← Chapters

အပေါစားသားလေးကို အရူးကွက်လှည့်ခြင်း

Vol. 1 Ch. 2

အပေါစားသားလေးကို အရူးကွက်လှည့်ခြင်း

Vol. 1 Ch. 2

သားဖြစ်သူကို ဒူးထောက်ခိုင်းပြီး အမှားဝန်ခံခိုင်းမလား။ သို့မဟုတ် ချင်ခွမ်းနှင့် တစ်ပွဲထိုးမလား။

ချင်ချွမ်းက အနည်းငယ် စိတ်ရှုပ်ထွေးနေသည်။ သားတစ်ယောက် အလကားကောက်ရလိုက်သော်ငြား သူတို့ကြား၌ သွေးသားတော်စပ်မှုရှိနေသေး၏။ အဖေတစ်ယောက်နေရာကနေ ကိုယ့်သားကိုယ် ဒုက္ခရောက်အောင် လွှတ်ထားခြင်းက အနည်းငယ်တော့ မသက်မသာ ခံစားရသည်။

သို့သော်ငြား တိုက်ခိုက်ရန်အတွက်မူ...သူက ဘာနှင့်တိုက်ရမည်နည်း။

သူက အခုဆိုလျှင် အသုံးမကျသူဖြစ်နေလေပြီ။

"အဖေ! အလျင်စလိုမလုပ်ပါနဲ့!"

ချင်ကျီက စိတ်ပူပန်စွာ အော်ဟစ်လာပြီး ရေရွတ်ပြောဆိုလာတော့၏။

"သူနဲ့ မတိုက်ပါနဲ့ ၊ ကျွန်တော် ချင်မုန့်ကို တောင်းပန်လိုက်လို့ရပါတယ် ၊ ဟုတ်တယ်... ယောကျ်ားတစ်ယောက်က *ကွေးနိုင်...ဆန့်နိုင်ရမယ်၊ ကျွန်တော်လုပ်နိုင်တယ်! ဒါက ဘာမှမဟုတ်တဲ့ ကိစ္စလေးပါ…"

(T/N - *အချိန်အခါကိုလိုက်ပြီး လိုက်လျောညီထွေစွာ နေတတ်သူကို ဆိုလိုခြင်းပါ)

သူပြောနေရင်းနှင့် တောင်းပန်ရန်အတွက် ထရပ်တော့သည်။

အဖေ ထပ်ပြီးဒဏ်ရာရသွားမည့်အဖြစ်ကို သူ လုံးဝအဖြစ်ခံလို့မရပေ။

ဒူးထောက်ခြင်းက ဘာမှမဟုတ်ပေ။

သူခံနိုင်ရည်ရှိတယ်!

သို့သော်ငြား အင်အားကြီးမားသော ဖိအားတစ်ခုက ပျံ့နှံ့လာပြီး သူ့အား ဖိကြိတ်လိုက်သကဲ့သို့ ဖြစ်သွားကာ မလှုပ်နိုင်တော့ပေ။

ချင်ခွမ်းက သူ့ကို အေးစက်သော အပြုံးဖြင့် စိုက်ကြည့်လာပြီး ပြောလာ၏။

"မင်းအဖေနဲ့ ငါ့ကြားက ကိစ္စတွေက မင်းဆုံးဖြတ်ရမှာ မဟုတ်ဘူး"

ထို့နောက် သူ ချင်ချွမ်းကိုကြည့်ကာ ပြုံးစစဖြင့် မေးလိုက်သည်။

"ချင်ချွမ်း ငါ မင်းကို မေးနေတယ်၊ မင်းရဲ့ရွေးချယ်မှုက ဘာလဲ"

သူ ချင်ချွမ်းအား ရွေးချယ်စေချင်သည်။ ချင်ချွမ်းကိုလည်း အခုလို ဆင်းရဲဒုက္ခမျိုးအား ခံစားရစေချင်ပေ၏။ ဒီလို မတတ်သာသော အခြေအနေဖြင့် အရှက်ရခြင်းကို ခံစားစေချင်သည်။

မင်းရဲ့သားကို ဒူးထောက်ခိုင်းမလား။

ဒါမှမဟုတ် ကိုယ်တိုင်အရှက်ကွဲခံမလား။

မင်းရွေးလိုက်စမ်းပါ!

ချင်ချွမ်းက နေရာမှာတင် တိတ်ဆိတ်စွာ ရပ်နေပြီး သူလက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလေ၏။

ဒါက တကယ်ကို ခက်ခဲသော ရွေးချယ်မှုတစ်ခုပင်။

သူက တိုက်ခိုက်ခြင်းကို ရွေးချယ်ခဲ့လျှင် ဒီနေ့ ချင်ခွမ်း ကြောင့် သူ အရှက်ရလိမ့်မည် သို့မဟုတ် မတော်တဆ အသတ်ခံရနိုင်သည်။

သို့သော် သူ့သားကို ဒူးထောက်ခိုင်းပြီး သူ့ကိုယ်သူ လွတ်မြောက်ရန်အတွက် သားဖြစ်သူကို ရောင်းစားခဲ့လျှင် သူ့ကိုယ်သူအပြစ်ရှိသည်ဟု ခံစားရကာ ဘယ်သောအခါမှ ခေါင်းဖော်နိုင်တော့မည်မဟုတ်ပေ။

"ဒင်! အင်အားအကြီးဆုံးအထောက်အပံ့စနစ်က မင်းအတွက် အဆင်သင့်ပါပဲ၊ ချိတ်ဆက်လိုပါသလား"

ရုတ်တရက်ပင် သူ့စိတ်ထဲ၌ စက်ရုပ်ကဲ့သို့ အသံတစ်ခုက ထွက်ပေါ်လာ၏။

ချင်ချွမ်းမှာ ရုတ်ချည်းပင် ထိတ်လန့်သွားရသည်။

စနစ်တစ်ခုလား။

ရွှေလက်ချောင်း ပေါ်လာပြီလား။

"ချိတ်ဆက်မယ်!"

ဘာမှတွေဝေမနေတော့ဘဲ ချင်ချွမ်းသည် ချက်ချင်းပင် ချိတ်ဆက်ရန် ရွေးချယ်လိုက်လေ၏။ မည်သို့ပင်ဆိုစေကာမူ ဘာမှမရှိနေသူများက ဘာကိုမှကြောက်စရာမလိုပေ။ သူက ဘာကိုကြောက်ရမည်နည်း။

"ဒင်! ချိတ်ဆက်မှုစတင်နေပါပြီ...တစ် ရာခိုင်နှုန်း...နှစ် ရာခိုင်နှုန်း...သုံး ရာခိုင်နှုန်း…. ချိတ်ဆက်မှု အောင်မြင်သွားပါပြီ!"

ထိုအသံကို ကြားတော့ ချင်ချွမ်းလည်း စိတ်ထဲကနေ မေးလိုက်သည်။

"စနစ် မင်းမှာ ဘာလုပ်ဆောင်ချက်တွေနဲ့ အသုံးဝင်တာတွေ ရှိတာလဲ၊ ဘယ်လိုမျိုး အတိအကျသုံးရမှာလဲ"

"ဒင်! ဒီစနစ်က ဖခင်များအတွက် သီးသန့်ဒီဇိုင်းပြုလုပ်ထားတဲ့ အင်အားအကြီးဆုံးအထောက်အပံ့စနစ်ဖြစ်ပါတယ်၊ မင်းရဲ့သားက အင်အားကြီးတဲ့ ရန်သူတွေကို ရန်စ၊ စော်ကားမိတာနဲ့အမျှ မင်းက သူတို့ကို အနိုင်ယူနိုင်မယ့် ခွန်အားကို ချက်ချင်းရရှိမှာဖြစ်ပြီး အဲ့ဒါက ဘယ်တော့မှ ပြန်ပြီးလျော့ကျသွားမှာ မဟုတ်ဘူး"

စနစ်က ပြောပြခဲ့လေ၏။

ထိုအသံကိုကြားသောအခါ ချင်ချွမ်း၏ အသက်ရှူသံက ရုတ်တရက် မြန်ဆန်လာလေသည်။

"ဒါဆို… ငါ့ရဲ့သားက ပြဿနာဆက်ရှာနေသရွေ့ ငါကလည်း ဆက်ပြီးသန်မာနေမှာလား"

သူ စူးစမ်းစွာ မေးမြန်းခဲ့၏။

"ဒင်! ကျေးဇူးပြု၍ မင်းရဲ့စကားလုံးတွေကို သတိထားပါ! ဒီစနစ်ရဲ့အခြေခံနိယာမက 'ဖခင်တစ်ယောက်၏ မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' ၊ ဒါကြောင့် မင်းရဲ့ခွန်အားသန်မာလာအောင်အတွက် မဟုတ်ဘဲ မင်းရဲ့ကလေးကို မတရားအနိုင်ကျင့်ခံရခြင်းမှ ကာကွယ်ပေးဖို့သာ ဖြစ်ပါတယ်"

စနစ်က လေးလေးနက်နက်ဖြင့် အမှားပြင်ပေးလာသည်။

"ငါ နားလည်ပါတယ်..."

ချင်ချွမ်း ခေါင်းညိတ်လိုက်လေ၏။ သူ နားလည်သည်။ အားလုံးကို သူ နားလည်ပေ၏။

အရင်ဘဝမှာတုန်းက ချင်ချွမ်းသည် စီးပွားရေးလုပ်ငန်းရှင်များ၊ နိုင်ငံရေးအရာရှိများနှင့် နေ့စဥ်

အဆက်အသွယ်ရှိခဲ့သည်။ သူက ထိုကိစ္စကို အဘယ်ကြောင့် နားမလည်ဘဲ ရှိမည်နည်း။

"ဒင်! မင်းရဲ့သားက မူလဒန်နယ်ပယ်မှာ နဝမအဆင့်် ကျွမ်းကျင်သူဖြစ်တဲ့ ချင်ခွမ်းကို ရန်စခဲ့ပါတယ်၊ 'ဖခင်တစ်ယောက်၏မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' ဆိုတဲ့အခြေခံနိယာမအရ ဖခင်က အနိုင်ရရမယ်၊ မင်းရဲ့သိုင်းပညာကို နဝမမြောက်အဆင့် မူလဒန်နယ်ပယ်အထိ မြှင့်တင်ပေးပါ့မယ်၊ ပြီးရင် မင်းက ပြီးပြည့်စုံတဲ့ မူလဒန်အဆင့်ကျွမ်းကျင်သူ ဖြစ်လာလိမ့်မယ်!"

ချင်ချွမ်းသည် ချက်ချင်းပင် သူ၏ *တန်ထျန်းထဲ၌ များပြားသော စွမ်းအင်များ စုစည်းနေသည်ကို ခံစားလိုက်ရ၏။ ယခင်က ကျိုးပဲ့ခဲ့သော မူလစွမ်အင်

ဗဟိုချက်က ပြန်လည်ဖြစ်ပေါ်လာခဲ့သည်။

(T/N - လူ့ခန္ဓာကိုယ်ထဲ၌ စွမ်းအင် သို့မဟုတ် ချီစုဆောင်းသော အဓိကနေရာ)

ဒီတစ်ကြိမ်မှာတော့ မူလစွမ်းအင်ဗဟိုချက်သည် ရွှေရောင်ဖြစ်နေပြီး ယခင်ကထက် အဆပေါင်းများစွာ ပိုမိုအားကောင်းသော စွမ်းအားများ ပါဝင်နေလေ၏။

"ဒီ…ဒီလိုမျိုး"

သူ့ထဲ၌ မကြုံဖူးသော စွမ်းအင်များကို ခံစားလိုက်ရသောအခါ ချင်ချွမ်းသည် အိပ်မက်မက်နေသကဲ့သို့ ခံစားနေရသည်။

သို့သော်ငြား ထိုစွမ်းအင်က တကယ်ဖြစ်ပျက်နေခြင်းပင်။

"ဘယ်လိုလဲ ဆုံးဖြတ်ပြီးပြီလား၊ မင်းကိုစောင့်နေဖို့ ငါ့မှာ အချိန်မရှိဘူး"

ထိုအချိန်၌ ချင်ခွမ်းက ရွှင်မြူးစွာဖြင့် ပြောလာ၏။

ချင်ချွမ်းလည်း အသက်ကို ပြင်းပြင်းရှူသွင်းလိုက်သည်။ သူ့အကြည့်က တဖြည်းဖြည်း ထက်ရှလာလေ၏။

"မင်းက ဒီလောက်အထိ ရန်လိုနေမှတော့…မင်း တိုက်ခိုက်ချင်နေရင် ငါကလည်း တိုက်ခိုက်ပေးရတာပေါ့"

ချင်ခွမ်းက အံ့အားသင့်သွားလေသည်။ ထို့နောက် သူက ကျယ်လောင်စွာဖြင့် ရယ်မောလာ၏။ သူက မာနကြီးစွာဖြင့် ထိန်းချုပ်မှုကင်းမဲ့စွာ ရယ်မောနေသည်။

"ဟားဟားဟား သတ္တိရှိတယ်! သတ္တိရှိတယ်!"

သူ့နှုတ်ခမ်းထောင့်၌ အေးစက်သော အပြုံးတစ်ခု ပေါ်လာ၏။

"မင်းက ဒီလောက်တောင် စိတ်ဓာတ်တက်ကြွနေမှတော့ ငါ မင်းကို မေးမယ်…သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ကို သွားဖို့ သတ္တိရှိရဲ့လား"

သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်လား။

ထိုစင်မြင့်သည် မိသားစုထဲ၌ ရှင်သန်ခြင်းနှင့် သေဆုံးခြင်းအား ဆုံးဖြတ်သောနေရာဖြစ်သည်။ တစ်ခါတက်သွားပြီးလျှင် အသက်ရှင်သည်ဖြစ်စေ၊ သေဆုံးသည်ဖြစ်စေ အကျိုးဆက်များကို ကိုယ်တိုင်ခံရမှာဖြစ်ပြီး ဘယ်သူကမှ ဝင်ရောက်စွပ်ဖက်လို့မရပေ။

"အဖေ မလုပ်နဲ့!"

ချင်ကျီ၏မျက်နှာက ကြောက်လန့်တုန်လှုပ်ကာ ဖြူဖျော့သွားလေ၏။ ထို့နောက် အထိတ်တလန့်ဖြင့် အော်ဟစ်လာသည်။

အဖေက သူ၏ ယခင်မာနတရားအား မစွန့်လွှတ်နိုင်မည်ကို သူ ကြောက်၏။ ပေါ့ပေါ့ဆဆလုပ်

လိုက်လျှင် ချင်ခွမ်း၏ ထောင်ချောက်ထဲသို့ တိုက်ရိုက်ကျရောက်သွားလိမ့်မည်။

ချင်ချွမ်းသည် သူ့သားကို ကြည့်လိုက်ရင်း အနည်းငယ်တော့ ကျေနပ်သွားရသည်။ ထို့နောက် ချင်ခွမ်းကိုကြည့်ကာ တည်ငြိမ်စွာပြောလိုက်လေ၏။

"ဘာလို့ မတိုက်ရဲရမှာလဲ"

"ကောင်းပြီ! မနက်ဖြန် မွန်းတည့်အချိန်ကျရင် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်မှာ တွေ့ကြမယ်!"

ချင်ခွမ်းက ကျယ်လောင်စွာ ရယ်မော၍ အဓိပ္ပာယ်ရှိရှိ ပြောလာသည်။

"စိတ်ချပါ မနက်ဖြန်ကျရင် မင်းကို လူအပေါင်းဆီကနေ အာရုံစိုက်ခံရအောင် တစ်မြို့လုံးကို ငါဖိတ်ခေါ်ထားပေးမယ်၊ ဘာပဲဖြစ်ဖြစ်…အဲ့ဒါက မင်းရဲ့နောက်ဆုံးတိုက်ပွဲ ဖြစ်သွားမှာဆိုတော့"

ပြောပြီးနောက် သူ ရယ်မောကာဖြင့် လှည့်ထွက်သွားလေ၏။

ချင်ကျီကိုလည်း လွှတ်ပေးလိုက်လေပြီ။

ချင်ကျီသည် သူ့ဒဏ်ရာများကို ဂရုမစိုက်ဘဲ အလျင်အမြန်ထကာ ချင်ချွမ်းဆီသို့ ပြေးသွားလိုက်

သည်။ သူ စိတ်ပူပန်စွာဖြင့် ပြောမိ၏။

"အဖေ ဘာလို့ စိတ်လိုက်မာန်ပါ လုပ်ရတာလဲ၊ သူက အဖေ့ကို ဖယ်ရှားပစ်ဖို့ အခွင့်အရေးရှာနေတာ မမြင်ဘူးလား"

ပြောနေရင်း သူ့စကားက အလွန်ပြင်းထန်သွားသည်ကို သိလိုက်ရသည်။ သူ အပြစ်ရှိစွာ ခံစားနေရသောပုံစံကို ပြသကာ ချင်ချွမ်းအရှေ့မှာ ဒူးထောက်လိုက်လေ၏။

"အဖေ…ကျွန်တော် တောင်းပန်ပါတယ်၊ အားလုံးက ကျွန်တော့်ကြောင့်ပါ၊ ကျွန်တော်က အဖေ့ကို ဒီလိုဖြစ်အောင်လုပ်ခဲ့မိတယ်၊ ရွှတ်! ရွှတ်! ရွှတ်!"

သူ ခေါင်းငုံ့လိုက်ကာ စိတ်ခံစားမှုအပြည့်ဖြင့် ရှိုက်ကြီးတငင် ငိုကျွေးမိသည်။

ယောက်ျားများအနေဖြင့် သူတို့၏ ကန့်သတ်ချက်ကို မရောက်သ၍ ငိုယိုခြင်းမှာ ရှားပါးလှ၏။

ဤနှစ်များတစ်လျှောက် လှောင်ပြောင်ခံရခြင်းများနှင့် အရှက်ရခြင်းများ ရှိခဲ့သော်လည်း သူ မျက်ရည်ကျခြင်းမရှိခဲ့ပေ။ သို့သော် အခုတော့ သူ ငိုနေရလေပြီ။

သူက သူ့အဖေကို ဆွဲချနေသည်ဟု ခံစားရသည်။

ချင်ချွမ်းသည် ခေါင်းငုံ့ကာ မြေပြင်ပေါ်မှာ ဒူးထောက်လျက် တရှိုက်ရှိုက် ငိုနေသော သူ့သားကို ကြည့်၍ ရင်ထဲ၌ စိတ်သက်သာရာရမှုတစ်ခု ထွက်ပေါ်လာ၏။

မဆိုးပေ။ အနည်းဆုံးတော့ ဒီမွေးစားသားလေးက တော်တော်လေး သိတတ်သည်။

တိုက်ပွဲကို လက်ခံရန် ဆုံးဖြတ်ခဲ့ခြင်းက အချည်းနှီးမဟုတ်ခဲ့ပေ။

သူတောင် မသိလိုက်ခင်မှာပင် သူ၏ ညာဘက်လက်က ချင်ကျီ၏ ခေါင်းပေါ်ကို ကျရောက်သွားပြီး ညင်သာစွာ ပြောလိုက်၏။

"စိတ်မပူပါနဲ့ အဖေက ဒီမှာရှိနေတာပဲ"

"ဟင်"

ချင်ကျီက အံ့အားသင့်စွာဖြင့် မော့ကြည့်လာသည်။ သို့သော်ငြား သူ့အဖေက သူ့ကို ကြည့်နေတာမဟုတ်မှန်း သိလိုက်ရ၏။ ထိုအစား သူက အလွန်မြင့်မားသော ရည်မှန်းချက်များနှင့်အတူ မိုးကုတ်စက်ဝိုင်းဆီသို့ ကြည့်နေလေသည်။ ပါးပြင်ပေါ်မှ အညိုဖျော့ရောင်ဆံပင်ရှည်များက လေညင်းအဝှေ့တွင် ညင်သာစွာ ယိမ်းနွဲ့သွားခဲ့၏။

ထိုအချိန်အတွင်းမှာ သူ့အဖေက အလွန်ပင် မြင့်မားလှသည်ဟု သူခံစားလိုက်ရသည်။

ညဉ့်နက်ချိန်၊ အခန်းထဲ၌။

ချင်ကျီသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မမေးမြန်းဘဲ မနေနိုင်တော့ချေ။

"အဖေ ဘာလို့ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ကို သွားဖို့ သဘောတူလိုက်တာလဲ...သူက…"

သို့သော် နောက်တစ်ခဏအတွင်းမှာပင် ရွှေရောင်အလင်းတန်းတစ်ခုက ဖြတ်သန်းသွားသောကြောင့် သူ၏ စကားလုံးများက ရင်ထဲ၌ ဆို့နင်သွားခဲ့ရသည်။

ထိုအရာ ရွှေရောင်အစုအဝေးစွမ်းအင်များပင်။

"ဒါက!"

ချင်ကျီက ရုတ်ချည်း ထရပ်လာပြီး ဝမ်းပန်းတသာဖြင့် အံ့အားသင့်စွာ မေးလာ၏။

"အဖေ့ရဲ့ သိုင်းပညာက မပျက်စီးသေးဘူးလား!"

ချင်ချွမ်းက စကားမပြောဘဲ အသာပြုံးပြလိုက်သည်။

လောလောဆယ်မှာ သူ လျို့ဝှက်နက်နဲသလို ပြုမူရန် စီစဥ်ထား၏။

အကြောင်းရင်းမှာ အနာဂါတ်၌ သူ၏မွေးစားသားလေးအား ပြဿနာများ ဆက်ရှာခိုင်းရန် လိုအပ်သောကြောင့်ပင်။ ထိုကြောင့် အနည်းငယ်တော့ လိမ်ညာကာ သူ၏ပုံရိပ်ကို တည်ဆောက်ရမည်။

သူ့မွေးစားသားကို သိစေချင်သည်။

မင်းအဖေက သန်မာတယ်...အရမ်းကိုသန်မာတယ်၊ ဒါကြောင့် ရှေ့ဆက်သွားပြီး မင်းလုပ်ချင်တာကို လုပ်ပစ်လိုက်! မင်းအဖေကို မှီခိုစမ်း...လွတ်လွတ်လပ်လပ် မှီခိုလိုက်! မင်းအဖေက အလှပြပစ္စည်းတစ်ခုသက်သက်ပဲ မဟုတ်ဘူးနော်။

"အဖေ တကယ်ပဲ ဘာတွေဖြစ်နေတာလဲ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလည်း ပြောပြပါဦး"

ချင်ကျီမှာ သူ့အဖေက ပြန်မဖြေသည်ကို တွေ့သောအခါ ပို၍ သိချင်စိတ်ပြင်းပြလာပြီး စိတ်လှုပ်ရှားလာခဲ့၏။

သူ မရေရာသလို ခံစားနေရသည်။ သူ့အဖေ၌ မယုံနိုင်စရာကောင်းသော လျှို့ဝှက်ချက်တစ်ခု ရှိနေပုံရ၏။

ချင်ချွမ်းက အေးဆေးတည်ငြိမ်စွာပင် လက်ဖက်ရည်တစ်ခွက်ကို ငှဲ့နေသည်။

သူက ဖြည်းညှင်းစွာ တစ်ငုံသောက်ပြီးနောက် လျို့ဝှက်ဆန်းကြယ်၍ နက်နဲသော အမူအရာဖြင့် မေးလာ၏။

"ရှောင်ကျီ… ဒီကမ္ဘာကြီးက ဘယ်လောက်ကြီးလဲဆိုတာ မင်း သိလား"

"ဟင်"

ချင်ကျီက အံ့အားသင့်သွားလေသည်။

ခဏလောက်တွေးပြီးနောက် သူ ယောင်ဝါးစွာ ပြန်ဖြေလိုက်၏။

"အဲ့ဒါက…နေကိုးလုံးနယ်မြေထက်တော့ ပိုကြီးမှာပေါ့"

"ဟမ့်! နေကိုးလုံးနယ်မြေလား"

ချင်ချွမ်းက လှောင်ပြောင်လာပြီး

"ဒီကမ္ဘာမှာ နေကိုးလုံးနယ်မြေက… ဘာမှမဟုတ်ပါဘူး"

"ဘာကြီး!"

ချင်ကျီက ရုတ်ချည်းပင် အံ့အားသင့်သွားရသည်။ သူ့အတွက်တော့ နေကိုးလုံးနယ်မြေက ကျယ်ပြောလွန်းနေလေပြီ။ သာမန်လူများအနေဖြင့် တစ်သက်လုံးခရီးသွားလျှင်တောင် အဆုံးထိ ရောက်နိုင်မည် မဟုတ်ပေ။

ထိုမျှကြီးမားသောနယ်မြေက သူ့အဖေ၏ စကားလုံးထဲ၌ ဘာမှမဟုတ်နေဘူးဆိုသည့်အချက်မှာ ဘယ်လောက်တောင်မှ ထိတ်လန့်စရာကောင်းသနည်း။

"အဖေ အဖေ… ဒါကို ဘယ်လိုသိတာလဲ"

ချင်ကျီက ချင်ချွမ်းအား မယုံကြည်နိုင်စွာ ကြည့်လာသည်။ ထို့အပြင် သူ အမြဲခန့်မှန်းထားခဲ့သော ခံစားချက်တစ်ခုအား ခံစားလိုက်ရပြီး သူ့သွေးများက ဆူပွက်လာလေ၏။

ချင်ချွမ်းသည် သူ့မွေးစားသားကို နက်နဲသော မျက်လုံးများဖြင့် ကြည့်၍ လျို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။

"ဘယ်လိုသိလဲဆိုတော့…အဖေက အဲ့ဒီကိုရောက်ဖူးလို့လေ"

*********************

All Chapters