← Chapters

င့ါအတွက်ပဲ

Vol. 36 Ch. 513

င့ါအတွက်ပဲ

Vol. 36 Ch. 513

...

“ရန်နစ်ခရိုလိုင်း... ကျရှုံးသွားတဲ့ခေတ်တစ်ခေတ်ရဲ့ မေ့ပျောက်ခံတစ်ယောက်။ ဒီကမ္ဘာကို ကပ်ဘေးတွေ‌ဖော်ဆောင်စေခဲ့သူ... သေခြင်းတရားကိုတောင် ရှောင်ရှားနိုင်ခဲ့သူ။”

သန့်စင်ပရောဟိတ်မသည် အာရန်အား ထူးဆန်းသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။

၎င်းသည် သူမ သန့်စင်ဧကရာဇ်ကို ယခင်ကြည့်နေကျပုံစံနှင့် လုံးဝကွဲပြားလေသည်။

ရွံရှာမှု သို့မဟုတ် မထီမဲ့မြင်ပြုမှုမျိုး မဟုတ်ဘဲ ရှင်းပြရခက်သော ခံစားချက်တစ်ခုလည်း ဖြစ်၏။

အာရန်သည် သူ့အား လှုပ်မရအောင် ထိမ်းချုပ်ထားသည့် မမြင်ရသော စွမ်းအင်များ၏ ချုပ်နှောင်ထားမှုမှ ရုန်းထွက်နိုင်ရန် ကျိုးစားလိုက်သည်။

ခဏတာ စွမ်းအားများ အနည်းငယ်တိုးလာစေရန်အတွက် မူလနဂါးသွေးမျိုးဆက်စွမ်းရည်ကိုပင် အသုံးပြုလိုက်သေးသည်။

ကံမကောင်းစွာဖြင့် နတ်ဘုရားမ ဖန်တီးထားသော သီးသန့်နယ်မြေ၏ သက်ရောက်မှုအောက်တွင် သူ၏ အခြားစွမ်းအားများ တိုးတက်လာမှုသည်သည် လိုအပ်သ‌လောက်ပင် အကျိုးသက်ရောက်မှု မရှိနိုင်ခဲ့ပေ။

အာရန်သည် သူ၏ လွတ်မြောက်ခြင်းအဆောင် ပျောက်ဆုံးသွားကြောင်း သဘောပေါက်လိုက်သဖြင့် လွန်စွာ စိတ်ပျက်သွားမိခဲ့သည်။

သူသည် ထိုအရာကို ယုံကြည်စိတ်ချထားပြီးနောက် ဤနေရာသို့ ဝင်ရောက်လာခဲ့ဝံ့ခြင်း ဖြစ်လေ၏။

ဤအခြေအနေတွင် သူ့အနေနှင့် ဆက်လက်ရှင်သန်နိုင်ရန် တစ်ခုတည်းသော ရွေးချယ်စရာမှာ စာရေးဆရာကို ထပ်မံဆင့်ခေါ်ရန်သာ ရှိတော့သော်လည်း ယခုအချိန်တွင်မူ သူသည် ထိုအရာကိုပင် ကောင်းစွာ မလုပ်ဆောင်နိုင်တော့ပေ။

နတ်ဘုရားမ၏ ဖိနှိပ်မှုအောက်တွင် သူ့အား အကူအညီဖြစ်စေနိုင်မည့် အရာတစ်စုံတစ်ခု ရှိနိုင်မလားဟူသော မျှော်လင့်ချက်ဖြင် သူ၏ အခြားစွမ်းရည်များကို စဉ်းစားကြည့်လိုက်သည်။

ဤအခြေအနေတွင်မူ အာရန်သည် စာရေးဆရာ၏ ကန့်သတ်မှုအောက်တွင် ရပ်တံ့သွားခဲ့သော နစ်ခရိုမန်ဆာမျှော်စင်သခင်နှင့် အဖြစ်ချင်းဆင်တူနေလေ၏။

သူ့တွင် အသက်အပိုတစ်ချောင်း ရှိနေသည့်တိုင်အောင်ပင် ဤအခြေအနေမှ လွတ်မြောက်ရန် လမ်းမမြင်သေးပေ။

“ကျော်ကြားတဲ့ ရန်နစ်ခရိုလိုင်းဟာ နတ်ဘုရားမရဲ့ ဗဟိုနယ်မြေထဲကို ကိုယ့်သဘောဆန္ဒအလျောက် ဝင်လာလိမ့်မယ်လို့ ဘယ်သူတွေးမိမှာလဲ။ နောက်ဆုံးတစ်ခါ အဲဒီလိုလုပ်တုန်းက ဘာဖြစ်ခဲ့လဲဆိုတာ ရှင်မေ့သွားတာလား” သန့်စင်ပရောဟိတ်မသည် သူမ၏ စကားကို ခေတ္တရပ်လိုက်ပြီး သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

“ရှင့်ရဲ့ ဟန်ဆောင်မှုက လိမ္မာပါးနပ်လွန်းတယ်ဆိုရပေမဲ့ နောက်ဆုံးမှာတော့ အသုံးမဝင်ခဲ့ဘူး။ ကျွန်မတို့ နတ်ဘုရားမရဲ့မျက်လုံးတွေက အယောင်ဆောင်မှုအားလုံးကို ထွင်းဖောက်သိမြင်နိုင်ပြီး ဒီကမ္ဘာရဲ့ လျှို့ဝှက်ချက်တွေကို ဖော်ထုတ်နိုင်တယ်။ နတ်ဘုရားမဟာ သူမရဲ့ ကိုယ်ပိုင် နယ်မြေအတွင်းမှာ အရာအားလုံးကို သိမြင်နိုင်ပြီး အရာအားလုံးကိုလည်း ထိန်းချုပ်နိုင်စွမ်းရှိတယ်။”

သန့်စင်ပရောဟိတ်မသည် အာရန်အနားသို့ ပို၍နီးကပ်စွာ လျှောက်လာလိုက်သည်။

၎င်းသည် လက်စားချေခြင်းဓား၏ ဓားအရိပ်တစ်ခုမျှသာ ဖြစ်သော်လည်း သူမသည် ၎င်းကို အထင်မသေးဝံ့ပေ။

ထိုဓားပျောက်ကွယ်သွားခဲ့ခြင်းသည် နောက်ဆုံးတွင် အဓိပ္ပာယ်ရှိသွားပြီဖြစ်၏။

ဤကဲ့သို့ ရန်နစ်ခရိုလိုင်းသည်သာ ကိုယ်တိုင်လှုပ်ရှားခဲ့ခြင်းဆိုပါက မည်သူမျှမသိနိုင်ခဲ့သည်မှာ အဓိပ္ပာယ်ရှိသွားပြီမဟုတ်ပါလား...။

သန့်စင်ပရောဟိတ်မသည် အာရန်၏ရှေ့တွင် ရပ်လိုက်သည်။

သူတို့နှစ်ဦးကြားရှိ အကွာအဝေးသည် တစ်ပေမျှပင် မရှိတော့ပေ။

သူမသည် သူမ၏ နှင်းဆီ‌ရောင် နှုတ်ခမ်းနှစ်လွှာကို ဖွင့်လိုက်ပြီး နောက်ထပ်စကားအချို့ပြောရန် ပြင်ဆင်လိုက်သည်။

သို့သော် သူမထပ်မံ၍ စကားတစ်ခွန်းမျှ မပြောနိုင်မီမှာပင် သူမ၏အာရုံအတွင်း၌ နတ်ဘုရားမ၏ သတိပေးချက်တစ်ခု ထပ်မံထွက်ပေါ်လာခဲ့သည်။

“ငါ နင့်ရဲ့ ခန္ဓာကိုယ်ကို ခဏလောက် သိမ်းပိုက်လိုတယ်”

နတ်ဘုရားမဆီမှ လွင့်မျောနေသော စာလုံးများသည် ထပ်မံ၍ထွက်ပေါ်လာခဲ့သည်။

“ကျွန်မ ခန္ဓာကိုယ်ကို အရှင်မက ခဏအသုံးပြုချင်တယ်ဆိုလိုတာလား အဲ့ဒီလိုလုပ်ရင် ကျွန်မ စိတ်ဝိညာဉ်အပေါ် ဘယ်လောက်တောင်ထိခိုက်စေလဲဆိုတာ သခင်မ မေ့သွားတာလား။ အချိန်ခဏလောက် သိမ်းပိုက်လိုက်ရင်တောင် ဒါက ကျွန်မရဲ့ကျန်ရှိနေတဲ့ သက်တမ်းအများစုကို ကုန်ဆုံးသွားစေမှာပဲ”

သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမ၏ စကားကြောင့် အံ့အားသင့်သွားခဲ့ရသည်။

နတ်ဘုရားများသည် ယခုခေတ်ကာလတွင် ဤကမ္ဘာသို့ ကိုယ်တိုင်ဆင်းသက်လာနိုင်ခြင်း မရှိတော့သော်လည်း ၎င်းတို့အတွက် ချွင်းချက်တစ်ခုတော့ရှိနေသေး၏။

အကယ်၍ သူမ၏ အစွမ်းများကို တိုက်ရိုက်လက်ခံထားသော လက်အောက်ငယ်သားတစ်ဦး၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်ခြင်းမှတစ်ဆင့်ဆိုပါက နတ်ဘုရားတစ်ပါးသည် အချိန်တစ်ခဏခန့် ဤကမ္ဘာသို့ လာရောက်နိုင်လေသည်။

၎င်းအတွက် လိုအပ်သည်မှာ သူမ၏ဝင်ရောက်ခြင်းကို ကျေကျေနပ်နပ်လက်ခံပေးမည့်သူ၏ ကိုယ်ပိုင် သက်တမ်းအချို့သာ ဖြစ်လေ၏။

ဆိုရလျှင် နတ်ဘုရားတစ်ပါးသည် ဤကမ္ဘာရှိ လူသားတစ်ဦးမှ သူ၏အသက်ကို ပေးအပ်ရန် ဆန္ဒရှိမှသာလျှင် ဤကမ္ဘာသို့ ဆင်းသက်လာနိုင်ပေလိမ့်မည်။

ထိုအကြောင်းကို သိရှိသူ အနည်းငယ်ရှိခဲ့သော်လည်း ပုံမှန်အားဖြင့် ၎င်းနည်းလမ်းသည် အသုံးမဝင်သလောက်ပင်။

အထူးသဖြင့် နတ်ဘုရားတစ်ပါးသည် အများဆုံး တစ်စက္ကန့်မျှသာ ဤကမ္ဘာသို့ လာရောက်နိုင်သောကြောင့်ပင် ဖြစ်၏။

ထိုအရာသည် သာမန်သေမျိုးလူသားတစ်ဦး၏ ခန္ဓာကိုယ်တစ်ခု မပျက်စီးခင် အများဆုံး ခံနိုင်ရည်ရှိသည့် ပမာဏတစ်ခုသာဖြစ်ပြီး သူတို့၏ အသက်ဓာတ်သည် နတ်ဘုရားများ ထို့ထက် ပို ကြာကြာနေနိုင်လောက်သည်အထိ မထောက်ပံ့နိုင်ပေ။

ထို့ပြင် နတ်ဘုရားတစ်ဦးသည် ထိုကဲ့သို့နည်းလမ်းဖြင့် ဤကမ္ဘာသို့ ဆင်းသက်လာနိုင်ခဲ့လျှင်ပင် ၎င်းတို့၏ မူလနတ်ဘုရားစွမ်းရည်များကိုမူ အပြည့်အဝသယ်ယူလာနိုင်ခြင်းရှိမည် မဟုတ်သေးပေ။

ဤကမ္ဘာတွင်ရှိနေသရွေ့ ဤကမ္ဘာ၏ ကန့်သတ်ထားသည့် ပမာဏတစ်ခုအထိသာ ၎င်းတို့ ပိုင်ဆိုင်ထားသည် စွမ်းအားများကို လျော့ချ၍ အများဆုံးအသုံးပြုနိုင်ကြပေလိမ့်မည်ဖြစ်သည်။

သူမ၏ သီးသန့်နယ်မြေအတွင်းတွင်မူ သန့်စင်နတ်ဘုရားမသည် ပရောဟိတ်မဆီမှ သက်တမ်းကုန်ကျစရိတ်ကို လျှော့ချပေးနိုင်သော်လည်း ထိုသို့တိုင်အောင်ပင် ပရောဟိတ်မ၏ စိတ်ဝိညာဉ်နှင့် သက်တမ်းအပေါ် သိသာသော သက်ရောက်မှုတစ်ခုဖြစ်စေရန် လုံလောက်နေသေး၏။

ထို့ပြင် နတ်ဘုရားမသည်လည်း ချွင်းချက်မရှိ ဤကမ္ဘာရှိ စွမ်းအားကန့်သတ်ချက်များကို မလွန်ဆန်နိုင်ပေ။

အများဆုံးအားဖြင့် သူမသည် ပရောဟိတ်မ၏ စွမ်းအားထက် အနည်းငယ်မျှသာပိုမို၍ အသုံးပြုနိုင်ခြင်းဖြစ်လေသည်။

သို့သော် ၎င်းသည်ပင် သူမ၏ အစစ်အမှန် စွမ်းအားထက် အဆများစွာအားနည်းနေဆဲပင်။

မည်သို့ပင်ဆိုစေကာမူ နတ်ဘုရားမသည် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။

သူမသည် ဤနေရာသို့သာ အမြန်ဆုံးဆင်းသက်လိုနေခဲ့၏။

အကြောင်းတစ်ခုခုကြောင့် သူမသည် လွန်စွာစိတ်လှုပ်ရှားလျက်ရှိကြောင်း သူမ၏ စကားလုံးများမှတစ်ဆင့် ရှင်းလင်းစွာ ဖော်ပြလျက်ရှိနေသည်။

သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမအနေဖြင့် အဘယ်ကြောင့် ထိုသို့ဖြစ်နေရသည်ကို နားလည်နိုင်လေသည်။

အဘယ်ကြောင့်ဆိုသော် ယခု သူမရှေ့ရှိ ပုဂ္ဂိုလ်မှာ ရန်နစ်ခရိုလိုင်းကိုယ်တိုင်ပင် ဖြစ်နေသောကြောင့်ပင်တည်း။

သန့်စင်ပရောဟိတ်မသည် သူမ၏ သက်တမ်းကို ထပ်မံ မဆုံးရှုံးလိုသော်လည်း အကြိုက်ဆုံးအရုပ်တစ်ရုပ်ကို ရှာတွေ့ထားသည့် ကလေးတစ်ဦးပမာ ခေါင်းမာလွန်းနေသော နတ်ဘုရားမ၏ အလိုကိုမူ သူမအနေနှင့်မည်သည့်နည်းနှင့်မျှ မတွန်းလှန်နိုင်ခဲ့ပေ။

“ကောင်းပြီ။ ကျွန်မသဘောတူတယ်။ ဒါပေမဲ့ အရှင်မအနေနဲ့လည်း တိုက်ကြီးလေးခုကို ပေါင်းစည်းပြီးတဲ့နောက် ကျွန်မရဲ့တိုးတက်မှုအပိုင်းမှာ ပြန်လည်ကူညီပေးမယ်လို့ ကတိပေးရမယ်။ ကျွန်မသက်တမ်းကို ထပ်မံတိုးဖို့နိုင်ဖို့ လို‌နေတယ်”

သန့်စင်ပရောဟိတ်မသည် အခြေအနေတစ်ခုလုံးကို သုံးသပ်ရင်း သူမအတွက် အကောင်းဆုံးဖြစ်နိုင်မည့် အရာတစ်ချို့ကို တောင်းဆိုလိုက်သည်။

နတ်ဘုရားမသည် သူမ၏ တောင်းဆိုချက်ကို ထည့်သွင်းစဉ်းစားပေးခြင်း ရှိမရှိကိုမူ သူမအနေနှင့် မသေချာခဲ့ပေ။

သို့သော် နတ်ဘုရားမသည် သူမ၏တောင်းဆိုချက်ကို ချက်ချင်းပင် သဘောတူလိုက်၏။

အခြားမည်သည့် စောဒကတက်စရာမျှ မကျန်ရှိတော့သဖြင့် သန့်စင်ပရောဟိတ်မသည် သူမ၏ မျက်လုံးများကိုမှိတ်ထားလိုက်ကာ သူမ၏ ခန္ဓာကိုယ်အား နတ်ဘုရားမ အသုံးပြုနိုင်ရန် ခွင့်ပြုပေးလိုက်ရတော့သည်။

ထို့နောက် သူမ၏ ခန္ဓာကိုယ်သည် နောက်ဘက်ရှိ နတ်ဘုရားမ ရုပ်တုနှင့် ချိတ်ဆက်ထားသော ကောင်းချီးအော်ရာများဖြင့် ဝန်းရံခြင်းကို ခံလိုက်ရလေသည်။

စက္ကန့်အနည်းငယ်ကြာပြီးနောက် သန့်စင်ပရောဟိတ်မသည် သူမ၏မျက်လုံးများကို ပြန်လည် ဖွင့်လိုက်သည်။

သူမသည် အစောပိုင်းကနှင့် အနည်းငယ်ကွဲပြားနေဟန်ရ၏။

သူမ၏ မျက်လုံးများမှာ နေမင်းကဲ့သို့ ရွှေရောင်အဆင်းဖြင့် လွန်စွာ တောက်ပ လင်းလက်နေခဲ့သည်။ သူမပတ်ဝန်းကျင်ရှိ အော်ရာသည်ပင် အစောပိုင်းနှင့် လုံးဝကွဲပြားနေပြီး လွှမ်းမိုးမှုများ ပိုမို၍ ပြင်းထန်နေခဲ့သည်။

အာရန်သည် သူမတို့နှစ်ဦး၏ စကားဝိုင်းကို ဘေးမှ အတိုင်းသားကြားနေခဲ့ရသည်။

နတ်ဘုရားမသည် ပရောဟိတ်မ၏ ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာပြီးနောက်ဤနေရာရှိ ကန့်သတ်ချက် အနည်းငယ် အားနည်းသွားလိမ့်မည်ဟု ဆုတောင်းမိခဲ့သော်လည်း သူ၏ ဆန္ဒများ မပြည့်ဝခဲ့ပေ။

သီးသန့်နယ်မြေ၏ ကန့်သတ်ချက်များသည် ယခင်အတိုင်း အပြည့်အဝတည်ရှိနေဆဲပင် ဖြစ်လေသည်။ အနည်းငယ်မျှပင် လစ်ဟသွားခြင်း မရှိခဲ့ပေ။

နတ်ဘုရားမမှ ခန္ဓာကိုယ်သိမ်းပိုက်ခံလိုက်ရသော ပရောဟိတ်မသည် အာရန်အား လောဘကြီးသော အပြုံးတစ်ခုဖြင့် လှမ်းကြည့်လိုက်သည်။

မျက်တောင်တစ်ခတ်စာ အတွင်းမှာပင် သူမသည် အာရန်၏ရှေ့တွင် ပြန်ပေါ်လာခဲ့ပြီး သူတို့နှစ်ဦးကြားတွင် လက်မအနည်းငယ်သာ ကွာဝေးတော့လေသည်။

“ရှင့်ကို နောက်ဆုံးတော့ ကျွန်မရှာတွေ့နိုင်ခဲ့ပြီ ... တကယ့်ကို ရှာတွေ့နိုင်ခဲ့ပြီပဲ”

နတ်ဘုရားမသည် အရူးတစ်ယောက်ပမာ ထိုစကားလုံးများကို အထပ်ထပ်‌ ရေရွတ်နေခဲ့မိသည်။

သူမ၏စကားများကို ကြားလိုက်ရသောအခါ အာရန်သည် လွန်စွာ စိတ်ရှုပ်ထွေးသွားမိသည်။ နတ်ဘုရားမသည် သူနှင့် ရန်ငြိုးတစ်ခုခုများရှိခဲ့ဘူးလလား။

ဒါမှမဟုတ် သူမသည် ရန်နစ်ခရိုလိုင်းအား ရူးသွပ်စွာ တစ်ဖက်သက် စွဲလန်းနေသာ ချစ်သူတစ်ဦးများလား။

သူသည် သူမ၏ ခံစားချက်များကို ခန့်မှန်း၍ မရနိုင်ခဲ့ပေ။

ကံမကောင်းစွာဖြင့် နတ်ဘုရားမသည် သူမ၏လက်ကို သူ၏ ပါးပြင်ပေါ်တွင် တင်လိုက်ပြီးနောက် ညင်သာစွာပွတ်သပ်လိုက်သောအခါ ထိုအရာကိုသိရှိရန် သူ့အတွက် အချိန်များစွာ မလိုအပ်ခဲ့ပေ။

နတ်ဘုရားမသည် သူအစောပိုင်း ထင်ထားသကဲ့သို့ သူ့အပေါ်ရန်လိုမှုများမရှိနိုင်ဟု အာရန်တစ်ယောက် အကောင်းဘက်က တွေးမိလိုက်စဉ်မှာပင် သူ၏ စိတ်ဝိညာဉ်အတွင်း၌ ပြင်းထန်သော နာကျင်မှုဝေဒနာတစ်ခုကို ခံစားလိုက်ရလေသည်။

နတ်ဘုရားမသည် သူမ၏ ချွန်ထက်သော လက်သည်းများဖြင့် အာရန်၏ ပါးပြင်အား ထိုးဖောက်လိုက်သည်။

ထို့နောက် နတ်ဘုရားမသည် သူမ၏ လက်ကို ဆက်၍အောက်ဘက်သို့ ကုတ်ချလိုက်ပြီးနောက် သူမသည် လက်သည်းများဖြင့် အာရန်၏ မျက်နှာအား ဆုတ်ဖြဲချင်နေသကဲ့သို့ပင် သူ၏ အရေပြားများကို တစ်ဆင့်ချင်း ထိုးခွာနေခဲ့၏။

“ရှင် နာကျင်ခံစားနေတာကို မြင်ရတာ ကျွန်မအနေနဲ့ အရမ်းပျော်ရွှင်မိတယ် ရန်။ ရှင့်ရဲ့ စိတ်ဝိညာဉ်ဟာ လုံးဝဟင်းလင်းဖြစ်သွားပြီး ရှင်ပိုင်ဆိုင်ထားတဲ့ လျှို့ဝှက်ချက်တိုင်းဟာ ကျွန်မရဲ့ အပိုင်ဖြစ်လာလိမ့်မယ်။ ‘သူတို့’ ရှင့်ကို ဘာလို့ ဒီလောက်တောင် အသဲအသန် လိုချင်နေကြတာလဲဆိုတာတွေ၊ သူတို့ကိုယ်တိုင် လှုပ်ရှားလာတဲ့အထိ ရှင့်ရဲ့ ဘယ်အရာတွေကများ လှုံ့ဆော်နိုင်ခဲ့သလဲ ဆိုတာတွေပါ နောက်ဆုံးတော့ ကျွန်မ သိခွင့်ရတော့မယ်”

#Catfoot

All Chapters