နာမည်ကြီးခြင်း ၂ ~
Vol. 13 Ch. 195
~
အကိုမို့၏ ထိတ်လန့်တုန်လှုပ်သွားသော အမူအရာကို သူမြင်ရမှ ဖြစ်ပေမည် ။ ဟောက်ရန်က ပြတ်သားစွာ ဆုံးဖြတ်လိုက်၏ ။
လင်းမို့ ဝင်အိပ်နေသော အခန်းရှေ့တွင် အစောင့်ခွေးတစ်ကောင်လို ငုတ်တုတ် ထိုင်စောင့်နေလိုက်၏ ။ စက္ကန့်အနည်းငယ်ကြာလျှင် ဖုန်းဝင်လာသည် ။
' ဟမ်.. အဖေပါလား.. '
ဟောက်ရန်သည် ကျန်းနန်တက္ကသိုလ်သို့ ရောက်စဥ်ကတည်းက လွတ်လပ်မှုကို ခံစားခဲ့ရပြီး တင်းကြပ်လှသော သူ့အဖေ ကောင်းဖန်းကို မေ့စပြုလာလေ၏ ။ ပျော်ရွှင်စရာ အပြည့် ဘဝထဲတွင် ကျင်လည်နေရသဖြင့် ဖုန်းမဆက်မိသည်မှာ ကြာမြင့်လှလေပြီ ။
" ဖေကြီး.. မနက်အစောကြီး ဖုန်းတွေဘာတွေ ဆက်လို့ပါလား.. "
ဟောက်ရန်က သိချင်စိတ်ဖြင့် မေးလိုက်၏ ။ အဖေတစ်ယောက်အနေဖြင့် ညဘက်အချိန်၌သာ ဖုန်းဆက်သင့်ပေသည် ။ မည့်သည့်အကြောင်းထူးရှိ၍ မနက်အစောကြီး ဆက်နေပါသနည်း ။
" ငါစစ်ဆေးရေး ဝင်တာ.. "
ကောင်းဖန်း၏ ခပ်တင်းတင်း အသံက ဖုန်းတဖက်မှ ထွက်ပေါ်လာသည် ။
' စစ်ဆေးရေးလား.. '
ဟောက်ရန် အံ့သြသွားသည် ။
" မင်း ကျန်းနန် ကိုရောက်ကတည်းက ညတိုင်း အပြင်ထွက်ပြီး လျောက်သွားနေတယ်ဆို.. ငါမစစ်ဆေးရင် မင်းကြိုးစားလေ့ကျင့်နေလားဆိုတာ ဘယ်သိနိုင်မှာလဲ.. "
ကောင်းဖန်းက ပြောလိုက်သည် ။
" အဖေ.. အဲ့ကောလဟာလတွေကို ဘယ်သူပြောတာလဲ .. မဟုတ်တာတွေ လျောက်ပြောနေတာ.. "
ကောင်းဖန်းက...
" သားဖြင့် နေ့တိုင်းကြိုးစားလေ့ကျင့်လွန်းလို့ ဆရာတွေကတောင် ချီးကျူးနေတာ.. "
ဟောက်ရန်က သူနေ့တိုင်း ဓားကြီးသွားကစားနေသည်ကို သေသည်အထိ ဝန်ခံမည်မဟုတ် ။ သူ့အဖေ ကောင်းဖန်း သိသွားပါက သံတုတ်ကိုင်၍ ချက်ချင်း လေပေါ်ပျံလာလောက်ပေသည် ။
" ဟားဟားဟား... "
ကောင်းဖန်းက မယုံသည့်ဟန်ဖြင့် လှောင်ရယ် ရယ်လိုက်၏ ။
" ဖေကြီးက လှောင်နေတာလား.."
ဟောက်ရန်ဒေါသထွက်သွား၏ ။ သူအမှိုက်ဖြစ်သော်လည်း အဆင့်မြင့် အမှိုက်ဖြစ်သည် ။
" အဖေမယုံဘူးလား.. သားကကျောင်းမှာ နာမည်ကြီး ဖြစ်နေပြီ.. "
" ဟားဟားဟားဟား... "
ကောင်းဖန်း၏ ရယ်သံက ပိုကျယ်လာပြီး...
" မင်းလိုကောင်က နာမည်ကြီး ဖြစ်နေတာလား... ဟားဟားဟား.. "
" အဖေ.. ကြက်ဘုရင်ဂိမ်းကို သိတယ်မလား.."
ဟောက်ရန်က ပြောလိုက်သည် ။
" အေးသိတယ်လေ.. ဒါပင်မယ့် မင်းနဲ့ ဘာဆိုင်လို့လဲ.. "
" အဖေ့ကြည့်ရတာ သတင်းမကြည့်ဘူးထင်တယ်.. "
ဟောက်ရန်က မာနကြီးသော လေသံဖြင့်...
" ကြက်ဘုရင်ဂိမ်းရဲ့ တစ်ဦးချင်းအဆင့်ကို သွားကြည့်လိုက်.. "
ဟောက်ရန် ဖုန်းချလိုက်၏ ။ သူ့အဖေ ပြန်ခေါ်မည်ကို ယုံကြည်ပေသည် ။ မိနစ်အနည်းငယ်ကြာလျှင် ကောင်းဖန်း၏ ဖုန်းဝင်လာသည် ။
" ဟောက်ရန်.. ရှားနိုင်ငံ အဆင့် ၃ နဲ့ ကျန်းနန် တက္ကသိုလ် အဆင့် ၁ က မင်းနာမည်ကြီးပါလား.. "
ကောင်းဖန်းက မယုံနိုင်သော အသံဖြင့် မေးလိုက်၏ ။
" သေချာတာပေါ့.. "
ဟောက်ရန်က စိတ်လှုပ်ရှားစွာဖြင့် ...
" ခု.. အဖေ့သား ကျောင်းမှာ ဘယ်လောက်ကြိုးစားနေလဲဆိုတာ ယုံပြီလား.. "
" ငါ့အဖိုးတန်သားလေး ကို အဖေက မယုံဘဲနေမလား.. "
ကောင်းဖန်းက တခြားလူတစ်ယောက်အသွင်ပြောင်းသွားပြီး...
" အဲ့ကောင်တွေ လိမ်နေတယ်ဆိုတာ ငါသိသားပဲ.. ဘာတဲ့ ..ငါ့သားကိုများ နေ့တိုင်း ဓားကြီးလောက မှာ အိပ်နေတဲ့ကောင်တဲ့.."
" အဲ့ကိစ္စလား.. "
ဟောက်ရန်က...
" အဲ့တုန်းက ကျန်းနန်ကို စရောက်တဲ့နေ့လေ.. အကိုလီက အတင်းခေါ်နေလို့ မိတ်ပျက်မှာ စိုးလို့သာ လိုက်သွားရတာ.. အဲ့တစ်ခါပဲ သွားတာကို ဖမ်းတဲ့ အဖွဲ့နဲ့ တဲ့တဲ့ တိုးပြီး နာမည်ကြီးသွားရော .."
" ငါ့ သားလေး ကျောင်းမှာ ခက်ခက်ခဲခဲ နေ နေရတာပဲ.. "
ကောင်းဖန်းက...
" လေ့ကျင့်တဲ့နေရာမှာလည်း အရမ်းအပင်ပန်းခံမနေနဲ့ .. ဓားကြီးကစားရင်း အပန်းဖြေတာလည်း ဘာမှားလို့လဲ တခါတလေ သွားတာများ ဘယ်သူပြောပြော ဂရုစိုက်မနေနဲ့.. "
" ဟုတ်ကဲ့ပါ ဖေကြီး.. ဘေးပြောစကားတွေကို သားနားထဲ ထည့်မနေဘူး စိတ်ချ.. "
ဟောက်ရန် ဝမ်းသာသွား၏ ။ ဓားကြီးကစားရန် တရားဝင် ခွင့်ပြုချက် ရခဲ့လေပြီ ။
**
ကျန်းနန် တက္ကသိုလ်.. ကျောင်းအုပ်ရုံးခန်း..
ကျောင်းအုပ်ထူက စာရွက်စာတမ်းများ လှန်လှော ဖတ်နေသော်လည်း စိတ်အခြေအနေ ကောင်းပုံမရ ။
" ချီး .. လာပြန်ပြီ ဒီကြက်ဘုရင်ဂိမ်းက.. "
ကျောင်းအုပ်ထူသည် ကြက်ဘုရင်ဂိမ်းကို သဘောမကျပေ ။
" နှစ်တိုင်း ငါတို့ ကျန်းနန်တက္ကသိုလ်က ထိပ်တန်းတက္ကသိုလ်တွေထဲမယ် အောက်ဆုံးက ကြည့်ပဲ.. ပထမ ပြောနဲ့ အဆင့်တစ်ဆယ်ထဲ ဝင်နိုင်အောင် မနည်းရုန်းကန်နေရတာ.. "
ကြက်ဘုရင်ဂိမ်းပြိုင်ပွဲ ပြီးတိုင်း ကျောင်းအုပ်ထူ ဝမ်းနည်းကြေကွဲ ခဲ့ရ၏ ။
ထိုအခိုက် ဟယ်ရှင်းက တံခါးခေါက် လိုက်ပြီး ဝင်လာ၏ ။
" ဆရာရှင့်.. ကျွန်မတို့ ကျန်းနန် တက္ကသိုလ်က ကျောင်းသားတစ်ယောက်က ရှားနိုင်ငံ အဆင့် ၃ ရထားပါတယ်.. "
" ဘယ်သူလဲ.. "
ကျောင်းအုပ်ထူ အလောတကြီး မေးလိုက်၏ ။ သူ၏ မှေးမိန်နေသော မျက်လုံးများ တောက်ပလာသည် ။
" ကောင်းဟောက်ရန်ပါ.. "
ဟယ်ရှင်း ပြန်ဖြေလိုက်သည် ။
" ကောင်းဟောက်ရန်လား.. "
ကျောင်းအုပ်ထူ ထိုနာမည်အား ရင်းနှီးနေသော်လည်း စဥ်းစားမရ ။
" ငါ ပါရဂူတန်းက ကျောင်းသားတွေရဲ့ နာမည်တော့ သေချာပေါက် မှတ်မိပါတယ်.. ကောင်းဟောက်ရန် နာမည်တော့ မရှိဘူး.. ဘွဲ့ရ တစ်ယောက်ယောက်လား.. "
" မဟုတ်ဘူးရှင့်.. "
ဟယ်ရှင်းက ကမန်းကတန်း ရှင်းပြလိုက်သည် ။
" ကောင်းဟောက်ရန် က ပထမနှစ် လက်ရွေးစင် အတန်းကပါ.. "
" ပထမနှစ်လေးလား.. "
ကျောင်းအုပ်ထူ အလွန်အံ့သြ သွားပြီး...
" ကောင်းတယ်.. ကောင်းတယ်.. လက်ရွေးစင်အတန်းမှာ နောက်ထပ် ပါရမီရှင်တစ်ယောက် ပေါ်လာတာပဲ.. ဝေ့ကျစ်က ထူးချွန်တဲ့ ဆရာပဲ.. သူ့ကို သွားခေါ်လိုက်.. ငါကိုယ်တိုင် ချီးကျူးစကားပြောရမယ်.."
" ဆရာဝေ့ အပြင်မှာ စောင့်နေပါတယ်.. "
ဟယ်ရှင်းက ပြောလိုက်သည် ။
ဆရာဝေ့သည် ခွင့်ပြုချက် ရသည်နှင့် ရုံးခန်းထဲသို့ ဝင်လာ၏ ။ သူ၏ အမူအရာမှာ ဝမ်းချုပ်နေသည့် လူတစ်ယောက်လိုပင် ။
" ကျောင်းအုပ်ထူ .. ဒီကိစ္စက.. ဒီ ကောင်းဟောက်ရန် ဆိုတဲ့ ကလေးက လင်းမို့နဲ့ တွဲလိုက်လာတဲ့ ဟက်စကီး .. .."
**
ဟောက်ရန်တစ်ယောက် ရှားနိုင်ငံ ၏ အဆင့် ၃ ဖြစ်နေသည့် သတင်းအား ကျန်းနန် တက္ကသိုလ်တစ်ခုလုံး သိသွားကြသည် ။
" ကောင်းဟောင်ရန်.. ကျန်းနန်တက္ကသိုလ် အဆင့် ၁.. ရှားနိုင်ငံ အဆင့် ၃ လား.. သောက်ခွေး ကမ္ဘာကြီးက ဇောက်ထိုး ဖြစ်သွားတာလား.. "