ခေတ်သစ်တစ်ခု ….
Vol. 36 Ch. 525
ပရောဟိတ်မ၏ ကြေညာချက်သည် ဤနေရာရှိ နားထောင်နေသူများအားလုံးအား ကျောရိုးတစ်လျှောက် တုန်ရီသွားစေခဲ့သည်။
နောက်ဆုံးတွင် ကြီးမားသောစစ်ပွဲတစ်ခု စတင်တော့မည်ဖြစ်လေသည်။
၎င်းတို့ထဲတွင် ဤကဲ့သို့ ကြီးမားသော စစ်ပွဲတစ်ပွဲကို နောက်ဆုံးအကြိမ် တိုက်ခိုက်ဘူးခဲ့သည်ကို မှတ်မိနိုင်လောက်သည်အထိ အသက်ကြီးသူများ မရှိတော့ပေ။
သို့သော်လည်း ၎င်းသည် ကြီးမားသည့် စတေးမှုများ၊ ပေးဆပ်မှုများ ရှိလာလိမ့်မည်ကိုမူ ၎င်းတို့အားလုံး နားလည်ထားကြလေသည်။
သို့ဖြစ်လင့်ကစား ၎င်းတို့ထဲမှ မည်သူမျှ သန့်စင်ဧကရာဇ်အား အပြစ်မတင်ခဲ့ကြပေ။
အဘယ်ကြောင့်ဆိုသော် ဤကိစ္စတွင် သန့်စင်ဧကရာဇ်၌ ရွေးချယ်စရာမရှိသည်ကို ၎င်းတို့ သိနေခဲ့ကြသောကြောင့်ပင်။
၎င်းသည် မြောက်ပိုင်းတိုက်ကြီးမှ စတင်ခဲ့သော တိုက်ပွဲတစ်ခုသာ ဖြစ်လေ၏။
၎င်းတို့သည် အခုချိန်တွင်သာ ပြန်လည်မတုံ့ပြန်ခဲ့ပါလျှင် အနောက်တိုက်ကြီးသည် နစ်ခရိုမန်ဆာမျှော်စင်၏ သိမ်းပိုက်ခြင်းကိုခံရရန် ထိုင်စောင့်နေသကဲ့သို့သာ ဖြစ်သွားပေလိမ့်မည်။
ထိုသို့ဖြစ်ခဲ့လျှင် ၎င်းတို့၏ဘဝများသည် ရှင်လျက်နှင့် ငရဲအဖြစ်သို့ ပြောင်းလဲသွားတော့မည် ဖြစ်လေ၏။
အနည်းဆုံးတော့ အနောက်တိုက်ကြီးမှ လူများကြားတွင် မြောက်ပိုင်းတိုက်ကြီးမှ လူများ မည်သို့ရှင်သန်နေထိုင်သည်နှင့် ပတ်သက်၍ သတင်းအချက်အလက်များစွာ ရှိမနေသောကြောင့် ၎င်းတို့ ထိုသို့ ယုံကြည်ခဲ့ကြခြင်းလည်းဖြစ်လေသည်။
၎င်းတို့ထဲမှအများစုသည် မြောက်ပိုင်းတိုက်ကြီးရှိ သာမန်လူများ နေထိုက်ကြရသည့် ရက်စက်ကြမ်းကြုတ်မှုများအကြောင်း ကောလာဟလများကိုသာ ကြားသိထားကြလေသည်။
ထိုနေရာရှိလူများ၏ အသက်များသည် မြေမှုန့်များထက်ပင် ပို၍စျေးပေါနေခဲ့ကြဟန်တူသည်။
ဤနေရာရှိ နိုင်ငံသားတိုင်းတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ နစ်ခရိုမန်ဆာမျှော်စင်၏ အုပ်ချုပ်ခြင်းကို ခံရမည့်နေ့ကို မြင်လိုကြခြင်းမရှိပေ။
သူတို့၏ သူရဲဘောကြောင်မှုကြောင့် သူတို့၏ နောင်မျိုးဆက်များ ခံစားသွားရမည်ကို မလိုလားကြပေ။
“ဧကရာဇ် အသက်ရာကျော် ရှည်ပါစေ”
“သန့်စင်အင်ပါယာ အသက်ရာကျော် ရှည်ပါစေ”
ကျယ်လောင်သော ကြွေးကြော်သံများသည် လူအုပ်ကြားတွင် ပေါ်ထွက်လာခဲ့သည်။ ၎င်းတို့ထဲမှအများစုသည် တော်ဝင်ရဲမက်များ၏ အစိတ်အပိုင်းများမဟုတ်လျှင်ပင် သန့်စင်အင်ပါယာအတွက် တိုက်ခိုက်ပေးလိုကြသည်။
ဤသို့ဖြင့် ၎င်းတို့၏ဆန္ဒများကို ဖော်ပြလိုက်ကြခြင်းလည်းဖြစ်လေ၏။
သန့်စင်ဧကရာဇ်သည် အရှင်သခင်တစ်ဦး ဖြစ်လာခဲ့ပြီဆိုသော သတင်းသည် သူလျှိုများအတွက် အလားတူပင် ထိတ်လန့်စရာကောင်းနေခဲ့သည်။
၎င်းတို့သည် လူအုပ်ကြားမှ မသိမသာ ပျောက်ကွယ်သွားကြကာ လျင်မြန်စွာ နောက်သို့ ဆုတ်ခွာသွားခဲ့ကြ၏။
ဤအကြီးစားစစ်ပွဲတစ်ခုသည် တိုက်ကြီးနှစ်ခုနှင့်သာ သက်ဆိုင်သည့် ကိစ္စမဟုတ်သောကြောင့် သူလျှိုအားလုံးသည် ၎င်းတို့နှင့် သက်ဆိုင်သည့် အင်အားစုများထံသို့ အချက်အလက်များ အလျှင်အမြန်ပင် စတင်ပို့ဆောင်ခဲ့ကြတော့သည်။
အကယ်၍ ထိုစစ်ပွဲသည်သာ အခြားတိုက်ကြီးများသို့ ကူးစက်သွားခဲ့ပါက ပို၍ပင် ကြီးမားသည့် အကျိုးသက်ရောက်မှုများ ဖြစ်ပေါ်လာမည်ဖြစ်၏။
“စစ်ပွဲကို ကျုပ်တို့ မစခဲ့ပေမယ့် ကျုပ်တို့က အဆုံးသတ်ပေးလိမ့်မယ်”
အာရန်သည် သူ့၏လက်သီးကို ကောင်းကင်သို့ ချိန်ရွယ်၍ မြှောက်ပြလိုက်ရင်း သူ့၏အသံသည် မြို့တစ်ခုလုံးအနှံ့ ပဲ့တင်ထပ်သွားခဲ့လေသည်။
ဤအချိန်တွင် သန့်စင်မြို့တော်ရှိလူများ မသိခဲ့ကြသော်လည်း သန့်စင်ဧကရာဇ်နှင့် ပရောဟိတ်မ၏ ကြေညာချက်ကို အင်ပါယာတစ်ခုလုံးအနှံ့ရှိ မြို့တိုင်းတွင် တစ်ချိန်တည်း သိရှိသွားခဲ့ကြလေသည်။
ဧကရာဇ်၏ ကြေညာချက်သည် သန့်စင်အင်ပါယာ၏ နေရာတိုင်းသို့ အချိန်နှင့်တပြေးညီ ရောက်ရှိသွားခဲ့ရာ စစ်ပွဲကို ဦးဆောင်နေသည့် သန့်စင်ဧကရာဇ်ထံသို့ ပြည်သူတို့၏ ယုံကြည်မှုသည် ပရောဟိတ်မထံမှ ရွေ့လျားရောက်ရှိသွားခဲ့ကြသည်။
လူသန်းပေါင်းများစွာ၏ ယုံကြည်မှုများကို စတင်ထားရှိလာသည်နှင့်အမျှ အာရန်သည် သူ၏ ကောင်းချီးစွမ်းအင်များ ပိုမို၍ အားကောင်းလာသည်ကို ခံစားမိလိုက်၏။
ကောလာဟလများကို ကြားပြီးနောက် သူ့အပေါ် ပြည်သူများ၏ ယုံကြည်မှုသည် မြင့်တက်လာခဲ့ပြီ ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့၏ယုံကြည်မှုသည် အဆပေါင်းများစွာ ပိုမို၍ပင် အားကောင်းလာခဲ့ပြီဖြစ်သည်။
အရင်က ကောင်းချီးစွမ်းအင်များသည် အထူးသဖြင့် ၎င်း၏ ကန့်သတ်ချက်များကြောင့် အာရန်၏ အခြားသောစွမ်းရည်များနှင့် နှိုင်းယှဉ်နိုင်သည့်အရာတစ်ခုတော့ မဟုတ်ခဲ့ပေ။
သို့သော်လည်း ယုံကြည်ခြင်းစွမ်းအား၏ အကျိုးသက်ရောက်မှုကြောင့် ကောင်းချီးစွမ်းအင်များသည် သူ့၏လက်နက်တိုက်တွင် ထင်ရှားသည့်လက်နက်တစ်ခု ဖြစ်လာနေသည်ကို သဘောပေါက်လိုက်သည်။
ပုံမှန်ဆိုလျှင် နတ်ဘုရားမမရှိတော့သဖြင့် ယုံကြည်ခြင်း စွမ်းအားများကို စုဆောင်းနိုင်မည့်သူ မရှိသင့်တော့ပေ။
သို့သော် သူသည် ကံကောင်းစွာဖြင့် ၎င်းကို လုပ်ဆောင်နိုင်ခဲ့လေသည်။
စိတ်ထဲတွင် အာရန်သည် သူ့၏ကောင်းချီးစွမ်းအင်များ တိုးတက်မှုအတွက် ကြိတ်၍ အလွန်ပျော်ရွှင်နေခဲ့သည်။
ပြည်သူများကလည်း သူ့အား များစွာသံသယမဝင်ကြဘဲ သူတင်ပြသည့်အချက်အလက်များကို ကောင်းစွာ လက်ခံသွားကြပုံရလေသည်။
ဤတိုးတက်မှုအပေါ် သံသယဝင်သူ အနည်းငယ် ရှိနေလိမ့်မည်ဟု သူ သေချာသိနေခဲ့သည်။ သို့သော်လည်း သူတို့၏ အရေအတွက်သည် အရေးမပါလောက်အောင်ပင် အလွန်အမင်း နည်းပါးနေလိမ့်မည်။
အာရန်သည် နောက်သို့ လှည့်လိုက်ပြီး သန့်စင်ပရောဟိတ်မနှင့်အတူ နန်းတော်အတွင်းသို့ ပြန်ဝင်သွားခဲ့သည်။
ထိုအချိန်တွင် ဤနေရာရှိ လူများ မသိခဲ့ကြသည့်အချက်မှာ သန့်စင်ပရောဟိတ်မအား မြင်တွေ့ခဲ့ရခြင်းမှာ ၎င်းတို့အတွက် ဤအကြိမ်သည် နောက်ဆုံးအကြိမ်ဖြစ်ခဲ့မည်ဆိုခြင်းကိုပင်။
အထူးသဖြင့် ၎င်းသည် အာရန်အနေဖြင့်လည်း သူမအား နောက်ထပ် မလိုအပ်တော့သောကြောင့်ပင်ဖြစ်၏။
သူ့၏ ကိုယ်ပွားကို ထိုအရာနှင့်ပတ်သတ်၍ ဟန်ဆောင်ခိုင်းရန် လိုအပ်တော့မည် မဟုတ်ပေ။ အဲဒီအစား သူ၏ ကိုယ်ပွားအတွက် သူ့တွင် ပိုကောင်းသည့် တာဝန်တစ်ခု အသင့်ရှိနေခဲ့၏။
....
တော်ဝင်ရဲမက်များသည် ဤအချိန်အတွက် အဆင်သင့်စောင့်ဆိုင်းနေခဲ့ကြခြင်းဖြစ်လေသည်။
၎င်းတို့သည် ပြင်ဆင်မှုများကို အပြီးသတ်ခဲ့ပြီး ကိုယ်ပွားက အနာဂတ်တွင် အာရန်၏ အုပ်ချုပ်ရေးတာဝန်ကို ကောင်းစွာ လက်လွဲ၍ ထမ်းဆောင်သွားရမည်ဖြစ်သည်။
အာရန်သည် ရဲမက်များအား လိုအပ်သည်များညွှန်ကြားပြီးသည်နှင့် တော်ဝင်စစ်တပ်သည် မြောက်ပိုင်းနယ်စပ်သို့ ချီတက်ရန် စတင်တော့သည်။
သူတို့မရှိသည့်အချိန်တွင် သန့်စင်မြို့တော်၏ လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ရန်အတွက် အဓိကမြို့ကြီးများတွင် အစောင့်အရေအတွက်အနည်းငယ်ကိုသာ ချန်ထားခဲ့လေသည်။
သန့်စင်မြို့တော်ပင်လျှင် အတူတူပင်ဖြစ်၏။
ဤသို့ဖြင့် စစ်တပ်သည် စတင် ထွက်ခွာသွားလာခဲ့ကာ သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားသော ကိုယ်ပွားက ၎င်းတို့အား ဦးဆောင်သွားခဲ့ခြင်းဖြစ်လေသည်။
“ရှင်က မြောက်ပိုင်းတိုက်ကို တကယ်ပဲ ဦးဆောင်တိုက်ခိုက်တော့မှာလား” ဟု ရှုယင်က လသာဆောင်ပေါ်တွင် ရပ်နေသော အာရန်အား မေးလိုက်သည်။
အာရန်သည် ထိုမေးခွန်းကို ပြန်မဖြေခဲ့ပေ။
ထိုအစားသူသည် ကိုယ်ပွားမှ စစ်တပ်ကိုဦးဆောင်၍ ချီတက်သွားနေသည်ကိုသာ လှမ်း၍ ကြည့်နေခဲ့ပြီး ဤအချိန်တွင် သူသည် မှန်ကန်သော ရွေးချယ်မှုတစ်ခုကို လုပ်မိလိုက်ခြင်းမှ ဟုတ်ရဲ့လားဟု တွေးတောနေလေသည်။
၎င်းသည် သူ့ကြောင့် ဖြစ်ပေါ်လာသော စစ်ပွဲတစ်ခုဖြစ်လေသည်။
ဤစစ်ပွဲတွင် ဆုံးရှုံးရမည့် အသက်များသည် သူ့ကြောင့်သာဖြစ်သည်။
သို့သော်လည်း ၎င်းသည် သူ့အနေနှင့် လုပ်ဆောင်ရမည့် မဖြစ်မနေ အရာတစ်ခုလည်း ဖြစ်လေ၏။
ငရဲတံခါးပွင့်လာခြင်းနှင့်အတူ သူသည် နောက်ထပ်အချိန်များ ဖြုန်းတီး၍ မရတော့ပေ။
သူသည် မြောက်ပိုင်းတိုက်ကြီးကို ဒီအတိုင်း လွှတ်ပေးထား၍ မရတော့ပေ။
ထိုသို့မဟုတ်ပါက ထိုတိုက်ကြီး၏ ဇာတ်လိုက်မှာ သူ့အတွက် အိပ်မက်ဆိုးတစ်ခု ဖြစ်လာပေလိမ့်မည်။
မြောက်ပိုင်းတိုက်ကြီးသည် အချိန်ကြာမြင့်စွာ ငြိမ်သက်နေခဲ့သော ရေပြင်တစ်ခုနှင့်တူလေသည်။
သူသည် မည်သည့်လှိုင်းမျှ မဖန်တီးခဲ့လျှင် ထိုရေများသည် သူ့အား နစ်မြုပ်သွားစေတော့မည်ဖြစ်၏။
အထူးသဖြင့် ထိုတိုက်ကြီး၏ ဇာတ်လိုက်သည် သူ့နှင့် တိုက်ရိုက် ဆက်စပ်နေသောကြောင့် ဖြစ်သည်။
“င့ါရဲ့ ချစ်လှစွာသော ညီလေးက ငရဲကနေ ပြန်ရောက်လာတော့မယ်။ သူ့အတွက် လက်ဆောင်တစ်ခုခု ပြင်ဆင်ပေးထားရင် ပိုကောင်းလိမ့်မယ်”
အာရန်သည် တစ်ယောက်တည်း တိုးတိုးလေး ရေရွတ်လိုက်ပြီး သူ့၏ဖီးနစ်ငှက်ကို ဆင့်ခေါ်လိုက်ရာ ထိုဖီးနစ်သည် သူမ၏အတောင်ပံများကို ကျယ်ပြန့်စွာ ဖြန့်ကျက်လိုက်ပြီး ကောင်းကင်သို့ ပျံတက်သွားခဲ့သည်။
ဖီးနစ်သည် ယခင်ကထက်အနည်းငယ် ပိုမိုကြီးထွားလာခဲ့ပြီး သူမ၏ ခွန်အားသည်လည်း အတိုင်းအတာတစ်ခုအထိ တိုးတက်လာခဲ့သည်။
အာရန်သည် အားလပ်ချိန်တိုင်းတွင် ဘိုးဘေးနဂါး၏ စွမ်းအင်များဖြင့် သူ၏ သွေးအချို့ကို သူမအား တိုက်ကျွေးခဲ့ပြီးနောက် သူမသည် ပိုမို၍ မြန်ဆန်စွာကြီးထွားလာခဲ့ခြင်းဖြစ်လေသည်။
အာရန်၊ ရှုယင်နှင့်အတူ အခြားသူများ ဖီးနစ်ပေါ်သို့ ရောက်ရှိသည်နှင့် ဖီးနစ်သည် တိမ်တိုက်များအား ဖြတ်ကျော်ပျံသန်းလိုက်ပြီး မြောက်ပိုင်းတိုက်ကြီးသို့ ထွက်ခွာသွားခဲ့လေသည်။
အာရန်သည် သူ၏ ကိုယ်ပွားနှင့်အတူ စစ်တပ်တစ်တပ်လုံးကို သူ၏ နောက်တွင် ချန်ထားရစ်ခဲ့လေသည်။
....
“သူတို့က ဒီအချိန်ကြီးမှာ ရုတ်တရက်ကြီး စစ်ပွဲတစ်ခု ဆင်နွှဲချင်ကြတာလား”
နစ်ခရိုမန်ဆာမျှော်စင်ရှိ လူများသည် သူလျှိုများထံမှ အချက်အလက်များရရှိသည်နှင့် လွန်စွာစိတ်ရှုပ်ထွေးသွားကြသည်။
“ဒါပေမယ့် မျှော်စင်သခင်က လွန်ခဲ့တဲ့ နာရီဝက်လောက်ကမှ ငရဲပြည်ထဲကို ဝင်သွားခဲ့တာလေ”
....
(ဤတွင် ချစ်တပည့်အချောလေးတို့ရေ မင်းတို့ဆရာငါက ဇာတ်လိုက်မဟုတ်ဘူး စာစဥ်ရဲ့ အတွဲ(၇) ပြီးပါပြီ။)
#Catfoot