တိုက်ကြီးသုံးခုတွင် ပျံ့နှံ့သွားသော သတင်းများ ...
Vol. 36 Ch. 520
အတိတ်ကာလတွင်သာ ဤကဲ့သို့ဖြစ်ရပ်မျိုးဖြစ်ပွားပါက တော်ဝင်စစ်သည်များသည် အဓိက ဘုရားကျောင်း၏ ကျောင်းခွဲတစ်ခုမျှသာ ဖြစ်စေကာမူ ထိုဘုရားကျောင်းများအတွင်းသို့ အတင်းအကျပ်ဝင်ရောက်ရန် ဘယ်သောအခါမျှ စိတ်ပင် ကူရဲကြလိမ့််မည်မဟုတ်ပေ။
သို့သော်လည်း ယခုအခါတွင် အခြေအနေသည် သိသိသာသာ ပြောင်းလဲသွားခဲ့လေပြီဖြစ်၏။
သန့်စင်ဘုရားကျောင်းသည် လွန်စွာ အားနည်းသွားခဲ့ပြီဖြစ်ကာ တော်ဝင်မိသားစုမှာမူ များစွာပိုမို၍ အာဏာခွန်အားများ ကြီးမားလာခဲ့ပြီဖြစ်သည်။
တော်ဝင်စစ်သည်တို့သည် သန့်စင်ဘုရားကျောင်းခွဲများထဲသို့ တစ်ပြိုင်နက်တည်း ဝင်ရောက်ခဲ့ကြရုံသာမက ဘုန်းတော်ကြီးများကိုပါ တစ်ပါတည်း ဖမ်းဆီးခဲ့ကြသည်။
ဘုန်းတော်ကြီးများ၊ ကာဒီနယ်ရဟန်းအမတ်များကို ဖမ်းဆီးနေစဉ်တွင် ၎င်းတို့၏ ခွန်အားများ အမှန်တကယ် ဆုံးရှုံးသွားကြခြင်း ဟုတ်မဟုတ်ကို တော်ဝင်စစ်သည်များစွာကအနည်းငယ် စိုးထိတ်နေခဲ့ကြသေးသည်။
သို့သော်လည်း သူတို့အတွက် ဝမ်းသာစရာကောင်းသည်မှာ မျှော်လင့်ထားသည့်အတိုင်း အရာရာသည် ဖြစ်မြောက်သွားခဲ့ခြင်းပင်။
ဘုန်းတော်ကြီးများသည် တော်ဝင်စစ်သည်များရှေ့တွင် အနည်းငယ်မျှပင် ခုခံနိုင်စွမ်းမရှိခဲ့ကြပေ။
အတိတ်က ဤဘုန်းတော်ကြီးများသည် ၎င်းတို့ကိုယ်တိုင်က အစစ်အမှန်အုပ်စိုးသူများ ဖြစ်သကဲ့သို့ အနောက်ပိုင်းတိုက်ကြီးကို ချုပ်ကိုင်ထားခဲ့ကြခြင်း ဖြစ်လေသည်။
ယခုအခါတွင်မူ စစ်မှန်သော အာဏာသည် အခြားတစ်ဦးတစ်ယောက်ထံတွင်သာ ရှိနေသည်ဆိုခြင်းအား ၎င်းတို့ ကောင်းစွာ သဘောပေါက်သွားခဲ့ကြလေပြီ။
တော်ဝင်စစ်သည်တို့သည် တစ်ပြိုင်နက်တည်း အရေးယူဆောင်ရွက်ခဲ့ကြသောကြောင့် သတင်းများသည် အခြားဘုရားကျောင်းခွဲများသို့ ပျံ့နှံ့သွားချိန်ပင် မရရှိခဲ့ပေ။
ဤသို့ဖြင့် တော်ဝင်မိသားစု၏ ဩဇာအာဏာသည်လည်း အနောက်ပိုင်းတိုင်းတိုက်ကြီးတစ်ခုလုံး အနှံ့သို့ ပြန့်နှံ့သွားခဲ့လေ၏။
ယခင်က သန့်စင်ဘုရားကျောင်းအား သစ္စာစောင့်သိခဲ့ကြသူများပင်လျှင် အပြောင်းအလဲများအား လက်ခံစပြုလာခဲ့ရပြီဖြစ်သည်။
၎င်းတို့ထဲမှ အများစုသည် တော်ဝင်မိသားစုဘက်သို့ သစ္စာပြန်လည်ခံယူခဲ့ကြပြီး နစ်ခရိုမန်ဆာတို့၏ ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရသည်ဟု ယူဆရသော သန့်စင်ဘုရားကျောင်းအား ပြန်လည် ရှုံချအပစ်တင် ခဲ့ကြသည်။
သန့်စင်ဘုရားကျောင်းများကို ဝင်ရောက်စီးနင်းနေစဉ်တွင် သန့်စင်ဧကရာဇ်တစ်ယောက် နစ်ခရိုမန်ဆာတစ်ဦးအား နှိမ်နင်းအောင်နိုင်ခဲ့သည့် သတင်းများသည်လည်း စတင်၍ ပြန့်နှံ့လာခဲ့လေသည်။
သန့်စင်ဘုရားကျောင်းသည် ပြည်သူများ၏မျက်စိထဲတွင် အဆင့်များ တမဟုတ်ချင်း များစွာထိုးကျသွားခဲ့ရပြီး တစ်ချိန်တည်းမှာပင် သန့်စင်ဧကရာဇ်မှာမူ ပို၍ပင် အရှိန်အဝါများ မြင့်တက်လာခဲ့သည်။
ပြည်သူများ၏ ယုံကြည်မှုသည် စက္ကန့်တိုင်းစီတွင် ပြောင်းလဲနေခဲ့လေသည်။
ဘုန်းတော်ကြီးများအားလုံး ရုတ်တရက် ပျောက်ကွယ်သွားခြင်းကြောင့် ဤကောလာဟလများကို တားဆီးနိုင်မည့်သူ တစ်ဦးတစ်ယောက်မျှပင် မရှိတော့ပေ။
သန့်စင်ဧကရာဇ်အပေါ် ပြည်သူများ၏ ယုံကြည်မှုများ ပိုမို၍ တိုးပွားလာသည်နှင့်အမျှ အာရန်သည် သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ ယုံကြည်ခြင်းစွမ်းအားများ၏ အကျိုးသက်ရောက်မှုကို စတင်ရရှိလာခဲ့ပြီဖြစ်၏။
ဤစွမ်းအားသည် သန့်စင်နတ်ဘုရားမအပေါ် မူတည်နေသည့် သန့်စင်ပရောဟိတ်မ၏ အရင်းအမြစ်နှင့် မတူညီပေ။
သန့်စင်ဘုရားကျောင်း ဖျက်ဆီးခံရပြီးနောက်တွင်ပင် အာရန်သည် သူ့၏ကောင်းချီးစွမ်းအင်များကို မဆုံးရှုံးခဲ့ပေ။
ယခင်က သန့်စင်မြို့တော်ကို ကောင်းချီးနယ်မြေဖြင့် ကာကွယ်ထားခဲ့ခြင်း ဖြစ်သောကြောင့် သန့်စင်ဘုရားကျောင်း သို့မဟုတ် ဧကရာဇ်၏ ခွင့်ပြုချက်မရှိဘဲ မည်သူ တစ်ဦးတစ်ယောက်မျှ မြို့ထဲသို့ ဝင်ရောက်လာနိုင်မည်မဟုတ်ပေ။
သို့သော် ယခုအခြေအနေမှာမူ အခြားတိုက်ကြီးများမှ သူလျှိုများအား တိုက်ကြီးတစ်ခုလုံးအနှံ့ရှိ အခြားမြို့များ အထူးသဖြင့် သန့်စင်မြို့တော်နှင့် နီးစပ်သော မြို့များတွင် နေရာယူထားခြင်းအား မည်သို့မျှ မတားဆီးနိုင်ခဲ့ပေ။
ထိုသူလျှိုများသည် ဘုရားကျောင်း သတင်းများကို သိရှိလိုက်သောအခါ များစွာအံ့အားသင့်သွားခဲ့ကြရသည်။
ထိုသူလျှိုများထဲတွင် အံ့အားအသင့်ရဆုံးမှာ မြောက်ပိုင်းတိုက်မှ သူလျှိုများပင်ဖြစ်လေ၏။
နစ်ခရိုမန်ဆာမျှော်စင်က တော်ဝင်မြို့တော်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး သန့်စင်ဘုရားကျောင်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါလား...။
၎င်းတို့သည် ထိုအရာနှင့်ပတ်သက်၍ သူတို့သည်ပင် အဘယ်ကြောင့် တစ်စုံတစ်ရာမှ မသိရှိထားခဲ့ရသနည်း။
ဤကိစ္စတွင် တစ်စုံတစ်ရာ လွန်စွာ မှားယွင်းနေကြောင်း သဘောပေါက်ခဲ့ကြသည်။
ထို့ပြင် ထိုဖြစ်ရပ်နှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို ပိုမိုစုဆောင်းခဲ့ကြရာ ထူးဆန်းသည့် အရာများစွာကို ထပ်မံသိရှိခဲ့ကြရသည်။
တော်ဝင်စစ်သည်တို့က အရာအားလုံးကို လျှို့ဝှက်ထားရန် အကောင်းဆုံး ကြိုးစားခဲ့ကြသော်လည်း လုံးဝကြီး ဖုံးကွယ်ထားရန်မှာမူ မဖြစ်နိုင်ခဲ့ပေ။
တော်ဝင်စစ်သည်တို့၏ လှုပ်ရှားမှုများကို တိတ်တဆိတ်စုံစမ်းနေခဲ့ကြသူများသည် ဘုန်းတော်ကြီးများအား တော်ဝင်စစ်သည်များ ဝင်ရောက် ဖမ်းဆီးနေသည့် အချက်အလက်များကို သိရှိထားနှင့်ပြီး ဖြစ်လေသည်။
ပုံမှန်အားဖြင့် ဘုန်းတော်ကြီးတို့သည် ခုခံမှုများ ပြုကြပေလိမ့်မည်။
သို့သော်လည်း ယခုမူ ၎င်းတို့သည် အနည်းငယ်မျှပင် ပြန်လည် ခုခံသည့်လက္ခဏာများ မတွေ့ခဲ့ရပေ။
၎င်းက ဆိုလိုသည်မှာ သန့်စင်ဘုရားကျောင်းသည် ခုခံနိုင်စွမ်းကိုပင် လုံးဝဆုံးရှုံးသွားခဲ့သကဲ့သို့ ဖြစ်နေခဲ့လေသည်။
သူလျှိုတို့သည် သန့်စင်မြို့တော်ပတ်လည်ရှိ ကောင်းချီးနယ်မြေသည်ပင် မရှိတော့ကြောင်း သိရှိထားပြီးဖြစ်သည်။
လူများစွာကပင် ထိုအကာအကွယ်လွှာကို စမ်းသပ်ကြည့်ရန် မြို့ထဲသို့ တိုက်ရိုက်ထိုးဖောက်ဝင်ရောက်ရန် ကြိုးစားခဲ့ကြသည်။
၎င်းတို့သည် မြို့ထဲသို့ မည်သည့် အခက်အခဲ တစ်စုံတစ်ရာ မကြုံတွေ့ရပဲ လွယ်ကူစွာပင် ဝင်ရောက်နိုင်ခဲ့ကြလေသည်။
သူလျှိုများသည် နစ်ခရိုမန်ဆာမျှော်စင်အား သန့်စင်မြို့တော်ကို တိုက်ရိုက်တိုက်ခိုက်ရန် သန့်စင်ဧကရာဇ်နှင့် ပရောဟိတ်မတို့နှစ်ယောက် လက်ဝါးခြင်းရိုက်ကာ ပူးပေါင်း ထောင်ချောက်ဆင်ထားခြင်းများ လားဟုပင် သံသယဝင်မိလာကြသည်။
မြောက်ဘက်တိုက်မှ သူလျှိုများသည် ၎င်းတို့ စုဆောင်းရမိထားသော သတင်းအချက်အလက်များကို နစ်ခရိုမန်ဆာမျှော်စင်သို့ ပို့ဆောင်ခဲ့ကြသည်။
ထောင်ချောက်တစ်ခုဖြစ်နေခဲ့လျှင်ပင် ဤသတင်းအချက်အလက်နှင့်ပတ်သက်၍ မည်သို့လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ရန်မှာ နစ်ခရိုမန်ဆာမျှော်စင်၏ တာဝန်သာဖြစ်လေသည်။
မိစ္ဆာဂိုဏ်း နှင့် သူရဲကောင်းအကယ်ဒမီ တို့မှ သူလျှိုများသည်လည်း နောက်ကျမကျန်ရစ်ခဲ့ပေ။
၎င်းတို့သည်လည်း သတင်းအချက်အလက်များကို အလားတူပင် စုဆောင်းခဲ့ကြပြီး ၎င်းတို့၏ နောက်ကွယ်မှ အရှင်သခင်များထံသို့ ပို့ဆောင်ခဲ့ကြ၏။
အခြားတိုက်ကြီးသုံးခုမှ အရှင်သခင်များမှာ ထိုသတင်းအချက်အလက်များကို တစ်ချိန်တည်းနီးပါး တွင် ရရှိခဲ့ကြလေသည်။
ထိုအရာက မြောက်ပိုင်းတိုက်အတွက် ပြင်ဆင်ထားသည့် ထောင်ချောက်တစ်ခုသာ ဖြစ်လိမ့်မည်ဟု မစ်ထ်နှင့် ဖုန်းယုတို့သည်လည်း အလားတူပင် ယူဆမိခဲ့ကြသည်။
နစ်ခရိုမန်ဆာတစ်ဦးတည်းနှင့် သန့်စင်ပရောဟိတ်မအား ထိခိုက်အနိုင်ယူနိုင်ခဲ့သည်ဆိုခြင်းသည် အဓိပ္ပါယ်မရှိပေ။
ထိုအမျိုးသမီးသည် အထူးသဖြင့် သူမ၏ နယ်မြေဖြစ်သော အနောက်တိုက်အတွင်းတွင် မည်မျှ အင်အားကြီးမားကြောင်း ၎င်းတို့အရှင်သခင်များအနေဖြင့် အသိဆုံးပင်ဖြစ်လေသည်။
နစ်ခရိုမန်ဆာမျှော်စင်သခင်မှာလည်း သူရရှိထားသော သတင်းအချက်အလက်များကို တွေးတောနေမိခဲ့သည်။
ထောင်ချောက်တစ်ခုအနေနှင့်ယူဆရန်မှာ ဤကိစ္စသည် ရိုးရှင်းလွန်းလှပေသည်။
သူသည် သန့်စင်မြို့တော်အား တိတ်တဆိတ် ဝင်ရောက်တိုက်ခိုက်ရန် မည်သည့် နစ်ခရိုမန်ဆာ တစ်ဦးတစ်ယောက်ကိုမှ စေလွှတ်ထားခဲ့ခြင်းမရှိပေ။
သူ၏ အဖွဲ့အစည်းအကြောင်း ကောလာဟလများက သူကိုယ်တိုင်အား မည်သို့ အရူးလုပ်နိုင်မည်နည်း။
နောက်ကွယ်တွင် အခြားတစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့ခြင်းဖြစ်ကြောင်း သူအာရုံရနေခဲ့သည်။
၎င်းသည် လွန်ခဲ့သောရက်က သူ၏လက်တွင်းမှ လွတ်မြောက်သွားခဲ့သော ထိုရန်နစ်ခရိုလိုင်းနှင့် ပတ်သက်နေနိုင်လေသည်။
ထိုသို့ဆိုလျှင် ရန်နစ်ခရိုလိုင်းသည် အနောက်တိုက်တွင် တစ်ချိန်လုံးရှိနေခဲ့သည်ဟု ဆိုလိုရာရောက်သည်မဟုတ်ပါလား...။
သူ၏မျက်လုံးများသည် လောဘရိပ်များဖြင့် ပြည့်နှက်လာခဲ့သည်။
သူကိုယ်တိုင်ပင် ထိုနေရာသို့ ချက်ချင်း သွားရောက်ရင်ကောင်းမလားဟု တွေးလိုက်မိသော်လည်း မကြာမီမှာပင် ထိုအတွေးကို လက်လျှော့လိုက်ရလေသည်။
ငရဲတံခါးသည် ယခုရက်အနည်းငယ်အတွင်း ပွင့်တော့မည် ဖြစ်သောကြောင့် သူသည် အခြားအရာများအတွက် အချိန်ပေးနိုင်ဦးမည်မဟုတ်ပေ။
ရန်နစ်ခရိုလိုင်းကို ရှာဖွေခြင်းအတွက်မှာမူ ငရဲမှ ထိုသူပြန်လာပြီးနောက်တွင်မှ လှုပ်ရှားပါက ပိုမို၍ပင် လွယ်ကူသွားလိမ့်မည်မဟုတ်ပါလား...။
ရန်နစ်ခရိုလိုင်းတစ်ယောက် မည်မျှပင် ဝေးရာသို့ ပြေးစေကာမူ သူ့အား ငရဲအတွင်းမှ စောင့်ဆိုင်းနေသူထံမှမူ မည်သည့် နည်းနှင့်မျှ ပြေး၍လွတ်မည်မဟုတ်ပေ။
ထိုသူ ဤကမ္ဘာသို့ ပြန်ရောက်လာသောနေ့သည် ရန်နစ်ခရိုလိုင်း၏ အဆုံးသတ်ပင် ဖြစ်ပေလိမ့်မည်။
“မကြာတော့ဘူး... အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရတာတွေ ပြီးဆုံးတော့မှာပါ...” နစ်ခရိုမန်ဆာမျှော်စင်သခင်သည် လုံးဝနီးပါးပွင့်ဟနေပြီဖြစ်သော ငရဲတံခါးဝအား စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
.....
...
တော်ဝင်စစ်သည်တော်များသည် သန့်စင်ဘုရားကျောင်းဌာခွဲများကို သိမ်းပိုက်နေခဲ့ကြပြီး ၎င်းတို့ စုဆောင်းထားသော ရှေးဟောင်းပစ္စည်းများကို သန့်စင်ဧကရာဇ်ထံသို့ ယူဆောင်လာရန်ကျိုးစားနေကြစဥ် အာရန်ကိုယ်တိုင်မှာမူ သန့်စင်ပရောဟိတ်မရှေ့တွင် ထိုင်လျက်ရှိနေခဲ့လေသည်။
သူသည် သန့်စင်ပရောဟိတ်မအား နှစ်ခြိုက်စွာ အိပ်စက်အနားယူနေခြင်းမှ နိုးထလာနိုင်စေရန် ကျိုးစားလိုက်သည်။
သန့်စင်ပရောဟိတ်မသည် အသိစိတ်များ ပြန်လည်ဝင်ရောက်လာသည်နှင့် သူမ၏ အသက်ရှူသံများသည် ပိုမို၍ ခက်ခဲလာခဲ့သည်။
သူမသည် ရင်ဘတ်ဆီမှ နာကျင်မှုတစ်ခုကို သတိထားလိုက်မိသဖြင့် ရုတ်တရက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်မိလေသည်။
#Catfoot