စတေးပစ်ခြင်း
Vol. 36 Ch. 515
…
အာရန် သို့မဟုတ် သူ၏ ခန္ဓာကိုယ်ထဲတွင်ရှိနေသည့် စိတ်ဝိညာဥ်သည် နတ်ဘုရားမအား ပေါ့ပေါ့ပါးပါးပင် စိုက်ကြည့်လိုက်သည်။
ပရောဟိတ်မ၏ ခန္ဓာကိုယ်ကို နတ်ဘုရားမတစ်ပါးက ပိုင်ဆိုင်ထားခြင်းဖြစ်သည်ကို သူ့အနေနှင့် သိနေခဲ့သော်လည်း သူ၏အကြည့်တွင် မည်သည့်ထူးခြားသော ခံစားချက်မျှ ရှိနေဟန်မရပေ။
သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှုအနည်းငယ်ပင် ရှိမနေခဲ့ချေ။
ကြောက်ရွံ့ရန်အသာထားဦး ယခုကဲ့သို့ အခြေအနေမျိုးတွင် ရောက်ရှိနေသည့်တိုင်း အနည်းငယ်မျှပင် စိုးရိမ်နေသည့်ပုံပင် မရပေ။
အာရန်၏ အကြည့်တွင် နတ်ဘုရားမသည် ထူးဆန်းမှုတစ်စုံတစ်ရာကို ခံစားလိုက်ရ၏။
သူမသည် တစ်ဦးတစ်ယောက်၏ ဖြစ်တည်မှုကိုပင် လွှမ်းမိုးချုပ်ကိုင်နိုင်သည့် ခွန်အားကြီးသူများစွာအား တွေ့ဆုံခဲ့ဖူးပြီးဖြစ်သည်။
သို့သော် အခြားလူတစ်ဦးက သူမအား လုံးဝထိုးဖောက်မြင်နေရသကဲ့သို့ ခံစားရသည်မှာ သူမအတွက် ယခုအကြိမ်သည် ပထမဆုံးအကြိမ်ပင်ဖြစ်လေ၏။။
ထိုလူငယ်၏ မျက်လုံးများတွင်တည်ရှိနေသည့် ခံစားချက်တစ်စုံတစ်ရာကို မခံစားမိသော်လည်း သူမသည် သူမအား အထင်သေးစွာ ကြည့်နေသည့် ဖြစ်တည်မှုတစ်ခု၏ ရှေ့တွင် ရောက်ရှိနေမိသကဲ့သို့ ခံစားမိလိုက်သည်။
ထိုအချိန်တွင် သူမ၏ စိတ်ထဲတွင် အရှက်ရမှုတစ်ခုကို ခံစားမိလိုက်သည်။
ထိုပြင်ထိုအရာသည် မလုံလောက်သေးသကဲ့သို့ အာရန်သည် သူမအား အာရုံစိုက်နေခြင်းမှပင် ရပ်တန့်ပစ်လိုက်လေသည်။
သူ၏အကြည့်သည် အခြားတစ်နေရာတစ်ခုသို့ ပြောင်းရွှေ့သွားခဲ့ပြီး လေထဲရှိ တစ်စုံတစ်ခုကို ကြည့်နေဟန်ရသည်။
“ဘယ်တစ်ခုကို စတေးပစ်ရမလဲ...”
အာရန်သည် သူ၏ မြောက်များစွာသော အတိတ်မှ မှတ်ဉာဏ်များဆီသို့ ပြန်လည်တူးဆွနေဟန်ဖြင့် စနစ်မျက်နှာပြင်ကို ငေးကြည့်ရင်း ရေရွတ်လိုက်၏။
အမှန်တကယ် သူ၏အကြည့်မှာ စနစ်မျက်နှာပြင်ရှိ သွေးမျိုးဆက်ကဏ္ဍတွင် အာရုံစိုက်နေခြင်းဖြစ်လေသည်။
သွေးမျိုးဆက်ကဏ္ဍတွင် မူလနဂါး သို့မဟုတ် ဝါးမြိုသူ ကဲ့သို့သော သာလွန်ကောင်းမွန်သည့် သွေးမျိုးဆက်များ ရှိနေခဲ့သည်။
သို့သော် ထိုအထဲတွင် သူ၏အာရုံကို အထူးဆွဲဆောင်ထားသည့် သွေးမျိုးဆက်တစ်ခုရှိနေခဲ့၏။ ၎င်းသည် သွေဖယ်ခြင်းသွေးမျိုးဆက်ပင်တည်း။
သို့သော် ထိုသွေးမျိုးဆက်သည် ကောင်းစွာနိုးထလာခြင်းပင် မရှိသေးချေ။
၎င်းသည် (၂၅) ရာခိုင်နှုန်းခန့်သာ နိုးထလာသေးပြီး အခြေခံအားဖြင့် လက်ရှိတွင် အသုံးမဝင်ဟု ယူဆ၍ ရနေသေးသည်။
အာရန်သည် ဝါးမြိုသူသွေးမျိုးဆက်၏ အကူအညီဖြင့် အခြားသူများထံမှ ခိုးယူနိုင်ခဲ့သည့် အခြားသွေးမျိုးဆက်များစွာ ရှိထားခဲ့လေသည်။
တောင်ပိုင်းတိုက်ကြီးသို့ ခရီးဆက်ပြီးနောက် သူ၏ စုဆောင်းမှုများသည် များစွာတိုးပွားလာခဲ့သည်။
ဒုတိယ သွေးမျိုးဆက်များကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူသည် သွေးမျိုးဆက်နှစ်ခုကို ရွေးချယ်လိုက်၏။
“အခုလောလောဆယ်တော့ ဒီနှစ်ခုလောက်ဆို လုံလောက်ပါပြီ...”
ရွေးချယ်ထားသော သွေးမျိုးဆက်များအနက် တစ်ခုမှာ ပင်လယ်မြွေ၏ သွေးမျိုးဆက်များဖြစ်ပြီး ၎င်းသည် အာရန်အနေနှင့် သွေးပင်လယ် ခရီးထွက်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဝါးမြိုခဲ့သော သွေးမျိုးဆက်လည်း ဖြစ်လေသည်။
အခြားသွေးမျိုးဆက်တစ်ခုမှာမူ တောင်ပိုင်းတိုက်ကြီးတွင် ဝါးမြိုခံခဲ့ရသည့် ခွန်အားတိုးမြှင့်နိုင်သည့် သွေးမျိုးဆက်တစ်ခုဖြစ်ပြီး သူ၏ ကောင်းကင်နဂါးသွေးမျိုးဆက်တိုးတက်လာပြီးနောက် ထိုသွေးမျိုးဆက်သည် အာရန်အတွက် အသုံးဝင်ခြင်းမရှိတော့ပေ။
သွေးမျိုးဆက်အချို့ကို ရွေးချယ်ပြီးသည်နှင့် အာရန်သည် တစ်စုံတစ်ခုကို တီးတိုးရေရွတ်လိုက်သည်။
အာရန်သည် နတ်ဘုရားမ၏ နယ်မြေအတွင်းဤ သူမနှင့်ကပ်လျက် ရှိနေသော်လည်း သူမသည် သူရေရွတ်လိုက်သည့် စကားလုံးများကို နားလည်နိုင်ခြင်းမရှိခဲ့ပေ။
ထိုစကားလုံးများတွင် ကြားရသူများအား နားမလည်နိုင်စေသည့် စွမ်းအင်တစ်ခုခု ပါရှိနေသကဲ့သို့ပင်။
[သင်သည် ပင်လယ်မြွေသွေးမျိုးဆက်နှင့် ခွန်အားတိုးမြှင့်ခြင်း သွေးမျိုးဆက်ကို စတေးရန် ရွေးချယ်လိုက်ပါသည်။]
[ထိုစတေးမှုအား အကျိုးသက်ရောက်စေမည့် သွေးမျိုးဆက်ကို ရွေးချယ်ပါ။]
နတ်ဘုရားမသည် အာရန်တစ်ယောက် သူမအား လုံးဝလျစ်လျူရှုထားသည်ကို မြင်တွေ့လိုက်ရသောအခါ အတော်လေးစိတ်ပျက်သွားခဲ့ရသည်။
ရန်နစ်ခရိုလိုင်းသည် လူများစွာ အာရုံစူးစိုက်ခံရသည့် အထူးပုဂ္ဂိုလ်တစ်ဦး ဖြစ်သော်လည်း သူမကို ခြိမ်းခြောက်နိုင်သည့် တစ်စုံတစ်ဦးတော့ မဖြစ်သင့်ပေ။
ဤသို့ဆိုလျှင် အဘယ်အရာက သူ့အား သူမကို လျစ်လျူရှုနိုင်ဖို့အထိ ယုံကြည်မှုများ ပေးနေခဲ့ရသနည်း။
အထူးသဖြင့် ယခုကဲ့သို့ သူမ၏ သီးသန့်နယ်မြေအတွင်း၌ ဖြစ်လေသည်။
သူမသည် သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်ကို အချိန်သိပ်ကြာကြာ ပိုင်ဆိုင်ထားနိုင်မည်မဟုတ်ပေ။
ဤနေရာသည် သူမ၏ သီးသန့် နယ်မြေဖြစ်သဖြင့် ပရောဟိတ်မ၏ အသက်ဓာတ်ကုန်ဆုံးမှုကို အနည်းငယ် လျော့ချပေးနိုင်ခဲ့သော်လည်း သေမျိုးတစ်ဦး၏ ခန္ဓာကိုယ်သည် သူမ၏ နတ်ဘုရားဝိညာဉ်နှင့် သင့်လျော်ခြင်း မရှိပေ။
ထို့နောက် သူမသည် သူမ၏ သီးသန့်နယ်မြေကို အပြည့်အဝအသုံးချနိုင်ရန် သူမ၏လက်တစ်ဖက်ကို မြှောက်လိုက်သည်။
အာရန်အပေါ် ဖိနှိပ်ခံနေရသော ကန့်သတ်ချက်များသည် နတ်ဘုရားတစ်ပါးက သူ့အပေါ် တိုက်ရိုက်ဖိနှိပ် လိုက်သကဲ့သို့ ပိုမို၍ပင် အားကောင်းလာခဲ့၏။
ပုံမှန်အားဖြင့် ၎င်းသည် ဤကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးပစ်နိုင်သည့် ခွန်အားမျိုးဖြစ်လေသည်။
သို့သော်လည်း ထိုခွန်အားသည် အာရန်၏ ခန္ဓာကိုယ်ပေါ်တွင်သာ သက်ရောက်စေခဲ့ခြင်းဖြစ်ပြီး သူ့အား ဖိနှိပ်၍ နင်းချေပစ်ရန် ကြိုးစားလိုက်ခြင်းဖြစ်လေသည်။
ဖိအားများ အာရန်အပေါ်သို့ ကျရောက်လာသည်နှင့် တစ်ပြိုင်နက် သူသည် တစ်စုံတစ်ခုကို ရေရွတ်လိုက်သည်။
“သွေဖယ်ခြင်း။”
[သွေဖယ်ခြင်းသွေးမျိုးဆက်ကို ထိုစတေးမှုနှစ်ခုအား လက်ခံရန် ရွေးချယ်လိုက်ပါသည်]
[ထိုသွေးမျိုးဆက်သည် စက္ကန့်သုံးဆယ်အထိသာ အသက်ဝင်နေပါလိမ့်မည်။]
[သွေဖယ်ခြင်းသွေးမျိုးဆက်၏ နိုးထလာမှုသည် နောက်ထပ် စက္ကန့်သုံးဆယ်အတွက် ရာနှုန်းပြည့်အနေအထားသို့ ရောက်ရှိနေပါလိမ့်မည်]
စနစ်ဆီမှ အသိပေးချက်များစွာသည် တစ်ခုပြီးတစ်ခု အာရန်၏ ရှေ့တွင် ပေါ်လာခဲ့လေသည်။
စနစ်မျက်နှာပြင်သည် လုံးဝအနက်ရောင်ဖြစ်သွားပြီး အချက်အလက်သစ်များကို ပြသသည့် သွေးနီရောင်စာလုံးများသာ မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့လေသည်။
သန့်စင်ပရောဟိတ်မသည် သူမ၏ ဖိအားအောက်တွင် အာရန်တစ်ယောက် မြေပြင်ပေါ်သို့ ပြားကပ်သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း အံ့ဩစရာကောင်းစွာဖြင့် သူသည် ယခုအချိန်ထိ ကောင်းမွန်စွာ ရပ်တည်နေနိုင်ဆဲပင်။
သူမ၏ ဖိအားများသည် သူ့အား အနည်းငယ်မျှပင် သက်ရောက်မှုရှိပုံမရပေ။
ထို့အစား သူမသည်သာ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု၏ သက်ရောက်မှုကို တန်ပြန် ခံစားလိုက်ရသည်။
၎င်းက သူမအနေနှင့် တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့သော ထူးဆန်းသည့် ကြောက်ရွံ့မှုတစ်ခုကို ခံစားမိလိုက်စေ၏။
ဤခံစားချက်သည် မည်သည့်အရာမှ ဖြစ်တည်လာသည်ဆိုသည့်အချက်ကိုမူ သူမအနေနှင့် မသိနိုင်သေးသော်လည်း ၎င်းသည် အမှန်တကယ် ကြောက်မက်ဖွယ်ကောင်းနေဆဲပင်။
သူမသည် ဒုတိယအကြိမ်ပင် ထပ်မံ စဉ်းစားခြင်းမပြုတော့ဘဲ ပရောဟိတ်မ၏ ခန္ဓာကိုယ်အား သိမ်းပိုင်ထားခြင်းကို ချက်ချင်းရုပ်သိမ်းလိုက်၏။
သူမ၏စိတ်ဝိညာဥ်သည် ရုပ်တုဆီသို့ ပြန်လည်၍ ထွက်ခွာသွားတော့သည်။
“စက္ကန့်သုံးဆယ်လောက်ဆို လုံလောက်ပါပြီလေ...”
အာရန်သည် စနစ်မျက်နှာပြင်ကို ပြန်လည်ပျောက်ကွယ်သွားစေရန် သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
“ဟုတ်တယ်မလား” သူသည် နတ်ဘုရားမ၏ ရုပ်တုဆီသို့ စိုက်ကြည့်ရင်းပြောလိုက်သည်။
ထိုအချိန် နတ်ဘုရားမ၏ ရုပ်တု ပခုံးပေါ်တွင် လူငယ်တစ်ဦးသည် ပေါ့ပါးစွာ ထိုင်နေခဲ့လေသည်။
ထိုလူငယ်သည် အာရန်ထက် အနည်းငယ် အသက်ပိုကြီးဟန်ရသည်မှလွဲ၍ သူ၏သွင်ပြင်သည် အာရန်နှင့် အနည်းငယ်မျှပင် ကွာခြားမှုမရှိပေ။
သူသည် အခြားအချိန်စီးကြောင်းတစ်ခုမှ အာရန်ပင် ဖြစ်နေသကဲ့သို့ပင်။
နောက်ထပ် တစ်ခုတည်းသော ၎င်း၏ ကွာခြားချက်မှာ ဝတ်ဆင်ထားသည့် အဝတ်အစားများပင်ဖြစ်လေ၏။
သူ၏ အဝတ်အစားများသည် သွေးများဖြင့် စွန်းထင်းလျက်ရှိနေခဲ့ပြီး ပြင်းထန်သည့် တိုက်ပွဲတစ်ခုအတွင်းမှ ဤနေရာသို့ ဆင့်ခေါ်ခြင်းကို ခံလိုက်ရသကဲ့သို့ပင်။
သူ၏အဝတ်အစားများတွင် သွေးများ စွန်းထင်းနေသော်လည်း သူ၏ခန္ဓာကိုယ်ပေါ်တွင် ခြစ်ရာအနည်းငယ်မျှပင် ရှိမနေခဲ့ပေ။
“လုံလောက်တာထက်ကို ပိုပါတယ်”
နတ်ဘုရားမ၏ ပခုံးပေါ်တွင်ထိုင်နေသော အခြားအချိန်စီးကြောင်းတစ်ခုမှ အာရန်ကလည်း ပြန်လည်ပြုံးပြလိုက်ပြီး သူ၏လက်ချောင်းဖြင့် ရုပ်တု၏ ဦးခေါင်းအား အနည်းငယ် ပုတ်၍ ဆော့ကစားရန် ပြင်လိုက်သည်။
သူ၏လက်ချောင်းများသည် နတ်ဘုရားမ၏ မကျိုးပဲ့နိုင်သော ရုပ်တုအား အနည်းငယ်မျှ ထိမိလိုက်သည်နှင့် တစ်ပြိုက်နက်ရုပ်တုသည် ချက်ချင်း အစိတ်စိတ်အမြွှာမြွှာအဖြစ် ကွဲကြေသွားခဲ့လေသည်။
ရုပ်တု၏ မျက်နှာကို ဖုံးကွယ်ထားသည့် မြူခိုးငွေ့များပင် လေဟာနယ်ထဲသို့ လွင့်စင်ပျောက်ကွယ်သွားခဲ့ကြသည်။
နတ်ဘုရားမ၏ စိတ်ဝိညာဥ်သည် သူမ၏ အစစ်အမှန်ကိုယ်ခန္ဓာသို့ ပြန်သွားရန် ကြားခံအဖြစ် ဆက်သွယ်ပေးထားသော ရုပ်တုဆီသို့ ပြန်လာရန် ကျိုးစားလိုက်ချိန်မှာပင် ရုပ်တုသည် သူမ၏ မျက်လုံးရှေ့တွင်ပင် ကျိုးပဲ့သွားခဲ့ရလေသည်။
အခြားရွေးချယ်စရာမရှိတော့သဖြင့် သူမသည် သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်အတွင်းသို့သာ သူ၏ စိတ်ဝိညာဥ်ကို အတင်းအကျပ်ပြန်ဝင်စေလိုက်ရသည်။
ဤသို့ဖြင့် နတ်ဘုရားမသည် သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်ထဲသို့ ပြန်လည် ဝင်ရောက်ခဲ့ရသည်။
ထို့နောက် သူမသည် ထိုသီးသန့်နယ်မြေအား ထိန်းချုပ်မှုအချို့ ပြုလုပ်တော့မည့်ဆဲဆဲ အချိန်မှာပင် လက်တစ်ဖက်က သူမ၏ဝိညာဉ်အား ဖမ်းဆုပ်ထားလိုက်သကဲ့သို့ ခံစားလိုက်ရသည်။
ဤသို့ဖြင့် သူမသည် အရုပ်တစ်ရုပ်ကဲ့သို့ သန့်စင်ပရောဟိတ်မ၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ဆွဲထုတ်ခြင်းကို ခံလိုက်ရလေတော့၏။
#Catfoot