← Chapters

အခန်း (၁၄၅၂)

Vol. 104 Ch. 1452

အခန်း (၁၄၅၂)

Vol. 104 Ch. 1452

ဓားအလင်းက ဒီရေလှိုင်းလုံးများသဖွယ် ပေါ်လျှိုးလာပြီး ဟင်းလင်းပြင်ကို ဝင်ဆောင့်သွားကာ မိုးမြေစွမ်းအားကို လှုံ့ဆော်လိုက်သည်။

ထို့နောက် ဓားအလင်းက ပေတစ်ထောင်ရှည်လျားသော ဧရာမပုံရိပ်တစ်ခုအဖြစ် ဖွဲ့စည်းသွားသည်။ ၎င်း၏ ဓားတစ်ချက်က ကောင်းကင်မိစ္ဆာသားရဲဒါဇင်ခန့်ကို အမြစ်ဖြတ်သုတ်သင်လိုက်သည်။

ထိုစဉ် ကောင်းကင်မိစ္ဆာသားရဲများ၏ ဝိုင်းရံခံထားရသော ဓားကျင့်ကြံသူအုပ်စု၏ တိုက်ပွဲဝင်္ကပါပေါ်မှာ အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

“ ဒီကိုမလာနဲ့… သူတို့က ချုံခိုတိုက်ခိုက်ဖို့ စောင့်နေကြတာ… ”

တိုက်ပွဲဝင်္ကပါထဲမှ တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။

သို့သော်လည်း အရှေ့တတ်လာနေကြသော ဓားကျင့်ကြံသူများက တုံ့ဆိုင်းမနေကြပေ။ သူတို့က သားရဲများကို ဆုတ်ဖြဲလိုက်ကြပြီး ဝိုင်းရံခံထားရသော ဓားကျင့်ကြံသူအုပ်စုဖြင့် အတူပူးပေါင်းလိုက်ကြသည်။

ဓားဝင်္ကပါနှစ်ခု ပူးပေါင်းသွားသည့်အခါ သူတို့၏ တိုက်ပွဲစွမ်းအားက သိသိသာသာ မြင့်တတ်သွားသည်။ ကောင်းကင်မိစ္ဆာသားရဲများ၏ ဝိုင်းရံတိုက်ခိုက်မှုက သူတို့ကို နောက်ထပ် ဖိအားမပေးနိုင်တော့ပေ။

“ ဂရား ”

အဝေးတွင် ကောင်းကင်မိစ္ဆာသားရဲများ၏ ဟိန်းသံက ပဲ့တင်ထပ်လာသည်။

ကောင်းကင်မိစ္ဆာသားရဲထောင်သောင်းချီက ဒီရေသဖွယ် တလိပ်လိပ် ပေါ်လျှိုးလာသည်။

သားရဲဒီရေလှိုင်း၏ အရှေ့တွင် ကျင့်ကြံသူဒါဇင်ခန့်က လျှင်မြန်စွာ ရွေ့လျားနေကြသည်။ သူတို့၏ လက်ထဲမှာ မိစ္ဆာဆင့်ခေါ်အလံတိုင်များကို ဆုပ်ကိုင်ထားကြသည်။

ရှင်းလင်းစွာပင် ဟင်းလင်းပြင်ထဲမှ ကောင်းကင်မိစ္ဆာသားရဲများကို ထိုလူများက သွေးဆောင်ခဲ့ခြင်း ဖြစ်သည်။

အဝေးတွင် အရေအတွက်ပိုများပြားသော ကောင်းကင်မိစ္ဆာသားရဲများက ဒီရေသဖွယ် ထွက်ပေါ်လာကြသည်။

တိုက်ပွဲဝင်္ကပါများထဲမှ ဓားကျင့်ကြံသူများက မျက်နှာပျက်ယွင်းသွားကြသည်။

ထိုသို့အခြေအနေမျိုးမှာ သူတို့အတွက် လွတ်လမ်းမရှိတော့ပေ။

“ တပ်ကူခေါ်ရမလား ”

အဖွဲ့ခေါင်းဆောင်ဖြစ်ဟန်တူသော ကိုယ်ကျပ်သိုင်းဝတ်စုံ ဝတ်ဆင်ထားသည့် အမျိုးသမီးငယ်က တင်းမာခက်ထန်သော အမူအရာဖြင့် ပြောသည်။

သူ၏ ဘေးမှ သက်လတ်ပိုင်းအမျိုးသားက ခေါင်းခါလိုက်သည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ပြောသည်။

“ လူတွေပိုများလာရင် ထောင်ချောက်ထဲ ကျတဲ့လူတွေ ပိုများသွားလိမ့်မယ် ”

“ အသက်စတေးပြီး တိုက်ခိုက်ရုံကလွဲလို့ ငါတို့မှာ တခြားရွေးချယ်စရာ မရှိဘူး ”

ထိုသို့ပြောပြီးနောက် သက်လတ်ပိုင်းအမျိုးသားက ခေါင်းလှည့်လိုက်ပြီး သူ၏ ဘေးမှ အသက်ငယ်ရွယ်သော ဓားကျင့်ကြံသူကို ကြည့်လိုက်သည်။ သူ၏ မျက်နှာပေါ်မှာ ဝမ်းနည်းသောအမူအရာ ထွက်ပေါ်လာသည်။

ထို့နောက် သူက အနောက်သို့ လှည့်လိုက်ပြီး သူ၏ အနောက်မှ ဓားဝင်္ကပါကို ကြည့်လိုက်သည်။

“ မင်းတို့အားလုံးက ရဲရင့်တဲ့ ယောင်္ကျားတွေပါ… မင်းတို့ကို ကာကွယ်ဖို့ ငါတစ်ယောက်ပဲ အသက်စတေးရမယ်ဆိုရင်… ”

ထိုသို့ပြောလိုက်သည့်အခါ မှိန်ဖျော့ဖျော့ ရွှေရောင်အလင်းက သူ၏ ခန္ဓာကိုယ်ပေါ်မှာ မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

“ တာအိုပညာရှင်တယန်… မင်းအဲ့လိုမလုပ်ရဘူး ”

သူ့ဘေးမှ လူငယ်က အလန့်တကြား အော်ပြောလိုက်သည်။

“ တာအိုပညာရှင်တယန်… ကျုပ်တို့အတူတူ ချိုးဖြတ်ရအောင် ”

တခြားဓားကျင့်ကြံသူများသည်လည်း အော်ပြောလိုက်ကြသည်။

သက်လတ်ပိုင်းအမျိုးသား ဓားကျင့်ကြံသူ၏ ခန္ဓာကိုယ်က ဖြည်းညင်းစွာ ဝေဝါးသွားသည်။ ထို့နောက် သူက ခေါင်းယမ်းလိုက်ပြီး အမျိုးသမီးငယ်ကို ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ ဆုံးဖြတ်ချက်ပြတ်သားမှုဖြင့် ပြည့်နှက်နေသည်။

“ ဓားဆေးလုံးတွေအဖြစ် နောက်တစ်ကြိမ် ငါပြောင်းလဲတော့မယ်… ဂျူနီယာညီမယုချန်း… မင်း အစွမ်းကုန် အသုံးပြုပြီး အဲ့ဒါတွေကို ထိန်းချုပ်ပါ… အဲ့ဒါက အသက်ရှင်ဖို့အတွက် မျှော်လင့်ချက်အလင်းရောင် ဖြစ်လာနိုင်တယ် ”

“ မင်းတို့ထဲက ဘယ်နှစ်ယောက် လွတ်မြောက်နိုင်မလဲဆိုတာတော့ မင်းတို့အပေါ်မှာပဲ… ”

“ ထွက်ပြေးမှာလား ”

တာအိုပညာရှင်တယန်၏ စကားက အခြားအသံတစ်သံ၏ ကြားဝင်နှောင့်ယှက်မှုကြောင့် တစ်ပိုင်းတစ်စ ရပ်တန့်သွားသည်။

“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တပည့်တွေက ထွက်ပြေးရတဲ့ အခြေအနေထိ ရောက်ကုန်ပြီလား ”

ထိုအသံ… ။

ဝေဝါးနေသော ပုံရိပ်က တုန်ယင်သွားပြီး ဖြည်းညင်းစွာ ခေါင်းလှည့်လိုက်သည်။

သူ၏ အနောက်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ဆင်ထားသော ပုံရိပ်တစ်ခုက မတ်တတ်ရပ်နေသည်။

“ ဆရာ... ဆရာ… ဆရာ… ”

ဝေဝါးနေသော ပုံရိပ်၏ အသံက တုန်ယင်သွားသည်။ သူ၏ မျက်နှာပေါ်မှာ ဝမ်းနည်းမှု၊ စိတ်လှုပ်ရှားမှု၊ ဝမ်းသာပျော်ရွှင်မှု အစရှိသော စိတ်ခံစားချက်အမျိုးမျိုး ထွက်ပေါ်လာသည်။

ဟန်မူယဲ့က လက်ဆန့်ထုတ်လိုက်ပြီး ညင်သာစွာ ထိတွေ့လိုက်သည်။ ထိုအခါ ဝေဝါးနေသော ပုံရိပ်ထဲမှ အစိမ်းရောင်နှင့် အဝါရောင် ယှက်သန်းနေသော ဓားဆေးလုံးက သူ၏ လက်ဖဝါးပေါ်သို့ ကျဆင်းလာသည်။

“ တယန်… မတွေ့တာကြာပြီ ”

တာအိုပညာရှင်တယန်… ။

ယင်းက ထျန်းရွှမ်ကမ္ဘာထဲတွင် ဟန်မူယဲ့ ပထမဆုံးရရှိခဲ့သော ဓားဆေးလုံး ဖြစ်သည်။

ခွန်အားချင်းနှိုင်းယှဉ်မည်ဆိုလျှင် တယန်ဓားဆေးလုံးက ထျန်းလန်နှင့် တခြားဓားဆေးလုံးများကဲ့သို့ အစွမ်းမထက်ပေ။

သို့သော် ထိုအချိန်တုန်းက တာအိုပညာရှင်တယန်က အနည်းငယ် ရမ္မက်ကြီးပြီး လောဘကြီးသော်လည်း ဟန်မူယဲ့အတွက် အကျိုးအမြတ်အများကြီး ဆောင်ကြဉ်းပေးခဲ့သည်။

ထိုကောင်လေးက ပထမတန်းစား ရတနာမုဆိုး ဖြစ်သည်။

ကောင်းကင်ကမ္ဘာဆီသို့ ဟန်မူယဲ့ခြေချပြီးနောက် တာအိုပညာရှင်တယန်က အံ့ဖွယ်ဝိညာဉ်ဓားဂိုဏ်းဆီသို့ သွားရောက်ခဲ့သည်။ သို့သော်လည်း သူ၏ ခွန်အားက အခြေခံအားဖြင့် ရပ်တန့်သွားသည်။ နောက်ပိုင်းတွင် သူ၏ တာအိုလက်တွဲဖော်ဖြစ်သော ရေနဂါးချင်းတုံက ဆိုးဝါးစွာ သေဆုံးသွားခဲ့သည်။ ထိုအဖြစ်အပျက်က သူ့အား အသည်းကွဲစေပြီး ကျင့်ကြံခြင်းတွင် နောက်ထပ် အဆင့်တတ်ရန် စိတ်အားထက်သန်မှု လျော့နည်းသွားစေသည်။

မိုးနတ်သမီးနယ်မြေသို့ ဟန်မူယဲ့ထွက်သွားသည့်အခါ သူက တာအိုပညာရှင်တယန်နှင့် တခြားလူများကို လွတ်လပ်ခွင့်ပေးလိုက်သည်။

နှစ်ပေါင်းများစွာကြာပြီးနောက် ယခုကဲ့သို့ အချိန်မှာ တာအိုပညာရှင်တယန်ကို နောက်တစ်ကြိမ် သူပြန်မြင်တွေ့လိမ့်မည်ဟု ဟန်မူယဲ့ မမျှော်လင့်ထားပေ။

ထို့ပြင် သူမြင်တွေ့သည့်အချိန်မှာ တာအိုပညာရှင်တယန်က သူ၏ ခန္ဓာကိုယ်ကို ကိုယ့်ဘာသာဖောက်ခွဲပစ်တော့မည်။ သူက စွမ်းအင်အားလုံးကို စုစည်း၍ သူ့ကိုယ်ပိုင် ဓားဆေးလုံးကို ဖျက်ဆီးပစ်တော့မည်။

ရှင်သန်ခြင်းကို နှစ်သက်ပြီး သေရမည်ကို အမြဲတမ်း ကြောက်ရွံ့သော တာအိုပညာရှင်တယန်က ယခုကဲ့သို့ ဆုံးဖြတ်လိမ့်မည်ဟု ဟန်မူယဲ့ မထင်ထားပေ။

ဟန်မူယဲ့က သူ့အရှေ့မှ အမျိုးသမီးကို ကြည့်လိုက်သည်။ တစ်ဖက်လူက ဤအခိုက်အတန့်မှာ အံ့ဩဆွံ့အနေသည်။

သူက အရှေ့ပင်လယ် ရေနဂါးကလန်မှ ချင်းတုံ၏ အရှိန်အဝါတစ်စွန်းတစ်စကို ထိုအမျိုးသမီးထံမှာ အာရုံခံမိသည်။

ဖြစ်နိုင်တာက… ။

“ ရှင်… ရှင်ဘယ်သူလဲ ”

ဂျူနီယာညီမယုချန်းဟု အမည်ရသော ထိုအမျိုးသမီးက ဟန်မူယဲ့ကို ကြည့်လိုက်သည်။ သူ၏ မျက်ဝန်းထဲမှာ မသေချာသော မျှော်လင့်ချက်အလင်းရောင် တစ်စွန်းတစ်စရှိသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များသည် ဘိုးဘေးဟန်မူယဲ့ကို အပြင်မှာ မမြင်ဖူးလျှင်ပင် သူ၏ ပုံတူကို မြင်ဖူးကြသည်။

သို့သော်လည်း လောက၏ အထွတ်အထိပ်ပုဂ္ဂိုလ်များအနက် တစ်ဦးဖြစ်သော တိမ်မြူဓားအင်မော်တယ်က အင်မော်တယ်ဘုရင်အဆင့်သို့ ဟိုးယခင်ကတည်းက ရောက်ရှိနေခဲ့ကြောင်း လူတိုင်း သိထားကြသည်။ ပုံမှန်အားဖြင့် ထိုသို့ပုဂ္ဂိုလ်က ဤနေရာမှာ မထွက်ပေါ်လာသင့်ပေ။

ထို့ကြောင့် ဤအခိုက်အတန့်မှာ မည်သူမှ ဟန်မူယဲ့နှင့်ပတ်သက်၍ မသေချာကြပေ။

“ ဟား ဟား… မင်းတို့လူငယ်တွေ တကယ် ကံကောင်းကြတယ် ”

တာအိုပညာရှင်တယန်က ဝမ်းသာပျော်ရွှင်စွာ ပြောသည်။

“ အံ့ဖွယ်ကိုးပါးရဲ့ အရှင်သခင်… တိမ်မြူဓားအင်မော်တယ်ကို မင်းတို့မြင်ချင်တယ်လို့ အမြဲတမ်း ပြောနေခဲ့တာ မဟုတ်ဘူးလား ”

“ အခု အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ အရှင်သခင် ပြန်ရောက်လာပြီ… မင်းတို့တွေ ဘာလို့ မြန်မြန်အရိုအသေမပေးတာလဲ ”

တာအိုပညာရှင်တယန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်လေရာ သူ၏ ခန္ဓာကိုယ်က မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားသည်။

တိမ်မြူဓားအင်မော်တယ်… ။

သူတို့အရှေ့က လူက တကယ်ကြီး တိမ်မြူဓားအင်မော်တယ်လား… ။

တခြားလူများက မှားယွင်းနိုင်လောက်၏။ သို့သော်လည်း တာအိုပညာရှင်တယန်က မမှားယွင်းနိုင်ပေ။

အဘယ့်ကြောင့်ဆိုသော် အတိတ်မှာ တာအိုပညာရှင်တယန်က တိမ်မြူဓားအင်မော်တယ်၏ လက်အောက်မှာ ဓားဆေးလုံးဖြစ်ခဲ့ဖူးသည်။

“ တိမ်မြူဓားအင်မော်တယ်ကို ဂါရဝပြုပါတယ် ”

“ ဆရာဘိုးဘေးကို ဂါရဝပြုပါတယ် ”

“ ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”

…..

အံ့အားသင့်သော အသံများက ဆက်တိုက် ပဲ့တင်ထပ်သွားသည်။

ထိုဘွဲ့ထူးဂုဏ်ထူးများက တစ်ခုနှင့်တစ်ခု မတူညီသော်လည်း ယင်းတို့အားလုံးက ပုဂ္ဂိုလ်တစ်ယောက်တည်းကိုသာ ရည်ညွှန်းသည်။

ရှေးဦးကောင်းကင်ဘုံမြေထဲမှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ တည်ထောင်သူနှင့် အမွေဆက်ခံသူ၊ ဓားတစ်လက်ဖြင့် အင်မော်တယ်ကမ္ဘာနှင့် နတ်ဘုရားကမ္ဘာကြားမှ အတားအဆီးများကို ချိုးဖြတ်ခဲ့သူ၊ မူလစကြာဝဠာတစ်ခုလုံး၏ ကျင့်ကြံခြင်းလောကကို ဆက်လက် ထိန်းသိမ်းခဲ့သော အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။

ထိုပုဂ္ဂိုလ်က ဤလောကမှ ဓားကျင့်ကြံသူအားလုံးအတွက် ရှေ့ဆောင်လမ်းပြဘိုးဘေး ဖြစ်သည်။ သူက ဓားကျင့်ကြံသူအားလုံး၏ ဂုဏ်ယူဝင့်ကြွားမှုဖြစ်ပြီး ဓားကျင့်ကြံသူအားလုံးအတွက် အန္တိမပန်းတိုင် ဖြစ်သည်။

အော်သံများ ဆက်တိုက် ပဲ့တင်ထပ်သွားစဉ် အဝေးမှ ရပ်ကြည့်နေကြသော ကျင့်ကြံသူများ၏ မျက်နှာပေါ်မှာ စိတ်ရှုပ်ထွေးသော အရိပ်အယောင် ထွက်ပေါ်လာသည်။

သို့သော်လည်း ထိုဓားကျင့်ကြံသူများ အော်ပြောလိုက်သော ဘွဲ့ထူးဂုဏ်ထူးများကို ရှင်းလင်းပီသစွာ သူတို့ကြားသွားသည့်အခါ လူတိုင်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

“ မဖြစ်နိုင်တာ… ”

“ တိမ်မြူဓားအင်မော်တယ်… အဲ့ဒီအစွမ်းထက်ပုဂ္ဂိုလ်က ဘယ်လိုလုပ် ဒီကို ရောက်လာတာလဲ ”

“ အင်မော်တယ်ဘုရင်အဆင့် တိုက်ပွဲစွမ်းအားရှိတဲ့ တိမ်မြူဓားအင်မော်တယ်က အဆင့်နိမ့်ကုန်းမြေတစ်ခုထဲကို ဘယ်လိုလုပ် ဝင်လာနိုင်တာလဲ ”

အာမေဋိတ်သံများက လူတိုင်းထံမှ ပဲ့တင်ထပ်လာသည်။

ထို့နောက် သူတို့အားလုံးက အလိုအလျောက် အနောက်ဆုတ်သွားကြသည်။

အကယ်၍ ယင်းက အမှန်မဟုတ်လျှင်ပင် သူတို့ဂရုစိုက်ရလိမ့်မည်။

ဟန်မူယဲ့က သူ့အရှေ့မှ တာအိုပညာရှင်တယန်၏ ပုံရိပ်ကို ကြည့်လိုက်သည့်အခါ စိတ်ခံစားမှုအရိပ်အယောင်က သူ၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။

ကျင့်ကြံခြင်းလမ်းခရီးတွင် သူနှင့် ရင်းနှီးသိကျွမ်းသော မိတ်ဆွေအများအပြားက အချိန်မြစ်ထဲမှာ ပျောက်ကွယ်သွားကြသည်။

ယင်းက ကျင့်ကြံခြင်းလမ်းစဉ် ဖြစ်သည်။

ကျင့်ကြံခြင်းလောကက အမြဲတမ်း ထိုအတိုင်းဖြစ်ပြီး လွတ်လပ်မှုနှင့် ကင်းကွာသည်။

အကယ်၍ တစ်နေ့နေ့မှာ တစ်စုံတစ်ယောက်က တန်ခိုးရှင်တစ်ပါးဖြစ်လာမည်ဆိုလျှင်ပင် သူက ထိုသဘောတရားကို လွန်ဆန်နိုင်လိမ့်မည် မဟုတ်ချေ။

အစွမ်းထက် ပုဂ္ဂိုလ်အများစုက နောက်ဆုံးမှာ အထီးကျန်ဘဝဖြင့် အဆုံးသတ်သွားကြလေ့ ရှိသည်။ ဖြစ်နိုင်သည်မှာ ထိုအချက်ကြောင့် သူတို့က သေမျိုးလောကနှင့် သံယောဇဉ်မထားချင်ခြင်း ဖြစ်နိုင်၏။

သို့သော်လည်း ထိုသို့ကျင့်ကြံခြင်းက မည်သည့်အဓိပ္ပာယ်ရှိမည်နည်း။

ဟန်မူယဲ့ လက်မြှောက်လိုက်သည့်အခါ အနက်ရောင်စစ်ပွဲရုပ်သေးရုပ်တစ်ခုက တာအိုပညာရှင်တယန်၏ အရှေ့သို့ ကျဆင်းသွားသည်။

တာအိုပညာရှင်တယန်က မည်သည့်စကားမှ မပြောဘဲ စစ်ပွဲရုပ်သေးရုပ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။

မူလက တောင့်တင်းနေသော ရုပ်သေးရုပ်၏ ခန္ဓာကိုယ်က တုန်ယင်သွားပြီး ၎င်း၏ ခြေလက်များက ဖြည်းဖြည်းချင်း လှုပ်ရှားသွားသည်။

စစ်ပွဲရုပ်သေးရုပ်၏ မျက်လုံးက ဖွင့်လှစ်သွားသည့်အခါ ဝမ်းသာပျော်ရွှင်မှုအရိပ်အယောင် ထွက်ပေါ်လာသည်။

“ အဲ့ဒါက… အဲ့ဒါက… ”

တာအိုပညာရှင်တယန်က စစ်ပွဲရုပ်သေးရုပ်ကို ချက်ချင်း မှတ်မိသွားသည်။

သူက တစ်နေ့နေ့မှာ စစ်ပွဲရုပ်သေးရုပ်ကို ထိန်းချုပ်ရန် အခွင့်အရေးရလာလိမ့်မည်ဟု တစ်ခါမှ စိတ်မကူးကြည့်ဖူးပေ။

သူက လက်နက်ဝိညာဉ်ဖြစ်လေရာ စစ်ပွဲရုပ်သေးရုပ်ကို မထိန်းချုပ်နိုင်လောက်ပေ။

သို့မဟုတ်လျှင် ဟွမ်ကျစ်ဟူက သူ့အား ဟိုးယခင်ကတည်းက စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ပေးပြီးလောက်ချေ၏။

ထို့ပြင် ဤစစ်ပွဲရုပ်သေးရုပ်၏ ခန္ဓာကိုယ်က တစ်စုံတစ်ခု ထူးခြားကြောင်း တာအိုပညာရှင်တယန် ရှင်းလင်းစွာ အာရုံခံမိသည်။

ဤရုပ်သေးခန္ဓာကိုယ်က ပိုမိုသွက်လက်နေလေရာ တကယ့်ခန္ဓာကိုယ်အတိုင်းပင်။

ဟန်မူယဲ့က ဓားဆေးလုံးကို ပစ်ပေးလိုက်ပြီး ပြောသည်။

“ တိုက်ခိုက်ကြည့်ပါ ”

တာအိုပညာရှင်တယန်က ဓားဆေးလုံးကို ဖမ်းယူလိုက်သည်။ ထို့နောက် သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။

ကောင်းကင်မိစ္ဆာသားရဲ၏ ခန္ဓာကိုယ်က ချက်ချင်း ပြိုကွဲပျက်စီးသွားသည်။ တစ်ချိန်တည်းမှာ ပြင်းထန်သော အားလှိုင်းသက်ရောက်မှုကြောင့် အနီးနားဝန်းကျင်မှ ကောင်းကင်မိစ္ဆာသားရဲအများအပြားက သေကြေပျက်စီးသွားကြသည်။

တာအိုပညာရှင်တယန်က ရပ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို ငုံ့ကြည့်လိုက်သည်။ ထို့နောက် သူက ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။

“ ဟား ဟား… မင်းတို့ဖိုးဖိုးတယန်က အခု အရမ်းသန်မာသွားပြီ ”

“ လာစမ်း… ဘယ်သူက ပိုသန်မာလဲ ကြည့်ရအောင် ”

တာအိုပညာရှင်တယန်က လက်သီးဆုပ်လိုက်ပြီး ကောင်းကင်မိစ္ဆာသားရဲအုပ်စုထံသို့ ပျံသန်းသွားသည်။

ဟန်မူယဲ့က ခေါင်းခါလိုက်သည်။

ထိုကောင်လေးက သူ့ကိုယ်သူ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်ကြောင်း မေ့လျော့သွားချေ၏။

တာအိုပညာရှင်တယန်က ဓားဘုရင်ယွင်ထျန်း၏ ဓားဆေးလုံး ဖြစ်သည်။

သို့သော်လည်း ယင်းက ကိစ္စမရှိပေ။ ကမ္ဘာဦးအဆင့် စစ်ပွဲရုပ်သေးရုပ်ဖြင့်ဆိုလျှင် တာအိုပညာရှင်တယန်က ထိုကောင်းကင်မိစ္ဆာသားရဲများကို အလွယ်တကူ သုတ်သင်ရှင်းလင်းပစ်နိုင်သည်။

ထိုသားရဲများက သူ၏ အနက်ရောင်ချပ်ဝတ်ပေါ်မှာ ခြစ်ရာတစ်ခုထင်ရန်ပင် မစွမ်းဆောင်နိုင်ကြလေရာ သူ့ကို မည်သို့ ဒဏ်ရာရစေနိုင်မည်နည်း။

ဟန်မူယဲ့က ခေါင်းလှည့်လိုက်ပြီး သူ၏ ဘေးပတ်ပတ်လည်မှ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂိုဏ်းတပည့်များကို ကြည့်လိုက်သည်။

သူက လက်မြှောက်လိုက်ပြီး ဝှေ့ယမ်းလိုက်သည်။ ထိုအခါ အနက်ရောင်ချပ်ဝတ်ပါသော စစ်ပွဲရုပ်သေးရုပ်တစ်ထောင်က မြေပြင်ပေါ်သို့ ဆင်းသက်လာကြသည်။

၎င်းတို့အားလုံးက အနိမ့်ဆုံး ကောင်းကင်ဘုံအဆင့်မှာ ရှိကြသည်။

“ ဒီတိုက်ပွဲကို မြန်မြန် အဆုံးသတ်ပါ… ပြီးသွားရင် ငါတို့တွေ အံ့ဖွယ်ကိုးပါးမြို့ဆီ ပြန်ကြမယ် ”

ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။

ဓားကျင့်ကြံသူများက အကြည့်ချင်းဖလှယ်လိုက်သည့်အခါ အံ့ဩဝမ်းသာသော အရိပ်အယောင်က သူတို့၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ဟန်မူယဲ့ကို လေးနက်စွာ အရိုအသေပေးလိုက်ကြသည်။

တောက်ပသော ဓားအလင်း မြှောက်တတ်လာသည့်အခါ စစ်ပွဲရုပ်သေးရုပ်များ၏ ပုံရိပ်များက ထွက်ပေါ်လာကြသည်။

မရေမတွက်နိုင်သော ဝိညာဉ်အလင်းတန်းများက မြင်သာစွာ ရွေ့လျားသွားသည့်အခါ သွေးချီစွမ်းအားက စစ်ဗိုလ်ချုပ်ပုံရိပ်များအဖြစ် အသွင်ပြောင်းလဲသွားသည်။

ရုတ်တရက် မြင့်တတ်လာသော အံ့မခန်းစွမ်းအားကြောင့် ကောင်းကင်မိစ္ဆာသားရဲများက တုန်လှုပ်သွားကြပြီး စတင်အနောက်ဆုတ်သွားကြသည်။ သို့သော်လည်း အလွန်နောက်ကျသွားချေ၏။

ဓားအလင်းများက ကြက်ခြေခတ်သဖွယ် ပျံသန်းလာကြပြီး ကောင်းကင်မိစ္ဆာသားရဲများကို သတ်ဖြတ်လိုက်ကြသည်။

All Chapters