ငါက အရှုံးသမားရဲ့အဖေ ဖြစ်လာတယ်
Vol. 1 Ch. 1
"ဒါက... ဒါက ဒီလိုဖြစ်နိုင်တယ်လား"
အချိန်အတော်ကြာပြီးနောက် ချင်ချွမ်းသည် ဤခန္ဓာကိုယ်၏ မှတ်ဉာဏ်များအားလုံးကို နောက်ဆုံးမှာ လက်ခံနိုင်ခဲ့ပြီး အနည်းငယ်သော ရယ်ချင်စိတ်နှင့်အတူ စိတ်ပျက်လက်ပျက် ဖြစ်သွားခဲ့သည်။
သူ ကမ္ဘာကူးပြောင်းလာခဲ့ခြင်းပင်။ သို့သော် ဤကမ္ဘာကူးပြောင်းမှုက တစ်ခုခုတော့ လွဲနေလေပြီ။
တခြားသူများဆိုလျှင် အရှုံးသမား သို့မဟုတ် ဘာမှ မဟုတ်သောသူများ ဖြစ်သွားတတ်ကြ၏။
သူကတော့ မတူပေ။
သူက...အသုံးမကျသော အရှုံးသမားကောင်လေးတစ်ယောက်၏ အဖေ ဖြစ်သွားသည့်ပုံပင်။
"အင်း ကံကောင်းစွာနဲ့ ငါက ငယ်ရွယ်ပြီး တော်တော်လေး ချောနေတုန်းပဲ"
ချင်ချွမ်းသည် သူ့အရှေ့မှ မှန်ကို ကြည့်လိုက်သည်။ မှန်ထဲ၌မူ အရပ်မြင့်မြင့်နှင့် ရုပ်ရည်ချောမောကာ သြဇာအာဏာရှိသော အရိပ်အငွေ့များ သန်းနေသည့် အသက်နှစ်ဆယ်ကျော်အရွယ်လူတစ်ယောက်ကို တွေ့လိုက်ရ၏။
တကယ်တော့ လက်ရှိခန္ဓာကိုယ်က အသက်သုံးဆယ် ကျော်နေပြီဖြစ်သော်လည်း ကျင့်ကြံခြင်းကြောင့် ရုပ်ရည်အသွင်အပြင်သည် အလွယ်တကူ အိုမင်းရင့်ရော်ခြင်းမရှိရာ လူငယ်တစ်ယောက်ကဲ့သို့ ရှိနေတုန်းပင်။
ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်ကလည်း ချင်ချွမ်းဟု အမည်ရပြီး ရွှင်းယန်မြို့မှ ချင်မိသားစု၏ ခေါင်းဆောင်ဖြစ်ကာ မူလဒန်အဆင့်၏ အထွတ်အထိပ်ကျင့်ကြံမှုကို ပိုင်ဆိုင်ထားသည်။
သူ့ထံ၌ ချင်ကျီဟု ခေါ်သော သားလေးတစ်ယောက်လည်း ရှိသေး၏။ တစ်ချိန်က ပါရမီရှင်တစ်ယောက်ဖြစ်ခဲ့သော်လည်း မကြာသေးခင်နှစ်များအတွင်း ထူးဆန်းသော ရောဂါတစ်ခုကြောင့် သူ၏ကျင့်ကြံခြင်းအဆင့်က ဆုတ်ယုတ်သွားခဲ့ပြီး လှောင်ပြောင်မှုများစွာကို ခံခဲ့ရသည်။
သို့သော်ငြား ထိုကဲ့သို့ ဖြစ်သွားခဲ့တာတောင် ယခင်ချင်ချွမ်းက သူ့သားကို အလွန်ချစ်ပေးခဲ့လေ၏။
လွန်ခဲ့သောနှစ်ရက်က သူ့သား၏ရောဂါကို ကုသရန်အတွက် ဆေးရှာနေရင်း ယခင်ချင်ချွမ်းသည် တားမြစ်နယ်မြေထဲသို့ စွန့်စားဝင်ရောက်ခဲ့ရာမှ သူ၏ မူလစွမ်းအင်ဗဟိုချက်က ကြေမွသွားခဲ့ပြီး အသက်မသေရုံတမယ် ထွက်ပြေးလွတ်မြောက်လာခဲ့သည်။
ကျင့်ကြံမှုများမရှိတော့ဘဲ ပြန်ရောက်လာသည့်အခါ ချင်ချွမ်းသည် မိသားစုတွင်း၌ အာဏာလုခြင်းကို ခံခဲ့ရပြီး မိသားစုအစည်းအဝေးတွင် သူ၏ခေါင်းဆောင်ရာထူးက ရုပ်သိမ်းခံလိုက်ရ၏။
ခန္ဓာကိုယ်ပေါ်မှ ပြင်းထန်သော ဒဏ်ရာများနှင့် လူအပေါင်း၏ အေးစက်သော ဆက်ဆံရေးများကြောင့် ယခင်ချင်ချွမ်းသည် နာကြည်းစွာဖြင့် သေဆုံးသွားခဲ့
ပြီး ထို့နောက်မှာတော့ လက်ရှိချင်ချွမ်းက ကမ္ဘာကူးပြောင်း၍ ရောက်ရှိလာခဲ့ခြင်းပင်။
"အိုက်ယား...ချင်ချွမ်း ငါတို့ရဲ့ကံကြမ္မာတွေက နည်းနည်းတော့ ဆင်တူသားပဲ"
ကမ္ဘာပေါ်ရှိ သူ၏အတွေ့အကြုံများကို ပြန်တွေးရင်း သက်ပြင်းချမိသည်။ တူညီသောဒုက္ခကို ခံစားခဲ့ရသူများက အချင်းချင်း တစ်ခါမှမတွေ့ဖူးကြလျှင်တောင် တစ်ယောက်ကိုတစ်ယောက် စာနာတတ်ကြသည်လေား။
သို့သော်ငြား အဓိကအချက်မှာ...
ငါ ခေါင်မိုးပေါ်ကနေ ခုန်ချပြီး ငါ့ကိစ္စတွေကိုအဆုံးသတ်ခဲ့ပြီးပြီလေကွာ...ငါ့ကို နောက်ထပ်အရှုပ်ထုတ်ကြီးတစ်ခု လွှဲပေးသွားခဲ့တာ မင်း နည်းနည်းတော့ တရားမလွန်ဘူးလား။
"သခင်... သခင်ကြီး မကောင်းတော့ဘူး! သခင်လေး ဒုက္ခရောက်နေပါတယ်!!"
ထိုအချိန်မှာပင် ကမန်းကတန်းပြေးလာနေပုံရသည့် မိန်းမငယ်တစ်ယောက်၏ အသံထွက်ပေါ်လာ၏။
"ဘာဖြစ်တာလဲ"
ချင်ချွမ်းသည် အစိမ်းရောင်ဝတ်စုံနှင့် အစေခံမလေးကို ကြည့်လိုက်သည်။
ထိုအစေခံမလေး၏နာမည်မှာ ရှောင်လျန်ဖြစ်ပြီး ခေါင်းဆောင်ရာထူးကနေ သူ ဖြုတ်ချခံရပြီးနောက် သူ့ထံ၌ ကျန်ရစ်ခဲ့သည့် တစ်ဦးတည်းသောအစေခံပင်။
ရာထူးမရှိတော့သောအခါ လူများက အေးစက်သွားကြသည်ပင်။
"သခင်ကြီး သခင်လေးက လေ့ကျင့်နေရာကနေ ပြန်လာတဲ့အချိန် သူ့ကို ချင်မုန့်က စော်ကားခဲ့တယ်...ပြီးတော့ သခင်လေးက ချင်မုန့်ကို ထိုးကြိတ်လိုက်တယ်!"
ရှောင်လျန်မှာ အသက်ကိုမနည်းရှူနေရ၏။ ထင်ရှားသည်မှာ သူမက အခုထိတိုင်အောင် ထိတ်လန့်တုန်လှုပ်နေတုန်းပင်။
သခင်လေးချင်ကျီသည် မကြာခင်ကမှ ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့်မှာသာ ရှိနေသေးသည်။ သို့သော် ရက်အနည်းငယ်လောက် လေ့ကျင့်ပြီးနောက်မှာ စစ်မှန်သောအတွင်းအားအဆင့်လေးမှာရှိသည့် ချင်မုန့်ကို အနိုင်ယူပစ်လိုက်လေ၏။
ဒါက လုံးဝကို မယုံနိုင်စရာပင်။
သိထားရမှာက ခန္ဓာကိုယ်ကြံ့ခိုင်ခြင်းအဆင့်နှင့် စစ်မှန်သောအတွင်းအားအဆင့်ကြားမှ ကွာခြားချက်က အလွန်ကြီးမားသည်။
သခင်လေးချင်ကျီက ကံကောင်းထောက်မစွာဖြင့် စစ်မှန်သောအတွင်းအားအဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်တောင် ရက်အနည်းငယ်အတွင်း၌ အဆင့်လေးဆင့်အထိ ခုန်တက်သွားရန်မှာ မဖြစ်နိုင်ပေ။
"ဒီ... သူပုန်လေးကတော့"
ထိုစကားများကိုကြားသည့်အခါ ချင်ချွမ်းမှာ သွေးအန်ချင်စိတ်တောင် ပေါက်သွားရ၏။ သူ့ခဗျာ ဒီကို ရောက်လာတာ မကြာသေးပေ။ သူ ခြေကုပ်နိုင်
ခြင်း မရှိသေးခင်မှာပင် ပြဿနာက ရောက်လာလေပြီ။
ချင်မုန့်က ဘယ်သူလဲ...သူက မိသားစုခေါင်းဆောင်အသစ်၊ ချင်ခွမ်းရဲ့ သားကွ!
ချင်မုန့်ကို ထိုးကြိတ်ပြီးမှတော့ ချင်ခွမ်းက ပြဿနာလာရှာမည်မှာ သေချာပေါက်ပင်။
အရင်အတိုင်းသာဆိုလျှင် သူ ချင်ခွမ်းကို ကြောက်မည်မဟုတ်ပေ။ သို့သော်ငြား အခုတော့ သူ၏ ကျင့်ကြံမှုများက လုံးဝပျက်စီးသွားလေပြီ။ သူ ချင်ခွမ်းနှင့် ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မည်နည်း။
အစကတော့ သူ ခဏတာမျှ ငြိမ်ငြိမ်လေး ထိုင်နေချင်ခဲ့သည်။ အခုတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်ကုန်လေပြီ။
"ဘန်း!"
ထိုအချိန်မှာပင် တံခါးက ရိုင်းစိုင်းစွာ ကန်ဖွင့်ခြင်း ခံလိုက်ရ၏။
ထို့နောက်မှာတော့ မိသားစု၏ အိမ်တော်ထိန်းတစ်ယောက်ကဲ့သို့ ဝတ်ဆင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က ဒေါသတကြီးဖြင့် အထဲဝင်လာသည်။
သူသည် အစကတော့ ချင်ချွမ်းအား မထီမဲ့မြင်ပြုသော အမူအရာဖြင့် အထက်စီးကနေ ကြည့်ရန် စီစဉ်ထားခဲ့သော်လည်း ဂုဏ်သိက္ခာဖြင့် ပြည့်စုံနေသော ချင်ချွမ်း၏မျက်နှာကို မြင်လိုက်ရသည့်အခါ အလိုလိုပင်
မျက်နှာလွှဲလိုက်မိ၏။
မည်သို့ပင်ဆိုစေကာမူ သူသည် တစ်ချိန်က မိသားစုခေါင်းဆောင်တစ်ဦးပင်။
ရာထူးကနေ ဖြုတ်ချခံရတာ နှစ်ရက်ပင် ရှိသေးတာကြောင့် သူ့ထံ၌ သြဇာအာဏာအငွေ့အသက်များက ကျန်ရှိနေတုန်းပင်။
သူ အသက်ပြင်းပြင်းရှူသွင်းပြီးနောက် အေးစက်စွာပြောလိုက်သည်။
"ချင်ချွမ်း ခေါင်းဆောင်က မင်းကို တိုက်ပွဲကွင်းပြင်ဆီ လာဖို့ ခေါ်ခိုင်းလိုက်တယ်"
ထိုစကားကိုကြားတော့ ချင်ချွမ်းမှာ သက်ပြင်းချလိုက်မိ၏။
တစ်ဖက်လူက ထိုမျှ မြန်မြန်ဆန်ဆန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ သက်လတ်ပိုင်းအရွယ်အမျိုးသားကို ကြည့်၍ တည်ငြိမ်စွာ ပြောလိုက်သည်။
"ဒါဆိုလဲ လမ်းပြ"
"မင်း!"
သက်လတ်ပိုင်းအမျိုးသားက အနည်းငယ် မကျေမချမ်းဖြစ်သွားလေ၏။ ယခု အရှိန်အဝါကျသွားပြီဖြစ်သော ချင်ချွမ်းက သူ့ကို ပို၍ယဉ်ကျေးမည် သို့မဟုတ် နှိမ့်ချဆက်ဆံလိမ့်မည်ဟု သူထင်ထားခဲ့သည်။
သို့သော်ငြား သူ မထင်မှတ်ထားသည်မှာ အတောင်ကျိုးနေသော ဖီးနစ်ငှက်သည် အခုအချိန်ထိမာနကြီးနေတုန်းပင်။ ထိုအရာက သူ့ကို အလွန်ပင် မပျော်မရွှင်ဖြစ်စေ၏။
သို့သော်ငြား သူ့စိတ်ထဲ၌ မကျေမနပ်ဖြစ်နေသော်လည်း သူ ဘာမှပြန်ပြောလို့မရပေ။ ထိုကြောင့် မဲ့ရွဲ့ကာဖြင့် အရှေ့ကနေ လမ်းပြလိုက်ရသည်။
မကြာခင်မှာပင် သူတို့နှစ်ယောက်စလုံး ထွက်သွားခဲ့ကြ၏။
"သခင်ကြီး..."
ရှောင်လျန်သည် ထွက်ခွာသွားသော ချင်ချွမ်း၏ ပုံရိပ်ကို ကြည့်ရင်း ဝမ်းနည်းစိတ်ဝင်လာခဲ့သည်။ တစ်ချိန်တုန်းက ခွန်အားအပြည့်ရှိခဲ့သော မိသားစုခေါင်းဆောင်သည် အခုတော့ ဒီလောက်အခြေအနေအထိ အခြေအနေဆိုးသွားခဲ့၏။
...
တိုက်ပွဲကွင်းပြင်။
သန့်ရှင်းကာ ချောမော၍ အနက်ရောင်ဝတ်စုံဝတ်ထားသော လူငယ်လေးတစ်ယောက်သည် သက်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦး၏ မြေပြင်ပေါ် ဖိထားခြင်းကို ခံနေရသော်လည်း သူက ရုန်းကန်ခြင်းမရှိခဲ့ပေ။
ထိုအစား သူ့မျက်နှာကို မြေကြီးပေါ်ဖိကပ်ထားရင်း မျက်လုံးများက တစ်နေရာကို တွေဝေစွာ စိုက်ကြည့်နေကာ မျက်ရည်များကလည်း စီးကျနေလေသည်။ သူက ဝမ်းနည်းနေသည့်အပြင် အပြစ်ရှိသလို ခံစားနေရခြင်းနှင့်အတူ ရေရွတ်နေလေ၏။
"မဖြစ်နိုင်ဘူး...မဖြစ်နိုင်ဘူး၊ အဖေက ဘယ်လိုလုပ်ပြီး သိုင်းပညာပျက်စီးသွားရတာလဲ...ဘယ်လိုလုပ်ပြီး သိုင်းပညာပျက်စီးသွားရတာလဲ"
"ငါ မယုံဘူး...ငါ မယုံဘူး!"
"ငါ မယုံဘူး… အား! အဖေ...တောင်းပန်ပါတယ်၊ အားလုံးက ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော့်ကြောင့်ပါ…"
သူ့အသံက ခေါင်းမာ၍ အလျှော့မပေးခြင်းနှင့် စတင်ခဲ့သော်လည်း တဖြည်းဖြည်းနှင့် ငိုရှိုက်သံများဖြစ်လာပြီး ရင်ကွဲနေခဲ့သည်။
သူ့အဖေအပေါ်၌ သူ အပြစ်ပြုခဲ့မိလေပြီ။
သူကြောင့်သာ မဟုတ်လျှင် သူ့အဖေက ဘယ်လိုလုပ်ပြီး သိုင်းပညာပျက်စီးကာ မိသားစုခေါင်းဆောင်ရာထူးကို ဆုံးရှုံးရမည်နည်း။
သူ့အဖေ၏အရာအားလုံး ဆုံးရှုံးသွားအောင် သူ လုပ်ခဲ့မိ၏။
"ဟားဟား! ချင်ကျီ...မင်း အရင်တုန်းက အရမ်းသန်မာတယ်မဟုတ်လား၊ မင်းအရမ်း မာနကြီးနေခဲ့တယ်မဟုတ်ဘူးလား၊ အခု ဘာလို့ မြေကြီးပေါ်မှာ လဲပြီး မလှုပ်မယှက်နေနေတာလဲ"
ဘေးနားတွင် မျက်နှာတစ်ခုလုံး နီရဲကာ ရောင်နေသသည့် ကြွက်သားကြီးမားသော လူငယ်လေးက အနက်ရောင်ဝတ်စုံဝတ်ထားသည့် လူငယ်လေးကို ကြည့်နေသည်။ သူကတော့ ချင်မုန့် ပင်။
လက်ရှိအချိန်တွင် ချင်မုန့် ၏မျက်နှာအမူအရာက လှောင်ပြောင်မှုများဖြင့် ပြည့်နေလေသည်။
"ဒါနဲ့ အရမ်းရယ်စရာ မကောင်းနေဘူးလား၊ သားက အမှိုက်ဆိုတဲ့ဘဝကနေ လွတ်မြောက်သွားတာနဲ့ အဖေဖြစ်သူက အရှုံးသမား ဖြစ်သွားခဲ့တာ၊ တကယ်ပါပဲ...မင်းကသာ ဒီမိသားစုဝင်မဟုတ်ရင် ဒီအိမ်ထဲဝင်လာနိုင်မှာမဟုတ်ဘူး"
"မင်း ငါ့အဖေအကြောင်းပြောရဲလား!!"
ချင်ကျီ၏မျက်နှာက ရုတ်ချည်းပင် ဆိုးရွားစွာ ပျက်ယွင်းသွားပြီး အမျက်ဒေါသဖြင့် အော်ဟစ်လာ၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အံ့အားသင့်စရာကောင်းလောက်အောင် အစွမ်းထက်သည့် အင်အားတစ်ခုက ပေါက်ကွဲထွက်လာခဲ့သည်။
"ဘန်း!!"
သူ့ကိုဖိထားသော သက်လတ်ပိုင်းအရွယ်အမျိုးသားနှစ်ဦးသည် ထိုအင်အားကြောင့် နောက်ပြန်လွှင့်ထွက်သွားကြ၏။ ထိုနှစ်ယောက်ကို ရှင်းပြီးနောက် သူ ချင်မုန့်ဆီသို့ တိုးဝင်သွားခဲ့သည်။
"မင်း!!"
ချင်မုန့်၏မျက်နှာက ရုတ်ချည်းပင် ဖြူဖျော့သွားကာ သူ့ကိုယ်သူ ကာကွယ်ရန်ပင် မေ့သွားခဲ့၏။
"ဟွန်း!"
ထိုအချိန်မှာပင် အင်မတန်ပြင်းသော အားတစ်ခုက ချင်ကျီ၏ ခန္ဓာကိုယ်အား ဝင်တိုက်သွားခဲ့သည်။
"ပွက်!"
ချင်ကျီသည် သွေးအန်ထွက်ကာ နောက်ပြန်လွင့်သွားခဲ့ရ၏။ မြေပြင်ပေါ်ကျသွားပြီးနောက် သူ့ကိုတိုက်ခိုက်သူအား မဲ့ပြုံးဖြင့် ကြည့်လိုက်လေသည်။
ထိုလူကတော့ ချင်မုန့် နှင့် အနည်းငယ် ဆင်တူသော ကြွက်သားသန်မာသည့် သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်ဖြစ်ကာ သေချာပေါက်ပင် မိသားစုခေါင်းဆောင်အသစ်—ချင်ခွမ်း ဖြစ်လေ၏။
ချင်ခွမ်းက ချင်ကျီကို ကြည့်လာပြီး အာဏာဆန်စွာဖြင့် အေးစက်စက်ပြောလာသည်။
"ငါတစ်ယောက်လုံးရှိနေတာကို မင်းက ဘာကြောင့် ဒီလောက်အထိ ထောင်လွှားနေတာလဲ"
ချင်ခွမ်း၏နှလုံးသားက အနည်းငယ်အေးစက်သွားရ၏။ ထိုကောင်လေးသည် ထပ်ပြီးတော့ ကျင့်ကြံခြင်းအဆင့် ချိုးဖောက်နိုင်ခဲ့ကာ ရက်အနည်းငယ်အတွင်း၌ ဤကဲ့သို့ ကြီးမားသော ပြောင်းလဲမှုမျိုးကို ဖြစ်စေခဲ့သည်။
ဒါက…သူ ရတနာတစ်ခုခုများ ကောက်ရခဲ့တာလား။
ထိုအကြောင်းကိုတွေးနေရင်း သူ မျက်လုံးများကို မှေးကျဥ်းကာ သူ့ကိုယ်သူတွေးလိုက်မိ၏။
"ဒီကောင်လေးကို သတ်ဖို့အတွက် ရှာကြံရမယ်"
"မိသားစုခေါင်းဆောင် ချင်ချွမ်း ရောက်လာပါပြီ"
ထိုအချိန်၌ အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိုအသံကိုကြား၍ ချင်ခွမ်းမှ သူ့မျက်လုံးများကို မှေးကျဥ်းလျက် လှည့်ကြည့်လိုက်သောအခါ ရင်းနှီးသည့် လူတစ်ယောက်က လမ်းလျှောက်လာသည်ကို တကယ်ပင် တွေ့လိုက်ရ၏။
ထိုလူက တစ်ချိန်မှာ သူ၏ အကြီးမားဆုံးသောပြိုင်ဘက်ဖြစ်ခဲ့သည်။ ထိုလူက သူ့ကို အမြဲတမ်းဖိအားပေးခဲ့ပြီး ၎င်းမှာ သူ့လည်ချောင်းထဲ၌ ဆူးတစ်ခုထောက်နေသလို ခံစားခဲ့ရ၏။
အခုတော့… ထိုခြိမ်းခြောက်မှုက နောက်ဆုံးမှာ ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။ ထို့အပြင် သူ အခု လွတ်လွတ်လပ်လပ် လှောင်ပြောင်လို့ရနေလေပြီ။
"အဖေ!!"
လဲကျနေသော ချင်ကျီက ချင်ချွမ်းကို မြင်သောအခါ ရုတ်တရက်ပင် ဝမ်းသာအားရစွာ အော်ခေါ်လာပြီး မျက်ရည်များက တစ်ဖန်ပြန်ကျလာလေသည်။
ချင်ချွမ်းက အောက်ကို ငုံ့ကြည့်လိုက်၏။
သူ၏အပေါစားသားက ပါးစပ်ထဲမှ သွေးများအန်ထွက်နေပြီး ဖုန်များဖြင့် ဖုံးလွှမ်းနေတာကို တွေ့လိုက်ရသည်။ အနည်းငယ်တော့ သနားစရာကောင်းပုံရ၏။
သူ အလိုလိုပင် မျက်မှောင်ကြုတ်လိုက်မိသည်။
ထိုအချိန်မှာ ချင်ခွမ်းက အေးစက်စက် ပြောလာလေ၏။
"ချင်ချွမ်း မင်းရဲ့သားက ပေါ့ပေါ့ဆဆပြုမူခဲ့ပြီး ငါ့သား ချင်မုန့်ကို ဒဏ်ရာရစေခဲ့တယ်၊ မင်း ဒါကို ဘယ်လိုဖြေရှင်းပေးဖို့ စဥ်းစားထားလဲ"
"ရှင်းနေတာပဲလေ ငါ့သားက ပိုပြီးတော့တောင် ဒဏ်ရာပြင်းထန်နေသေးတယ်"
ချင်ချွမ်းကလည်း ခပ်ပြတ်ပြတ်သာ ပြောလိုက်သည်။
"ဟမ့်! အဲဲ့ဒါက သူ့အတွက် ပြစ်ဒဏ်ပဲလေ၊ မိသားစုထဲမှာ ပြဿနာရှာရင် ပြစ်ဒဏ်ပေးတာကို ခံရမှာပေါ့၊ ဒါက ရိုးရိုးရှင်းရှင်းလေးပဲ မိသားစုရေးရာကိစ္စကို ကိုင်တွယ်ပေးခဲ့ရုံ မဟုတ်ဘူးလား"
ချင်ခွမ်းက ချင်ချွမ်းကို မော့ကြည့်လာပြီး လှောင်ပြုံးဖြင့် ပြောလာ၏။
"အခုမိသားစုရေးရာကိစ္စပြီးသွားပြီဆိုတော့ ကိုယ်ရေးကိုယ်တာကိစ္စတွေကိုလည်း ဆွေးနွေးသင့်ပြီ"
"မင်း ဘာလိုချင်တာလဲ"
ချင်ချွမ်းလည်း အေးစက်စက် မေးလိုက်သည်။
"ဟက်! ရိုးရှင်းပါတယ်...မင်းသားကို ငါ့သားအရှေ့မှာ ဒူးထောက်တောင်းပန်ခိုင်းမလား ဒါမှမဟုတ်… မင်းနဲ့ငါ နဲ့ တစ်ပွဲချမလား"
ချင်ခွမ်း၏အကြည့်က အလွန်ထက်ရှကာ ရန်လိုနေခဲ့၏။