အခန်း (၁၄၅၁)
Vol. 104 Ch. 1451
လင်းရှောင်နယ်မြေထဲမှ လူတိုင်းက ခေါင်းမော့လိုက်ကြသည်။
ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော နယ်မြေများ ထွက်ပေါ်လာကြသည်။
ယင်းက စစ်မှန်သော စမ်းသပ်မှုလည်း ဖြစ်သည်။
သာမန်မျက်စိဖြင့် မြင်နိုင်သော ဧရာမပုံရိပ်များက ဟင်းလင်းပြင်ထဲမှာ တစ်ကောင်ပြီးတစ်ကောင် ထွက်ပေါ်လာကြသည်။
၎င်းတို့ဆီမှာ အတောင်ပံများ၊ ခြေလက်လေးဖက်နှင့် ဦးချိုများ ရှိကြသည်။
၎င်းတို့က လောကတစ်သောင်း၏ ကောင်းကင်မိစ္ဆာသားရဲများမှလွဲ၍ တခြားမဟုတ်ပေ။
လောကတစ်သောင်း၏ ကောင်းကင်မိစ္ဆာသားရဲများကို သတ်ဖြတ်ခြင်းဖြင့် တစ်စုံတစ်ယောက်က ကောင်းကင်ပုတီးစေ့များကို ရရှိနိုင်သည်။
သို့သော်လည်း ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေ၏ အပြင်ဘက်ဟင်းလင်းပြင်ထဲမှ ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က အတော်လေး များပြားနေသည်။
ယင်းက အလွန်များပြားလေရာ တခြားကုန်းမြေများမှ ကျင့်ကြံသူများကို ပါးစပ်အဟောင်းသား ဖြစ်သွားစေသည်။
အနည်းဆုံး ဘီလီယံနှင့်ချီသည်။
“ အဲ့ဒီကုန်းမြေက ဘာတွေလုပ်ထားလို့ ကောင်းကင်မိစ္ဆာသားရဲတွေက အဲ့လောက်တောင် များပြားနေတာလဲ ”
“ ဘုရားရေ… ဘာလို့ အဲ့ဒီမှာ ကောင်းကင်မိစ္ဆာသားရဲတွေ အများကြီး ရှိနေတာလဲ… သူတို့တော့ ကံဆိုးမိုးမှောင်ကျပြီ ”
ကောင်းကင်မိစ္ဆာသားရဲများက ကောင်းကင်ပုတီးစေ့များကို ကိုယ်စားပြုသည်။ သို့သော်လည်း ယင်းက လူတိုင်း ရရှိနိုင်သောအရာ မဟုတ်ပေ။
ကောင်းကင်မိစ္ဆာသားရဲများက မူလစွမ်းအားကို ဝါးမျိုနိုင်သွားလျှင် ၎င်းတို့က နဂိုထက် အစွမ်းပိုကြီးမားသွားပြီး ကုန်းမြေနယ်နိမိတ်ထဲမှ တိတ်ဆိတ်စွာ ထွက်ခွာနိုင်သွားကြလိမ့်မည်။ ထို့နောက် ၎င်းတို့က ပိုပြီးကျယ်ပြောပြီး ပိုပြီးအဆင့်မြင့်သော နယ်ပယ်များဆီသို့ တတ်လှမ်းရန် ကျင့်ကြံနိုင်ကြလိမ့်မည်။
၎င်းတို့က မူလစွမ်းအားမှ မွေးဖွားလာကြခြင်းဖြစ်ပြီး ကုန်းမြေများကြားမှာ လွတ်လပ်စွာ ရွေ့လျားနိုင်ကြသည်။
မည်သည့်ကုန်းမြေကမှ ကောင်းကင်မိစ္ဆာသန်းပေါင်းများစွာ၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို မတောင့်ခံနိုင်ကြချေ။
ဘေးပတ်ဝန်းကျင်ရှိ ကုန်းမြေများမှ ကျင့်ကြံသူများက ပါးစပ်အဟောင်းသားဖြစ်သွားကြစဉ် ဤအခိုက်အတန့်မှာ လင်းရှောင်နယ်မြေထဲမှ ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။
ထိုကောင်းကင်မိစ္ဆာသားရဲများက အလွန်အားကောင်းသော စွမ်းအားကို ထုတ်လွှတ်နေကြသည့်အပြင် ၎င်းတို့ထံမှ အရှိန်အဝါက မူလစွမ်းအားနှင့် လိုက်လျောညီထွေရှိသည်။ ယင်းက လင်းရှောင်နယ်မြေထဲမှ လူတိုင်း၏ သွေးအနှစ်သာရကို ပရမ်းပတာဖြစ်စေသည်။
ထိုကောင်းကင်မိစ္ဆာတစ်ကောင်စီက အနည်းဆုံး အဆင့်ငါး ရုပ်သေးသခင်တစ်ယောက်၏ တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။ ယင်းက စဦးအင်မော်တယ်အဆင့်နှင့် ညီမျှသည်။
ထိုသို့တိုက်ပွဲစွမ်းအားကို သန်မာသည်ဟု မဆိုနိုင်သော်လည်း ၎င်းတို့က အရေအတွက် အလွန်များပြားသည်။
“ ဂရား ”
ပထမဆုံး အပြည့်အဝ ဖွဲ့စည်းသွားသော ကောင်းကင်မိစ္ဆာသားရဲက လင်းရှောင်နယ်မြေထဲသို့ ပျံသန်းလာသည်။
ထို့နောက် ကောင်းကင်မိစ္ဆာသားရဲ သိန်းပေါင်းများစွာက အင်းဆက်အုံများသဖွယ် တစ်ဟုန်ထိုး ပျံသန်းလာကြသည်။
ထိုသို့အင်အားက လင်းရှောင်နယ်မြေကို ဖြိုချဖျက်ဆီးပစ်ရန် လုံလောက်သည်။
“ ခုခံကြ ”
အော်သံတစ်သံပြီးတစ်သံ ပဲ့တင်ထပ်လာသည်။ ထို့နောက် မရေမတွက်နိုင်သော ဝင်္ကပါများက လင်းရှောင်ဓားဂိုဏ်း၏ ဘေးပတ်ပတ်လည်မှာ ထွက်ပေါ်လာကြသည်။
သို့သော်လည်း ထိုဝင်္ကပါများက သန်းနှင့်ချီသော ကောင်းကင်မိစ္ဆာသားရဲများကို ခုခံတားဆီးနိုင်မည်လော မည်သူမှ မသိကြပေ။
ထိုအခိုက်အတန့်မှာ လင်းရှောင်ဓားဂိုဏ်း၏ ပင်မခန်းဆောင်ထဲ၌ တရားကျင့်နေသော ဟန်မူယဲ့က ဆတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။
“ အဲ့ဒီကောင်တွေက ကောင်းကင်မိစ္ဆာသားရဲတွေလား ”
သူက နူးညံ့စွာ တီးတိုးရေရွတ်လိုက်သည်။
“ မဟုတ်ဘူး… အဲ့ဒါတွေက ကောင်းကင်ပုတီးစေ့တွေ ”
ဘေးမှာ ရပ်နေသော ဟွင်းသွမ်းက ပြောသည်။ သူက အလွန်စိတ်လှုပ်ရှားနေလေရာ သူ၏ မျက်လုံးက ထွန်းလင်းတောက်ပနေသည်။
ရတနာများနှင့် ပတ်သက်လာလျှင် သူက စိတ်မထိန်းနိုင်ပေ။
ဟန်မူယဲ့က ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။
သူ့အနောက်တွင် ဟွင်းသွမ်းက ပေတစ်သောင်းရှည်လျားသော စစ်ပွဲရုပ်သေးရုပ်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ဟင်းလင်းပြင်ထဲတွင် စစ်ပွဲရုပ်သေးရုပ်က လက်မြှောက်လိုက်သည်။ ထိုအခါ နက်ပြာရောင်မြူခိုးထုက ကောင်းကင်ပေါ်မှ ဆင်းသက်လာပြီး အချင်းမိုင်ဆယ်သန်းအတွင်းမှ ကောင်းကင်နှင့်မြေကြီးကို ဖုံးလွှမ်းသွားသည်။
အပြင်ဘက်မှ တိုးဝင်လာနေကြသော ကောင်းကင်မိစ္ဆာသားရဲအားလုံးက ထိုမြူခိုးထုထဲသို့ ဝင်ရောက်သွားကြသည်။
ဟန်မူယဲ့က လက်ဖြန့်လိုက်လေရာ သုံးပေဓားရှည်တစ်လက်က သူ၏ လက်ဖဝါးထဲမှာ ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် သူက မြူခိုးထဲသို့ တစ်လှမ်းချင်း လျှောက်လှမ်းသွားသည်။
မြူခိုးထဲတွင် သားရဲဟိန်းသံများနှင့် အော်ဟစ်ညည်းညူသံများက ဆက်တိုက် ပဲ့တင်ထပ်လာသည်။
ကောင်းကင်မိစ္ဆာသားရဲများက တစ်ကောင်ပြီးတစ်ကောင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားကြသည်။ ၎င်းတို့၏ ခန္ဓာကိုယ်ပေါ်တွင် အလွန်နက်ရှိုင်းသော ဓားဒဏ်ရာများ ရှိသည်။
သို့သော်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျလာသော ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က ကောင်းကင်ပေါ်မှ သန်းပေါင်းများစွာသော ကောင်းကင်မိစ္ဆာသားရဲများနှင့် နှိုင်းယှဉ်လျှင် ပင်လယ်ထဲမှ ရေတစ်စက်မျှသာ ဖြစ်သည်။
မြူခိုးက ဆက်လက် ကျယ်ပြန့်သွားသည်။ သားရဲဟိန်းသံများနှင့် အော်ဟစ်ညည်းညူသံများက ဆက်တိုက် ပဲ့တင်ထပ်နေစဉ် အဆုံးမဲ့သော လျှပ်စီးကြောင်းများက မြူခိုးထဲမှာ ရုတ်တရက် ထွက်ပေါ်လာကြသည်။
လျှပ်စီးကြောင်းများကြောင့် မြူခိုးတချို့က လွင့်ပြယ်သွားသည့်အခါ အချင်းမိုင်ဆယ်သန်းကျယ်ဝန်းသော ဟင်းလင်းပြင်ထဲမှ မြင်ကွင်းက လူတိုင်း၏ မျက်စိအရှေ့မှာ ရှင်းလင်းစွာ ထွက်ပေါ်လာသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် လျှပ်စီးကြောင်းများက ပင်လယ်ကြီးတစ်စင်းနှယ် ရှိနေသည်။ မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက လျှပ်စီးသံကြိုးများဖြင့် တိုက်ရိုက် ထိုးဖောက်ခံလိုက်ကြရပြီး ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ပုတီးစေ့များက အပြင်သို့ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ကြရသည်။
ကံကောင်းထောက်မ၍ အဆုံးမဲ့လျှပ်စီးပင်လယ်ထဲမှ ပြုတ်ကျသွားကြသော ကောင်းကင်မိစ္ဆာသားရဲအနည်းငယ်မှလွဲလျှင် (၉၉)ရာခိုင်နှုန်းက အသတ်ခံလိုက်ကြရသည်။ ထို့ပြင် ၎င်းတို့၏ ခန္ဓာကိုယ်ထဲမှ ကောင်းကင်ပုတီးစေ့များက အတင်းအဓမ္မ ဆွဲထုတ်ခံလိုက်ကြရသည်။
သို့ဖြစ်၍ နောက်အခိုက်အတန့်မှာ မူလစွမ်းအားမှ မွေးဖွားလာကြသော ထိုကောင်းကင်မိစ္ဆာသားရဲများက မူလစွမ်းအားအဖြစ် ပြန်ပြောင်းလဲသွားပြီး ကုန်းမြေကို အာဟာရဖြည့်ပေးလိုက်ကြသည်။
ထို့ကြောင့် လင်းရှောင်နယ်မြေမှ စွမ်းအားက တစ်ဟုန်ထိုး မြင့်တတ်သွားပြီး ယခင်ထက် အဆပေါင်းများစွာ ပိုပြီးသိပ်သည်းသွားသည်။
“ ဝုန်း ”
နောက်ဆုံးမှာ မြူခိုးက လွင့်ပြယ်သွားသည့်အခါ ကုန်းမြေက အဆင့်မြှင့်တတ်သွားသည်။ ဤအခိုက်အတန့်မှာ ပုံရိပ်ယောင်ဝိညာဉ်အလင်းက ကုန်းမြေကို ဖုံးလွှမ်းသွားသည်။
ဟန်မူယဲ့၏ ဘေးပတ်ဝန်းကျင်တွင် လျှပ်စီးပင်လယ်က ပျောက်ကွယ်သွားသည်။
သန်းပေါင်းများစွာသော ကောင်းကင်ပုတီးစေ့များက စုဆောင်းခံလိုက်ရသည်။
“ ကုန်းမြေက အဆင့်မြှင့်တတ်သွားပြီ… မကြာခင် ကုန်းမြေတွေရဲ့ ယှဉ်ပြိုင်မှုက စတင်တော့မယ်… ကောင်းကင်ပုတီးစေ့တွေကို စုဆောင်းဖို့ ဘာလို့ စောင့်ဆိုင်းနေမှာလဲ ”
ဟန်မူယဲ့၏ အသံက ပျံ့လွင့်သွားသည်။
သူက ကောင်းကင်ပုတီးစေ့သန်းပေါင်းများစွာကို စုဆောင်းနိုင်ခဲ့သည်။ သို့သော်လည်း ကောင်းကင်မိစ္ဆာသားရဲ သန်းပေါင်းများစွာက ဟင်းလင်းပြင်ထဲမှာ ပျံဝဲနေကြဆဲပင်။
ထိုကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က တခြားကုန်းမြေများထက် ဆယ်ဆပိုများပြားသည်။
တခြားကုန်းမြေများသည် ၎င်းတို့၏ ကောင်းကင်အပြင်ဘက်မှ ကောင်းကင်မိစ္ဆာသားရဲများကို သုတ်သင်ရှင်းလင်းပြီးသည်နှင့် အရင်းအမြစ်များ လုယက်ရန် ဤနေရာသို့ သေချာပေါက် ရောက်လာကြလိမ့်မည်။
ထိုအခါကျလျှင် စစ်ပွဲက သေချာပေါက် ဖြစ်ပွားလိမ့်မည်။
သို့ဖြစ်လေရာ ကောင်းကင်မိစ္ဆာသားရဲများ၏ ခြိမ်းခြောက်မှုကို အချိန်တိုလေးအတွင်း မြန်ဆန်စွာ ဖြေရှင်းပြီး ကောင်းကင်ပုတီးစေ့များကို သန့်စင်ကာ သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တိုက်ပွဲစွမ်းအားကို ဆက်တိုက် မြှင့်တင်ခြင်းက အကောင်းဆုံးနည်းလမ်း ဖြစ်သည်။
သို့မှသာ သူတို့က နောက်ထပ် ကောင်းကင်ပုတီးစေ့များကို စုဆောင်းနိုင်ကြလိမ့်မည်။
ကောင်းကင်ပုတီးစေ့များ ထွက်ပေါ်လာသည့်အခါ လောကတစ်သောင်းယှဉ်ပြိုင်ပွဲက တရားဝင် စတင်သွားသည်။
ဟန်မူယဲ့က အရှေ့သို့ ချီတတ်သွားနေကြသော လင်းရှောင်နယ်မြေမှ ကျင့်ကြံသူများကို ကြည့်လိုက်သည်။ သူ၏ အမူအရာက မထူးမခြားနားရှိသည်။
သူက လက်မြှောက်လိုက်သည့်အခါ ရွှေရောင်အလင်းလွှာက ဖန်သားပြင်တစ်ခုအဖြစ် ပြောင်းလဲသွားသည်။
ဖန်သားပြင်ပေါ်တွင် ကောင်းကင်ပုတီးစေ့များဖြင့် လဲလှယ်နိုင်သော အရင်းအမြစ်များကို ဖော်ပြထားသည်။
“ အဆင့်ရှစ် စစ်ပွဲရုပ်သေးရုပ် ဒါမှမဟုတ် ချပ်ဝတ်တစ်ခုအတွက် တန်ကြေးက ကောင်းကင်ပုတီးစေ့တစ်သောင်း ”
“ အဆင့်ကိုး စစ်ပွဲရုပ်သေးရုပ် ဒါမှမဟုတ် ချပ်ဝတ်တစ်ခုအတွက် တန်ကြေးက ကောင်းကင်ပုတီးစေ့တစ်သိန်း ”
“ သူတော်စင်အဆင့် စစ်ပွဲရုပ်သေးရုပ် ဒါမှမဟုတ် ချပ်ဝတ်တစ်ခုအတွက် တန်ကြေးက ကောင်းကင်ပုတီးစေ့တစ်သန်း ”
“ နတ်ဘုရားအဆင့် စစ်ပွဲရုပ်သေးရုပ် ဒါမှမဟုတ် ချပ်ဝတ်တစ်ခုအတွက် တန်ကြေးက ကောင်းကင်ပုတီးစေ့ဆယ်သန်း ”
“ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ် ဒါမှမဟုတ် ချပ်ဝတ်တစ်ခုအတွက် တန်ကြေးက ကောင်းကင်ပုတီးစေ့သန်းတစ်ရာ ”
ကောင်းကင်ပုတီးစေ့များဖြင့် ရတနာများကို လဲလှယ်ခြင်းက ကုန်းမြေအားလုံးတွင် အတူတူဖြစ်သည်။
သို့သော်လည်း စစ်ပွဲရုပ်သေးရုပ်များဖြင့် တိုက်ရိုက် လဲလှယ်မည်ဆိုလျှင် အဆင့်ရှစ်စစ်ပွဲရုပ်သေးရုပ်မှ စတင်လိမ့်မည်။ ယင်းက ကြုံတောင့်ကြုံခဲ အခွင့်အလမ်းဖြစ်သည်။
လင်းရှောင်နယ်မြေထဲမှ လူတိုင်း၏ မျက်နှာပေါ်မှာ စိတ်လှုပ်ရှားမှုအရိပ်အယောင် ထွက်ပေါ်လာသည်။
အကယ်၍ တစ်စုံတစ်ယောက်က ကောင်းကင်မိစ္ဆာသားရဲဆယ်သန်းကို သတ်ဖြတ်ပြီး ကောင်းကင်ပုတီးစေ့ဆယ်သန်းကို စုဆောင်းနိုင်မည်ဆိုလျှင် အလွန်အစွမ်းထက်သော နတ်ဘုရားအဆင့် စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ပိုင်ဆိုင်နိုင်လိမ့်မည်။
“ သတ် ”
မရေမတွက်နိုင်သော လူများက ကျယ်လောင်စွာ ကြုံးဝါးလိုက်ကြပြီး ကောင်းကင်ပေါ်သို့ ပျံသန်းသွားကြသည်။
ဟန်မူယဲ့၏ ဘေးတွင် ဟွင်းသွမ်းက လေထဲမှ ကောင်းကင်ပုတီးစေ့တစ်လုံးကို ဖမ်းယူလိုက်သည်။
“ အချိန်လေဟာနယ်ရဲ့ စည်းမျဉ်းတွေကနေ ဖြစ်ပေါ်လာတဲ့ ရတနာလို့ မပြောရဘူး… ဒီထဲမှာ စွမ်းအင်အမျှင်တန်းတစ်ခုပဲ ပါဝင်တာတောင် အဲ့ဒါက ရှားပါးရတနာဖြစ်နေတုန်းပဲ… ”
ကောင်းကင်ပုတီးစေ့က အချိန်လေဟာနယ်အစွမ်း ကိန်းအောင်းနေသော ရှားပါးရတနာတစ်ခု ဖြစ်သည်။
ဟန်မူယဲ့၏ လက်ဖဝါးထဲတွင် ကောင်းကင်ပုတီးစေ့များက ဖုန်မှုန့်အဖြစ် ပြောင်းလဲသွားပြီး ယင်းတို့ထဲမှ စွမ်းအင်က သူ၏ ခန္ဓာကိုယ်ထဲသို့ စုပ်ယူခံလိုက်ရသည်။
ဟွင်းသွမ်းပြောသည့်အတိုင်းပင် ထိုကောင်းကင်ပုတီးစေ့များက အချိန်လေဟာနယ်စည်းမျဉ်း၏ အစိတ်အပိုင်းများ ဖြစ်ကြသည်။
သို့သော်လည်း ထိုကောင်းကင်ပုတီးစေ့များထဲမှ စွမ်းအင်က အစိတ်အပိုင်းများအဖြစ် နောက်ထပ် မတည်ရှိနိုင်ကြတော့ပေ။
ထိုစွမ်းအင်က အလွန်သေးငယ်လေရာ အာရုံမခံနိုင်လုနီးပါးပင်။
သူ၏ ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားသော အလွန်ပေါများသည့် သွေးအနှစ်သာရနှင့် အင်မော်တယ်ဝိညာဉ်စွမ်းအားမှလွဲလျှင် အချိန်လေဟာနယ်၏ စည်းမျဉ်းက အင်မတန်သေးငယ်သည်။
ဟန်မူယဲ့က တွက်ချက်မှုတချို့ ပြုလုပ်လိုက်သည်။ အကယ်၍ သူက ကောင်းကင်ပုတီးစေ့ဆယ်ဘီလီယံထဲမှ အချိန်လေဟာနယ်အစိတ်အပိုင်းများကို ဆွဲထုတ်မည်ဆိုလျှင်ပင် ယင်းက ဆံချည်မျှင်တစ်မျှင် အရွယ်အစားမျှသာ စုဝေးသွားနိုင်လိမ့်မည်။
မှန်ပေသည်။ ယင်းက တခြားကျွမ်းကျင်သူများ၏ မျက်လုံးထဲတွင် အဖိုးမဖြတ်နိုင်သော ရတနာဖြစ်သည်။ ဆံချည်မျှင်အရွယ်အစားသာရှိသော အချိန်လေဟာနယ်စည်းမျဉ်းကို မဆိုထားနှင့် ထိုထက် ဆယ်ဆပိုသေးငယ်လျှင်ပင် ယင်းက အလွန်တန်ဖိုးကြီးမားလိမ့်မည်။
မည်သို့ဖြစ်ပါစေ ကောင်းကင်ပုတီးစေ့များက ကြယ်ဝချမ်းသာမှု၏ ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်သည်။ သို့သော်လည်း တစ်စုံတစ်ယောက်က ယင်းတို့ကို စည်းမျဉ်းများအဖြစ် ပြောင်းလဲပြီး စုပ်ယူနိုင်မည်ဆိုလျှင် ယင်းက ကိုယ်ပိုင်စွမ်းအား ဖြစ်လာလိမ့်မည်။
ကြွယ်ဝချမ်းသာမှုပမာဏက တစ်စုံတစ်ယောက်၏ ကိုယ်ပိုင်စည်းမျဉ်းများကို မည်သို့နှိုင်းယှဉ်နိုင်မည်နည်း။
သို့သော်လည်း ဟန်မူယဲ့အတွက်တော့ သူက ကောင်းကင်ပုတီးစေ့များကို အလဟဿ သုံးဖြုန်းရန် မလိုပေ။ သူက ယင်းတို့ကို အရင်းအမြစ်အမျိုးမျိုးဖြင့် လဲလှယ်နိုင်သည်။
အကယ်၍ သူက ထိုကောင်းကင်ပုတီးစေ့များဖြင့် စည်းမျဉ်းချိုးဖြတ်စွမ်းအားကို ဖွဲ့စည်းချင်သည်ဆိုလျှင် ကုန်းမြေက ပိုပြီးအဆင့်မြင့်သော နယ်ပယ်သို့ တတ်လှမ်းသွားသည်အထိ စောင့်ဆိုင်းရန်သာ လိုအပ်လိမ့်မည်။
သူမျက်လုံးမှိတ်လိုက်သည့်အခါ နတ်ဘုရားအလင်းဖျော့ဖျော့က ဟန်မူယဲ့၏ ဘေးပတ်ပတ်လည်မှာ ထွန်းလင်းလာသည်။
တစ်ခဏကြာပြီးနောက် သူမျက်လုံးဖွင့်လိုက်သည့်အခါ စူးရှသော အလင်းက သူ၏ မျက်လုံးထဲမှာ ထွက်ပေါ်လာသည်။
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ ဌာနချုပ်ကို ရှာတွေ့ပြီ… အကွာအဝေးက ကြီးမားတယ်ဆိုပေမဲ့ ငါ့ရဲ့ လုပ်နိုင်စွမ်းအတွင်းမှာ ရှိတယ် ”
ဟန်မူယဲ့က တီးတိုးပြောသည်။ ထို့နောက် သူက နေရာမှ ပျောက်ကွယ်သွားသည်။
သူက ဟင်းလင်းပြင်ကို ဖြတ်သန်းသွားသည်။ သူဖြတ်သန်းသွားသည့်နေရာတိုင်း ကောင်းကင်မိစ္ဆာသားရဲများက အစုလိုက်အပြုံလိုက် သေကြေပျက်စီးသွားကြသည်။
ကျင့်ကြံသူအုပ်စုများက အစွမ်းကုန်သုံး၍ ကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်နေကြသည်။
ကုန်းမြေတချို့သည် ကောင်းကင်မိစ္ဆာသားရဲများ၏ ကျူးကျော်ဝင်ရောက်လာမှုကို မတားဆီးနိုင်ကြချေ။ သူတို့၏ ခုခံကာကွယ်မှုက ပြိုကွဲပျက်စီးသွားသည်။
ထိုကောင်းကင်မိစ္ဆာသားရဲများက ကုန်းမြေအတွင်းမှ မူလစွမ်းအားကို ဆွဲထုတ်၍ အောင်ပွဲခံကာ အပေါ်သို့ တတ်လှမ်းသွားကြသည်။
မူလစွမ်းအား ဆွဲထုတ်ခံလိုက်ရသော ကုန်းမြေများက မီးခိုးငွေ့အဖြစ် အလွှာတစ်လွှာပြီးတစ်လွှာ ပျောက်ကွယ်သွားကြသည်။ နောက်ဆုံးမှာ ယင်းတို့က ဖုန်မှုန့်ဖြစ်သွားကြသည်။
ထိုကုန်းမြေအတွင်းမှာ နေထိုင်ကြသော သက်ရှိများအတွက်တော့ အကယ်၍ သူတို့က တခြားကုန်းမြေဆီသို့ အချိန်မီ မထွက်ပြေးနိုင်လျှင် ကုန်းမြေနှင့်အတူ မီးခိုးငွေ့အဖြစ် ပြောင်းလဲသွားကြလိမ့်မည်။
ကုန်းမြေတစ်ထောင်ကို ဖြတ်ကျော်လာပြီးနောက် ဟန်မူယဲ့၏ ပုံရိပ်က ဟင်းလင်းပြင်ထဲမှာ ရုတ်ချည်း ရပ်တန့်သွားသည်။
ကောင်းကင်မိစ္ဆာသားရဲတစ်သောင်းက ဓားကျင့်ကြံသူအုပ်စုတစ်ခုကို ဝိုင်းရံတိုက်ခိုက်နေကြသည်။
ထိုနေရာနှင့် မနီးမဝေးတွင် ကျင့်ကြံသူအုပ်စုအများအပြားက အရပ်ရှစ်မျက်နှာမှာ ပြန့်ကျဲနေကြသည်။
သို့တိုင် ထိုကျင့်ကြံသူများက ရပ်ကြည့်နေကြသည်။ သူတို့မှာ ဝင်ကူညီမည့် အရိပ်အယောင် မရှိပေ။ ထို့ပြင် သူတို့ထဲမှ အများစုက ဓားကျင့်ကြံသူအုပ်စုကို သရော်လှောင်ပြောင်စွာ ကြည့်နေကြသည်။
“ ဒီတော့ အဲ့ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဓားကျင့်ကြံသူတွေရဲ့ အစွမ်းပေါ့… ဘယ်လောက် အားနည်းလိုက်လဲ ”
တစ်စုံတစ်ယောက်က အထင်သေးရှုံ့ချစွာ စကားပြောနေရင်း အနောက်သို့ တစ်လှမ်းချင်း ဆုတ်သွားသည်။
“ အတိတ်မှာ ဟွမ်ကျစ်ဟူနဲ့ ကောင်းကင်နင်းခြေအင်မော်တယ်ဘုရင်က နယ်မြေတစ်ခုကို သိမ်းပိုက်ခဲ့ကြတယ်… အဲ့ဒီတုန်းက သူတို့က အစွမ်းထက် ရန်သူတွေနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ ဒီလောက်အခြေအနေမဆိုးဝါးခဲ့ဘူး… အခုကျမှ ဘယ်လိုဖြစ်တာလဲ… သူတို့က ဟင်းလင်းပြင်ထဲက ကောင်းကင်မိစ္ဆာသားရဲလေးတွေကိုတောင် အမဲမလိုက်နိုင်ကြတော့ဘူးလား ”
အခြားတစ်ယောက်က သရော်လှောင်ပြောင်စွာ ရယ်မောလိုက်သည်။
သူတို့က ထိုဓားကျင့်ကြံသူအုပ်စုကို ထောင်ချောက်ဆင်ရန်အလို့ငှာ ကောင်းကင်မိစ္ဆာသားရဲများကို ဤနေရာသို့ သွေးဆောင်မျှားခေါ်လာခဲ့ကြောင်း ထင်ရှားပေသည်။
ထိုစဉ် ကောင်းကင်မိစ္ဆာသားရဲများ၏ ဝိုင်းရံခံထားရသော ဓားကျင့်ကြံသူများက အံတင်းတင်းကြိတ်လိုက်ကြသည်။ မိစ္ဆာသားရဲများက အရှေ့သို့ ခုန်တတ်လာကြပြီး သူတို့၏ လက်မောင်းကို ကိုက်ဆွဲသွားလျှင်ပင် သူတို့က နာကျင်စွာ မအော်ဟစ်ကြပေ။
“ ဝှီး ”
အဝေး၌ ဓားအလင်းလှိုင်းများက အရှေ့သို့ ပြန့်ကျဲသွားသည်။
ဓားကျင့်ကြံသူတစ်ထောင်က တိုက်ပွဲဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ပြီး ဟင်းလင်းပြင်ကို ထိုးဖောက်လိုက်ကြသည်။