← Chapters

ပဉ္စမမြောက် အရှင်သခင်

Vol. 36 Ch. 524

ပဉ္စမမြောက် အရှင်သခင်

Vol. 36 Ch. 524

…

အာရန်သည် သူ၏ ကိုယ်ပွားကို ပထမဆုံး ဖန်တီးခဲ့စဥ်က ၎င်းသည် အခြေခံအမိန့်များကိုသာ လိုက်နာနိုင်သော ဉာဏ်ရည်မရှိသည့် သာမန်ကိုယ်ပွားတစ်ဦးသာ ဖြစ်ခဲ့လေသည်။

တစ်ခုခုသည် အရမ်းရှုပ်ထွေးသွားပါက ထိုကိုယ်ပွားက နားမလည်နိုင်တော့ပေ။

သို့သော်လည်း အာရန်၏ ခွန်အားများ တဖြည်းဖြည်းတိုးပွားလာသည်နှင့်အမျှ သူ၏ ကိုယ်ပွားသည်လည်း တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာခဲ့၏။

၎င်းသည် ယခင်ကကဲ့သို့ပင် အားနည်းနေဆဲဖြစ်သော်လည်း အခြေခံ ဉာဏ်ရည်ဉာဏ်သွေးမှာမူ များစွာ တိုးတက်လာခဲ့ပြီဖြစ်သည်။

ကိုယ်ပွားသည် ယခုအခါ ဝမ်းနည်းမှု၊ ပျော်ရွှင်မှုနှင့် ရှက်ရွံ့မှုကဲ့သို့သော စိတ်ခံစားမှုများကိုပါ အာရန်နှင့်အတူ မျှဝေ ခံစားနိုင်နေပြီဖြစ်၏။

ထို့ကြောင့် ထိုရှက်ရွံ့မှုဆိုသည့်အရာသည် ယခုအချိန် ထိုကိုယ်ပွား ခံစားနေရသော အရာပင်ဖြစ်လေသည်။

သူသည် အမျိုးသမီးတစ်ဦးကဲ့သို့ ဝတ်ဆင်ထားရပြီး သန့်စင်ပရောဟိတ်မအဖြစ် ဟန်ဆောင်ထားရခြင်းဖြစ်သည်။

“ဒါသာ မင်းရဲ့ မူလကမ္ဘာမှာဆိုရင် ကလေးသူငယ် ညှင်းပမ်းနှိပ်စက်မှုနဲ့ မင်းကြိမ်းသေ ထောင်ကျမှာ” ဟု ကိုယ်ပွားက သူ၏ ဘေးတွင် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော အာရန်အား တိုးတိုးလေး ပြောလိုက်သည်။

“မင်းလား... ဘယ်ထောင့်ကကြည့်ပြီး ကလေးသူငယ် ဖြစ်သွားရတာတုံး”

အာရန်သည် နန်းတော်ရှေ့တွင် စုဝေးနေသော နိုင်ငံသားများဘက်သို့ လက်ပြနှုတ်ဆက်နေစဉ် အသံတိုးတိုးဖြင့် ပြန်မေးလိုက်သည်။

မြို့တွင်းရှိ နိုင်ငံသားအားလုံးနီးပါးကို သန့်စင်ဧကရာဇ်သည် ယနေ့ အရေးကြီးသည့် ကိစ္စတစ်ခုကို ကြေညာတော့မည် ဖြစ်ကြောင်း အသိပေးခဲ့ပြီး လူများစွာကလည်း ဤနေရာသို့ လာရောက်နားထောင်နေခဲ့ကြခြင်းဖြစ်လေသည်။

ယခု သန့်စင်ဧကရာဇ်သည် အနောက်ဘက်တိုက်တစ်ခုလုံးတွင် အလွန်ပင် ဂုဏ်သတင်းမွှေးပျံ့‌ နေပြဖြစ်သောကြောင့် လူတိုင်းနီးပါးက သူ၏စကားများကို ကြားနာလိုနေကြ၏။

နာရီဝက်အတွင်းမှာပင် နန်းတော်အဝင်ဝတွင် လူများစွာ စုဝေးရောက်ရှိလာခဲ့ကြရာ ခြေချစရာနေရာပင် မကျန်ရှိတော့ပေ။

လူအုပ်ကြားတွင် အခြားတိုက်ကြီးများမှ သူလျှိုများအနည်းငယ် ပါဝင်နေကြောင်းကို အာရန် တစ်ယောက် သေချာစွာသိထားခဲ့သည်။

သို့သော်လည်း သူတို့ကို ရှာဖွေရန်အထိ သူစိတ်မဝင်စားခဲ့ပေ။

ထိုသူလျှိုများသည် သူ ပေးလိုသည့်အချက်အလက်များကို သက်ဆိုင်ရာ တိုက်ကြီးများသို့ ပြန်လည် တင်ပြရန်သာ တာဝန်ယူထားကြသည်မဟုတ်ပါလား...။

“ငါပေါ်‌ပေါက်လာရတာ လအနည်းငယ်ပဲ ရှိသေးတယ် မဟုတ်ဘူးလား”

ကိုယ်ပွားသည် ပခုံးတွန့်လိုက်ပြီး ထိုကဲ့သို့ အတင်းအကျပ် လုပ်ဆောင်ခိုင်းခြင်း ခံခဲ့ရသောကြောင့် အတော်လေး မကျေမနပ်ဖြစ်နေဆဲပင်။

သူသည် အရှင်သခင်တစ်ဦးကိုပင် ချေမှုန်းနိုင်ခဲ့သူ၏ ကိုယ်ပွားဖြစ်လေသည်။

သူသည် နယ်မြေနှင့် အရေးကြီးကိစ္စရပ်များကိုသာ ကိုင်တွယ်သင့်ပြီး ယခုကဲ့သို့ အမျိုးသမီးတစ်ဦးအဖြစ် ဝတ်ဆင်ကာ မိန့်ခွန်းများ ပြောနေသင့်သည် မဟုတ်ပေ။

“ငါတို့ ကမ္ဘာကို ပြန်ရောက်တဲ့အခါကျရင် မင်းစကားကို တစ်ယောက်ယောက်က ယုံမယ်လို့ ထင်သလား။ အဲ့ကျမှ ရဲတွေကို သွားပြီး ပြောကြည့်ပေါ့” အာရန်သည် သူ့၏ကိုယ်ပွားဆီမှ မကျေမနပ်တီးတိုးပြောဆိုနေမှုများကို ဂရုမစိုက်တော့ဘဲ စနောက်ခြင်းကိုသာ ဆက်လက်ပြုလုပ်နေခဲ့သည်။

စိတ်ထဲတွင်မူ သူ့၏ကိုယ်ပွားသည် သူ့အား ဤကဲ့သို့ပင် ပြန်လည် ပြောဆိုနိုင်သည့်အတွက် အတော်လေး ကျေနပ်မိနေခဲ့သည်။

သူဖြတ်သန်းနေရသောအရာများကို အတူတကွနားလည်ပေးနိုင်သည့် နောက်ထပ်တစ်စုံတစ်ဦး ထပ်မံရှိနေပြီဖြစ်သောကြောင့် သူ၏ အထီးကျန်ဆန်မှုများ အနည်းငယ် လျော့ပါးသွားသည်ဟုလည်း ခံစားနေရသည်။

ဒီကမ္ဘာတွင် ယီလန်သည်ပင် သူ့၏ အစစ်အမှန်အတိတ်အကြောင်းကို မသိနိုင်ပေ။

သူ၏ မူလကမ္ဘာအကြောင်းကို မည်သူ့ကိုမျှ ပြော၍ မရပေ။

စာရေးဆရာဆိုသူပြီးနောက် သူ၏ကိုယ်ပွားသည်သာလျှင် သူ၏လျှို့ဝှက်ချက်များအား မျှဝေနိုင်သည့် တစ်ဦးတည်းသော အဖော် ဖြစ်နိုင်ပေ၏။

“ရဲရင့်လှတဲ့ အင်ပါယာရဲ့ နိုင်ငံသားအပေါင်းတို့”

အာရန်သည် သန့်စင်ဧကရာဇ်အဖြစ် နှုတ်ဆက်စကားကို စတင်ပြောဆိုလိုက်ရာ သူ၏အသံကို လူတိုင်း ကြားနိုင်စေရန် ထပ်မံ၍ မြှင့်တင်လိုက်သည်။

ဤတိုက်ရှိ အဓိကဖြစ်သော ကောင်းချီးစွမ်းအင်များမှာ တစ်ခုခုမှားယွင်းနေသည်ဟု ထင်မှတ်ထားခဲ့ကြသူ အားလုံးသည် ဧကရာဇ်မှ ထိုကောင်းချီးစွမ်းအင်များကို အသုံးပြု၍ ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ လွန်စွာ အံ့အားသင့်သွားခဲ့ကြသည်။

သူလျှိုများပင်လျှင် ကောလာဟလများ မှားယွင်းနေခဲ့သလားဟု ထင်မိလိုက်ကြသည်။ နောက်ဆုံးတွင် သန့်စင်ပရောဟိတ်မသည်ပင် ဧကရာဇ်၏ ဘေးတွင် ရပ်နေခဲ့ပြီး သူတို့နှစ်ဦးသည် အတော်လေး ရင်းနှီးနေကြပုံပေါ်လေ၏။

အာရန်နှင့် သန့်စင်ပရောဟိတ်မတို့သည် တစ်ဦးနှင့်တစ်ဦး ဘေးချင်းကပ်ကာ တန်းတူရပ်နေကြခြင်း ဖြစ်သောကြောင့် ၎င်းတို့သည် ကောင်းချီးစွမ်းအင်များထွက်ပေါ်လာရာ မူလအရင်းအမြစ်ကိုပင် မခွဲခြားနိုင်ခဲ့ကြပေ။

၎င်းက ထိုကောင်းချီးစွမ်းအင်များကို သူတို့နှစ်ဦးစလုံးပင် အသုံးပြုနိုင်နေသကဲ့သို့ ထင်မှတ်သွားကြသည်။

သူတို့နှစ်ဦးဆီမှထွက်ပေါ်လာသော ကောင်းချီးအော်ရာများသည်လည်း အလွန်သိပ်သည်းဆများပြီး ဒီနေရာရှိ လူတိုင်းနီးပါးသည် ထိုအော်ရာ၏ ဖိနှိပ်မှုကို ခံစားမိလိုက်ကြ၏။

“နစ်ခရိုမန်ဆာမျှော်စင်အနေနဲ့ ကျုပ်တို့ရဲ့ ငြိမ်းချမ်းတဲ့ဘဝတွေကို ဖျက်ဆီးဖို့ ကြိုးစားတဲ့ အကြောင်းတွေကို ခင်ဗျားတို့ထဲက အတော်များများကြားသိထားကြမယ်လို့ ငါကိုယ်တော် ယုံကြည်တယ်။ သူတို့ဟာ ကျုပ်တို့ရဲ့ တိုက်ကို ဝင်ရောက်ကျူးကျော်ခဲ့ရုံသာမကဘူး သန့်စင်ဘုရားကျောင်းကိုတောင် ဝင်ရောက်တိုက်ခိုက်ခဲ့သေးတယ်”

“သူတို့ဟာ အနောက်တိုက်အပေါ် စစ်ပွဲတစ်ပွဲ အရင်စတင်ခဲ့ပြီဖြစ်လို့ ကျုပ်တို့အနေနဲ့လည်း ငြိမ်ခံနေစရာ အကြောင်းမရှိတော့ဘူး။ ငါကိုယ်တော်နဲ့အတူ ဒီက သန့်စင်ပရောဟိတ်မကိုယ်တိုင်က ကျုပ်တို့ အခြေအနေကို ဒီအတိုင်း ထိန်းသိမ်းထားတာ လုံလောက်ပြီလို့ ဆုံးဖြတ်လိုက်ကြပြီ”

“ဒါကြောင့်မို့လို့ ကျွန်မကလည်း ဒီနေ့ အရှင်မင်းကြီးနဲ့အတူ ကြေညာချက်တစ်ခုကို ထုတ်ပြန်ချင်ပါတယ်” သန့်စင်ပရောဟိတ်မအဖြစ် ဟန်ဆောင်ထားသော ကိုယ်ပွားသည် အာရန်၏ ဦးဆောင်မှုကို အခြေပြုရင်း စကားအချို့စတင်ပြောဆိုလိုက်၏။

“ကျွန်မတို့အနေနဲ့ မြောက်ပိုင်းတိုက်ကို စစ်ကြေညာတယ် မကြာခင် စတင်ပြီးတိုက်ခိုက်ကြမယ်”

“နစ်ခရိုမန်ဆာမျှော်စင်ရဲ့ ကျိန်စာသင့်နေတဲ့ မကောင်းဆိုးဝါးတွေဟာ သန့်စင်နတ်ဘုရားမရဲ့ မွန်မြတ်တဲ့ အလင်းအောက်မှာ ဖျက်ဆီးခံရစေမယ်။ နတ်ဘုရားမရဲ့ကောင်းချီးစွမ်းအင်တွေဟာ ဒီတိုက်ရဲ့ ရဲရင့်တဲ့အမျိုးသား၊ အမျိုးသမီးတွေနဲ့အတူ ရှိနေပါစေ”

လူများစွာက ဤကဲ့သို့သော အရာတစ်ခုကို အ‌စောကတည်းက မျှော်လင့်ထားခဲ့ကြသော်လည်း သူတို့၏ ကိုယ်ပိုင်နားများဖြင့် ဆက်ဆက်ကြားလိုက်ရသည့်အခါ ဤအရာသည် လက်တွေ့မကျသကဲ့သို့ ခံစားလိုက်ကြရသည်။

၎င်းသည် စစ်ကြေညာချက်တစ်ခုပင်ဖြစ်လေ၏။

၎င်းသည် ဘုရင့်နိုင်ငံများကြားမှ သာမန်စစ်ပွဲတစ်ခုမဟုတ်တော့ဘဲ တိုက်ကြီးနှစ်ခုကြားမှ စစ်ပွဲတစ်ခုဖြစ်သွားပြီဖြစ်လေသည်။

လူအုပ်ကြားတွင် ပုန်းအောင်းနေသော သူလျှိုများသည်ပင် မျက်နှာများ ဖြူဖျော့သွားခဲ့ကြသည်။

အထူးသဖြင့် မြောက်ပိုင်းတိုက်မှ သူလျှိုများဖြစ်ကြသည်။

သူတို့သည် တိုက်ကြီးနှစ်ခုကြားမှ ရန်လိုမှုများ ရှိနေခဲ့သည်ကို သိထားကြသည်။

သို့သော်လည်း ဤကဲ့သို့တိုက်ကြီးနှစ်ခုကြား စစ်ပွဲသည် ဤမျှ မြန်မြန်ဆန်ဆန် စတင်တော့မည်ဟုတော့ မထင်မှတ်ထားမိခဲ့ကြပေ။

ငရဲတံခါးသည် မကြာမီ ပွင့်လာတော့မည်ဖြစ်သည်။

ဤစစ်ပွဲအတွက် ဤထက် ပိုမိုဆိုးရွားသည့်အချိန်ဟူ၍ မရှိနိုင်တော့ပေ။

သို့သော် ၎င်းသည် အခွင့်အရေးတစ်ရပ်လည်း ဖြစ်နိုင်ပေသည်။

ငရဲတံခါး လုံးဝမပွင့်သေးလျှင်ပင် ၎င်းတို့ နစ်ခရိုမန်ဆာများသည် ယခင်က အနောက်တိုက်မှ သိရှိထားသည်ထက် များစွာပိုမို၍ အားကောင်းလာခဲ့ကြပြီဖြစ်သည်။

နစ်ခရိုမန်ဆာမျှော်စင်မှ ၎င်း၏ပင်မတပ်ဖွဲ့ကို မပို့ခဲ့လျှင်ပင် မြောက်ပိုင်းတိုက်ကြီးသည် ဤစစ်ပွဲကို အနိုင်ရနိုင်ခြေရှိနေလေသည်။

သို့မဟုတ် မျှော်စင်သခင်မှ သူ၏ပန်းတိုင်ကို အောင်မြင်ပြီးနောက် ပြန်လည်ရောက်ရှိလာသည့် အချိန်အထိ လုံလောက်စွာ အချိန်ဆွဲထားနိုင်မည်ဟု ယုံကြည်ထားမိသည်။

ဤသို့ အသီးသီးတွေးမိလိုက်ကြသဖြင့် သူလျှိုများသည် တဖြည်းဖြည်း ဂနာမငြိမ် ဖြစ်လာခဲ့ကြသည်။

၎င်းသည် သူတို့၏ အရှင်သခင်များထံသို့ ပြန်လည်ပေးပို့ရမည့် အကြီးစားသော သတင်းတစ်ရပ်လည်းဖြစ်လေသည်။

သို့သော်လည်း ၎င်းတို့သည် သူတို့၏စိတ်ကို ပြန်လည် တည်ငြိမ်အောင်ကျိုးစားလိုက်ကြပြီး ဧကရာဇ်မှ နောက်ထပ်ကြေညာမည့် အရာများအတွက် နားစွင့်ထားလိုက်ကြသည်။

“ဒီတစ်ခေါက် စစ်ပွဲကို အနောက်တိုက်ကြီးရဲ့ တစ်ဦးတည်းသော အာဏာပိုင်ဖြစ်သွားပြီဖြစ်တဲ့ သန့်စင်ဧကရာဇ်က ဦးဆောင်လိမ့်မယ်” ဟု သန့်စင်ပရောဟိတ်မက ကြေညာလိုက်ရာ များစွာသော လူအုပ်ကြီးအား ပို၍ပင် ထိတ်လန့်စေခဲ့သည်။

ပရောဟိတ်မသည် ဧကရာဇ်အား တစ်ဦးတည်းသော အာဏာပိုင်အဖြစ် ခေါ်ဝေါ်လိုက်သည်တဲ့လား။

သူမသည် ဧကရာဇ်ကို ပြီးပြည့်စုံသော ထိန်းချုပ်မှုအဝဝကို လွှဲအပ်လိုက်သည်တဲ့လား။

ဤနေရာတွင် တစ်ခုခုတော့ မှားယွင်းနေဟန်ရလေသည်။

“နတ်ဘုရားမရဲ့ ကောင်းချီးနယ်မြေပျောက်ကွယ်သွားတာနဲ့ ကာဒီနယ်ရဟန်းအမတ်တွေ မရှိကြတော့တာကို ရှင်တို့အနေနဲ့ မေးခွန်းတွေ အများကြီး ရှိနေကြမယ်ဆိုတာ ကျွန်မသိပါတယ်။ ဒါပေမဲ့ ကျွန်မအနေနဲ့ ထပ်ပြီးကြေညာပေးစရာ ရှိတာကတော့ နတ်ဘုရားမ တစ်ချိန်က ကျွန်မကို ကောင်းချီးပေးခဲ့သလိုမျိုးပဲ သန့်စင်ဧကရာဇ်ကိုလည်း ထပ်မံပြီး ကောင်းချီးပေးဖို့ ဆုံးဖြတ်လိုက်ပြီဆိုတာပါပဲ”

“ဒါကြောင့်မို့လို့ ဒီနေ့ ကျွန်မလိုပဲ ခွန်အားကြီးတဲ့ ဒါမှမဟုတ် ပိုပြီးတောင် ခွန်အားကြီးနိုင်တဲ့ နောက်ထပ်အရှင်သခင်တစ်ဦး အနောက်တိုက်မှာ ပေါ်‌ပေါက်လာပြီဆိုတာကို ကြေညာချင်ပါတယ်”

အာရန်၏ ကိုယ်ပွားသည် ထိုသို့ ကြေညာနေစဉ်မှာပင် အာရန်ဘက်သို့ မသိမသာ လှည့်ကြည့်လိုက်၏။

အရှင်သခင်တစ်ဦး မရှိတော့သည့် အနောက်တိုက်၏ အုပ်ချုပ်သူ နေရာလွတ်ကို အစားထိုးရန်အတွက် နောက်ထပ် အရှင်သခင်တစ်ဦး မဖြစ်မနေ လိုအပ်လေသည်။

ထို့ကြောင့် အနောက်တိုက်၏ ဒုတိယမြောက် အရှင်သခင် ရာထူးကို အနောက်ပိုင်း၏ သန့်စင်ဧကရာဇ်အဖြစ်ဟန်ဆောင်ထားသော အာရန်ကိုယ်တိုင်ပင် တာဝန်ယူလိုက်ခြင်း ဖြစ်လေသည်။

နောက်ဆုံးတွင် အာရန်သည် သူ၏အနေအထားအား ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာကို ချပြ ကြေညာလိုက်ပြီဖြစ်လေ၏။

ဤလောက၏ အာဏာတည်ဆောက်ပုံသည်လည်း ဤအချိန်မှစတင်၍ တဖြည်းဖြည်း ပြောင်းလဲသွား‌တော့မည် ဖြစ်သည်။

#Catfoot

All Chapters