ရှင်သန်နိုင်ခဲ့သူ
Vol. 36 Ch. 512
...
သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်အား ၎င်း၏ ကလေးဘဝကတည်းက ပင် သိကြွမ်းခဲ့ဖူးသူ ဖြစ်လေသည်။
သူ၏ ညီတော်အစား သူ့အား ထီးနန်းကို ပိုင်ဆိုင်စေရန် ကူညီပေးခဲ့သူမှာလည်း သူမပင်ဖြစ်လေ၏။
နှစ်များစွာကြာပြီးနောက်တွင် သူမသည် ဒေမီယန်တစ်ယောက် တဖြည်းဖြည်း အရွယ်ရောက်လာနေသည်ကို စောင့်ကြည့်နေခဲ့ပြီး သူ့အား သူမ၏ အစေအပါးတစ်ဦးထက် ပိုမိုသော ဆက်ဆံရေးမျိုးတစ်ခုဖြင့် ဆက်ဆံပေးခဲ့သည်။
သို့သော်လည်း ယခင်က ထိုကဲ့သို့ ကျွန်သာသာလူတစ်ဦးကပင် ယခုအခါ ခွင့်လွှတ်၍ မရနိုင်သည့် နည်းလမ်းမျိုးဖြင့် သူမအား ဆန့်ကျင်နေခဲ့လေပြီ။
သူသည် သူ့သစ္စာဖောက်မှုအတွက် ပြန်လည်ပေးဆပ်သင့်လေသည်။
ယခု ထိုဧကရာဇ်သည် နတ်ဘုရားမ၏ နယ်မြေအတွင်းသို့ ဆန္ဒအလျောက် ဝင်ရောက်လာခဲ့ပြီဖြစ်သောကြောင့် သူ့အတွက် လွတ်မြောက်ရာလမ်းမရှိတော့ပေ။
ဤ ထူးခြားသော နံရံကြီးများ၏ နောက်တွင် မည်သည့် ပြင်ပစွမ်းအားမျှ သူ့အား စောင့်ကြိုနေသည့် ကံကြမ္မာကို ဝင်ရောက်စွက်ဖက်နိုင်မည်မဟုတ်တော့ချေ။
သူမသည် သူ၏ စိတ်ဝိညာဉ်ကို တစစီဆုတ်ဖြဲပစ်ကာ နာကျင်စွာ ငိုယိုနေသော သန့်စင်ဧကရာဇ်၏ ပုံစံအား မြင်တွေ့ရရန် မစောင့်နိုင်တော့ပေ။
ဤကိစ္စတွင် ပါဝင်ပတ်သက်သူများကိုလည်း ရှာဖွေတွေ့ရှိနိုင်တော့မည်ဖြစ်သဖြင့် သူမ သည် အချိန်ခဏပင် ဆက်လက်၍ မစောင့်နိုင်တော့ပေ။
ဤကိစ္စနှင့်ပတ်သတ်သည်များ အားလုံးကို ဖျက်ဆီးပြီးမှသာ မြောက်ပိုင်းတိုက်ကို ပြန်လည် တိုက်ခိုက်နိုင်လောက်အောင် သူမတွင် ယုံကြည်မှုများ ပြန်လည်၍ ရှိလာမည်ဖြစ်၏။
‘ခြေလှမ်း ငါးလှမ်း...’
အာရန်၏ စိတ်ထဲတွင်မူ သန့်စင်ပရောဟိတ်မသည် သူ၏ သတ်ကွင်းအတွင်းသို့ ရောက်ရှိရန် ကျန်ရှိသည့်ခြေလှမ်းများကို ရေတွက်စပြုနေပြီဖြစ်သည်။
‘လေးလှမ်း...’
‘သုံးလှမ်း...’
‘နှစ်လှမ်း...’
‘တစ်လှမ်း...’
အာရန်သည် သူ၏ ဓားကို ဆင့်ခေါ်ရန် အသင့်ပြင်ထားလိုက်သည်။
နောက်ထပ်အချိန်အနည်းငယ်အတွင်း သူသည် ရန်နစ်ခရိုလိုင်း၏ ဒုတိယချိတ်စည်းကို ဖယ်ရှားပစ်နိုင်တော့မည်ဖြစ်၏။
သို့သော် ...
“ဟင်”
ပရောဟိတ်မသည် အာရန်၏ သတ်ကွင်းအတွင်းသို့ ဝင်ရောက်တော့မည့် ဆဲဆဲတွင် ရုတ်တရက် သူမ၏ ခြေလှမ်းများကို ရပ်တန့်လိုက်သည်။
ထို့နောက် သန့်စင်ပရောဟိတ်မ၏ ရှေ့တွင် ရွှေရောင်စာလုံးများ ပေါ်ထွက်လာသည်ကို အာရန်တစ်ယောက် မြင်လိုက်ရလေသည်။
ထိုစာလုံးများသည် ဤနယ်မြေကို ဖန်တီးထားသူ၏ ကောင်းချီးစွမ်းအင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ၎င်းတို့ကို နတ်ဘုရားမ ဖရေယာ ကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်ဟန်ရလေသည်။
ထိုစာလုံးများသည် သူမဘက်သို့ မျက်နှာမူထားသောကြောင့် သူ့အတွက်မူ ပြောင်းပြန်အနေအထား ဖြစ်နေခဲ့သည်။
ထိုပြောင်းပြန်ဖြစ်နေသော စာလုံးများကို ဖတ်နိုင်ရန် အချိန်အနည်းငယ် ယူလိုက်ရပြီးနောက် အာရန်၏ မျက်နှာအမူအရာများ မှောင်မိုက်သွားခဲ့တော့သည်။
“သူက သန့်စင်ဧကရာဇ် မဟုတ်ဘူး။ သူက ရန်နစ်ခရိုလိုင်းပဲ” ထိုဝါကျကို အာရန် တစ်ယောက် ဖတ်လိုက်နိုင်သည့်အခိုက်အတန့်တွင် သူသည် သူ၏ ဝိညာဉ်ကို ဆုံးရှုံးသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။
အာရန်သည် သတိကြီးစွာထားခဲ့မိသော်လည်း နောက်ဆုံးတွင်မူ သူ၏ အချက်အလက်များ ပေါ်ပေါက်သွားခဲ့ရလေသည်။
သူသည် ကြီးမားသောအမှားတစ်ခုကို ပြုလုပ်ခဲ့မိ၏။
အာရန်၏ ပင်ကိုယ်ဝိသေသများကို ဖုံးကွယ်ထားနိုင်သောစွမ်းရည်များသည် အရှင်သခင်များကိုပင် လှည့်စားနိုင်ခဲ့သော်လည်း နတ်ဘုရားမတစ်ပါးကဲ့သို့ ဖြစ်တည်မှုတစ်ခုကိုမူ လှည့်စားနိုင်ခဲ့ခြင်းမရှိပေ။
၎င်းက သူလုံးဝထည့်မတွက်မိခဲ့သော အရာတစ်ခုဖြစ်လေသည်။
သူသည် နတ်ဘုရားမ၏ နယ်မြေထဲသို့ ဝင်ရောက်မိခဲ့ပြီးဖြစ်၏။
ထိုနတ်ဘုရားမသည် သူ၏ဖုံးကွယ်မှုကို အစောကတည်းက သိနေခဲ့ဟန်ရလေသည်။
ပြောရမည်ဆိုလျှင် သူမအနေနှင့် အချိန်အတော်ကြာသည်အထိ ဆက်လက်၍ တိတ်ဆိတ်နေခဲ့သည့်အချက်မှာ ပို၍ပင် အံ့အားသင့်စရာကောင်းနေခဲ့၏။
အာရန်သည် နောက်ထပ်အချိန်ဖြုန်း၍ မရနိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။
သူသည် ပရောဟိတ်မ၏ သွေးကိုရယူနိုင်ပြီးနောက် ချက်ချင်း ထွက်ပြေးရမည်ဖြစ်၏။ ထို့နောက် ဓားဧကရာဇ်၏ ဓားကို ခေါ်ထုတ်လိုက်ပြီးနောက် ပရောဟိတ်မ၏ ဖိအားမှ လွတ်မြောက်စေလိုက်သည်။
ပရောဟိတ်မသည် သူ၏ သတ်မှတ်နယ်နိမိတ်ထဲသို့ မဝင်ရောက်ခဲ့သောကြောင့် အာရန်သည် ရှေ့သို့ အလျင်စလိုပင် ပြေးသွားလိုက်တော့သည်။
သူ၏ လက်မောင်းပေါ်ရှိ အမှတ်အသားသည် ပိုမိုတောက်ပလာခဲ့ပြီး အရိပ်ဓားတစ်ချောင်းသည် သူ၏ လက်ထဲတွင် ရုပ်လုံးပေါ်လာခဲ့သည်။
ဤသို့ဖြင့် အာရန်သည် ပရောဟိတ်မနှင့် အကွာအဝေးသို့ ရောက်သည်နှင့် တစ်ပြိုင်နက် ကြောက်မက်ဖွယ်ကောင်းသော အဆိပ် အော်ရာဖြင့် ပြည့်နှက်နေသော ထိုဓားကို လွှဲခုတ်လိုက်၏။
သန့်စင်ပရောဟိတ်မ၏ ကျောပြင်သည် ဓားသွားနှင့် လက်မအနည်းငယ်အကွာတွင် သာရှိတော့လေသည်။
ထို့နောက် ထိုဓားသည် ပရောဟိတ်မ၏လည်ပင်းဆီသို့ ချိန်ရွယ်လိုက်လေသည်။
ကံကောင်းထောက်မစွာဖြင့် ထိုဓားသွားသည် သူမကို မထိနိုင်မီမှာပင် အာရန်သည် နေရာမှာပင် ရပ်တန့်သွားခဲ့လေသည်။
နတ်ဘုရားမသည် သူမ၏ သီးသန့်နယ်မြေအတွင်းသို့ ကိုယ်တိုင် ဝင်ရောက်စွက်ဖက်ခဲ့ပြီဖြစ်၏။
ပရောဟိတ်မ၏ ရှေ့တွင် ရွှေရောင်စာလုံးများ ထပ်မံပေါ်လာခဲ့ပြီး အစောပိုင်း သူမ၏ သတိလက်လွတ် ပြုမူမိမှုကြောင့် သေလုနီးပါး ဖြစ်ခဲ့ရခြင်းအတွက် သူမကို ဆူပူနေဟန်ရသည်။
သန့်စင်ပရောဟိတ်မသည် သူမ၏လည်ပင်းမှ လက်မအနည်းငယ်အကွာတွင် ရှိနေသည့် ကြောက်မက်ဖွယ်ကောင်းသော အရိပ်ဓားတစ်ခုကို မြင်လိုက်ရသောကြောင့် မယုံနိုင်အောင်ပင် ဖြစ်သွားခဲ့ရသည်။
အကယ်၍ ၎င်းသည်သာ တစ်လက်မ၏ အစိတ်တစ်ပိုင်းအနည်းလောက်ပင်ထပ်မံ၍ နီးကပ်ခဲ့ပါက သူမ၏အရေပြားကိုမထိခင်မှာပင် သူမအား အဆိပ်သင့်စေနိုင်စွမ်း ရှိလေသည်။
နတ်ဘုရားမသည် သူမ၏ နယ်မြေအတွင်းဖြစ်၍ ထိုကဲ့သို့ ထိန်းချုပ်နိုင်စွမ်းသာ မရှိခဲ့လျှင် သူမသည် ပို၍ကြီးမားသော ပြဿနာတစ်ခုနှင့် ကြုံတွေ့နေရပေလိမ့်မည်။
ပရောဟိတ်မသည် အာရန်၏ ဓားလမ်းကြောင်းမှဝေးရာဘက်သို့ သတိဖြင့် အလျင်အမြန် ရှောင်လိုက်မိသည်။
“သူက ရန်နစ်ခရိုလိုင်းဟုတ်လား...”
သန့်စင်ပရောဟိတ်မသည် သန့်စင်ဧကရာဇ်အဖြစ် ဟန်ဆောင်ထားဆဲဖြစ်သည့် အာရန်အား ထိတ်လန့်စွာ စိုက်ကြည့်လိုက်သည်။
ယခုထက်ထိပင် သူမအနေနှင့် အာရန်၏ ဟန်ဆောင်ထားမှုကို မြင်တွေ့နိုင်စွမ်း မရှိသေးသော်လည်း နတ်ဘုရားမ၏ စကားများကိုမူ သူမအနေနှင့် မယုံကြည် နိုင်စရာအကြောင်း မရှိပေ။
ရန်နစ်ခရိုလိုင်းသည် အမှန်တကယ်ပင် ပြန်ရောက်လာခဲ့ပြီဖြစ်ကာ သူမပင် မသိလိုက်ပါဘဲ သူမနှင့် အလွန်နီးကပ်သော နေရာတစ်ခုတွင် တစ်ချိန်လုံး ရှိနေခဲ့ခြင်းဖြစ်၏။
“အံ့ဩစရာမရှိတော့ပါဘူး၊ ဒီလိုအချိန်တိုလေးအတွင်းမှာ သတ္တိကြောင်လွန်းတဲ့ သန့်စင်ဧကရာဇ်က ဘာဖြစ်လို့ ဒီလောက် ရုတ်တရက်ကိုင်တွယ်ရ ခက်လာတာလဲ ဆိုတာ။ ရှင်က သူ့နေရာကို ဝင်ယူပြီးဟန်ဆောင်ထားခဲ့တာပဲ။ ကျွန်မအနေနဲ့တောင် ဒါကို သတိမထားမိခဲ့တာ တကယ့်ကို ရှက်စရာပဲ...” ဟု သန့်စင်ပရောဟိတ်မသည် မယုံကြည်နိုင်သေးသည့် အမူအရာဖြင့် ပြန်ပြောလိုက်လေသည်။
“သူသာ ငါ့ရဲ့ အဓိကနယ်မြေထဲမှာ ရှိမနေခဲ့ရင် ငါတောင် သူ့ရဲ့ အစစ်အမှန်ကို သတိထားမိမှာမဟုတ်ဘူး။ မင်းကိုယ်မင်း အပြစ်တင်နေစရာ မလိုပါဘူး။” နတ်ဘုရားမသည် စကားလုံးအချို့ဖြင့် သန့်စင်ပရောဟိတ်မအား နှစ်သိမ့်ပေးလိုက်သည်။
သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမနှင့် စကားပြောနေချိန်တွင် အာရန်မှာမူ ပိုမိုခက်ခဲသောအခြေအနေနှင့် ကြုံတွေ့နေရပြီဖြစ်သည်။
သူသည် ဤနေရာ၌ အေးခဲသွားသကဲ့သို့ ခံစားလိုက်ရသည်။
၎င်းသည် စာရေးဆရာ၏ စွမ်းရည်ဖြစ်သော အချိန်ရပ်တန့်သွားခြင်းနှင့် ကွဲပြားလေသည်။
လူတစ်ဦးသည် အချိန်များရပ်တံ့သွားသောအခါ ၎င်းတို့၏ ခန္ဓာကိုယ်သာမက ၎င်းတို့၏ စိတ်ဝိညာဉ်များပါ ရပ်တံ့သွားခြင်းဖြစ်လေသည်။
ကမ္ဘာ၏ ဒြပ်စင်ဥပဒေသများပင် အေးခဲရပ်တံ့သွားခြင်းမျိုးဖြစ်လေ၏။
ယခုလက်ရှိ ကန့်သတ်ချက်အတွင်း၌မူ အာရန်သည် သူ၏ ခန္ဓာကိုယ်သည်သာ ရပ်တံ့သွားခြင်းမျိုးဖြစ်သည်။
အာရန်သည် သူ၏နှုတ်ခမ်းကိုပင် မလှုပ်ရှားနိုင်တော့ပေ။
ဘိုးဘေးနဂါးလျှာအစွမ်းသည် စကားလုံးများကို ပါးစပ်ဖြင့် ထုတ်ပြောရန် မလိုအပ်ပေ။ သူ၏နှု တ်ခမ်းကို လှုပ်ရှားရန်မလိုဘဲ ၎င်းစွမ်းရည်ကို အသုံးပြုနိုင်သော်လည်း ဤနေရာတွင်မူ နဂါးလျှာအစွမ်းသည်ပင် အလုပ်ဖြစ်နိုင်မည်မဟုတ်ချေ။
အာရန်သည် ဤကန့်သတ်ထားချက်များကို ရုပ်ပိုင်းဆိုင်ရာခွန်အားဖြင့် ချိုးဖျက်နိုင်တော့မည်မဟုတ်ပေ။
နောက်ဆုံးတွင်တော့ အာရန်သည် ဤနေရာမှာ မည်မျှ အန္တရာယ်ကြီးမားကြောင်း သိရှိလိုက်ရလေသည်။
သန့်စင်ပရောဟိတ်မ၏ သွေးကို စွန့်လွှတ်ရလျှင်ပင် သူသည် ဤနေရာမှ အလျှင်အမြန် ထွက်ခွာမှရပေတော့မည်။
ထို့နောက် အာရန်သည် လွတ်မြောက်ခြင်းအဆောင်ကို အသက်သွင်းရန် ကျိုးစားလိုက်သည်။
“ဟင်”
အာရန်သည် လွတ်မြောက်ခြင်းအဆောင်ကို အသက်သွင်းရန် ကြိုးစားလိုက်သောအခါ သူ၏ စိတ်သည် လုံးဝဗလာကျင်းသွားသလို ခံစားလိုက်ရသည်။
သူ၏ လက်ထဲတွင်ဖွက်ထားသော လွတ်မြောက်ခြင်းအဆောင်သည် ပျောက်ခြင်းမလှပျောက်သွားခဲ့ပြီဖြစ်၏။
၎င်းသည် ဒီအတိုင်း ရိုးရှင်းစွာ ပျောက်ကွယ်သွားဟန်ရ၏။
၎င်းသည် ရုတ်တရက် ဘယ်နေရာ ရောက်သွားသည်ကို သူမသိလိုက်ပေ။
နတ်ဘုရားမသည် သူမ၏ နယ်မြေကို အပြည့်အဝ ထိန်းချုပ်နိုင်သဖြင့် သူ့ထံမှ အဆောင်လက်ဖွဲ့ကို သူပင် မသိလိုက်ဘဲ ယူဆောင်သွားခဲ့ခြင်းလော....။
သူမက ဘယ်လောက်တောင် အစွမ်းကြီးတာလဲ။
သူတောင် ဘာလို့ နည်းနည်းလေးမှ သတိမထားမိခဲ့တာလဲ။
အာရန်သည် ထိုအကြောင်းကို ပိုတွေးမိလေလေ သူ့အတွက်စောင့်ကြိုနေသော ပို၍ဆိုးရွားသော ကံကြမ္မာတစ်ခုကို ခံစားမိလေလေဖြစ်ခဲ့ရသည်။
အာရန်သည် သူ၏ နောက်ဆုံး လွတ်မြောက်နိုင်သည့် ဝှက်ဖဲတစ်ခုကိုပါ ဆုံးရှုံးသွားခဲ့ပြီးဖြစ်လေသည်။
အခြေအနေများက သူ့အတွက် ပိုမို၍ ဆိုးဝါးလာခဲ့ပြီဖြစ်၏။
“ရန်နစ်ခရိုလိုင်း... အရှင်သခင်လေးယောက်လက်ကနေ ထွတ်ပြေးလွတ်မြောက်သွားခဲ့တဲ့သူ...”
သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမနှင့် စကားပြောဆိုနေမှုကို အဆုံးသတ်ကာ သူမ၏ အာရုံကို အာရန်ဆီသို့ အပြည့်အဝ ပြန်စိုက်ထားလိုက်လေသည်။
#Catfoot