အခန်း (၁၄၅၃)
Vol. 104 Ch. 1453
တိုက်ပွဲထဲမှာ လုံးဝဈာန်ဝင်နေသော တာအိုပညာရှင်တယန်က သူ၏ ဓားဆေးလုံးကို ပေတစ်ရာရှည်လျားသော ဧရာမဓားတစ်လက်အဖြစ် အသွင်ပြောင်းလိုက်သည်။ ထို့နောက် သူက ဧရာမဓားဖြင့် ကောင်းကင်မိစ္ဆာသားရဲများကို ရက်စက်ကြမ်းတမ်းစွာ ခုတ်ပိုင်းလိုက်သည်။
ဘေးပတ်ဝန်းကျင်မှ ကောင်းကင်မိစ္ဆာသားရဲများက သေကြေပျက်စီးသွားကြပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားသည်။
အဝေးမှ ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြပြီး အမြန်ထွက်ပြေးသွားကြသည်။
သူတို့က ရှေးဦးကောင်းကင်းဘုံမြေဆီသို့ ဦးတည်မသွားကြချေ။
ထိုနေရာသို့ သွားလျှင် သူတို့က သေချာပေါက် အသက်ဆုံးရှုံးသွားကြလိမ့်မည်။
ဟန်မူယဲ့က ဘေးပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်လိုက်သည်။ သို့သော်လည်း သူက မလှုပ်ရှားချေ။
သူတို့က ပုရွက်ဆိတ်များသာ ဖြစ်လေရာ သူလှုပ်ရှားရန် မလိုအပ်ပေ။
“ ဘန်း ”
နောက်ဆုံးကောင်းကင်မိစ္ဆာသားရဲ အသတ်ခံလိုက်ရသည့်အခါ ကောင်းကင်ပုတီးစေ့က ဟန်မူယဲ့၏ လက်ထဲသို့ ကျရောက်လာသည်။
…..
နေ့တစ်ဝက်ကြာပြီးနောက် ဟန်မူယဲ့က အံ့ဖွယ်ကိုးပါးမြို့၏ ပင်မခန်းဆောင်ထဲမှာ ထိုင်လိုက်သည်။
ပင်မခန်းဆောင်၏ အသွင်အပြင်က အတိတ်မှ အနောက်ဘက်ကုန်းမြေ၏ အံ့ဖွယ်ကိုးပါးတောင်ပေါ်မှ ခန်းဆောင်များနှင့် အတူတူပင်။
သို့သော်လည်း အတိတ်မှ အံ့ဖွယ်ကိုးပါးတောင်က လက်ရှိအံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ ဂုဏ်သတင်းကျော်ဇောမှုနှင့် ခမ်းနားထည်ဝါမှုကို မနှိုင်းယှဉ်သာပေ။
ယခု ပင်မခန်းဆောင်၏ အရှေ့မှာ ဒူးထောက်နေကြသော တပည့်များက အတိတ်မှာ ဂိုဏ်းနှင့်အတူတကွ ရှိနေရန် ရွေးချယ်ခဲ့သူများ ဖြစ်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက မမြင့်မားချေ။ သူတို့က အမြင့်ဆုံးအနေဖြင့် ကောင်းကင်ဘုံအင်မော်တယ်အဆင့်သို့သာ ရောက်ရှိနိုင်ကြသည်။
ယင်းက ကုန်းမြေတတ်လှမ်းပြီးနောက် သူတို့ရောက်ရှိနိုင်သော နောက်ဆုံးကျင့်ကြံခြင်းအဆင့် ဖြစ်သည်။
“ ဆရာ… တပည့်လေးသန်းနီးပါးက လောလောဆယ် အံ့ဖွယ်ကိုးပါးမြို့ထဲမှာ နေထိုင်ကြပါတယ် ”
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းရဲ့ တခြားတပည့်သုံးသန်းကျော်က အထက်နယ်မြေဆီ ရောက်နေကြပါတယ် ”
တာအိုပညာရှင်တယန်က ဟန်မူယဲ့ကို ကြည့်လိုက်ပြီး တိုးညင်းစွာ ပြောသည်။
“ တချို့တပည့်တွေက တိုက်ပွဲမှာ ကျဆုံးသွားကြပါတယ် ”
ကျင့်ကြံခြင်းလမ်းခရီးသည် အမြဲတမ်း အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။
ဟန်မူယဲ့က အောက်သို့ ငုံ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးထဲမှာ တောက်ပသော အလင်းရောင် ပေါ်လျှိုးလာသည်။
“ ဝှစ် ”
ဟန်မူယဲ့က သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်လေရာ ကောင်းကင်ပုတီးစေ့အများအပြားက အောက်သို့ ကျဆင်းသွားကြသည်။ အနက်ရောင်ချပ်ဝတ်ပါသော စစ်ပွဲရုပ်သေးရုပ်များလည်း ထွက်ပေါ်လာကြသည်။
“ ဒီနေ့ကစပြီး အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ကျင့်ကြံသူတွေဟာ ကျင့်ကြံခြင်းစွမ်းအားတိုးမြှင့်ဖို့ အဓိကအာရုံစိုက်ရမယ် ”
“ လူတိုင်းက စစ်ပွဲရုပ်သေးရုပ်ကို ထိန်းချုပ်ပြီး တိုက်ပွဲဝင်္ကပါနဲ့ ပူးပေါင်းနိုင်အောင် လေ့ကျင့်ရမယ် ”
“ တာအိုပညာရှင်တယန်… လက်ရွေးစင်တပည့်တချို့ကို ခေါ်ထုတ်ပြီး ရှေးဦးကောင်းကင်ဘုံမြေကို အချိန်တိုလေးအတွင်း သိမ်းပိုက်ပါ ”
ရှေးဦးကောင်းကင်ဘုံမြေက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားမှသာလျှင် သူတို့က နယ်မြေတတ်လှမ်းခြင်းနှင့် ကျူးကျော်သိမ်းပိုက်ခြင်းကို စတင်လုပ်ဆောင်နိုင်လိမ့်မည်။
ကုန်းမြေတတ်လှမ်းခြင်းက ပိုပြီးအဆင့်မြင့်သော ကောင်းကင်ပုတီးစေ့များကို ရရှိနိုင်စေလိမ့်မည်။
အဆင့်ပိုမြင့်သော ကောင်းကင်ပုတီးစေ့များထဲတွင် ပိုမိုသိပ်သည်းသော အချိန်လေဟာနယ်စည်းမျဉ်းများက ကိန်းအောင်းနေသည်။
ထိုသို့ကောင်းကင်ပုတီးစေ့များက ပိုပြီးအရေးကြီးသည်။
လောလောဆယ်တွင် ဟန်မူယဲ့က အဆင့်ကိုးကောင်းကင်ပုတီးစေ့များကို ပိုင်ဆိုင်ထားသည်။ အဆင့်ကိုးကောင်းကင်ပုတီးစေ့များက ကောင်းကင်ဘုံအင်မော်တယ်အဆင့်အောက်မှ ကျင့်ကြံသူများကိုသာ မြန်ဆန်စွာ အဆင့်တတ်နိုင်ရန် ထောက်ပံ့ပေးနိုင်သည်။
“ စိတ်ချထားပါ ဆရာ ”
တာအိုပညာရှင်တယန်က ဦးညွတ်လိုက်ပြီး အနောက်လှည့်လိုက်သည်။
“ ဂျူနီယာညီမယုချန်း… လက်ရွေးစင်ကျင့်ကြံသူတစ်ထောင်နဲ့အတူ ငါ့နောက်လိုက်ခဲ့ပါ ”
“ ဒီတစ်ကြိမ်မှာ မင်းတို့ရဲ့ တာအိုဖိုးဖိုးက မင်းတို့ကို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ လောကဆီ ခေါ်ဆောင်သွားပေးမယ် ”
တာအိုပညာရှင်တယန်က မောက်မာထောင်လွှားစွာ ပြောပြီး ပင်မခန်းဆောင်၏ အပြင်သို့ လျှောက်သွားသည်။
တခြားတပည့်များက သူတို့၏ ဝေစုဖြစ်သော ကောင်းကင်ပုတီးစေ့များနှင့် စစ်ပွဲရုပ်သေးရုပ်များကို ယူဆောင်လိုက်ကြပြီး တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားကြသည်။
ဟန်မူယဲ့က လက်မြှောက်လိုက်လေရာ အလင်းဝင်္ကပါများက သူ၏ အရှေ့မှာ စတင်ထွက်ပေါ်လာကြသည်။
ပုံရိပ်တစ်ခုက ဝင်္ကပါအစီအရင်များကို ဖြတ်သန်း၍ သူ၏ အရှေ့မှာ ထွက်ပေါ်လာသည်။
“ ဆရာဟန် ”
အလင်းလွှာ၏ အခြားတစ်ဖက်တွင် ချူးကျန်းကျားက အံ့ဩဝမ်းသာသော အမူအရာကို ထုတ်ဖော်ထားသည်။
ကြယ်စင်စုစကြာဝဠာမှ သူမထွက်သွားမီ ဟန်မူယဲ့က ချူးကျန်းကျားနှင့် တိုင်ပင်ဆွေးနွေးခဲ့ပြီး ရေခဲလမြို့တော်နှင့် ထျန်ရှင်းမြို့ကြားမှ ကုန်သွယ်ရေးကို သူထိန်းချုပ်ထားသော ကောင်းကင်အံ့ဖွယ်လေဟာနယ်မှတဆင့် ချိတ်ဆက်စေသည်။
“ အဲ့ဒါတွေက အနန္တလောကကောင်းကင်ပုတီးစေ့တွေ ”
ဟန်မူယဲ့က ပြုံးလိုက်ပြီး ကောင်းကင်ပုတီးစေ့ဆယ်သန်းကို အလင်းလွှာထဲသို့ ပို့လွှတ်လိုက်သည်။
ကောင်းကင်ပုတီးစေ့က အခြေခိုင်မာသော ငွေကြေးဖြစ်သည်။
စကြာဝဠာနယ်မြေထဲမှာပင် အဆင့်ကိုးကောင်းကင်ပုတီးစေ့များကို အလွန်ကြီးမားသော တန်ကြေးဖြင့် ရောင်းချနိုင်သည်။
ကောင်းကင်ပုတီးစေ့များက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာသာ ထွက်ပေါ်လာနိုင်သည်။
အင်အားစုအသီးသီးအတွက်တော့ ကောင်းကင်ပုတီးစေ့များက လူငယ်မျိုးဆက်များအတွက် အကောင်းဆုံး ကျင့်ကြံခြင်းအရင်းအမြစ်ဖြစ်သည်။
ကောင်းကင်ပုတီးစေ့အနည်းငယ်က သာမန်ကျင့်ကြံခြင်းစွမ်းအားသာရှိသော တစ်စုံတစ်ယောက်ကို လက်ရွေးစင်တစ်ယောက်ဖြစ်လာရန် ပျိုးထောင်ပေးနိုင်သည်။
ယင်းက သူတို့အား အချိန်ကုန်ဆုံးမှုကို အများကြီး လျော့ချပေးလိမ့်မည်။
ထို့ကြောင့် အဆင့်ကိုးကောင်းကင်ပုတီးစေ့များကိုပင် စကြာဝဠာနယ်မြေထဲမှာ မိုးထိမြင့်သော ဈေးနှုန်းဖြင့် ရောင်းချနိုင်သည်။
ထို့ပြင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက နှစ်သန်းပေါင်းများစွာကြာပြီးမှ တစ်ကြိမ်သာလျှင် ကျင်းပလေ့ရှိသောကြောင့် ကောင်းကင်ပုတီးစေ့များက အလွန်ရှားပါးသည်။
သို့ဖြစ်၍ ဟန်မူယဲ့ပေးလိုက်သော ကောင်းကင်ပုတီးစေ့များကို အင်အားစုအသီးသီးက အံ့မခန်းတန်ကြေးပေး၍ ဝယ်ယူရန် ဆန္ဒရှိကြသည်။
ချူးကျန်းကျားက နောက်ထပ် တုံ့ဆိုင်းမနေတော့ဘဲ လေဟာနယ်ကူးပြောင်းခြင်းစွမ်းအားကို အသက်သွင်း၍ ကောင်းကင်ပုတီးစေ့ဆယ်သန်းကို သိမ်းယူလိုက်သည်။
ယင်းက ချူးကျန်းကျားအပေါ် ဟန်မူယဲ့ပေးသည့် ဆုလာဘ် ဖြစ်သည်။
နတ်ဘုရားတစ်သောင်းဘုရားကျောင်းထဲမှာ လေဟာနယ်ကုန်သွယ်ခြင်းကို ဖွင့်လှစ်ခြင်းက ချူးကျန်းကျားနှင့် ကောင်းကင်လျှို့ဝှက်ချက်မြို့တော်ကို စွမ်းအင်အများကြီး ကုန်ဆုံးစေခဲ့သည်။
ထိုကောင်းကင်ပုတီးစေ့များထဲမှာ ကိန်းအောင်းနေသော အချိန်လေဟာနယ်စည်းမျဉ်းများက ထိုဆုံးရှုံးမှုအတွက် လျော်ကြေးဖြစ်သည့်အပြင် ယင်းက ချူးကျန်းကျား၏ ကျင့်ကြံခြင်းစွမ်းအားကိုလည်း တည်ငြိမ်စေလိမ့်မည်။
ကောင်းကင်ပုတီးစေ့များကို ရရှိပြီးနောက် ချူးကျန်းကျားက လေဟာနယ်စွမ်းအားကို ထပ်မံ အသက်သွင်းလိုက်သည်။ ထိုအခါ သူ့အရှေ့မှ လေဟာနယ်က အသွင်ပြောင်းလဲသွားပြီး ထျန်ရှင်းမြို့ပုံရိပ် ထွက်ပေါ်လာသည်။
“ ဆရာဟန် ”
အလင်းလွှာ၏ အခြားတစ်ဖက်တွင် ဟယ်ယန်စွန်း၏ စိတ်လှုပ်ရှားသော အော်သံက ပဲ့တင်ထပ်လာသည်။
ဟန်မူယဲ့က သူ့ကို ထိုမျှမြန်ဆန်စွာ ဆက်သွယ်လာလိမ့်မည်ဟု သူမမျှော်လင့်ထားပေ။
ဟန်မူယဲ့က ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး ကြယ်စင်စုစကြာဝဠာထဲမှ အပြောင်းအလဲများကို စုံစမ်းလိုက်သည်။
နတ်သားရဲပြုပြင်ရေးကိရိယာများနှင့် ကြယ်စွမ်းအားပြုပြင်ရေးကိရိယာများကို အဆင့်မြှင့်ပြီးနောက်မှာ လေဟာနယ်မြို့ကြီးအများအပြားက သူတို့၏ မြို့များကို သယ်ဆောင်ရန် လွန်းပျံများကို စတင်အသုံးပြုလာကြသည်။
သို့ဖြစ်၍ လက်နက်သန့်စင်ခြင်းက ယခင်ကထက် ပိုပြီးတိုးတတ်ကြီးပွားလာသည်။
ရလဒ်အနေဖြင့် ထျန်ရှင်းမြို့က လေဟာနယ်မြို့ကြီးများ၏ ကုန်သွယ်ရေးအချက်အချာမြို့ ဖြစ်လာသည်။
မရေမတွက်နိုင်သော အင်အားစုများက ထျန်ရှင်းမြို့သို့ ရောက်လာကြပြီး အဆောက်အဦးငယ်များကို ငှားရမ်းကာ ကုန်သွယ်ကြသည်။
ယခု မီးပြင်းဖိုစင်မြင့်ခန်းဆောင်ထဲမှာ လက်နက်ပြုပြင်ခြင်းတာဝန်များက နောင်အနှစ်တစ်ထောင်အထိ စာရင်းပြည့်နေသည်။
ကြယ်စင်စုစကြာဝဠာက ကြီးမားသော တိုးတတ်ပြောင်းလဲမှုဖြင့် တွေ့ကြုံနေသည်။
သို့သော်လည်း ထိုတိုးတတ်မှုက မည်မျှအချိန်ထိ ကြာမြင့်လိမ့်မည်ကိုတော့ မည်သူမှ မသိပေ။
ဟန်မူယဲ့က ကောင်းကင်ပုတီးစေ့အမြောက်အများကို ဟယ်ယန်စွန်းထံ ပေးလိုက်သည်။
အထူးသဖြင့် လေဟာနယ်မြို့ကြီးများထဲတွင် ထိုကောင်းကင်ပုတီးစေ့များ၏ တန်ဖိုးက တခြားမည်သည့်နေရာနှင့်မှ မနှိုင်းယှဉ်နိုင်အောင် များပြားသည်။
ထိုကောင်းကင်ပုတီးစေ့များ၏ မူလဇစ်မြစ်နှင့်ပတ်သက်၍ စိုးရိမ်စရာမလိုပေ။
ကောင်းကင်ပုတီးစေ့များက မည်သည်နေရာမှ ရောက်လာကြောင်း လူတိုင်း သိထားကြသည်။
ကောင်းကင်ပုတီးစေ့များကို လွှဲပြောင်းပေးခြင်းသည်တော့ ယင်းက တစ်စုံတစ်ယောက်၏ စွမ်းရည်ဖြစ်သည်။
ကောင်းကင်ပုတီးစေ့ဆယ်ဘီလီယံကို စစ်ပွဲရုပ်သေးရုပ်ဆယ်သန်းဖြင့် လဲလှယ်နိုင်သည်။ ထို့ပြင် စစ်ပွဲရုပ်သေးရုပ်အားလုံးက အနိမ့်ဆုံး အဆင့်ရှစ်မှာ ရှိကြသည်။
မျက်မှောက်ခေတ်၏ လေဟာနယ်မြို့ကြီးများ၊ အထူးသဖြင့် ထျန်ရှင်းမြို့၏ အလုပ်ရုံများတွင် အဆင့်နိမ့် ပန်းပဲပညာရှင်များက မရှားပါးပေ။
ထိုပန်းပဲပညာရှင်များက အစွမ်းကုန် အလုပ်ကြိုးစားမည်ဆိုလျှင် သူတို့က တစ်နေ့တည်းဖြင့် အဆင့်ကိုးအောက်မှ စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို အရေအတွက်တစ်ထောင်ခန့် သန့်စင်နိုင်ကြလိမ့်မည်။
ထိုအရေအတွက်က လေဟာနယ်မြို့ကြီးအများအပြား၏ တောင်းဆိုမှုကို ဖြည့်ဆည်းပေးနိုင်သည်။
“ ဝီး ”
ဟန်မူယဲ့၏ အရှေ့မှ လေဟာနယ်က တုန်ခါသွားပြီး ရွှေရောင်သေတ္တာများက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာကြသည်။
ဝင်္ကပါအစီအရင် ပျောက်ကွယ်သွားသည့်အခါ ထိုသေတ္တာများက သူ၏ အရှေ့မှာ စီတန်းသွားကြသည်။
ထိုသေတ္တာများထဲမှာ အနည်းဆုံး စစ်ပွဲရုပ်သေးရုပ်နှင့်ချပ်ဝတ် ဆယ်သန်းခန့် ရှိသည်။ ယင်းက ကျင့်ကြံသူစစ်တပ်တစ်တပ်ကို လက်နက်တပ်ဆင်ပေးရန် လုံလောက်သည်။
ဟန်မူယဲ့အတွက်တော့ ၎င်းတို့က အဆင့်နိမ့် ရုပ်သေးသခင်များသာ ဖြစ်ကြသည်။ သို့သော်လည်း ဤကုန်းမြေထဲတွင် ၎င်းတို့က အထွတ်အထိပ် တည်ရှိမှုများ ဖြစ်ကြသည်။
အဆင့်ကိုး ရုပ်သေးသခင်များက အင်မော်တယ်အရှင်သခင်များဖြင့် တိုက်ခိုက်နိုင်ကြသည်။
အံ့ဖွယ်ကိုးပါးမြို့ထဲမှ တပည့်များသည် သူတို့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် ဂိုဏ်းအပေါ် အကျိုးပြုအမှတ်များပေါ်မူတည်၍ စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ပိုင်ဆိုင်သွားကြသည်။ ထို့နောက် သူတို့က အရပ်မျက်နှာအသီးသီးဆီသို့ ပျံ့နှံ့သွားကြသည်။
ရှေးဦးကောင်းကင်ဘုံမြေထဲမှ မည်သည့်အင်အားစုကမှ ထိုစစ်ပွဲရုပ်သေးရုပ်များ၏ ကျူးကျော်သိမ်းပိုက်မှုကို မတောင့်ခံနိုင်ကြချေ။
ထိုမြင်ကွင်းက အတိတ်ပုံရိပ်ကို ပြန်အောက်မေ့စေသည်။ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာတွင် ကြယ်စင်စုစကြာဝဠာမှ သတ္ထုစစ်သည်တော်များက အရာအားလုံးကို ကျူးကျော်သိမ်းပိုက်ခဲ့ကြသည်။
အညံ့ခံမည်လော သို့မဟုတ် သုတ်သင်ခံမည်လော… ။
ဟန်မူယဲ့ တံခါးပိတ်ကျင့်ကြံခြင်းမှ ပြန်ထွက်လာသည့်အခါ တာအိုပညာရှင်တယန်က ပင်မခန်းဆောင်၏ အပြင်ဘက်မှာ အောင်နိုင်သူအပြုံးဖြင့် စောင့်ကြိုနေသည်။
သူ၏ ပြောကြားမှုအရ ယခု အံ့ဖွယ်ကိုးပါးမြို့၏ အပြင်ဘက်တွင် မဟာမိတ်ဖွဲ့ရန် ရောက်လာကြသော အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများဖြင့် ပြည့်နှက်နေသည်။
အညံ့ခံမည်လော သို့မဟုတ် သုတ်သင်ခံမည်လော… ။
ထိုရွေးချယ်စရာနှစ်ခု၏ ဖိအားပေးမှုအောက်မှာ နောက်ဆုံးတွင် ရှေးဦးကောင်းကင်ဘုံမြေက တစ်ပေါင်းတစ်စည်းတည်း ဖြစ်သွားသည်။
ဟန်မူယဲ့သည် ရှေးဦးကောင်းကင်ဘုံမြေ၏ အခြေအနေကို စိတ်မဝင်စားပေ။
ရှေးဦးကောင်းကင်ဘုံမြေက တစ်ပေါင်းတစ်စည်းတည်း မဖြစ်လျှင်ပင် မည်သူကမှ အံ့ဖွယ်ကိုးပါးမြို့၏ အမိန့်ကို လွန်ဆန်ဝံ့လိမ့်မည် မဟုတ်ချေ။
အံ့ဖွယ်ကိုးပါးမြို့သည် လက်ရှိမှာ အရေအတွက်သုံးသန်းရှိသော စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များ၏ အင်အားဖြည့်ပေးမှုကြောင့် အဆင့်အမြင့်ဆုံး ကုန်းမြေဆီသို့ တိုက်ရိုက် တတ်လှမ်းသွားရန် အရည်အချင်းပြည့်မီသွားသည်။
သူက တာအိုပညာရှင်တယန်နှင့် တခြားလူများကို ကုန်းမြေအား ဖြည်းဖြည်းချင်း စည်းလုံးညီညွတ်စေပြီး ဘေးပတ်ဝန်းကျင်၌ ပြန့်ကျဲနေသော ကောင်းကင်မိစ္ဆာသားရဲများကို သုတ်သင်ရှင်းလင်းစေသည်။ ထို့နောက် ကုန်းမြေကို နောက်တစ်ဆင့်သို့ မြှင့်တင်ရန် အနီးနားဝန်းကျင်မှ ကုန်းမြေတချို့ကို ကျူးကျော်သိမ်းပိုက်စေသည်။
ထို့ပြင် ဟန်မူယဲ့က သူတို့ကို ကောင်းကင်ပုတီးစေ့များ စုဆောင်းရန်လည်း အမိန့်ပေးခဲ့သည်။
ဟန်မူယဲ့၏ တွက်ချက်မှုများအရ နောက်ထပ်အဆင့်နှစ်ဆင့် မြင့်တတ်သွားမည်ဆိုလျှင် လင်းရှောင်နယ်မြေနှင့် ရှေးဦးကောင်းကင်ဘုံမြေက ပေါင်းစပ်သွားနိုင်လိမ့်မည်။
လင်းရှောင်ဓားဂိုဏ်းက ဓားကျင့်ကြံခြင်းဂိုဏ်းတစ်ဂိုဏ်းဖြစ်လေရာ အံ့ဖွယ်ကိုးပါးမြို့၏ မဟာမိတ်အင်အားစုတစ်ခု ဖြစ်လာလိမ့်မည်။
…..
လင်းရှောင်နယ်မြေ… ။
ဟင်းလင်းပြင်ထဲမှာ ပြန့်ကျဲနေကြသော ကောင်းကင်မိစ္ဆာသားရဲ ဆယ်သန်းကျော်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရသည်။
လင်းရှောင်နယ်မြေမှ ကျင့်ကြံသူအများအပြားက အောင်မြင်ခြင်းလမ်းကြောင်းကို လျှောက်လှမ်းရန် ကုန်းမြေမှ ထွက်ခွာသွားကြပြီး တခြားကုန်းမြေများမှ ကောင်းကင်မိစ္ဆာသားရဲများကို လိုက်လံသုတ်သင်ကြသည်။
ဂိုဏ်းတချို့က လင်းရှောင်ဓားဂိုဏ်း၏ လက်အောက်သို့ ဝင်ရောက်ရန် ဆန္ဒမရှိသောကြောင့် တိတ်တဆိတ် ထွက်ခွာသွားကြသည်။
သို့သော်လည်း လင်းရှောင်ဓားဂိုဏ်းနှင့် ၎င်း၏ မဟာမိတ်အင်အားစုများသည်တော့ မထွက်ခွာသွားကြချေ။
ဟန်မူယဲ့ ပေးကမ်းသော ဆုလာဘ်များက အလွန်ဆွဲမက်ဖွယ်ကောင်းသည်။
မည်သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရန် သူတို့ကိုယ်ပိုင် စစ်ပွဲရုပ်သေးရုပ်များ သို့မဟုတ် ချပ်ဝတ်များကို မပိုင်ဆိုင်ချင်ဘဲ နေမည်နည်း။
လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေး ချန်းရှောင်တုံက အနက်ရောင်ချပ်ဝတ်ကို ပိုင်ဆိုင်သွားပြီးနောက် မည်မျှအစွမ်းထက်လာကြောင်း သူတို့အားလုံး မျက်မြင်မဟုတ်ပါလော။
မျိုးနွယ်ခြားအင်အားစုများ၏ ခေါင်းဆောင်ဖြစ်သော တာချီလော့က စစ်ပွဲရုပ်သေးရုပ်၏ ကာကွယ်ပေးမှုအောက်မှာ မည်မျှမောက်မာထောင်လွှားလာပြီး အထိန်းအချုပ်မဲ့လာကြောင်း မည်သူသတိမထားမိဘဲ နေမည်နည်း။
ကြယ်စင်စုစကြာဝဠာမှ လက်ရွေးစင်များထဲတွင် စစ်ပွဲရုပ်သေးရုပ်များနှင့် အနက်ရောင်ချပ်ဝတ်များကို ပိုင်ဆိုင်ထားသူများက အဆင့်တူတွင် ပြိုင်ဘက်ကင်း တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြောင်း သူတို့နားလည်ကြသည်။
ယခု သူတို့ဆီမှာ ကောင်းကင်ဘုံပုတီးစေ့ အလုံအလောက်ရှိမည်ဆိုလျှင် ထိုစစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို လဲလှယ်နိုင်လိမ့်မည်။ သို့ဖြစ်လေရာ မည်သူက ဆွဲဆောင်မခံရဘဲ နေမည်နည်း။
ထို့ကြောင့် သူတို့က စစ်ပွဲရုပ်သေးရုပ်များ သို့မဟုတ် ချပ်ဝတ်များဖြင့် လဲလှယ်နိုင်ရန် ကောင်းကင်ပုတီးစေ့အများအပြားကို စုဆောင်းချင်ကြသည်။
အကယ်၍ မင်းမှာ ကောင်းကင်ပုတီးစေ့အလုံအလောက်မရှိလျှင် တခြားလူများထံမှ ချေးငှားနိုင်သည်။
အကယ်၍ မင်းက အဆင့်ကိုး စစ်ပွဲရုပ်သေးရုပ်တစ်ခုဖြင့် မလဲလှယ်နိုင်လျှင်ပင် အဆင့်ရှစ် စစ်ပွဲရုပ်သေးရုပ်တစ်ခုကို ရရှိနိုင်သေးသည်။
စစ်ပွဲရုပ်သေးရုပ်နှင့် ချပ်ဝတ်ကို မြန်နိုင်သမျှမြန်မြန် ရရှိအောင် သူတို့ကြိုးစားသင့်သည်။ မည်သို့ဖြစ်ပါစေ စစ်ပွဲရုပ်သေးရုပ်နှင့် ချပ်ဝတ်က သူတို့၏ တိုက်ပွဲစွမ်းအားကို ကြီးကြီးမားမား တိုးမြှင့်ပေးနိုင်လေရာ ထိုနည်းဖြင့် သူတို့က ကောင်းကင်ပုတီးစေ့အများကြီးကို စုဆောင်းနိုင်လိမ့်မည်။
ကောင်းကင်ပုတီးစေ့ ပိုပြီးများပြားလေ အဆင့်ပိုမြင့်သော ရုပ်သေးရုပ်များ သို့မဟုတ် ချပ်ဝတ်များဖြင့် လဲလှယ်နိုင်လေ ဖြစ်သည်။
ယင်းက ကောင်းမွန်သော လည်ပတ်မှု ဖြစ်သည်။
လင်းရှောင်နယ်မြေက နောက်ထပ် ကုန်းမြေသုံးခုကို ဝါးမျိုပြီး နောက်တစ်ဆင့်သို့ တတ်လှမ်းသွားချိန်မှာ လင်းရှောင်ဓားဂိုဏ်းက အရေအတွက်သုံးသောင်းကျော်သော စစ်ပွဲရုပ်သေးရုပ်များနှင့် ချပ်ဝတ်များကို ပိုင်ဆိုင်သွားသည်။
၎င်းတို့က များသောအားဖြင့် အဆင့်ရှစ်နှင့် အဆင့်ကိုး စစ်ပွဲရုပ်သေးရုပ်များ သို့မဟုတ် ချပ်ဝတ်များသာ ဖြစ်ကြသည်။ သို့သော်လည်း ထိုသို့တိုက်ပွဲစွမ်းအားက တခြားကုန်းမြေများနှင့် နှိုင်းယှဉ်လျှင် အလွန်အမင်း သန်မာသည်။
…..