နာမည်ကြီးခြင်း ~
Vol. 13 Ch. 194
[ ကျန်းနန် တက္ကသိုလ်၏ တစ်ဦးချင်း အဆင့်သတ်မှတ်ချက်.. ]
[ အဆင့် ၁.. ကောင်းဟောက်ရန် ..၁၂၄၅ မှတ်..]
ဟောက်ရန်က ဤသည်ကို မယုံနိုင်သေး ။ သူသည် ကျောင်းသားဆိုးတစ်ယောက် ဖြစ်ခဲ့သည် မှာ ကြာမြင့်ခဲ့လေပြီ ။ ကျန်းနန် တက္ကသိုလ် မဆိုထားနှင့် ဟိုင်းချန်အထက်တန်းကျောင်းတုန်းကပင် သူ၏ အဆင့်ကို သိရန် အောက်ခြေမှသာ စရှာခဲ့ရသည် ။ ကျန်းနန် တက္ကသိုလ်သို့ တက်နိုင်ခဲ့သော်လည်း ကုန်းဆင်းသမားတစ်ယောက် သာဖြစ်သည် ။ ပါရမီရှင်အားလုံး၏ ခေါင်းပေါ်သို့ တက်ထိုင်နေနိုင်မည်ဟု သူအိမ်မက်ထဲပင် ထည့်မမက်ခဲ့ဘူးပေ ။
' အဆင့် ၁.. '
ဟောက်ရန်က သူ့အောက်ရှိ အဆင့် ၂ နေရာမှ ကျောင်းသား၏ နာမည်ကို ဖတ်ကြည့်မိလိုက်၏ ။ ကျောင်းရှိ နာမည်ကြီး ပါရမီရှင်တစ်ယောက်မှန်း သိလိုက်သည် ။ ယခု ထိုပါရမီရှင်က သူ့ထက် အမှတ် ၅၀ နည်းနေ၏ ။
' ဒါ ပါရမီရှင်တွေကို အနိုင်ယူနိုင်တယ့် ခံစားချက်လား.. '
ဟောက်ရန်၏ ရင်ထဲဝယ် ပီတိများ တဖွားဖွား ဖြစ်ပေါ်လာသည် ။
' ငါ့အဆင့်က ကျန်းနန်တက္ကသိုလ် အဆင့် ၁ ဆိုတော့ ရှားတစ်နိုင်ငံလုံးဆို ဘယ်လောက် ရမလဲမသိဘူး.. '
ဟောက်ရန် တွေးမိလိုက်သည် ။ နိုင်ငံလုံး အဆင့်သတ်မှတ်ချက်ကို ရှာကြည့်လိုက်၏ ။ သူ့နာမည်က အဆင့် ၃ တွင် ရှိနေပြီး အဆင့် ၁ နှင့် ၈ မှတ်သာ ကွာနေသည် ။
' ကျန်းနန် တက္ကသိုလ် အဆင့် ၁ ... ရှားနိုင်ငံ အဆင့် ၃.. '
ဟောက်ရန်က သူ၏ အဆင့်သတ်မှတ်ချက်ကို ဓာတ်ပုံရိုက်ယူထားလိုက်သည် ။ ဤသည်က သူ့ဘဝတစ်လျောက်လုံး၏ တစ်ခုထဲသော အောင်မြင်မှု ဖြစ်မည်ကို သူနားလည်သည် ။
' ငါ ဒီဓာတ်ပုံကို သေချာသိမ်းထားရမယ်.. ဟီးဟီး.. ငါအဘိုးကြီး ဖြစ်လာတယ့်အခါကြရင် မြေးတွေကို ကြွားဖို့ ပြစရာတော့ ရှိပြီ.. ဟမ့်.. သူတို့အဘိုးက ရှားနိုင်ငံရဲ့ ပါရမီရှင်စာရင်း ထိပ်ဆုံးကို ရောက်ဖူးတာ သိအောင် သေချာပြောပြရမယ် ..'
ယခုအချိန်တွင် ဟောက်ရန်သည် အလွန်ဝေးသော ကာလရှိ အငြိမ်းစားယူမည့် ဘဝကို မျှော်တွေးနေ၏ ။ သူ့ဘဝတစ်လျောက်လုံး ဤအကြောင်းအား ကြွားနိုင်ရန် ပြင်ဆင်ထားရပေမည် ။
ထိုအခိုက် သူ ကြောက်စရာကောင်းသည့် တစ်စုံတစ်ခုကို တွေးလိုက်မိ၏ ။ သူသည် Black Earth ၏နောက်မှ ကုန်းလိုက်ဆင်းရင်း ရှားနိုင်ငံ အဆင့် ၃ အထိ ရောက်ခဲ့ခြင်းဖြစ်သည် ။ Black Earth ၏ ရမှတ်က မည်မျှအထိ ရှိနေမည်နည်း ။
သို့သော်လည်း Black Earth က တက္ကသိုလ်တစ်ခုခုအား စာရင်းသွင်းမထားသဖြင့် အဆင့်သတ်မှတ်ချက်တွင် မပါဝင်ပေ ။
' အကို Black Earth ရဲ့ အမှတ်က အဆင့် ၁ ထက်အများကြီး များနေမှာပဲ.. ဘာလို့ အဆင့်ထဲ မပါချင်တာလည်း မသိဘူး.. ထားလိုက်ပါတော့.. ငါနဲ့မှ မဆိုင်တာ.. '
ဟောက်ရန်က ဓာတ်ပုံများကို သေချာသိမ်းပြီး လင်းမို့ကို ဖုန်းဆက်ရန် ပြင်လိုက်သည် ။
' အကိုမို့ကို သတင်းကောင်းပြောပြရမယ်.. '
ဟောက်ရန် က မျှဝေမည်ဟု ဆင်ခြေသုံးလိုက်သော်လည်း ကြွားရန်သာဖြစ်သည် ။ သူနှင့် အကိုမို့မှာ အထက်တန်းကျောင်းတက်စဥ်က အညံ့ဖျင်းဆုံး ကျောင်းသားများသာ ဖြစ်ကြသည် ။ အဆင့် စာရင်းကို ကြည့်လျှင် အောက်ဆုံးနှစ်ယောက်မှာ သူတို့နှစ်ယောက်သာ ဖြစ်၏ ။ ဝင်ခွင့် စာမေးပွဲအချိန်ရောက်မှသာ အမှန်တကယ် ညံ့ဖျင်းသူက သူတစ်ယောက်ထဲ ဖြစ်ကြောင်း ဟောက်ရန် သိလိုက်ရသည် ။
တက္ကသိုလ်သို့ ရောက်ပြီး ရက်၂၀ အတွင်း လင်းမို့၏ အရိပ်အောက်တွင်သာ နေခဲ့ရ၍ စိတ်အားငယ်လာပြီး ဓားကြီးလောကတွင်သာ မွေ့လျော် နေခဲ့၏ ။ ဟောက်ရန်သည် ဤသည်ကိုသာ အကြောင်းပြချက်အဖြစ် အသုံးပြုမည်ဖြစ်သည် ။
ယခုအချိန်တွင် လင်းမို့၏ ခန္ဓာကိုယ် ပါရမီမှာ ပြိုင်ဘက်ကင်းသော်လည်း တိုက်ခိုက်ရေးစွမ်းရည်မှာ သိပ်မကောင်းလှချေ ။ လင်းမို့ ကြက်ဘုရင်ဂိမ်းတွင် အဆင့် ကောင်းကောင်းရမည်မဟုတ် ။
ထို့ကြောင့် ဟောက်ရန်သည် အကိုမို့၏ ရှေ့တွင် ခေါင်းမော့ ရပ်နေနိုင်မည့် အချိန်သို့ ကျရောက်လာပြီ ဖြစ်ကြောင်း သိလိုက်၏ ။ သူ အားရပါးရ ကြွားပြရပေမည် ။
ဟောက်ရန် ဖုန်းခေါ်လိုက်သည် ။
" ဟယ်လို အကိုမို့.. "
" ဟောက်ရန် ဘာကိစ္စတုန်း.."
လင်းမို့ ၏ ပင်ပန်းနွမ်းနယ်နေသော အသံက ဖုန်းထဲမှ ထွက်ပေါ်လာ၏ ။ တစ်ညလုံး ဂိမ်းထဲတွင် လှုပ်ရှားခဲ့ရသောကြောင့် သူအိပ်ငိုက်နေလေပြီ ။
" အဟမ်း.. အကိုမို့.. "
ဟောက်ရန်က ချောင်းခြောက်ဆိုးလိုက်ပြီး လျို့ဝှက်ဆန်းကြယ်ဟန်ဖြင့်...
" ငါပြောရင် မင်းယုံနိုင်မှာ မဟုတ်... "
" အဲ့တာဆို ပြောမနေနဲ့လေ.. "
လင်းမို့က ဖြတ်ပြောလိုက်ပြီး...
" မြေဆွဲအားခန်းထဲ သွားအိပ်တော့မယ် ..ဖုန်းသုံးလို့ ရမှာမဟုတ်ဘူး ..နောက်မှပြောတော့ ဒါပဲ.. ဂွက်.. "
" တီတီတီတီတီ...."
ဟောက်ရန် ဆွံ့အ သွား၏ ။ ဤသည်က အဘယ်သို့သော အခြေအနေမျိုးနည်း ။ သူကြွားပင် မကြွားလိုက်ရ လင်းမို့က ဖုန်းချသွား၏ ။ ဤသို့ လုပ်၍ ရသည်လော ။ ဤသည်က အဆင်မပြေ ။
" မဖြစ်ဘူး.. "
ဟောက်ရန်က မကျေမနပ် ဖြစ်သွားပြီး...
" ငါ့မှာ ကြွားဖို့ အခွင့်အရေးလေး ရှားရှားပါးပါး ရှိတာ ရအောင် ကြွားရမယ်.. "
ဟောက်ရန်၏ စိတ်ထဲတွင် တစ်ဆို့ဆို့ ဖြစ်နေ၍ ဓားကြီးသွားကစားရန်ပင် စိတ်မပါတော့ ။ ကြွားရမည် ။ သူ ကြွားကို ကြွားရမည်ဖြစ်သည် ။
' ငါ အကိုမို့ အိပ်နေတဲ့ မြေဆွဲအားခန်း အပြင်က စောင့်နေရမယ်.. ထွက်လာတာနဲ့ ဒီသတင်းကို ပြလိုက်ရင် အကိုမို့ လန့်သွားမှာပဲ.. '
ဖုန်းထဲတွင် ကြွားရသည်ထက် အပြင်တွင် ကြွားရသည်က ပို၍ အရသာ ရှိပေသည် ။
Chapter 195