အခန်း (၁၄၅၆)
Vol. 104 Ch. 1456
သုံးနှစ်ကြာပြီးနောက် ဟင်းလင်းပြင်က စတင်တုန်ခါသွားသည်။
အဆုံးမဲ့သော အလင်းစီးကြောင်းများက ထွန်းလင်းလာပြီး လွင့်မျောမိုးတိမ်များကို ဆွဲဆောင်လိုက်သည်။ ဤအခိုက်အတန့်မှာ တိမ်တိုက်များက အချင်းမိုင်တစ်ထောင်အတွင်းမှာ စုဝေးသွားကြသည်။
ကောင်းကင်နှင့် မြေပြင်ကြားတွင် ကုန်းမြေများက ဥက္ကာပျံများသဖွယ် အောက်မေ့ရပြီး တခြားကုန်းမြေများဆီသို့ ဦးတည်သွားနေကြသည်။ ထို့နောက် ကုန်းမြေအချင်းချင်း ဝင်ဆောင့်သွားကြသည်။
ထိုအခါ ကောင်းကင်နှင့် မြေပြင်က ပရမ်းပတာ လှုပ်ခတ်သွားပြီး အရာအားလုံးက ညှိုးခြောက်သွားသည်။
ဤတစ်ကြိမ်တွင် ကုန်းမြေတစ်ရာက အချင်းချင်း ပွတ်တိုက်သွားကြသည်။
ဟင်းလင်းပြင်ထဲတွင် မူလစွမ်းအား အလုံအလောက်မသန်မာသော ကုန်းမြေများက ဖုန်မှုန့်အဖြစ် အပိုင်းပိုင်းအစစ ပြိုကွဲပျက်စီးသွားကြသည်။ ၎င်းတို့ထံမှ မူလစွမ်းအားသည်တော့ တခြားကုန်းမြေများ၏ စုပ်ယူခြင်းခံလိုက်ရသည်။
သို့မှသာလျှင် ကုန်းမြေများက မူလစွမ်းအား ပိုမိုစုဆောင်းမိလာပြီး အထက်အဆင့်များသို့ တတ်လှမ်းနိုင်ကြလိမ့်မည်။
ကုန်းမြေများက မူလစွမ်းအားဖြစ်လာရန် ပြိုကျပျက်စီးသွားလိမ့်မည်။
ထိုမူလစွမ်းအားများက ပုံရိပ်ယောင်နဂါးများသဖွယ် ဘေးပတ်ဝန်းကျင်မှ ကုန်းမြေများ၏ စုပ်ယူခြင်းခံလိုက်ကြရသည်။
ယင်းက အချိန်လေဟာနယ်၏ သိပ်သည်းမှု ဖြစ်သည်။
ဟန်မူယဲ့က နေရာမှာ မတ်တတ်ရပ်နေလျက် မျက်မှောင်ကြုတ်လိုက်သည်။
သူ့ဘေးမှ ဟွင်းသွမ်းက သူ၏ လက်ဖဝါးများကို ပွတ်သပ်လိုက်သည်။ သူက စိတ်လှုပ်ရှားမှုကို မဖုံးဖိနိုင်ပေ။
“ ဘုရားရေ… တစ်စုံတစ်ယောက်က အဲ့ဒီလိုနဂါးတစ်ကောင်ကို ဝါးမျိုနိုင်မယ်ဆိုရင် သူက အထွတ်အထိပ် ကျွမ်းကျင်သူတစ်ယောက် ချက်ချင်း ဖြစ်လာမှာလား ”
ထိုပုံရိပ်ယောင်နဂါးများထဲမှာ အလွန်သိပ်သည်းသော အချိန်လေဟာနယ်စွမ်းအားက ကိန်းအောင်းနေသည်။
အကယ်၍ တစ်စုံတစ်ယောက်က ၎င်းတို့ထဲမှ တစ်ကောင်ကို အမှန်တကယ် ဝါးမျိုနိုင်မည်ဆိုလျှင် သူတို့က ကမ္ဘာဦးအုပ်ချုပ်သူအဆင့်သို့ ချက်ချင်း ရောက်ရှိသွားကြလိမ့်မည်။
မှန်ပေသည်။ ဟန်မူယဲ့၏ အမြင်အရ ထိုနဂါးများကို ဝါးမျိုရန် မလွယ်ကူပေ။ တစ်စုံတစ်ယောက်က ထိုနဂါးတစ်ကောင်ကို ဝါးမျိုလိုက်မည်ဆိုလျှင် ရလဒ်အနေဖြင့် သူတို့က အချိန်လေဟာနယ်စွမ်းအားကြောင့် အမြစ်ဖြတ်သုတ်သင်ခံလိုက်ရပြီး နဂါး၏ စွမ်းအင်တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားလိမ့်မည်။
မိုးမြေနှင့် တစ်သားတည်းဖြစ်ခြင်း…
ဟန်မူယဲ့ကိုယ်တိုင်ပင် နဂါးတစ်ကောင်ကို တိုက်ရိုက် ဝါးမျိုရန် သတ္တိမရှိပေ။
သူက နဂါးတစ်ကောင်ကို သန့်စင်နိုင်ရန် သူ့ကိုယ်သူ ယုံကြည်မှုရှိသည်။ သို့သော်လည်း ထိုသို့အပြုအမူက မိုမြေစွမ်းအား၏ အမျက်ဒေါသကို ဆွဲဆောင်သွားလိမ့်မည်ဖြစ်ကြောင်း သူနားလည်သည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွက် နောက်ထပ် ပြိုင်ဆိုင်ရန် မလိုတော့ပေ။
မူလစွမ်းအားအားလုံးက ကောင်းကင်ဘုံအပြစ်ဒဏ်အဖြစ် ပြောင်းလဲသွားပြီး လောကတစ်သောင်းနယ်မြေ၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။
အကယ်၍ တစ်စုံတစ်ယောက်မှာ လောကတစ်သောင်းနယ်မြေ၏ စွမ်းအားကို ဖိနှိပ်နိုင်သော အရည်အချင်းမရှိဘူးဆိုလျှင် သူတို့က သူတို့အရှေ့မှ ထိုပုံရိပ်ယောင်နဂါးများကို မထိသင့်ပေ။
“ ဘန်း ”
ဟင်းလင်းပြင်က တုန်ယင်သွားသည်။ ထို့နောက် ပုံရိပ်ယောင်နဂါးများထဲမှ တစ်ဝက်က အမှောင်လောကကို ဖြတ်သန်း၍ မြင်ကွင်းထဲမှ ပျောက်ကွယ်သွားကြသည်။
ယင်းက အထက်တန်းစား အဆင့်သုံးဆင့်၏ နယ်နိမိတ်ဖြစ်သည်။
ထိုနဂါးများ အပေါ်သို့ ပျံတတ်သွားသည့်အခါ ၎င်းတို့က သွေးမုန်တိုင်းတစ်ခုကို အစပျိုးလိုက်ကြသည်။
ကျန်ရှိသော နဂါးများက အောက်ဘက်ကမ္ဘာထဲမှာ လွင့်မျောသွားကြသည်။
ဟန်မူယဲ့၏ ပုံရိပ်က ကောင်းကင်ပေါ်သို့ တန်းမတ်စွာ ပျံသန်းသွားသည်။ သူက ထိုနဂါးများထံသို့ ဦးတည်မသွားပေ။ ယင်းအစား သူက သူ့အရှေ့မှ ဟင်းလင်းပြင်ကို ဖျက်ဆီးလိုက်သည်။
သူလက်မြှောက်လိုက်သည့်အခါ အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ပေါ်မှာ တိုက်ရိုက် ထွက်ပေါ်လာသည်။
အခြားတစ်ဖက်တွင် လင်းရှောင်နယ်မြေထက် မသေးငယ်သော ကုန်းမြေတစ်ခုက ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်မှာ ထိုကုန်းမြေက လင်းရှောင်နယ်မြေဆီသို့ ချဉ်းကပ်လာနေသည်။
ဓားအလင်းများက ထိုကုန်းမြေမှ မြှောက်တတ်လာကြသည်။ ယင်းတို့က လွန်စွာ တောက်ပလေရာ လင်းရှောင်နယ်မြေမှ ဓားအလင်းရောင်နှင့် ပဲ့တင်ပြန်သွားသည်။
ရှေးဦးကောင်းကင်ဘုံမြေ… ။
ဤအခိုက်အတန့်မှာ ရှေးဦးကောင်းကင်ဘုံမြေက လင်းရှောင်နယ်မြေနှင့် ပေါင်းစပ်သွားသည်။ ကုန်းမြေနှစ်ခုက အင်အားချင်းညီမျှသည့်အပြင် ဓားလမ်းစဉ်ကို တူညီစွာ လျှောက်လှမ်းကြသည်။
နောက်အခိုက်အတန့်မှာ သုံးပေရှည်လျားသော ဓားအလင်းတန်းတစ်ခုက ကောင်းကင်ပေါ်သို့ ပျံတတ်သွားပြီး ပုံရိပ်ယောင်နဂါးနှစ်ကောင်၏ ခန္ဓာကိုယ်ကို ဖျက်ဆီးပစ်လိုက်သည်။
နဂါးခန္ဓာကိုယ်များမှ ပြန့်ကျဲသွားသော မူလစွမ်းအားများက အောက်ဘက်မှ ကုန်းမြေများနှင့် ပေါင်းစပ်သွားကြသည်။ ယင်းက ကုန်းမြေများ၏ မူလစွမ်းအားသိပ်သည်းမှုကို တစ်ဟုန်ထိုး မြင့်တတ်သွားစေသည်။
ထိုအခိုက်အတန့်မှာ ရွှေရောင်အလင်းလွှာတစ်ခုက ကောင်းကင်နှင့် မြေပြင်ကြားမှာ ထွက်ပေါ်လာသည်။
ထိုအလင်းလွှာထဲတွင် မြို့တော်များ၊ တောင်တန်းများနှင့် နန်းတော်များ အစရှိသော အဆောက်အဦးပုံရိပ်များ ထွက်ပေါ်လာကြသည်။
နောက်ဆုံးတွင် ထိုပုံရိပ်များက လွင့်ပြယ်သွားကြပြီး ရွှေရောင်စာလုံးများအဖြစ် ပြောင်းလဲသွားကြသည်။
“ ဝမ်လင်းနန်းတော် ”
“ လွင့်မျောတိမ်တောင်ထွတ် ”
“ မိစ္ဆာလမ်းစဉ်(၁၂)သွယ် ”
“ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း ”
…..
ထိုနာမည်တစ်ရာထဲတွင် ဟန်မူယဲ့က သူရင်းနှီးသော နာမည်နှစ်ခုကို မြင်တွေ့သွားသည်။
“ အံ့ဖွယ်ကိုးပါးမြို့ ”
“ လင်းရှောင်ဓားဂိုဏ်း ”
ဤအခိုက်အတန့်မှာ အချင်းချင်း ပေါင်းစပ်နေကြသော ကုန်းမြေများသာ ထိုရွှေရောင်အလင်းလွှာကို မြင်နေရခြင်း မဟုတ်ပေ။ အထက်အဆင့်သုံးဆင့်မှ ကုန်းမြေများသည်လည်း ယင်းကို ရှင်းလင်းစွာ မြင်တွေ့သွားကြသည်။
“ ဟား ဟား… လောကတစ်သောင်းယှဉ်ပြိုင်ပွဲရဲ့ နံပါတ်တစ်နေရာက ဝမ်လင်းနန်းတော်ပဲ… အဲ့ဒါက ဘယ်တော့မှ မပြောင်းလဲဘူး… အဲ့ဒါက ငါတို့ကြယ်စင်စုစကြာဝဠာရဲ့ ဓလေ့တစ်ခုလို ဖြစ်နေပြီ ”
ကမ္ဘာဦးအဆင့် ရုပ်သေးရုပ်တစ်ခုကို ထိန်းချုပ်ထားသော လူငယ်တစ်ယောက်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး ပြောသည်။
“ ဆရာဟန်ကို ရှာမတွေ့တာ စိတ်မကောင်းစရာပဲ… ဆရာဟန်သာ ဒီမှာရှိမယ်ဆိုရင် ငါတို့ဝမ်လင်းနန်းတော်က အင်အားစုအားလုံးကို တိုက်ရိုက် သိမ်းပိုက်နိုင်လိမ့်မယ် ”
သက်လတ်ပိုင်းအမျိုးသားတစ်ယောက်က သတ်ဖြတ်ခြင်းအရှိန်အဝါကို ထုတ်လွှတ်လျက် တီးတိုးရေရွတ်လိုက်သည်။ သူ၏ ဘေးတွင် သွေးစိုရွှဲနေသော စစ်ပွဲရုပ်သေးရုပ်နှစ်ခုက မတ်တတ်ရပ်နေကြသည်။
“ စိတ်ချထားစမ်းပါ… အထက်အဆင့်သုံးဆင့် ကောင်းကင်ပုတီးစေ့တွေ ထွက်ပေါ်လာတဲ့အခါကျရင် ပုန်းအောင်းနေတဲ့ အဲ့ဒီပညာရှင်တွေ ထွက်ပေါ်လာကြလိမ့်မယ် ”
လူငယ်က မိုးမြေကို ဝင်ဆောင့်နေကြသော ပုံရိပ်ယောင်နဂါးများကို ကြည့်လိုက်သည့်အခါ မျက်လုံးဝင်းလက်သွားသည်။
“ ကမ္ဘာဦးနဂါးတွေ ထွက်ပေါ်လာကြပြီ… အထက်အဆင့်သုံးဆင့် ကောင်းကင်ပုတီးစေ့တွေ ဖွဲ့စည်းသွားဖို့ သိပ်မလိုတော့ဘူး ”
…..
တခြားတောင်တန်းတစ်ခုတွင် အနီရောင်ချပ်ဝတ်ကို ဝတ်ဆင်ထားသော ဟွမ်ကျစ်ဟူက ခန်းဆောင်ထဲမှ ရွှေရောင်အလင်းလွှာကို ကြည့်လိုက်သည်။
“ ဘာမှတွေးနေစရာ မလိုဘူး… အကိုဟန်က အံ့ဖွယ်ကိုးပါးမြို့ဆီ သွားခဲ့တာ ဖြစ်မယ် ”
ဟွမ်ခြောက်က ပြုံးလိုက်ပြီး ပြောသည်။
“ ဒါပေမဲ့ ငါတို့အံ့ဖွယ်ဓားဂိုဏ်းရဲ့ အပေါ်မှာ အင်အားစုအများကြီး ရှိနေသေးတယ်… ဆိုလိုတာက နောက်ထပ် တိုးတတ်ဖို့ ငါတို့ကြိုးစားရဦးမယ် ”
ထိုစကားကို ကြားသောအခါ ခန်းဆောင်ထဲမှ တခြားလူများက ရယ်မောလိုက်ကြသည်။
“ လောကအားလုံး ပေါင်းစည်းသွားတဲ့အခါ ယှဉ်ပြိုင်ပွဲကုန်းမြေတစ်ခု ဖြစ်ပေါ်လာလိမ့်မယ်… အဲ့ဒီအခါကျရင် အံ့ဖွယ်ကိုးပါးမြို့ကို အစွမ်းကုန်သုံးပြီး ငါတို့ကာကွယ်ရမယ် ”
ဟွမ်ကျစ်ဟူက ခန်းဆောင်ထဲမှ လူများကို ကြည့်လိုက်ပြီး တည်ကြည်လေးနက်စွာ ပြောသည်။
“ အထက်အဆင့်သုံးဆင့်ရဲ့ အင်အားစုတွေက ကုန်းမြေပေါင်းစပ်ပြီး တတ်လှမ်းလာကြမယ့် အင်အားစုတွေကို အရင်ဆုံး ဖိနှိပ်ကြလိမ့်မယ် ”
သူ၏ စကားက ခန်းဆောင်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။
…..
ထိုစဉ် မြို့ကြီးတစ်မြို့၏ ခန်းဆောင်ထဲတွင် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားတစ်ဦးက စိတ်ရှုပ်ထွေးနေသည်။
“ အကြီးအကဲတို့… ကျုပ်ပဲ အမြင်မှားနေတာလား ”
“ ကျုပ်တို့ရဲ့ လင်းရှောင်ဓားဂိုဏ်းက စာရင်းထဲမှာ ပါဝင်နေတယ် ”
“ ကျုပ်တို့က အထက်အဆင့်သုံးဆင့်ထဲမှာ ရောက်နေကြပေမဲ့လည်း အမြဲတမ်း သိုသိုသိပ်သိပ် နေထိုင်ခဲ့ကြတာပါ… တခြားလူတွေနဲ့ တစ်ခါမှ မယှဉ်ပြိုင်ခဲ့ဖူးပါဘူး ”
သူ၏ မျက်နှာပေါ်မှာ လွမ်းဆွေးသော အရိပ်အယောင်တစ်စွန်းတစ်စ ထွက်ပေါ်လာပြီးလျှင် သူက အောက်ဘက်မှ အကြီးအကဲများကို ကြည့်လိုက်သည်။
“ မဟုတ်မှ ကျုပ်တို့ရဲ့ စွမ်းအားက သိုသိုသိပ်သိပ် နေလို့မရတော့တဲ့အထိ အားကောင်းနေပြီလား ”
“ ဒါပေမဲ့… ဘေးပတ်ဝန်းကျင်က မြို့(၃၂)မြို့ထဲမှာ ဘယ်မြို့က ကျုပ်တို့ထက် အားနည်းလို့လဲ ”
“ ကောင်းကင်ဘုံစာရင်းက… မှားယွင်းနေတာလား ”
…..
အနန္တလောကကောင်းကင်ဘုံစာရင်း၏ ထွက်ပေါ်လာမှုက တခြားလူများကို ဝမ်းသာခြင်း သို့မဟုတ် ဝမ်းနည်းခြင်း ဖြစ်ပေါ်စေသည်။ တချို့လူများက သူတို့၏ အစီအစဉ်ကို စတင်အကောင်အထည်ဖော်လိုက်ကြစဉ် တချို့လူများက သူတို့ကိုယ်သူတို့ ဆက်ပြီး ဖုံးကွယ်ထားကြသည်။
အထက်အဆင့်သုံးဆင့် ကုန်းမြေများထံမှ တုံ့ပြန်မှုများက လင်းရှောင်နယ်မြေနှင့် ဘာမှမသက်ဆိုင်ခဲ့ပေ။ ယခုအချိန်မှာ လင်းရှောင်နယ်မြေက မဟာကုန်းမြေကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်သည်။
ဤအခိုက်အတန့်မှာ အကြီးအကဲဟန်၏ နောက်ကွယ်မှ အင်အားစုက သူတို့ထက် အများကြီး ပိုသန်မာသော မြို့ကြီးတစ်မြို့ဖြစ်ကြောင်း လင်းရှောင်ဓားဂိုဏ်းထဲမှ ဂိုဏ်းသားများက နားလည်သွားကြသည်။
ထိုသို့နားလည်သွားသည့်အခါ ချန်းရှောင်တုံနှင့် တခြားလူများက စိတ်သက်သာရာရသွားကြသည်။
ဘာမှမသိရခြင်းက အလွန်ကြောက်စရာကောင်းသည်။
ဟန်မူယဲ့၏ အနောက်မှာ မည်သည့်အင်အားစုမှ မရှိမည်ကို သူတို့အကြောက်ဆုံး ဖြစ်သည်။
ယခု ဟန်မူယဲ့၏ သရုပ်ကို သူတို့နားလည်သွားကြသည်။ သူက တိမ်မြူဓားအင်မော်တယ်ဖြစ်ပြီး တုနှိုင်းမဲ့ဓားအင်မော်တယ် ဖြစ်သည်။
အံ့ဖွယ်ကိုးပါးမြို့တော်က နယ်မြေတစ်ခုလုံးကို ဖိနှိပ်ထားနိုင်သော မြို့ကြီးတစ်မြို့ ဖြစ်သည်။ အထူးသဖြင့် ထိုမြို့က ဓားကျင့်ကြံသူမြို့ ဖြစ်သည်။
ထိုသို့အင်အားက အလွန်သန်မာသည်။ သို့သော်လည်း ယင်းက လက်လှမ်းမမီနိုင်သောအရာ မဟုတ်သေးပေ။
ယင်းက အမှန်တရားဖြစ်သည်။
တုနှိုင်းမဲ့သော အစွမ်းထက်ပုဂ္ဂိုလ်များက ဤလောကထဲမှာ မည်မျှများများ တည်ရှိနိုင်မည်နည်း။
ကုန်းမြေများ ပေါင်းစပ်သွားနေစဉ် အံ့ဖွယ်ကိုးပါးမြို့ထဲမှ ဓားကျင့်ကြံသူတစ်ဝက်က ကောင်းကင်မိစ္ဆာသားရဲများအား မွေးမြူခြင်းကို ကူညီစောင့်ကြပ်ပေးလိုက်ကြသည်။ ယခု ကောင်းကင်မိစ္ဆာသားရဲများ မွေးမြူခြင်းက ယခင်ကထက် အဆမတန် ကျယ်ပြောလာသည်။
တခြားနည်းလမ်း မရှိပေ။ ကုန်းမြေများ အဆင့်တတ်လှမ်းသွားသည့်အခါ မွေးမြူရေးခြံထဲမှ ကောင်းကင်မိစ္ဆာသားရဲဆယ်သန်းက အချင်းချင်း စတင်သတ်ဖြတ်လိုက်ကြပြီး ဝါးမျိုစားသောက်လိုက်ကြသည်။ သို့ဖြစ်၍ ၎င်းတို့ထဲမှ သုံးပုံတစ်ပုံက အဆင့်မြင့်တတ်သွားကြသည်။
၎င်းတို့က အဆင့်လေး ကောင်းကင်မိစ္ဆာသားရဲများ ဖြစ်လာကြသည်။
အဆင့်လေးကောင်းကင်မိစ္ဆာသားရဲ သန်းပေါင်းများစွာ… ။
ထိုသို့အင်အားက မည်မျှကြောက်စရာကောင်းကြောင်း မည်သူမဆို စိတ်ကူးကြည့်နိုင်ပေသည်။
၎င်းတို့ထဲမှ ကောင်းကင်မိစ္ဆာသားရဲတစ်ကောင်စီက အင်မော်တယ်အရှင်သခင်အဆင့်သို့ ဝင်ရောက်ခါစ ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်နိုင်စွမ်း ရှိကြသည်။
ထို့ကြောင့် မွေးမြူရေးခြံကို ကာကွယ်စောင့်ကြပ်ပေးနေသော ဓားကျင့်ကြံသူများက အခက်တွေ့လာကြသည်။
ယခုအခါ ကာကွယ်စောင့်ကြပ်ပေးရုံဖြင့် မလုံလောက်တော့ပေ။
မွေးမြူရေးခြံထဲမှ ကောင်းကင်မိစ္ဆာသားရဲအုပ်စုများက ဟင်းလင်းပြင်ထဲမှာ ပျံဝဲနေကြသော ကောင်းကင်မိစ္ဆာသားရဲများကို အလိုအလျောက် ဆွဲဆောင်လိုက်ကြသည်။
သို့ဖြစ်၍ ကောင်းကင်မိစ္ဆာသားရဲဆယ်သန်းကျော်က သူတို့ကို အဆက်မပြတ် တိုက်ခိုက်လာကြသည်။ ၎င်းတို့ထဲမှာ အဆင့်လေးနှင့် အဆင့်ငါး ကောင်းကင်မိစ္ဆာသားရဲများ ပါဝင်ကြသည်။ ထို့ပြင် အင်မော်တယ်ဘုရင်အဆင့် အစွမ်းထက်ပုဂ္ဂိုလ်များကို အမဲလိုက်နိုင်သော အဆင့်သုံးကောင်းကင်မိစ္ဆာသားရဲတချို့လည်း ပါဝင်ကြသေးသည်။
ထိုအဆင့်သုံးကောင်းကင်မိစ္ဆာသားရဲများကို မိစ္ဆာသားရဲများဟု မခေါ်နိုင်တော့ပေ။
၎င်းတို့က လူသားအသွင်သဏ္ဍာန်သို့ ပြောင်းလဲနိုင်ကြပြီး ၎င်းတို့၏ ဝိညာဉ်နှင့် စွမ်းအင်အတတ်အကျလှိုင်းများကို ဖုံးကွယ်နိုင်ကြသည်။ ထို့ကြောင့် ၎င်းတို့က အလစ်အငိုက် လုပ်ကြံသတ်ဖြတ်ခြင်းများကို အထူးပြုလုပ်ကြသည်။
ထို့ပြင် ၎င်းတို့က ကုန်းမြေထဲမှ မူလစွမ်းအားကို ဆွဲထုတ်ပြီးလျှင် မြန်ဆန်စွာ ထွက်ခွာသွားကြလိမ့်မည်။
၎င်းတို့၏ တမူထူးခြားသော ဖုံးကွယ်ခြင်းအတတ်ပညာကြောင့် ကျင့်ကြံသူအနည်းစုသာလျှင် ၎င်းတို့ကို ခြေရာခံနိုင်ကြသည်။
“ ဗုန်း ”
အလွန်အားကောင်းသော ဖိအားက ကောင်းကင်ပေါ်မှ ဆင်းသက်လာသည့်အခါ တရားထိုင်နေသော ဟန်မူယဲ့က မတ်တတ်ရပ်လိုက်သည်။
ကောင်းကင်ပေါ်တွင် မရေမတွက်နိုင်သော ကောင်းကင်မိစ္ဆာသားရဲများက စုဝေးနေကြသည်။ ၎င်းတို့ထံမှ ထုတ်လွှတ်နေသော စွမ်းအားက အလွန်အားကောင်းလေရာ ကုန်းမြေအောက်မှ မူလစွမ်းအားကို ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။
အဝေးတွင် ပြန့်ကျဲနေကြသော ကုန်းမြေများပေါ်မှ ကျင့်ကြံသူများက မျက်နှာဖြူဖျော့သွားကြသည်။
အကယ်၍ လင်းရှောင်နယ်မြေသာ ထိုကောင်းကင်မိစ္ဆာသားရဲများကြောင့် ပြိုကွဲပျက်စီးသွားမည်ဆိုလျှင် ဘေးပတ်ဝန်းကျင်မှ တခြားကုန်းမြေများသည်လည်း အသက်ရှင်လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြချေ။
“ အဲ့ဒီကောင်တွေက ဦးနှောက်မရှိကြဘူးလား… သူတို့က ကောင်းကင်မိစ္ဆာသားရဲတွေကို တကယ်ကြီး မွေးမြူရဲတယ် ”
အဝေးမှ ကောင်းကင်ယံတွင် တစ်စုံတစ်ယောက်က အံတင်းတင်းကြိတ်လိုက်ပြီး ကျိန်ဆဲလိုက်သည်။
ကောင်းကင်မိစ္ဆာသားရဲများကို မွေးမြူခြင်းက ပြဿနာတစ်ခု မဟုတ်သော်လည်း သန်းပေါင်းများစွာသော ကောင်းကင်မိစ္ဆာသားရဲများကို မွေးမြူခြင်းက ကြီးမားသော ပြဿနာဖြစ်သည်။ သို့မဟုတ်လျှင် အစွမ်းထက် ကောင်းကင်မိစ္ဆာသားရဲများက လင်းရှောင်နယ်မြေကို အဓိကပစ်မှတ်ထားကြလိမ့်မည် မဟုတ်ချေ။
“ ငါတို့တော့ သွားပြီ… အဆင့်လေးကောင်းကင်မိစ္ဆာသားရဲတွေက အရေအတွက် တစ်သန်းကျော်တယ်… အခုလို ကုန်းမြေတွေပေါင်းစပ်နေတဲ့ ဧရိယာထဲမှာ အစွမ်းထက် အင်အားစုတချို့ပဲ သူတို့ကို ခုခံနိုင်ကြလိမ့်မယ် ”
“ အခု အဆင့်လေးကောင်းကင်မိစ္ဆာသားရဲတွေက အနည်းဆုံး သန်းသုံးဆယ်ကျော်သွားပြီ… ငါတို့တော့ သွားပြီ… ဘယ်အင်အားစုမှ အဲ့ဒါကို မတားဆီးနိုင်တော့ဘူး ”
တစ်စုံတစ်ယောက်က ကြောက်လန့်တကြား အော်ပြောလိုက်သည်။
ပိုပြီးအရေးကြီးသည့်အချက်မှာ ထိုကောင်းကင်မိစ္ဆာသားရဲများက ကုန်းမြေအားလုံးကို ဖျက်ဆီးနိုင်သွားသည့်အခါ ၎င်းတို့၏ စွမ်းအားအဆင့်က သေချာပေါက် မြင့်တတ်သွားလိမ့်မည်။ ထိုအခါ ၎င်းတို့က အဆင့်သုံး ကောင်းကင်မိစ္ဆာသားရဲများ ဖြစ်လာကြလိမ့်မည်။
ထို့နောက် ၎င်းတို့က မိုးမြေပေါင်းစပ်မှုကို သေချာပေါက် ဖြစ်ပေါ်စေလိမ့်မည်။ နောက်ပိုင်းတွင် ၎င်းတို့က မဟာကုန်းမြေယှဉ်ပြိုင်ပွဲဆီသို့ တတ်လှမ်းသွားကြလိမ့်မည်။
ထိုအခါကျလျှင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ပွဲတော်က စတင်လာလိမ့်မည်။
မရေမတွက်နိုင်သော ကျင့်ကြံသူများက ကောင်းကင်မိစ္ဆာသားရဲများ၏ လက်ချက်ဖြင့် အသတ်ခံကြရလိမ့်မည်။
လောကတစ်သောင်းယှဉ်ပြိုင်ပွဲကို ကျင်းပခဲ့သည့် သမိုင်းတစ်လျှောက်တွင် ထိုမျှများပြားသော ကောင်းကင်မိစ္ဆာသားရဲများ စုဝေးနေခြင်းက ယခင်က တစ်ခါမှ မရှိခဲ့ဖူးပေ။
ဤအခိုက်အတန့်မှာ ချန်းရှောင်တုံနှင့် တခြားလူများသည်လည်း မျက်နှာတည်ကြည်သွားကြသည်။
ဤတစ်ကြိမ်မှာ စုဝေးသွားသည့် ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က ထိုမျှများပြားလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားကြချေ။
မိုးမြေပေါင်းစပ်သွားပြီးနောက်မှာ ကောင်းကင်မိစ္ဆာသားရဲများ၏ အရေအတွက်က လျော့နည်းသွားလိမ့်မည်ဟု ကောလဟာလများ ရှိခဲ့သည်မဟုတ်ပါလော။
ယခု သူတို့က ထိုမျှများပြားသော ကောင်းကင်မိစ္ဆာသားရဲများဖြင့် ရင်ဆိုင်ရသောအခါ မည်သို့တုံ့ပြန်ရမည်မှန်း မသိကြတော့ချေ။