← Chapters

အခန်း (၁၄၅၄)

Vol. 104 Ch. 1454

အခန်း (၁၄၅၄)

Vol. 104 Ch. 1454

ဟန်မူယဲ့က လင်းရှောင်ဓားဂိုဏ်း၏ အဓိကထိုင်ခုံပေါ်မှာ ထိုင်နေသည်။ အချိန်အတော်ကြာသွားသည့်တိုင် သူက လှုပ်ရှားမှု မပြုလုပ်သေးပေ။

သူက ကောင်းကင်ပုတီးစေ့များ စုဆောင်းသည့်အချိန်မှသာ လှုပ်ရှားလိမ့်မည်။ သို့တိုင် သူက ကောင်းကင်ပုတီးစေ့ အနည်းငယ်ကိုသာ စုဆောင်းမိသေး၏။

ဟန်မူယဲ့က အဆင့်ရှစ် ကောင်းကင်ပုတီးစေ့ သုံးဘီလီယံခန့် စုဆောင်းမိထားသည်။ ယင်းတို့ထဲမှ နှစ်သန်းက ရှေးဦးကောင်းကင်ဘုံမြေနှင့် လင်းရှောင်နယ်မြေ၏ အရင်းအမြစ်များလဲလှယ်မှုမှ ရရှိလာခြင်း ဖြစ်သည်။

အဆင့်ရှစ်ကောင်းကင်ပုတီးစေ့များနှင့် အဆင့်ကိုးကောင်းကင်ပုတီးစေ့များထဲမှာ ကိန်းအောင်းနေသော စည်းမျဉ်းချိုးဖြတ်စွမ်းအားများ၏ ခြားနားမှုက အလွန်အမင်း သေးနုတ်သည်။

ကောင်းကင်ပုတီးစေ့အများအပြားကို နယ်မြေနှစ်ခုက ရရှိသွားပြီးနောက် ယင်းတို့အတွင်းမှ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းစွမ်းအားက ကြီးကြီးမားမား တိုးမြှင့်သွားကြသည်။

တတိယအကြိမ်မြောက် တတ်လှမ်းသည့်အခါ လင်းရှောင်ဓားဂိုဏ်းမှ ချန်းရှောင်တုံဖြစ်စေ သို့မဟုတ် အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဂိုဏ်းတပည့်များဖြစ်စေ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားက အဆင့်အများကြီး ခုန်ပျံကျော်လွှားသွားလိမ့်မည်။

သူတို့ထဲမှ အများစုက ရွှေအင်မော်တယ်အဆင့်သို့ ဝင်ရောက်သွားကြသည်။ အရင်းအမြစ်ကြွယ်ဝပြီး ပင်ကိုယ်ပါရမီထူးချွန်သော ကျင့်ကြံသူအနည်းစုက ကောင်းကင်ဘုံရွှေအင်မော်တယ်အဆင့်သို့ တတ်လှမ်းသွားကြသည်။

ထိုသို့ကျင့်ကြံခြင်းစွမ်းအားက အတိတ်မှာ လုံးဝ သူတို့စိတ်ကူးမယဉ်နိုင်သောအရာ ဖြစ်သည်။

“ နောက်တစ်ဆင့်ကို မြင့်တတ်သွားမယ်ဆိုရင် အဆင့်ခြောက် ကောင်းကင်ပုတီးစေ့တွေကို ရရှိလိမ့်မယ်… အဲ့ဒါက အလယ်အလတ်တန်းစား ကောင်းကင်ပုတီးစေ့ အဆင့်သုံးဆင့်ထဲမှာ ပါဝင်တယ်… အင်မော်တယ်အရှင်သခင်အဆင့် ပုဂ္ဂိုလ်တွေတောင် အဲ့ဒါကို လိုချင်ကြလိမ့်မယ် ”

ဟန်မူယဲ့၏ ဘေးမှာ မတ်တတ်ရပ်နေသော ဟွင်းသွမ်းက အပြင်ဘက်မှ ပုံရိပ်ယောင်ကုန်းမြေများကို ကြည့်လိုက်ပြီး ပြောသည်။

အလယ်အလတ်တန်းစား ကောင်းကင်ပုတီးစေ့များ၏ တန်ဖိုးက အဆင့်နိမ့်ကောင်းကင်ပုတီးစေ့များ၏ တန်ဖိုးထက် ဆယ်ဆပိုကြီးမားသည်။

ထို့ပြင် ယင်းတို့ထဲမှာ ကိန်းအောင်းနေသော မိုးမြေစွမ်းအားနှင့် အချိန်လေဟာနယ်စည်းမျဉ်းများက အလွန်အမင်း ပေါကြွယ်ဝသည်။

တစ်စုံတစ်ယောက်က ထိုစွမ်းအားကို သူ၏ ရုပ်ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူမည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်က စည်းမျဉ်းအမျိုးမျိုး၏ စွမ်းအားကို ခုခံနိုင်လာလိမ့်မည်။

အထူးသဖြင့် ဟန်မူယဲ့၏ ရုပ်ခွန်အားက အလွန်အမင်း သန်မာလေရာ သူက တခြားအစွမ်းထက်ကျွမ်းကျင်သူများ၏ စည်းမျဉ်းများ ပေါင်းစပ်ခြင်းကို သူ၏ ရုပ်ခွန်အားသက်သက်ဖြင့် ဖိနှိပ်နိုင်နေပြီ ဖြစ်သည်။

သူတို့ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်များအတွက်တော့ စည်းမျဉ်းအမျိုးမျိုးကို ထိန်းသိမ်းရန် သူတို့၏ ခန္ဓာကိုယ်ကို ချဲ့ထွင်ခြင်းက သူတို့ကိုယ်ပိုင် တိုက်ပွဲစွမ်းအားကို မြှင့်တင်နိုင်သော နည်းလမ်းတစ်ခု ဖြစ်သည်။

သူတို့၏ ကျင့်ကြံခြင်းအကန့်အသတ်က ရုပ်ခန္ဓာကိုယ်၏ လုပ်နိုင်စွမ်းကို အဆုံးအစွန်ထိ တိုးချဲ့ရန် ဖြစ်သည်။

ဖြစ်နိုင်သည်မှာ တစ်နေ့ကျလျှင် သူတို့က ကမ္ဘာဦးအုပ်ချုပ်သူများထက် သာလွန်သော အစွမ်းထက်အုပ်ချုပ်သူများ ဖြစ်လာကြလိမ့်မည်။

ကျင့်ကြံခြင်းအတွေ့အကြုံ များပြားလာသည်နှင့်အမျှ ဟန်မူယဲ့၏ အမြင်က အဆမတန် ကျယ်ပြောသွားသည်။

တစ်ချိန်က သူမော်ကြည့်ရုံသာ တတ်စွမ်းခဲ့သော စွမ်းအားက ယခု သူလက်လှမ်းမီသောအရာ ဖြစ်လာသည်။

“ ဝုန်း ”

ဟင်းလင်းပြင်ထဲတွင် မရေမတွက်နိုင်သော အလင်းတန်းများက မှိတ်တုတ်မှိတ်တုတ် လင်းလက်သွားကြသည်။

ကုန်းမြေများက တစ်ခုနှင့်တစ်ခု စတင်ပေါင်းစည်းသွားကြသည်။

အလယ်အလတ်တန်းစား အဆင့်သုံးဆင့်ကုန်းမြေများ၏ ပေါင်းစည်းမှုက မရေမတွက်နိုင်သော ကမ္ဘာများကို ရောနှောသွားစေသည်။

နောက်ဆုံးတွင် သူတို့ရှိနေသော သက်ဆိုင်ရာလေဟာနယ်အလွှာများ၏ အကျယ်အဝန်းပေါ် မူတည်၍ အနည်းဆုံး ကုန်းမြေနှစ်ဆယ်က စုစည်းသွားကြလိမ့်မည်။

ထိုကုန်းမြေနှစ်ဆယ်က အချင်းချင်း ကျူးကျော်သိမ်းပိုက်ရန် အဆုံးမဲ့သော စစ်ပွဲများကို စတင်ကြလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် နောက်ဆုံးတစ်ခုတည်း ကျန်နေခဲ့မည့် ကုန်းမြေသည်သာလျှင် အထက်တန်းစား အဆင့်သုံးဆင့်ထဲသို့ ဝင်ရောက်နိုင်လိမ့်မည်။

အထက်တန်းစား အဆင့်သုံးဆင့်က စစ်မှန်သော နောက်ဆုံးစစ်ပွဲမြေပြင် ဖြစ်သည်။

ထို့ပြင် လောကတစ်သောင်းယှဉ်ပြိုင်ပွဲက အထက်တန်းစား အဆင့်သုံးဆင့်အတွင်းမှာ ပါဝင်ကြမည့် အင်အားစုများအတွက် အဆင့်သတ်မှတ်ချက်စာရင်းတစ်ခုကို ထုတ်ပြန်လိမ့်မည်။

ထိုစာရင်းထဲမှာ ကုန်းမြေတစ်ခုစီ၏ ထိပ်တန်းအင်အားစုများကို အဆင့်သတ်မှတ်ချက်များဖြင့် ဖော်ပြပေးလိမ့်မည်။

သို့ဖြစ်၍ လက်ရွေးစင်များသည် ထိုစာရင်းထဲမှာ သူတို့၏ သက်ဆိုင်ရာကုန်းမြေများ ပါဝင်နိုင်ရန်အလို့ငှာ သူတို့၏ အင်အားစုများကို ကာကွယ်ပေးကြလိမ့်မည်။

အဘယ့်ကြောင့်ဆိုသော် ရရှိလာမည့် ကောင်းကင်ပုတီးစေ့များ၏ အရေအတွက်နှင့် အရည်အသွေးက အဆင့်သတ်မှတ်ချက်ပေါ် မူတည်၍ ကွဲပြားသွားလိမ့်မည် ဖြစ်သောကြောင့် ဖြစ်သည်။

…..

ဟင်းလင်းပြင်ထဲတွင် ပေတစ်ရာရှည်လျားသော ကောင်းကင်မိစ္ဆာသားရဲအများအပြားက ၎င်းတို့၏ ဧရာမအတောင်ပံများကို တဖျပ်ဖျပ်ခတ်၍ လင်းရှောင်နယ်မြေဆီသို့ တစ်ဟုန်ထိုး ပျံသန်းလာနေကြသည်။

ချန်းရှောင်တုံနှင့် တာချီလော့သည် မည်သည့်အမိန့်မှ ပေးရန်မလိုဘဲ ကောင်းကင်မိစ္ဆာသားရဲများထံသို့ တန်းမတ်စွာ ပျံသန်းသွားကြသည်။

မည်သို့လုပ်ဆောင်ရမည်ကို သူတို့သိထားပြီးကြသည်။

ယင်းက အမြစ်ဖြတ်သုတ်သင်ရန် ဖြစ်သည်။

သူတို့က အရင်ဦးဆုံး ကောင်းကင်မိစ္ဆာသားရဲများကို နေရာအသီးသီးသို့ ပြန့်ကျဲသွားစေရန် သွေးဆောင်လိမ့်မည်။

ထို့နောက် သူတို့က တိုက်ပွဲအခင်းအကျင်းကို ဖွဲ့စည်းပြီး ၎င်းတို့ကို အမြစ်ဖြတ်သုတ်သင်လိမ့်မည်။

ဟန်မူယဲ့က ခါတိုင်းကဲ့သို့ နေရာမှာ ထိုင်နေသည်။

သူကိုယ်တိုင်လည်း ထိုတိုက်ပွဲထဲမှာ ပါဝင်နိုင်သည်။ သို့သော်လည်း ထိုအခါကျလျှင် သူက ကောင်းကင်ပုတီးစေ့များအတွက် လင်းရှောင်ဓားဂိုဏ်းမှ ဂိုဏ်းတပည့်များဖြင့် ယှဉ်ပြိုင်နေသည်ဟု ထင်မြင်ခံရလိမ့်မည်။

သူက ကောင်းကင်ပုတီးစေ့များကို ကုန်သွယ်နိုင်လေရာ မည်သို့ကြောင့် ကိုယ်တိုင်တိုက်ခိုက်ရမည်နည်း။

ယင်းက သူ့အား တိုက်ခိုက်စေရန် မဆွဲဆောင်နိုင်ပေ။

ဟန်မူယဲ့က ယခင်အဆင့်များတွင် ဩဇာကြီးမားပြီး ဂုဏ်သိက္ခာကြီးမြတ်သော သူ၏ ပုံရိပ်ကို တည်ဆောက်ထားခဲ့ပြီးပြီမှာ သံသယရှိရန် မလိုပေ။

သူ၏ အဆင့်အတန်းက လူတိုင်း၏ ချီးကျူးလေးစားမှုရရှိရန် လုံလောက်သည်။

“ ဟား ဟား… ကောင်းကင်မိစ္ဆာသားရဲတွေက အဲ့လောက်တောင် များတာလား… ကြည့်ရတာ ဒီကုန်းမြေက အရမ်းကြီးပွားနေပုံပဲ ”

ကျယ်လောင်သော ရယ်မောသံက အဝေးမှ ကောင်းကင်မှ ပဲ့တင်ထပ်လာသည်။

အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော မျိုးနွယ်ခြားအုပ်စုတစ်ခုက အံ့မခန်းအရှိန်အဝါကို ထုတ်လွှတ်လျက် ဆင်းသက်လာသည်။

ထိုမျိုးနွယ်ခြားများ ဆင်းသက်လာသည့်အခါ ကောင်းကင်မိစ္ဆာသားရဲများကို လိုက်လံသုတ်သင်နေသော တာချီလော့က တဒင်္ဂ မင်သက်သွားသည်။

အခြားတစ်ဖက်တွင် လင်းရှောင်နယ်မြေထဲသို့ ရုတ်တရက် ကျူးကျော်ဝင်လာကြသော ထိုမျိုးနွယ်ခြားများသည်လည်း ကောင်းကင်မိစ္ဆာသားရဲများကြားထဲမှ တာချီလော့ကို သတိထားမိသွားကြသည်။

“ အို… အဲ့ဒါက အသုံးမကျတဲ့ ငါတို့ရဲ့ သခင်လေးမဟုတ်ဘူးလား ”

ခန္ဓာကိုယ်ကြီးမားပြီး အစိမ်းရောင်မျက်လုံးများရှိသော မျိုးနွယ်ခြားတစ်ယောက်က ကျယ်လောင်စွာ အော်ရယ်လိုက်သည်။

သူက ရွှေရောင်အလင်းတန်းများ ပါဝင်သော အစိမ်းရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသည်။

သူ၏ ကျင့်ကြံခြင်းက အနိမ့်ဆုံး ရွှေအင်မော်တယ်အဆင့်မှာ ရှိသည်။ သူစကားပြောလိုက်သည့်အခါ အလွန်အားကောင်းသော စွမ်းအင်လှိုင်းဂယက်များက အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားသည်။

ထိုသူက ရှိန်လောက်စရာကောင်းသော မျိုးနွယ်ခြားစစ်သည်တော်တစ်ဦးဖြစ်ကြောင်း ထင်ရှားပေသည်။

“ ဟား ဟား… ဖူလင်းစကြာဝဠာက ချောင်ယွမ်ဂိုဏ်းရဲ့ သခင်လေးက ဒီလိုအဆင့်နိမ့်နယ်မြေမှာ အဆုံးသတ်သွားတာလား… ဂိုဏ်းရဲ့ လက်ရွေးစင်တွေ မင်းအပေါ် မလေးစားတာ မထူးဆန်းတော့ပါဘူး ”

လှံရှည်ကို ဆုပ်ကိုင်ထားသော မျိုးနွယ်ခြားလူငယ်တစ်ယောက်က တာချီလော့ကို သရော်လှောင်ပြောင်စွာ ပြောသည်။

ဖူလင်းစကြာဝဠာ… ။

ချောင်ယွမ်ဂိုဏ်း… ။

ယင်းက လင်းရှောင်ဓားဂိုဏ်းကဲ့သို့ပင် ကုန်းမြေတစ်ခုလုံးကို လွှမ်းမိုးဖိနှိပ်နိုင်သော အဓိကဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။

တာချီလော့က ဂိုဏ်းအတွင်းမှာ ဂုဏ်သရေရှိ အဆင့်အတန်းကို ပိုင်ဆိုင်ထားသော်လည်း သူ့ကိုယ်ပိုင်တိုက်ပွဲစွမ်းအားက အံ့ဖွယ်မကောင်းပေ။

သို့ဖြစ်၍ လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ ပါဝင်ပြီးနောက် သူက ဂိုဏ်းထဲမှ လက်ရွေးစင်များဖြင့် လူစုကွဲသွားသည်။

တာချီလော့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားအရ သူက ဤအဆင့်သို့ ထိုမျှမြန်ဆန်စွာ ရောက်မလာသင့်ပေ။

လောကတစ်သောင်းပေါင်းစည်းမှု၏ နောက်ဆုံးအခိုက်အတန့်မတိုင်မီ သူ၏ ဂိုဏ်းထဲမှ လက်ရွေးစင်များကို ရှာဖွေခြင်းကသာ သူ၏ ဘေးကင်းလုံခြုံမှုကို သေချာစေလိမ့်မည်။

သို့သော်လည်း ယခု သူက ဤအဆင့်သို့ မည်သည့်ကာကွယ်စောင့်ရှောက်သူမှ မရှိဘဲ ရောက်ရှိလာခဲ့သည်။ သို့ဖြစ်လေရာ သူ၏ အခြေအနေက မကောင်းမွန်လောက်ပေ။

“ သခင်လေးတာချီလော့… ငါ့မှာ မင်းအတွက် ကောင်းမွန်တဲ့ အပေးအယူတစ်ခု ရှိတယ်… ငါတို့ကို ကောင်းကင်ပုတီးစေ့တစ်သိန်းပေးပါ… အပြန်အလှန်အနေနဲ့ မင်းကို ငါတို့ကာကွယ်ပေးမယ် ”

ထိုမျိုးနွယ်ခြားအုပ်စု၏ ခေါင်းဆောင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။

ကောင်းကင်ပုတီးစေ့တစ်သိန်းသည် လက်ဖြန့်ရုံဖြင့် အလွယ်တကူ ရရှိလာနိုင်သောအရာ မဟုတ်ပေ။

ဤအဆင့်သို့ ရောက်သည်အထိ မရပ်မနား တိုက်ခိုက်ခဲ့ကြသော ကျင့်ကြံသူများသည်ပင် ထိုမျှများပြားသော ကောင်းကင်ပုတီးစေ့များကို မစုဆောင်းမိကြချေ။

တခြားကုန်းမြေများကို ကျူးကျော်သိမ်းပိုက်ခဲ့ပြီး ဘီလီယံနှင့်ချီသော ကောင်းကင်မိစ္ဆာသားရဲများကို သုတ်သင်ပစ်ခဲ့သည့် အင်အားစုများသာလျှင် ထိုမျှများပြားသော ကောင်းကင်ပုတီးစေ့ပမာဏကို ပိုင်ဆိုင်နိုင်ကြလိမ့်မည်။

ထိုမျိုးနွယ်ခြားစစ်သည်တော်များ၏ အမြင်တွင် တာချီလော့၏ ကိုယ်ပိုင်ကျင့်ကြံခြင်းစွမ်းအားနှင့် သူ့ဘေးမှ ကျင့်ကြံသူများ၏ စွမ်းအားအရ သူတို့က ကောင်းကင်ပုတီးစေ့တစ်သိန်းကို မထုတ်ပေးနိုင်လောက်ချေ။

ကောင်းကင်ပုတီးစေ့တစ်သိန်းကို ဈေးတောင်းခြင်းက တမင်တကာ သူ့ကို စော်ကားခြင်းဖြစ်ကြောင်း တာချီလော့ သိသည်။

“ ကောင်းကင်ပုတီးစေ့တစ်သိန်းလား ”

တာချီလော့၏ အမူအရာက မပြောင်းလဲသွားပေ။ သူက အနောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။

ထို့နောက် သူက ကျောက်စိမ်းသေတ္တာတစ်လုံးကို ထုတ်လိုက်ပြီး မျိုးနွယ်ခြားအုပ်စု၏ ခေါင်းဆောင်ထံသို့ ပစ်ပေးလိုက်သည်။

“ အဲ့ဒီကောင်းကင်မိစ္ဆာသားရဲတွေကို သတ်ဖြတ်ပြီး ငါ့အတွက် ကောင်းကင်ပုတီးစေ့တွေ စုဆောင်းပေးစမ်း ”

“ စစ်မြေပြင်ကို ရှင်းလင်းပြီး ဟင်းလင်းပြင်ထဲက တခြားကောင်းကင်မိစ္ဆာသားရဲတွေကို ဒီနေရာဆီ မျှားခေါ်လာပေးစမ်း ”

တာချီလော့က တစ်ဖက်လူ၏ အံ့ဩဆွံ့အနေသော မျက်နှာကို ကြည့်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“ ဘာလဲ… ငါပြောတာ မင်းမကြားဘူးလား… မင်းနားကန်းနေတာလား ”

မျိုးနွယ်ခြားအုပ်စု၏ ခေါင်းဆောင်က စိတ်ရှုပ်ထွေးသွားသည်။ ထို့နောက် သူက သူ့အရှေ့မှ ကျောက်စိမ်းသေတ္တာကို ဖွင့်လိုက်သည့်အခါ သူ၏ အမူအရာက ပြောင်းလဲသွားသည်။

ကျောက်စိမ်းသေတ္တာထဲတွင် ကောင်းကင်ပုတီးစေ့တစ်သိန်း အတိအကျရှိသည်။

ယင်းတို့က အဆင့်ကိုး ကောင်းကင်ပုတီးစေ့များ ဖြစ်ကြသည်။

ကောင်းကင်ပုတီးစေ့အချင်းချင်း လဲလှယ်ရာတွင် အဆင့်တစ်ဆင့်ပိုမြင့်သော ကောင်းကင်ပုတီးစေ့တစ်လုံးအတွက် ကောင်းကင်ပုတီးစေ့ငါးလုံး လိုအပ်သည်။

တစ်နည်းဆိုရသော် အဆင့်ရှစ်ကောင်းကင်ပုတီးစေ့တစ်လုံးက အဆင့်ကိုးကောင်းကင်ပုတီးစေ့ငါးလုံးနှင့် ညီမျှသည်။

ယင်းက အဆင့်ကိုးမျှသာဖြစ်လင့်ကစား တာချီလော့က ထိုမျှများပြားသော ကောင်းကင်ပုတီးစေ့များကို အမှန်တကယ် ပိုင်ဆိုင်ထားသည်။

“ သခင်လေးတာချီလော့က ဒီလောက်ရက်ရောနေမှတော့ ကျုပ်တို့ညီအကိုတွေက သွေးကြောင်မနေတော့ပါဘူး ”

“ ငါ့ကောင်တို့ လုပ်ငန်းစရအောင် ”

ခေါင်းဆောင်ဖြစ်သူက ကျောက်စိမ်းသေတ္တာထဲမှ ကောင်းကင်ပုတီးစေ့များကို သူ့အနောက်မှ အပေါင်းအဖော်များထံ မျှဝေပေးလိုက်သည်။

ကောင်းကင်ပုတီးစေ့များ ရရှိသွားကြသော မျိုးနွယ်ခြားစစ်သည်တော်များက လုံးဝ တုံ့ဆိုင်းမနေကြပေ။ သူတို့က ကောင်းကင်မိစ္ဆာသားရဲများထံသို့ တစ်ဟုန်ထိုး ပျံသန်းသွားကြသည်။

သူတို့မျက်စိရှေ့မှာ ကောင်းကင်ပုတီးစေ့များရှိနေပြီး ယင်းတို့ကို မယူဆောင်လျှင် သူတို့က ငတုံးများဖြစ်သွားကြလိမ့်မည် မဟုတ်ပါလော။

မည်သို့ဖြစ်ပါစေ ယင်းတို့က တာချီလော့ကိုယ်တိုင် ပေးအပ်လာသော ကောင်းကင်ပုတီးစေ့များ ဖြစ်သည်။ သူက ယင်းတို့ကို မည်သို့ရရှိလာကြောင်းကိုတော့ သူတို့စိတ်မဝင်စားကြချေ။

ထိုကောင်းကင်မိစ္ဆာသားရဲများက အလွန်အမင်း သန်မာကြပြီး အဆင့်ခြောက် ကောင်းကင်ပုတီးစေ့များကို ထုတ်လုပ်ပေးနိုင်ကြသည်။ သို့ဖြစ်၍ ၎င်းတို့ထဲမှ တစ်ကောင်စီက ကြောက်မက်ဖွယ်ကောင်းသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည်။

ယခု အသစ်ရောက်ရှိလာသော မျိုးနွယ်ခြားစစ်သည်တော်များက သာလွန်ထူးခြားသော တိုက်ပွဲစွမ်းအားကို ပိုင်ဆိုင်ထားကြသည့်တိုင် ထိုကောင်းကင်မိစ္ဆာသားရဲများကို အမဲလိုက်ခြင်းက သူတို့အတွက် အလွန်ခက်ခဲသော တာဝန်ဖြစ်သည်။

အခြားတစ်ဖက်တွင် တာချီလော့က အနောက်သို့ ဆုတ်သွားပြီး စစ်မြေပြင်ကို အေးအေးလူလူ စောင့်ကြည့်နေသည်။

ငွေပေးရုံဖြင့် အလုပ်ပြီးမြောက်နိုင်မည်ဆိုလျှင် မည်သို့ကြောင့် သူက သက်စွန့်ဆံဖျား ကိုယ်တိုင်လုပ်ဆောင်လိမ့်မည်နည်း။

သို့မဟုတ်လျှင် သူက မိုက်မဲရာကျသွားလိမ့်မည်။

အဝေးတွင် ဓားအလင်းများက ကြက်ခြေခတ်သဏ္ဍာန် ထွက်ပေါ်လာကြသည်။ လင်းရှောင်ဓားဂိုဏ်းမှ တပည့်များက မြန်ဆန်စွာ လှုပ်ရှားလိုက်ကြသည်။

သူတို့ကဲ့သို့ ဓားကျင့်ကြံသူများအတွက်တော့ တိုက်ပွဲများဖြင့် ဓားရည်သွေးခြင်းက ပထမဖြစ်ပြီး ကောင်းကင်ပုတီးစေ့များ စုဆောင်းခြင်းက ဒုတိယဖြစ်သည်။

“ ဂရောင်း ”

အဝေးတစ်နေရာတွင် ပေနှစ်ဆယ်ရှည်လျားသော ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်က ဟင်းလင်းပြင်ထဲမှ ရုတ်တရက် ပေါ်လျှိုးလာသည်။

“ ကောင်းကင်မိစ္ဆာသားရဲတွေထဲမှာ အစွမ်းထက်တဲ့ သားရဲတစ်ကောင် ရှိတယ် ”

“ အဲ့ဒီကောင်က ဗိုလ်ချုပ်အဆင့် ကောင်းကင်မိစ္ဆာသားရဲဖြစ်ရမယ်… သူ့ဆီမှာ အဆင့်ငါးကောင်းကင်ပုတီးစေ့ သေချာပေါက် ရှိလိမ့်မယ် ”

တာချီလော့၏ အနောက်မှ မျိုးနွယ်ခြားလက်ရွေးစင်များက အံ့အားသင့်စွာ ပြောသည်။

ရွှေရောင်အလင်းက တာချီလော့၏ မျက်လုံးထဲမှာ ဖြတ်ပြေးသွားသည်။ သူက မိုးကြိုးသွားတစ်စင်းနှယ် အရှေ့သို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

၎င်းက ဤအတောအတွင်း ထွက်ပေါ်လာခဲ့သော အစွမ်းထက်ဆုံး ကောင်းကင်မိစ္ဆာသားရဲဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်ထဲမှာ ပထမဆုံး အဆင့်ငါးကောင်းကင်ပုတီးစေ့ ရှိသည်။

နောင်အခါကျလျှင် ပိုမိုများပြားသော အဆင့်ငါးကောင်းကင်ပုတီးစေ့များက ထွက်ပေါ်လာလိမ့်မည်ဖြစ်သော်လည်း ယခုအချိန်မှာ ယင်းက ပထမဆုံး အဆင့်ငါးကောင်းကင်ပုတီးစေ့ ဖြစ်သည်။

ယင်းကို ဟန်မူယဲ့ထံသို့ လက်ဆောင်ပေးခြင်းက သေချာပေါက် ဆုလာဘ်ချီးမြှောက်ခံရလိမ့်မည်။

တာချီလော့က လုံးဝ တုံ့ဆိုင်းမနေဘဲ အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲထံသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။

“ အဲ့ဒီကောင်ရူးသွားပြီလား ”

အသစ်ရောက်ရှိလာကြသော မျိုးနွယ်ခြားစစ်သည်တော်များက ကောင်းကင်မိစ္ဆာသားရဲများကို ခက်ခက်ခဲခဲ တိုက်ခိုက်နေရင်း တီးတိုးပြောလိုက်ကြသည်။

ခေါင်းဆောင်က ခေါင်းလှည့်ကြည့်လိုက်သည်။

တာချီလော့ဆီမှာ အကာအကွယ်ရတနာ တစ်ခု သို့မဟုတ် နှစ်ခုရှိနိုင်ကြောင်း သူသိသည်။

သို့သော်လည်း တာချီလော့၏ အကာအကွယ်ရတနာက မည်သည့်အရာဖြစ်ကြောင်း သူမသိပေ။

“ ဝှီး ”

သိမ်မွေ့သော လေခွင်းသံက ပျံ့လွင့်သွားသည့်အခါ အနက်ရောင်ချပ်ဝတ်ပါသော စစ်ပွဲရုပ်သေးရုပ်တစ်ခု ထွက်ပေါ်လာသည်။

“ ရုပ်သေးသခင်လား ”

“ အဲ့ဒါ စစ်ပွဲရုပ်သေးရုပ်ပဲ ”

ကောင်းကင်မိစ္ဆာသားရဲများနှင့် တိုက်ခိုက်နေကြသော မျိုးနွယ်ခြားများစစ်သည်တော်များက အလန့်တကြား အော်ပြောလိုက်ကြသည်။

တာချီလော့၏ အကာအကွယ်ရတနာက အစွမ်းထက် စစ်ပွဲရုပ်သေးရုပ် ဖြစ်သည်။

စစ်ပွဲရုပ်သေးရုပ်က အရှေ့သို့ ခြေတစ်လှမ်း တိုးလိုက်ပြီး ၎င်း၏ လက်ထဲမှ ဓားမော့ရှည်ကို အောက်သို့ အကြမ်းပတမ်း ခုတ်ချလိုက်သည်။

“ ဝုန်း ”

စစ်ပွဲရုပ်သေးရုပ်၏ ဓားမော့က ကောင်းကင်မိစ္ဆာသားရဲ၏ လည်ပင်းကို ပိုင်းဖြတ်သွားသည်နှင့် လတ်ဆတ်သော သွေးက ဒလဟော ပန်းထွက်လာသည်။

ထို့နောက် ရွှေရောင်မှိန်ဖျော့ဖျော့ ပုတီးစေ့တစ်လုံးက တာချီလော့၏ လက်ထဲသို့ ကျရောက်လာသည်။

“ ဟား ဟား… ဒီကောင်းကင်ပုတီးစေ့က အရမ်းကောင်းတယ်… ဒီဟာကို သခင်သဘောကျမှာ သေချာတယ် ”

တာချီလော့က စိတ်ကျေနပ်စွာ အော်ရယ်လိုက်သည်။ ထို့နောက် သူက အဆင့်ငါးကောင်းကင်ပုတီးစေ့ကို သိမ်းဆည်းလိုက်ပြီး စစ်ပွဲရုပ်သေးရုပ်၏ ခန္ဓာကိုယ်ပေါ်သို့ ဆင်းသက်လိုက်သည်။

စစ်ပွဲရုပ်သေးရုပ်က ရွေ့လျားသွားပြီး သူ့ကို ပြန်ခေါ်ဆောင်သွားသည်။

“ မင်းတို့တွေ ဆော့မနေကြနဲ့တော့… အဲ့ဒီကောင်တွေကို အပြတ်ရှင်းပစ်လိုက်တော့ ”

တာချီလော့က သူ၏ အနောက်မှ မျိုးနွယ်ခြားလက်ရွေးစင်များကို ပြောသည်။

“ ဝုန်း ”

ချက်ချင်းဆိုသလိုပင် စစ်ပွဲရုပ်သေးရုပ်တစ်ထောင်က ထွက်ပေါ်လာကြပြီး ကောင်းကင်မိစ္ဆာသားရဲအုပ်စုများထံသို့ ပျံသန်းသွားကြသည်။ ထို့နောက် ၎င်းတို့က အစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်းကို စတင်လိုက်ကြသည်။

“ ယီး… ”

အစောနက တာချီလော့ထံမှ ပုတီးစေ့တစ်သိန်း ယူဆောင်ခဲ့ကြသော မျိုးနွယ်ခြားစစ်သည်တော်များက ယခု ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။

All Chapters