← Chapters

တောင်းဆိုချက် …

Vol. 36 Ch. 523

တောင်းဆိုချက် …

Vol. 36 Ch. 523

သန့်စင်ပရောဟိတ်မသည် အာရန်၏ လက်ကို အားအင်ချိနဲ့စွာ ဆုပ်ကိုင်လိုက်ပြီး အရှင်သခင်သတ်ဓားကို သူမ၏ရင်ဘတ်သို့ ထိုးစိုက်နိုင်ရန် တည်ပေးလိုက်သည်။

သို့သော် သူမသည် အားနည်းလွန်းနေသောကြောင့် အာရန်၏လက်ကို ကောင်းစွာပင် ဖမ်းဆုပ်ထားနိုင်ခြင်းမရှိခဲ့ပေ။

အာရန်သည် သူမအား မျက်မှောင်ကြုတ်၍ စိုက်ကြည့်လိုက်သည်။

“မင်းက အပြစ်မဲ့ဝိညာဉ်အဖြစ် အရည်အချင်းပြည့်မီတယ်လို့ တကယ်ပဲ ယုံကြည်နေတာလား”

အရှင်သခင်သတ်ဓားသည် အပြစ်ကင်းစင်သူတို့၏သွေးကို သောက်သုံးရန် လိုအပ်သည်ဆိုလျှင် သန့်စင်ပရောဟိတ်မမှာမူ သူ၏ မျက်လုံးထဲတွင် ဘယ်ဘက်ကကြည့်ကြည့် ထိုစံနှုန်းနှင့် တစ်စက်ကလေးမျှပင် ကိုက်ညီခြင်းမရှိပေ။။

သူမသည် သူမ၏လုပ်ဆောင်ခဲ့မှုများကို မည်သို့ပင် ဆင်ခြေပေးသည်ဖြစ်စေ သူမအား အပြစ်ကင်းစင်သည်ဟုပြောရန်အတွက်မှာမူ အလှမ်းဝေးကွာနေဆဲပင်။

အာရန်ကိုယ်တိုင်သည်ပင် ဤကမ္ဘာသို့ စရောင်စဥ် ပထမဆုံးအကြိမ်အဖြစ် လူတစ်ယောက်ကို သတ်မိခဲ့သည့် အချိန်ကတည်းက သူ၏ ဝိညာဉ်သည် စတင်ညစ်နွမ်းသွားခဲ့ပြီးဖြစ်သောကြောင့် ထိုစံနှုန်းနှင့် ကိုက်ညီတော့မည်မဟုတ်ပေ။

ဤမျှများပြားသော အပြစ်ကင်းစင်သည့် ဝိညာဉ်များကို ရှာဖွေရန်မှာ ပြောရလွယ်သလောက် လက်တွေ့လုပ်ဆောင်ရန်မှာမူ လွန်စွာခက်ခဲမည်ဖြစ်၏။

တိုက်ကြီးတစ်ခုလုံးအနှံ့ ပိုက်စိတ်တိုက်လိုက်ရှာမည်ဆိုလျှင်ပင် အပြစ်မဲ့ဝိညာဉ်ပိုင်ရှင်များအဖြစ် မှတ်ယူနိုင်သည့် လူသန်းတစ်ရာ ရှိ၊မရှိပင် သူ့အနေနှင့် မသေချာပေ။

အကယ်၍ သူသည် ထိုကဲ့သို့ အပြစ်မဲ့ လူများစွာကို ရှာနိုင်ခဲ့မည်ဆိုလျှင်ပင် ၎င်းကိုလုပ်ဆောင်ရန် အတွက်မှာ သူ့ကိုယ်တိုင်အတွက်ပင် အတော်လေး ရွံရှာစက်ဆုပ်ဖွယ် ကောင်းသောအလုပ်ဟု မှတ်ယူ၍ရလေ၏။

အရှင်သခင်သတ်ဓားကို ပြီးပြည့်စုံနိုင်ရန် အတွက်သာဆိုပါလျှင် အနည်းဆုံးတော့ ဤကုန်ကျစရိတ်သည် သင့်လျှော်သော လုပ်ရပ်တစ်ခုဟု သူ မယုံကြည်ပေ။

အာရန်သည် သူ၏ လက်ကို ပြန်ဆွဲယူလိုက်ပြီး ပရောဟိတ်မ၏ ဆုပ်ကိုင်ထားမှုမှ ရုန်းထွက်လိုက်သည်။

အရှင်သခင်သတ်ဓားကို အပြီးသတ်နိုင်ခြင်းမရှိသောကြောင့် စိတ်ပျက်မိခဲ့သော်လည်း မကြာမှီအလိုလို သေဆုံးသွားတော့မည့် ပရောဟိတ်မအား သူကိုယ်တိုင် မသတ်လိုခဲ့ပေ။

ထို့ပြင် သူမသည်သာ နောက်ထပ် အနည်းဆုံး ရက်အနည်းငယ်ခန့် ထပ်မံ၍ အသက်ရှင်နေမည်ဆိုပါက သူ့အတွက် ပို၍အသုံးဝင်လေသည်။

သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်ထံသို့ ပြီးပြည့်စုံသော အချုပ်အခြာ အာဏာကို လွှဲပြောင်းပေးရန်အတွက် အနည်းဆုံး တစ်ကြိမ်ခန့် ပြည်သူများ၏ ရှေ့တွင် ပေါ်ထွက်လာပေးဖို့ လိုအပ်နေသေးသည်။

အာရန်သည် သူ၏ ကိုယ်ပွားကို သန့်စင်ပရောဟိတ်မအဖြစ် ဟန်ဆောင်ခိုင်းနိုင်သော်လည်း အမျိုးသမီးအဖြစ် ဟန်ဆောင်ဖို့ တောင်းဆိုခံရတဲ့အခါ ထိုကိုယ်ပွားသည် ပြင်းပြင်းထန်ထန်ပင် ပြန်လည် ငြင်းဆန်လိမ့်မည်ဟု သူနားလည်ထားသည်။

“ဒါကို အပြီးသတ်ဖို့ တခြားနည်းလမ်းမရှိတော့ဘူးလား” ဟု သန့်စင်ပရောဟိတ်မအား ထပ်မံ၍ မေးလိုက်မိသည်။

ပရောဟိတ်မသည် အာရန်တစ်ယောက် အရှင်သခင်သတ်ဓားကို အပြီးသတ်နိုင်အောင် လူများကို ရှာဖွေသတ်ဖြတ်ရန် ချက်ချင်း ထွက်သွားခြင်း မရှိသေးသည်ကိုပင် အံ့အားသင့်နေဟန်ရလေ၏။

“အဲဒါဟာ ကျွန်မသိထားတဲ့ တစ်ခုတည်းသော နည်းလမ်းပဲ” ဟု သန့်စင်ပရောဟိတ်မက ပြန်ဖြေလိုက်ပြီး သူမ၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ပိုမို၍ အားနည်းလာသည်ဟု ခံစားမိလိုက်သည်။

သူမ၏ သိစိတ်သည်ပင် ကောင်းစွာ အာရုံမစိုက်နိုင်တော့ပေ။

“ဒီလက်နက်နဲ့ ဖန်တီးပုံနည်းလမ်းကို နတ်ဘုရားမက မင်းကို ပြောပြခဲ့တာမဟုတ်လား”

အာရန်သည် ထပ်မံ၍ မေးခွန်းတစ်ခု မေးလိုက်သော်လည်း သန့်စင်ပရောဟိတ်မသည် ပြန်မဖြေနိုင်တော့ပေ။

သူမသည် အာရန်အား သည်အတိုင်းသာ တွေဝေစွာဖြင့် စိုက်ကြည့်နေခဲ့သည်။

“ကျွန်မ အိပ်ချင်လာပြီ...”

သန့်စင်ပရောဟိတ်မသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် စကားအချို့ကို တိုးတိုးလေးပြောလိုက်သည်။

ထိုသို့ပြောပြီးသည်နှင့် သူမ၏မျက်လုံးများသည် ဖြည်းဖြည်းချင်း မှေးစင်းသွားခဲ့သည်။

အကြောင်းတစ်စုံတစ်ရာကြောင့် သူမ၏နှလုံးခုန်နှုန်းသည်လည်း တဖြည်းဖြည်းနှေးကွေးလာသည်ကို အာရန်တစ်ယောက် ခံစားမိလိုက်၏။

သူထင်ထားသည်မှာ သူမတွင် ကျန်ရှိနေသေးသည့် အသက်ဓာတ်အချို့ဖြင့် နောက်ထပ် ရက်အနည်းငယ်အထိ အသက်ရှင်နေနိုင်ဦးမည်ဟုပင်။

သို့သော် ထူးဆန်းစွာဖြင့် အကြောင်းရင်းတစ်ခုခုကြောင့် ထိုအသက်ဓာတ်များသည် ပို၍ပင် မြန်ဆန်စွာ ကုန်ဆုံးသွာခဲ့ရဟန်တူ၏။

သူသည် သူမ၏အခြေအနေကို ပိုမိုတည်ငြိမ်သွားစေရန် သူ၏ ဘိုးဘေးနဂါးလျှာအစွမ်းနှင့်ပင် သူမ၏ အသက်ကိုဆွဲဆန့်ပေးရန် ကြိုးစားခဲ့သော်လည်း သူမ၏နှလုံးခုန်နှုန်းသည် ဖြည်းညှင်းစွာပင် တိုးညှင်းလာခဲ့သည်။

၎င်းသည် မြန်ဆန်လွန်းသော ပြောင်းလဲမှုတစ်ခုဖြစ်သဖြင့် အာရန်ကိုပင် ကြောင်အမ်းသွားစေခဲ့သည်။

ပရောဟိတ်မသည် အားနည်းနေပုံရသော်လည်း အစောပိုင်းကပင် သူနှင့် ကောင်းမွန်စွာ ပြောဆိုနေခဲ့သေးသည်မဟုတ်ပါလော...။

ပြန်လည်သုံးသပ်ကြည့်မည်ဆိုပါက အာရန်အနေနှင့် အရှင်သခင်သတ်ဓား၏ လှို့ဝှက်ချက်အချို့ကို စတင်မေးမြန်းပြီးနောက်မှသာ သူမသည် ထိုသို့ထူးဆန်းသည့် လက္ခဏာများကို စတင်ပြသလာခဲ့ခြင်းဖြစ်လေသည်။

သူမ၏ နှလုံးခုန်နှုန်းသည် ပို၍ပို၍ အားနည်းလာခဲ့ရာမှ နောက်ဆုံးတွင် နှလုံး၏ လှုပ်ရှားမှုသည် လုံးဝကို ရပ်တန့်သွားခဲ့၏။

သန့်စင်ပရောဟိတ်မသည် သူမ၏ နောက်ဆုံးအသက်ရှူသံကို ဆုံးရှုံးသွားသည့်အချိန်မှာပင် သူမ၏ မျက်လုံးများကိုပင် ပြန်လည်မမှိတ်နိုင်ခဲ့ပေ။

သူမ၏ မျက်လုံးများသည် အာရန်တည်ရှိရာနေရာသို့ တွေဝေစွာ စိုက်ကြည့်နေဆဲဖြစ်ပြီး သူမ၏ နှုတ်ခမ်းများက သူမ၏နောက်ဆုံးအချိန်တွင် တစ်စုံတစ်ခုကို ပြောပြခဲ့ရန် ကြိုးစားနေသကဲ့သို့ အနည်းငယ် ဟလျက်ရှိနေခဲ့၏။

အာရန်သည် နောက်ဆုံးတွင် သေဆုံးသွားသော သန့်စင်ပရောဟိတ်မအား စိုက်ကြည့်နေလိုက်သည်။ ယခုအခါ အရှင်သခင်လေးဦးထဲမှ တစ်ဦးသည် ဤကမ္ဘာမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။

သူသည် သန့်စင်ပရောဟိတ်မ၏ မျက်လုံးများကို မှိတ်ပေးလိုက်ပြီး သူမအား ထာဝရအိပ်စက်စေလိုက်သည်။

သူမသည် သူ၏ ရန်သူဖြစ်သော်လည်း သေဆုံးပြီးနောက်တွင် မည်သည့် ရန်ငြိုးမျှ မကျန်တော့ပေ။

ရန်သူတစ်ဦး ထာဝရပျောက်ကွယ်သွားသည့်အတွက် သူ့အနေနှင့် ပျော်ရွှင်နေသင့်သော်လည်း ထိုအစား သူသည် မသက်မသာဖြစ်မှုတစ်ခုကိုပင် ခံစားနေရ၏။

သူမ၏ ရုတ်တရက် သေဆုံးမှုသည် တစ်ခုခုပုံမှန် ဟုတ်မနေသလို ခံစားနေရဆဲပင်။

ဒီနည်းလမ်းအကြောင်း သူမကို ပြောခဲ့သူမှာ နတ်ဘုရားမမှ ဟုတ်ရဲ့လား။

သူမကို သူ့အနေနှင် မေးချင်သော မေးခွန်းများစွာ ကျန်ရှိနေသေး၏။

ပရောဟိတ်မတစ်ဦးအနေဖြင့် သူမသည် အခြားအရှင်သခင်များအကြောင်း လျှို့ဝှက်ချက်များစွာကိုလည်း သိရှိထားမည်ဖြစ်၏။

တစ်ခဏအတွင်းမှာပင် ထိုအခွင့်အရေးများ အားလုံး ဆုံးရှုံးသွားခဲ့ရပြီဖြစ်သည်။

အာရန်သည် ယခုဖြစ်ရပ်ကို ပြောင်းလဲနိုင်သည့် နည်းလမ်းမရှိခဲ့ပေ။

သူသည် သန့်စင်ပရောဟိတ်မ၏ အလောင်းကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းတွင် သိမ်းထားလိုက်သည်။

သူမသည် အမှန်တကယ် သေဆုံးသွားခဲ့ခြင်းဆိုလျှင်ပင် သူသည် သူမ အလောင်းကို သည်အတိုင်း စွန့်ပစ်ထားခဲ့၍ မရပေ။

ဤကမ္ဘာသည် သေဆုံးသူများကိုပင် ပြန်လည်အသက်သွင်းနိုင်သော နစ်ခရိုမန်ဆာကဲ့သို့ ဖြစ်တည်မှုများ တည်ရှိနေသည့် ထူးဆန်းသောလောကတစ်ခု ဖြစ်လေသည်။

သန့်စင်ပရောဟိတ်မသည် သူမ၏ ခွန်အားနှင့် စွမ်းရည်အားလုံးအား ဆုံးရှုံးသွားခဲ့ခြင်းဆိုလျှင်ပင် သူသည် မည်သည့်အန္တရာယ်မျှ ထပ်မံ၍ မယူလိုပေ။

နတ်ဘုရားမတစ်ယောက် မည်သည့်အရာများ ကြုံတွေ့ခဲ့ရသနည်း။

သို့မဟုတ် ရုပ်ထုနှင့် ဆက်သွယ်မှုများ ပြတ်တောက်သွားပြီးနောက် သူမသည် ဤလောကသို့ ပြန်လာနိုင်ပါဦးမလားဆိုတာကိုပင် သူ မသိနိုင်ခဲ့ပေ။

သူမသည် ဤလောကသို့ ပြန်လာနိုင််သည့်လမ်းကို ထပ်မံ၍ ရှာတွေ့ခဲ့ပါက အလောင်းတစ်ခုထပ်မံ၍ ဝင်ပူးပြီး သူ့အား လာရှာလိမ့်မည်လား။

ထိုအရာသည် သိပ်တော့မဖြစ်နိုင်သော်လည်း ဖြစ်နိုင်ခြေတော့ အနည်းငယ်ရှိနေသဖြင့် သူ့အနေနှင့် လွန်စွာ သတိထားမှတော်ကာကျလိမ့်မည်ဖြစ်သည်။

အရှင်သခင်တစ်ဦး၏အလောင်းအတွက် တစ်ခုတည်းသော လုံခြုံသည့်နေရာသည် သူ၏ စနစ်သိုလှောင်ခန်းပင်ဖြစ်၏။

ထိုနေရာသည် အခြားပြင်ပ သက်ရောက်မှုများအားလုံးဆီမှ ကင်းကွာနေသည့် သီးခြားကမ္ဘာတစ်ခုဟုလည်း ဆို၍ရလေသည်။

နတ်ဘုရားမကိုယ်တိုင်ပင်လျှင် သူ၏စနစ်သိုလှောင်ခန်း၏ တည်ရှိမှုကို သတိမပြုမိခဲ့ပေ။

သူမသာ သတိပြုမိမည်ဆိုပါက ထိုအရှင်သခင်သတ်ဓားရှိနေမှုကို သူမ ခံစားမိခဲ့ပြီး ဖြစ်ပေလိမ့်မည်။

“အနောက်တိုက်က သူတို့ရဲ့ အရှင်သခင်တစ်ဦးကို ဆုံးရှုံးသွားခဲ့ရပြီ။ ကျန်တိုက်ကြီးတွေက ဒီအကြောင်းကို သိသွားကြရင် ဒီတိုက်က သူတို့အတွက် အရမ်းအရသာရှိတဲ့ဟင်းလျာတစ်ပွဲလို ဖြစ်သွားလိမ့်မယ်”

“ငါက သူတို့အချင်းချင်းကြား ပရိပက္ခတစ်ခု ဖော်ဆောင်ပြီး မြောက်ဘက်တိုက်ကြီးဆီ စစ်ပွဲတစ်ခု ဖော်ဆောင်ချင်ခဲ့တာ။ ဒါပေမယ့် ဒီနှုန်းအတိုင်းဆိုရင် တခြားတိုက်ကြီးတွေက အရင်စပြီး တိုက်ခိုက်လာနိုင်တယ်”

“ဒီအရှင်သခင် နေရာလွတ်ကို မြန်မြန်ဖြည့်တင်ပေးဖို့ လိုနေပြီ...”

အာရန်သည် သက်ပြင်းချလိုက်ရင်း အခန်းထဲမှ ထွက်လာခဲ့ပြီး သူ၏ ကိုယ်ပွားနှင့် တွေ့ဆုံရန် ဆုံးဖြတ်လိုက်သည်။

....

“လုံးဝ မလုပ်နိုင်ဘူး”

ကိုယ်ပွားသည် အာရန်အား မြင်လိုက်သည်နှင့် ချက်ချင်းပင် အကျောက်အကန် ငြင်းဆန်တော့သည်။

“ဒါပေမယ့် ငါမင်းကို ဘာမှတောင် မပြောရသေးဘူး” အာရန်သည် အပြစ်ကင်းစင်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

“အေး၊ ဒါပေမယ့် မင်းရဲ့မျက်လုံးထဲမှာ အဲဒီလိုပုံစံမျိုး မြင်နေရတယ်။ ငါ့ကို ထူးထူးဆန်းဆန်း တောင်းဆိုမှုတစ်ခုခု လုပ်ခိုင်းမယ်ကြံတိုင်း မင်းဆီမှာ အဲဒီလို ပုံစံမျိုး အမြဲမြင်ရလေ့ရှိတယ်” ကိုယ်ပွားသည် သူ့အား မတရားပြုခံနေရသကဲ့သို့ ပြန်ပြောလိုက်၏။

ကံမကောင်းစွာဖြင့် သူ့၏စကားများသည် နားပင်းနေသူတစ်ဦးအား ပြောဆိုမိသကဲ့သိုပင် ဖြစ်နေခဲ့လေသည်။

ဤသို့ဖြင့် နောက်တစ်နေ့ မနက်တွင်မူ သန့်စင်ပရောဟိတ်မသည် တော်ဝင်နန်းတော်၏ လသာဆောင်ပေါ်သို့ တက်လာပြီး သူမ၏ရောက်ရှိနေမှုအား လူတိုင်းကို ဖော်ထုတ်ပြသလိုက်သည်။

#Catfoot

All Chapters