်ဖြစ်နေတော့သည်။

သန့်စင်ဧကရာဇ်သည် ပရောဟိတ်မကြောင့် သေဆုံးသွားသင့်သူဖြစ်လေသည်။

ဒါဆို သူဘယ်လို အသက်ရှင်နေတာလဲ။

ပြီးတော့ ပရောဟိတ်မက သူ့ပခုံးပေါ်မှာ ဘာလို့ရောက်နေတာလဲ။

ဒီဖြစ်ပျက်သွားတဲ့ အရာတွေအတွက် သူ့မှာ တာဝန်ရှိနေတာလား။

“သင် သူမကို ဘာလုပ်လိုက်တာလဲ”

သတိမေ့မြောနေသော ပရောဟိတ်မ၏ ဖြူဖျော့နေသော မျက်နှာကို မြင်လိုက်ရသောအခါ ကာဒီနယ်ရဟန်းအမတ်တစ်ဦးက ထမေးလိုက်သည်။

“သူမက အသက်ရှင်နေတုန်းပဲ”

အာရန်သည် စွမ်းအားများ ဆုံးရှုံးသွားသည့် ကာဒီနယ်ရဟန်းအမတ်များအား ကျော်ဖြတ်၍ ထွက်ခွာရန်ပြင်လိုက်စဥ် ပြန်ဖြေလိုက်လေသည်။

ကာဒီနယ်ရဟန်းအမတ်များသည် အာရန်၏ စကားကြောင့် အချိန်မီ တုံ့ပြန်ခြင်းပင်မရှိတော့ဘဲ တောင့်တောင့်ကြီး ဖြစ်သွားခဲ့ကြသည်။

သူတို့သည် သတိလက်လွတ်ဖြစ်သွားခဲ့ကြသဖြင့် အာရန်အား သူတို့ဘေးမှ လျှောက်သွားရန် ခွင့်ပြုမိခဲ့သည်။

“လူတိုင်း ကောင်းချီးစွမ်းအင်တွေကို ဆုံးရှုံးသွားတာဆိုရင် သူလည်း အတူတူပဲလို့ မဆိုလိုဘူးလား။ ကျုပ်တို့က လူတစ်ယောက်တည်းကိုတောင် ကြောက်နေရဦးမှာလား။ ပရောဟိတ်မကို ခေါ်သွားဖို့ ကျုပ်တို့ သူ့ကို ဒီအတိုင်း ခွင့်ပြုပေးထားတော့မှာလား။”

၎င်းတို့တွင် ယခင်ကကဲ့သို့ ကောင်းချီးစွမ်းအင်များမရှိကြတော့ပေ။

ဧကရာဇ်သည်လည်း အတူတူပင်ဖြစ်သည့်လေသည်။

လူတိုင်းက သူတို့၏စွမ်းအားများကို ဆုံးရှုံးသွားရခြင်းဖြစ်သောကြောင့် ၎င်းတို့အားလုံးသည် အတူတူပင်ဖြစ်သွားပြီဟု ဆိုလိုမနေဘူးလား။

ဤသို့ဆိုပါက ၎င်းတို့သည် ဧကရာဇ်အား အလွယ်တကူ ချေမှုန်းပစ်နိုင်ပေသည်။

ကာဒီနယ်ရဟန်းအမတ်များစွာသည် ၎င်းတို့၏ ဓားများကို ဆွဲထုတ်လိုက်ကြကာ အာရန်အား စတင် တိုက်ခိုက်လိုက်ကြသည်။

ထိုသို့ တိုက်ခိုက်နေစဉ်မှာပင် ၎င်းတို့သည် အာရန်၏ပခုံးပေါ်ရှိ ပရောဟိတ်မအား မထိမိစေရန် သတိထားခဲ့သည်။

သို့သော် အာရန်သည် နောက်သို့ပင် လှည့်မကြည့်ခဲ့ပေ။

သူသည် လက်ကိုတစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့် ကောင်းချီးစွမ်းအင်များစွာသည် သူ၏ ခန္ဓာကိုယ်ထဲမှ အပြင်သို့ ထွက်ပေါ်လာခဲ့၏။

“ဘယ်...ဘယ်လိုလုပ်...”

အာရန်ဆီသို့ တိုက်ခိုက်ရန်ရောက်ရှိလာခဲ့ကြသော ကာဒီနယ်ရဟန်းအမတ်များအားလုံးသည် ၎င်းတို့၏ လည်ပင်းပတ်လည်တွင် ပါးလွှာသော အနီရောင်မျဉ်းကြောင်းတစ်ခု ပေါ်လာသည်ကို ခံစားမိလိုက်ကြသည်။

ထိုစဥ် ၎င်းတို့ကို ကျော်ဖြတ်သွားသည့် ကောင်းချီးစွမ်းအင်အချို့ကို အာရုံခံမိလိုက်ကြ၏။

အခြားသူများတွင် မည်သည့်ကောင်းချီးစွမ်းအင်မျှ ရှိမနေတော့သည့် အချိန်တွင် သန့်စင်ဧကရာဇ်မှာမူ ကောင်းချီးစွမ်းအင်များကို အဘယ်ကြောင့် ဆက်လက် အသုံးပြုနိုင်သေးသည်ကို ၎င်းတို့ နားမလည်နိုင်ခဲ့ကြပေ။

ကံမကောင်းစွာဖြင့် ၎င်းတို့သည် ထိုမေးခွန်းများကို ထပ်မံမေးရန်အထိ အသက်ရှင်ခွင့်မရလိုက်ကြတော့ချေ။

အာရန်သည် စင်္ကြံလမ်းမှ ပုံမှန်ပင် လှည့်ထွက်လာခဲ့ပြီး ကာဒီနယ်ရဟန်းအမတ်များကို နောက်သို့ပင် တစ်ချက်မျှ လှည့်မကြည့်ပဲ သည်အတိုင်းသာ နောက်ချန်ထားခဲ့လိုက်၏။

“သူတို့က တကယ်ကို အရူးတွေပဲ။ သန့်စင်ဧကရာဇ်ရဲ့ကောင်းချီးစွမ်းအင်တွေက အင်ပါယာရဲ့ ကံကြမ္မာကနေ တိုက်ရိုက်မွေးဖွားလာတာ။ နတ်ဘုရားမရဲ့ ကောင်းချီးပေးမှုကနေ ရရှိထားတာ မဟုတ်ဘူး။ သူမပျောက်ကွယ်သွားတာက ငါ့ရဲ့ ကောင်းချီးစွမ်းအင်တွေနဲ့ ဘာဆိုင်မှာလဲ။”

အာရန်သည် သန့်စင်ဘုရားကျောင်းမှ မထွက်ခွာမီ သူ့အပေါ်သို့ ကိုယ်ပျောက်ခြင်းစွမ်းရည်တစ်မျိုးကို အသုံးပြုလိုက်သည်။

ဤတိုက်ကြီးတွင် ကောင်းချီးစွမ်းအင် အသုံးပြုနိုင်သည့် ဘုန်းတော်ကြီးများ မရှိတော့သောကြောင့် သူ့အား မြင်နိုင်မည့်သည့် လူတစ်ဦးမျှပင် မရှိတော့ပေ။

ဧကရာဇ်၏ ထွက်အလာကို စောင့်စားနေကြသော သန့်စင်ဘုရားကျောင်းရှေ့တွင် စုဝေးနေသည့် အရပ်သားများကို သာသာယာယာပင် ဖြတ်လျှောက်သွားလိုက်သည်။

သန့်စင်ဧကရာဇ်ကိုယ်တိုင်သည် ဤနေရာမှ ထွက်ခွာသွားခဲ့ပြီးသားဖြစ်သောကြောင့် ၎င်းတို့သည် အချိန်အတော်ကြာ ဆက်လက်စောင့်ဆိုင်းနေကြရတော့မည်ဖြစ်လေ၏။

အာရန်သည် ရှုယင်နှင့် အခြားသူများ၏ အကြည့်များကို ရှောင်ရှားရင်း နန်းတော်အတွင်းသို့ ဝင်ရောက်လာသည်။

သူသည် အခြားသူများနှင့် နဂါးဘုရင်မတို့ရှိရာ အရပ်များနှင့် လုံးဝကွဲပြားခြားနားသော နေရာတစ်ခုကို ရွေးချယ်လိုက်လေသည်။

တစ်ဖန် အာရန်သည် သူ၏ ကိုယ်ပွားကို သူ့ထံသို့ လာရောက်တွေ့ဆုံရန် ခေါ်လိုက်ပြီး သူ့နောက်သို့ မည်သူမျှ လိုက်မလာနိုင်စေရန် သေချာအောင် သတိပေးလိုက်သည်။

ကိုယ်ပွားသည် သူ၏ ပတ်ဝန်းကျင်တစ်ခုလုံးကို စစ်ဆေးကြည့်လိုက်သည်။

သူ့နောက်သို့ မည်သူမျှ လိုက်မလာသည်ကို သေချာစေပြီးမှသာ တံခါးကို ခေါက်လိုက်သည်။

အာရန်သည်လည်း ထိုအကြောင်းနှင့်ပတ်သက်၍ မည်သူမျှမရှိသည်ကို အတည်ပြုလိုက်သည်။

သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီးနောက် သူ၏ကိုယ်ပွားဝင်လာနိုင်ရန် တံခါးကို ဖွင့်ပေးလိုက်၏။

ကိုယ်ပွားသည် အခန်းထဲသို့ ဝင်ရောက်သွားပြီး တံခါးသည် အလိုလို ပြန်ပိတ်သွားခဲ့သည်။

ကိုယ်ပွားသည် အာရန်ကိုပင် မတွေ့နိုင်ခင် သူ၏အကြည့်သည် အိပ်ရာပေါ်တွင် လဲလျောင်းနေသော အမျိုးသမီးအပေါ်သို့ ကျရောက်သွားခဲ့သည်။

“နောက်တစ်ယောက်လား...”

သူသည် အာရန်အား ထူးဆန်းစွာ ကြည့်ရင်း မေးလိုက်သည်။

“မင်းမှာ သတိမေ့မြောနေတဲ့ အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး ထူးခြားတဲ့ စွဲလမ်းမှုတစ်ချို့ရှိနေတာလား”

အာရန်သည် ကိုယ်ပွား၏နောက်တွင် ပေါ်လာပြီး ထိုကိုယ်ပွား၏ ခေါင်းကို ခေါက်လိုက်သည်။

“မင်းလည်း ငါ့ကို ဝေဖန်ဖို့ သင်ယူထားပုံရတယ်။ အရင် ငါအားနည်းနေစဥ်တုံးက မင်းမှာ ဉာဏ်ရည်ဒီလောက် မမြင့်မားသေးတဲ့အတွက် အဲ့ဒီတုံးက ကောင်းမွန်တဲ့နေ့ရက်တွေကိုတောင် ငါပြန် လွမ်းမိလိုက်သလိုပဲ။”

“မင်း လိမ်နေဖို့မလိုပါဘူး။ ငါ့မှာ အသိဉာဏ်အချို့ရှိလာတယ်ဆိုတဲ့အချက်ကို မင်းတကယ်တော့ ကြိတ်ပြီး သဘောကျနေတာ မဟုတ်လား။ မဟုတ်ရင် အင်ပါယာရဲ့ ဇယားအရှုပ်တွေ ကိုင်တွယ်ဖို့ မင်းအတွက် ပိုကြီးတဲ့ ဒုက္ခတစ်ခုဖြစ်လာလိမ့်မယ်လေ။”

ကိုယ်ပွားသည် သူ၏ မျက်လုံးများကိုအာရန်ဆီမှ နေရာပြောင်းလိုက်ပြီး သန့်စင်ပရောဟိတ်မဆီသို့ ပို၍နီးကပ်စွာ လျှောက်သွားလိုက်သည်။

“မင်း သူမကို ရိုက်နှက်လိုက်တာလား”

ကိုယ်ပွားသည် အသက်ရှင်ရန်ပင် အသဲအသန်ရုံးကန်နေရပုံရသော သန့်စင်ပရောဟိတ်မ၏ အခြေအနေကို စစ်ဆေးမိလိုက်ရင်း အာရန်အား ပြန်လည်မေးခွန်းထုတ်လိုက်၏။

“သူမသည် အရင်ကလိုပင် ငယ်ရွယ်နေပုံရပေမဲ့ သူမမှာ ကြာကြာအသက်ဆက်ရှင်နိုင်ဖို့ အသက်ဓာတ်တွေ မလုံလောက်တော့သလိုပဲ။”

“အင်း ဆက်စပ်တွေးကြည့်မယ်ဆိုရင်တော့ ဒါက ငါလုပ်ခဲ့တယ်ဆိုပါတော့...”

အာရန်သည် သန့်စင်ပရောဟိတ်မအား စိုက်ကြည့်ရင်းဖြင့် ပြန်ဖြေလိုက်သည်။

#Catfoot

All Chapters