အကြီးမားဆုံးသော လှုံ့ဆော်မှု
Vol. 36 Ch. 519
...
“သန့်စင်ဘုရားကျောင်းက ငါတို့ကို တိုက်ခိုက်တော့မှာလား။ ဒါမှမဟုတ် ဒီအကြောင်းကို သူတို့ မသိသေးဘူးလား”
ကိုယ်ပွားသည် ပြတင်းပေါက်ဆီသို့ ပိုမိုနီးကပ်စွာလျှောက်သွားလိုက်ပြီး အပြင်ဘက်ကို ချောင်းကြည့်ရင်း အာရန်အား မေးခွန်းထုတ်လိုက်သည်။
အကယ်၍ သန့်စင်ပရောဟိတ်မသာ ဓားစာခံအဖြစ် ပြန်ပေးဆွဲခံရသည်ဆိုသည့်သတင်းသာ ပျံ့သွားခဲ့ပါက ကာဒီနယ်ရဟန်းအမတ်များ ဤနေရာကို ဝိုင်းရံလာရန်မှာ အချိန်တစ်ခုသာ လိုတော့မည် ဖြစ်လေသည်။
“မင်း ကာဒီနယ်ရဟန်းအမတ်တွေအကြောင်းကို စိုးရိမ်နေစရာမလိုတော့ဘူးလို့ ငါထင်တယ်။ သန့်စင်ဘုရားကျောင်းက...” အာရန်သည် ပြန်လည် ရှင်းပြရန် ပြင်လိုက်စဥ်မှာပင် တစ်စုံတစ်ခုကို သတိရလိုက်၍ လမ်းခုလတ်မှာပင် သူ၏စကားကို ရပ်လိုက်သည်။
၎င်းကို အသေးစိတ်ရှင်းပြမည်ဆိုပါက အချိန်အတော်လး ကြာမြင့်မည်ကို သူသဘောပေါက်လိုက်၏။
အရာအားလုံးကို ရှင်းပြမည့်အစား သူသည် အဖြစ်အပျက်တစ်ခုလုံး၏ မှတ်ဉာဏ်များကို သူ၏ကိုယ်ပွားအား တိုက်ရိုက်ပင်မျှဝေလိုက်လေသည်။
သူ၏ကိုယ်ပွားသည် အစစ်အမှန်တိုက်ပွဲများတွင် အသုံးမဝင်သော်လည်း စီမံခန့်ခွဲသူတစ်ဦးအနေဖြင့်မူ အတော်လေး အသုံးဝင်လေသည်။
သန့်စင်ဘုရားကျောင်း ဖျက်ဆီးခံရခြင်းကြောင့် ဖြစ်ပေါ်လာမည့် ကြီးမားသော ဂရက်ရိုက်မှုများကို အာရန်သည် ကိုယ်တိုင် ကိုင်တွယ်လိုခြင်းမရှိပေ။
ဤကိစ္စတွင် တော်ဝင်မိသားစုက ဦးဆောင်ပြီး အခြေအနေများကို ထိန်းထားရမည်ဖြစ်လေသည်။ ဤသည်မှာ အချိန်အလွန်ကုန်မည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သောကြောင့် အာရန်သည် သူ၏ ကိုယ်ပွားကိုသာ ၎င်းကို ကိုင်တွယ်စေရန် ဆန္ဒရှိနေခဲ့ခြင်းဖြစ်လေသည်။
မှတ်ဉာဏ်များကို လက်ခံရရှိပြီးနောက် ကိုယ်ပွားသည် အရာအားလုံးကို နားလည်သွားခဲ့၏။ အာရန်သည် သူ့အား ဘာလုပ်စေချင်နေသည်ကိုပင် သူသဘောပေါက်လိုက်သည်။
“ကောင်းပြီ။ ဒီအရှုပ်ထုပ်ကို ငါကိုင်တွယ်ပေးပါ့မယ်”
ကိုယ်ပွားသည် ဤအခန်းထဲမှ မထွက်ခွာမီ သန့်စင်ပရောဟိတ်မအား နောက်ထပ်တစ်ကြိမ် ထပ်မံ၍ စိုက်ကြည့်လိုက်သည်။
သူရရှိခဲ့သော အချက်အလက်များကြောင့် အာရန်၏ ကိုယ်ပွားသည် ထိုအရာကို အတော်လေး အံ့အားသင့်နေဆဲပင်။
နတ်ဘုရားမတစ်ပါးအား ဖြုတ်ချရန်အတွက် ထိုမျှ အချိန်တိုလေးအတွင်း၌ ဖြစ်နိုင်ပါ၏လော...။
ကိုယ်ပွားတွင်လည်း အာရန်ကဲ့သို့ပင် တူညီသော မေးခွန်းများရှိနေခဲ့၏။
သို့သော် သူ့အနေနှင့် ၎င်းကို မေးခွန်းထုတ်ရန် မလိုအပ်ပေ။
သူသည် အစစ်အမှန်လူသားတစ်ဦးပင်မဟုတ်ချေ။
အာရန်သည် အတွေးတစ်ချက်ဖြင့်ပင် သူအား ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။
သူ၏ဖြစ်တည်မှုသည် အာရန်အား အကူအညီပေးရန်အတွက်သာ ရည်ရွယ်ထားခြင်းဖြစ်သည်။ သူသည် သခင်ပြောသမျှကို လိုက်ပါနားထောင်ရမည့် ဝမ်းနည်းစရာကောင်းသော ဖြစ်တည်မှုတစ်ခုသာ ဖြစ်နေသည်ဟု ဆိုနိုင်သော်လည်း သူသည် ထိုအရာနှင့်ပတ်သက်၍လည်း ဘာမှမတတ်နိုင်ခဲ့ပေ။
အာရန်၏ ကိုယ်ပွား ထွက်ခွာသွားပြီး နောက်ထပ် တစ်နာရီကြာသောအခါ အစည်းအဝေးတစ်ခု စတင်ခဲ့လေသည်။
အစည်းအဝေးသို့ သန့်စင်ဧကရာဇ်အား သစ္စာခံထားသော ဝန်ကြီးများနှင့် ဗိုလ်ချုပ်များ တက်ရောက်ခဲ့ကြသည်။
သန့်စင်ဧကရာဇ်အဖြစ် အသွင်ယူထားသည့် အာရန်၏ ကိုယ်ပွားသည် အစည်းအဝေးကို ဦးဆောင်ရန် ပလ္လင်ပေါ်တွင် ထိုင်လျက်ရှိနေခဲ့သည်။
ဝန်ကြီးများအားလုံးသည် ဤအစည်းအဝေးသည် ဘာအတွက်ဖြစ်မည်ဆိုခြင်းအား တွေးတောနေမိခဲ့ကြသည်။
၎င်းသည် နစ်ခရိုမန်ဆာတစ်ဦး၏ အစောပိုင်း တိုက်ခိုက်မှုနှင့် ဆက်စပ်မှုရှိနိုင်သည်ဟုတော့ ၎င်းတို့ ခံစားမိနေခဲ့သည်။
၎င်းတို့ထဲမှ အချို့သည် ဧကရာဇ်က နောက်ဆုံးအကြိမ်က ကဲ့သို့ အခြားသစ္စာဖောက်များ ၎င်းတို့ကြားတွင် ရှိနေသည်ဟု သံသယဝင်ကာ လာရောက်သတ်ဖြတ်မည်ကို တွေး၍ ထိတ်လန့်နေခဲ့ကြ၏။
“သန့်စင်ဘုရားကျောင်း ပျက်စီးသွားပြီ”
ကိုယ်ပွားသည် အဓိကအကြောင်းအရာဖြင့်ပင် အစည်းအဝေးကို ဆိုင်းမဆင့်ဗုံမဆင့် စတင်လိုက်သည်။
“နစ်ခရိုမန်ဆာတွေဟာ သန့်စင်ဘုရားကျောင်းရဲ့ အဓိကဗဟိုဧရိယာထိတိုင်အောင် ထွင်းဖောက်ဝင်ရောက်နိုင်ခဲ့ကြတယ်။ ကာဒီနယ်ရဟန်းအမတ်တွေ၊ ဘုန်းတော်ကြီးတွေပါမကျန် ဘုရားကျောင်းကလူတွေ အားလုံး သူတို့ရဲ့ ကောင်းချီးစွမ်းအင်တွေကို ဆုံးရှုံးသွားပြီဆိုတဲ့ သတင်းကို လည်း ငါကိုယ်တော် ခုနတင်ပဲ ကြားသိလိုက်ရတယ်”
“သူတို့ရဲ့ ကောင်းချီးစွမ်းအင်တွေကို ဆုံးရှုံးသွားကြတယ်ဟုတ်လား...”
ဤနေရာသို့ တက်ရောက်သူများအားလုံးနီးပါးသည် ထိုသတင်းကြောင့် အံ့ဩတုန်လှုပ်စွာဖြင့် ၎င်းတို့၏ ထိုင်ခုံများဆီမှ တစ်ပြိုက်နက် ထရပ်လိုက်မိကြသည်။
သန့်စင်ဘုရားကျောင်း၏ အဓိကခွန်အားသည် အရင်းအမြစ်တစ်ခုပေါ်တွင်သာ မူတည်နေသည်ကို မူ ၎င်းတို့ကောင်းစွာ မသိထားခဲ့ကြပေ။
သို့သော် သန့်စင်ဧကရာဇ်က ကိုယ်တိုင်ပြောနေခြင်းဖြစ်သောကြောင့် သူ၏စကားများသည် သံသယဖြစ်ရန် အကြောင်းတော့မရှိပေ။
“မင်းတို့ထဲကအချို့လည်း သိထားပြီးဖြစ်မှာပေ့ါ အစောပိုင်းက ငါကိုယ်တော် ကျုပ်တို့ တိုင်းပြည်ရဲ့ အနာဂတ်အစီအစဉ်တွေကို တိုင်ပင်ဖို့ သန့်စင်ပရောဟိတ်မကို ကိုယ်တိုင်သွားတွေ့ခဲ့တယ်။ ဒါပေမယ့် ငါတွေ့ခဲ့ရတာက ကပ်ဘေးတစ်ခုထက် ပိုမနေခဲ့ဘူး”
“သန့်စင်ပရောဟိတ်မဟာ သန့်စင်နတ်ဘုရားမရဲ့ ကောင်းချီးပေးခံရမှုကို ထာဝရဆုံးရှုံးသွားခဲ့ပြီ။ အဲ့ဒီလို ဆုံးရှုံးသွားရတဲ့အပြင်ကို ဒဏ်ရာအကြီးအကျယ်လဲရသွားခဲ့ရသေးတယ်”
“ဒါကြောင့် ဒီအချိန်မှာ သန့်စင်ဘုရားကျောင်းရဲ့ အင်အားစုတစ်ခုလုံးဟာ လာမယ့်စစ်ပွဲအတွက် လုံးဝအသုံးမဝင်တော့ဘူး။ ပြောရရင် သူတို့ဟာ နစ်ခရိုမန်ဆာတွေရဲ့ ပစ်မှတ်တွေတောင် ဖြစ်လာနိုင်တယ်။ ဘာလို့လဲဆိုတော့ သူတို့ဟာ ရတနာပစ္စည်းတွေ အများကြီးကို စုဆောင်းထားခဲ့သလို ဖြစ်နေကြလို့ပဲ”
“သူတို့ရဲ့ လက်ရှိအားနည်းနေတဲ့ အခြေအနေတွေမှာ သူတို့ဟာ ရန်သူတွေအတွက် အသက်ခံရဖို့ ထိုင်စောင့်နေရတဲ့ ဘဲတွေလိုပဲ။ ဒါကြောင့် ငါကိုယ်တော် ဒီအခြေအနေကို သေခြာသုံးသပ်ပြီး ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ဖို့ ဖိအားပေးခံခဲ့ရတယ်။”
ဝန်ကြီးများသည် အာရန်၏ စကားများကို စိတ်အားထက်သန်စွာ နားထောင်လျက်ရှိနေကြပြီး ၎င်းတို့၏ မျက်နှာအမူအရာများသည် စက္ကန့်တိုင်းတွင် ပိုမို၍မှောင်မိုက်လာခဲ့ကြသည်။
နတ်ဘုရားမ၏ ကောင်းချီးနယ်မြေ ပျောက်ကွယ်သွားရခြင်းနှင့် ပတ်သက်၍ တစ်ခုခုမှားယွင်းနေသည်ဟု ၎င်းတို့ ခံစားမိပြီးသားဖြစ်ခဲ့သော်လည်း အမှန်တရားမှာမူ ထို့ထက်များစွာ ပို၍ ဆိုးရွားကြောင်း ယခုမှသာ သဘောပေါက်သွားကြခြင်းဖြစ်လေသည်။။
နစ်ခရိုမန်ဆာများသည် ၎င်းတို့၏ အကြီးဆုံးရန်သူဖြစ်သော သန့်စင်ဘုရားကျောင်းကို ဖျက်ဆီးရာတွင် အောင်မြင်သွားခဲ့ကြပြီဖြစ်၏။
တော်ဝင်မိသားစုသည် အားကောင်းသည်ဆိုလျှင်ပင် ၎င်းတို့အင်အားတစ်ခုတည်းဖြင့် နစ်ခရိုမန်ဆာများအား ရင်ဆိုင်ရန် လုံလောက်ပါ့မလား။
“မင်းတို့ကို ငါ အရာနှစ်ခု လုပ်စေချင်တယ်”
အာရန်၏ ကိုယ်ပွားသည် ဤနေရာရှိလူများအား လေးနက်စွာဖြင့် အမိန့်တစ်ခုပေးလိုက်သည်။
“ပထမတစ်ခုက မင်းတို့ဟာ သန့်စင်ဘုရားကျောင်းရဲ့ ကျောင်းတော်ခွဲအားလုံးကို အမြန် သိမ်းပိုက်ရမယ်”
“သူတို့တွေ ရန်သူလက်ထဲ မကျရောက်ခင် သူတို့ရဲ့ ရတနာပစ္စည်းတွေအားလုံးကို ငါကိုယ်တော်ဆီ ယူလာခဲ့ကြ။ ဘုန်းတော်ကြီးတွေ၊ ကာဒီနယ်ရဟန်းအမတ်တွေကို အကာအကွယ်ပေးထားတဲ့ ထိန်းသိမ်းရေးနေရာတွေမှာ သေခြာဂရုစိုက်ထားကြ။ သူတို့တွေက စွမ်းအားအကုန် ဆုံးရှုံးသွားပြီဖြစ်တဲ့အတွက် တော်ဝင်ရဲမက်တွေအတွက် ပြဿနာတစ်စုံတစ်ရာ ဖြစ်စေတော့မှာ မဟုတ်ဘူး”
“ဒုတိယတစ်ခုက သန့်စင်ဘုရားကျောင်း ကျဆုံးသွားတာကို သာမန်ပြည်သူတွေဆီကနေ အနည်းဆုံးတော့ လောလောဆယ် လျှို့ဝှက်ထားပေးရမယ်။ ဒါကြောင့် ဘုရားကျောင်းခွဲတွေကို ထိန်းချုပ်နေတုန်း မင်းတို့ဟာ အရင်ကထက် ပိုသတိထားပြီး လုပ်ဆောင်ရမယ်”
သန့်စင်ဧကရာဇ်၏ အမိန့်များကို နားထောင်ပြီးနောက် ဝန်ကြီးများသည် တစ်ဦးကိုတစ်ဦး စိုက် ကြည့်မိလိုက်ကြ၏။
အကယ်၍ ဧကရာဇ်ပြောသမျှ အရာအားလုံးသည်သာ မှန်ကန်နေပါက သူ၏ ပထမဆုံးတောင်းဆိုချက်မှာမူ ပြီးမြောက်ရန် လွယ်ကူသေးသည်။
သို့သော် ဒုတိယတောင်းဆိုချက်ဖြစ်သော ၎င်းကို လျှို့ဝှက်ထားရန်မှာ များစွာပို၍ ခက်ခဲသောအရာတစ်ခု ဖြစ်လေသည်။
မြို့ကို ကာကွယ်ထားသည့် အတားအဆီး ပျောက်ကွယ်သွားခဲ့သောကြောင့် လူများစွာသည် ဘုရားကျောင်းအား သံသယဝင်လာကြမည်မှာ သေခြာသလောက်ပင်။
“မင်းတို့ ဒီညွှန်ကြားချက်နှစ်ခုကို မပြီးမြောက်နိုင်ဘူးဆိုရင် အခုပဲ ငါကိုယ်တော်ကို ပွင့်ပွင့်လင်းလင်းပြောလို့ရတယ်”
အာရန်၏ ကိုယ်ပွားသည် ၎င်းတို့၏မျက်နှာများတွင် စိုးရိမ်ပူပန်မှုများကို မြင်နေရလေသည်။
သို့တိုင် သူသည် ၎င်းတို့ကို အလျှော့ပေးမည် မဟုတ်ပေ။
သူသည် ထိုသို့ပြောနေစဉ် သူ၏ လက်ချောင်းများသည် ပလ္လင်ဘေးတွင်ထောင်လျက်ရှိနေသော ဓားတစ်ချောင်းအား အမှတ်တမဲ့ တိုက်မိသွားခဲ့သည်။
ဓားသည် မြေပြင်ပေါ်သို့ ပြုတ်ကျကာ ချွမ်းကနည်း အသံတစ်ခု ထွက်ပေါ်စေခဲ့သည်။
အာရန်၏ ကိုယ်ပွားကမူ ၎င်းကို မတော်တဆဖြစ်ရပ် တစ်ခုကဲ့သို့သာ ဟန်ဆောင်လိုက်လေသည်။
“ဆောရီးပဲ...”
သူသည် ဓားကို ကောက်ယူလိုက်ပြီး ဓားသွားကို သူ၏လက်ချောင်းဖြင့် ပွတ်သပ်ကြည့်နေလိုက်သည်။
ဝန်ကြီးများသည် သိပ်မကြာခင် အချိန်တစ်ခုဆီက တော်ဝင်ရဲမက်ထောင်ပေါင်းများစွာ၏ သွေးများကို သောက်သုံးထားခဲ့သော ထိုဓားအား အမှတ်ရမိလိုက်ကြသဖြင့် အသီးသီး တံတွေးများ မျိုချမိလိုက်ကြသည်။
“ဘယ်လိုလုပ် အရှင်မင်းကြီးကို စိတ်ပျက်စေလို့ ဖြစ်မလဲ။ ကျုပ်တို့ အောင်မြင်အောင် သေခြာလုပ်ဆောင်ပါ့မယ်”
ဝန်ကြီးများသည် ဧကရာဇ်၏ ညွှန်ကြားချက်များကို ပြီးမြောက်အောင် လုပ်ဆောင်ရန် အလျင်အမြန်ပင် သဘောတူလိုက်ကြပြီး အစည်းအဝေးခန်းမှ ထွက်ပြေးသွားခဲ့ကြ၏။
ဤနေရာမှ လူတိုင်းထွက်ခွာသွားပြီးနောက် ကိုယ်ပွားသည် သူ၏ ကိုယ်ပိုင်အတွေးများထဲတွင် တစ်ယောက်ထဲ နစ်မြုပ်လျှက် ကျန်ရစ်ခဲ့လေသည်။
“တစ်စုံတစ်ယောက်က ပြောခဲ့ဖူးတယ်။ ကြောက်ရွံ့မှုဟာ အကြီးမားဆုံးသော လှုံ့ဆော်မှုပဲတဲ့” ကိုယ်ပွားသည် ဦးခေါင်းကို ပြန်လည်ခါလိုက်ရင်း ထိုဓားကို ဘေးတွင် ပြန်လည်ချထားလိုက်ကာ မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်သည်။
နောက်ဆုံးတော့ သူသည် ငြိမ်းချမ်းသော အချိန်အချို့ကို ခဏတာ ပိုင်ဆိုင်ခွင့်ရလိုက်ပြီဖြစ်လေသည်။
ဤငြိမ်းချမ်းမှုလေးသည် မည်မျှကြာရှည်မည်ကိုမူ သူမသိနိုင်ပေ။
ဤဝန်ကြီးများသည် ထိုအရာကို မည်မျှပင် အကောင်းဆုံးကြိုးစားကြစေကာမူ ဤအရာများကို အချိန်အကြာကြီး လျှို့ဝှက်ထားနိုင်မည်မဟုတ်သည်ကတော့ အသေအခြာပင် ဖြစ်လေသည်။
#Catfoot