လုံးဝကို ပြဿနာမရှိ
Vol. 1 Ch. 3
"အဖေ အဖေက နေကိုးလုံးနယ်မြေထဲကနေ ထွက်ဖူးတာလား!"
ချင်ကျီတစ်ယောက် အံ့အားသင့်နေလေသည်။
လူတစ်ယောက်၏ ခရီးဝေးသွားနိုင်စွမ်းက သူတို့၏ ခွန်အားနှင့် အချိုးကျပေ၏။
တစ်ဖက်မှာဆိုလျှင် သင် ပိုပြီးသန်မာလေလေ၊ ပိုပြီးမြန်ဆန်စွာ ခရီးဝေးပိုသွားနိုင်လေဖြစ်သည်။
နောက်တစ်ဖက်မှာတော့ ခရီးဝေး ပိုသွားလေလေ အန္တရာယ်များကို ပိုပြီးကြုံတွေ့ရလေဖြစ်ပြီး ခွန်အားအလုံအလောက်သာ မရှိလျှင် ခရီးဝေးသွားရန် သတ္တိရှိမည်မဟုတ်ပေ။
"ဟားဟား! နေကိုးလုံးနယ်မြေတင်မဟုတ်ဘူး… နေကိုးလုံးနယ်မြေက ဘာမှမဟုတ်ဘူးလို့ ပြောခဲ့မှတော့ အဖေက တကယ့်တစ်ကယ် ကျယ်ပြောတဲ့ကမ္ဘာကြီးကို မြင်ဖူးတာပေါ့"
ချင်ချွမ်းက သူ့ခေါင်းအား အနည်းငယ် မာနကြီးစွာ မော့ထားလေ၏။ ထို့နောက် တစ်ခုခုကို ပြန်အမှတ်ရသွားသကဲ့သို့ သူ့မျက်လုံးထဲ၌ ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်သော အရိပ်အမြွက်တစ်ခု ပေါ်လာခဲ့သည်။
"အဖေ ဘာဖြစ်လို့လဲ"
ချင်ကျီသည် အဖေဖြစ်သူ၏ ကိုယ့်ကိုယ်ကိုယ်လှောင်ပြောင်သော အရိပ်အယောင်ကို မြင်လိုက်ရသည့်အခါ သူ့ရင်ထဲ၌ တင်းကြပ်သွားသလို ခံစားခဲ့ရပြီး စိတ်ပူပန်စွာ မေးလိုက်၏။
ချင်ချွမ်းက ခဏတာမျှ တိတ်ဆိတ်နေခဲ့သည်။ ထို့နောက်မှာတော့ ချင်ကျီကို ကြည့်ကာ သူ့မျက်နှာပေါ်၌ ဝမ်းနည်းမှုအရိပ်အယောင်တစ်ခု ထွက်ပေါ်လာ၏။
"သား… မင်းရဲ့အမေက အခုဘယ်မှာလဲဆိုတာ သိလား"
"အမေ… သူ ဆုံးတာ ကြာပြီမဟုတ်လား"
ချင်ကျီက ခဏတာမျှ စဥ်းစား၍ စိတ်ရှုပ်ထွေးစွာဖြင့် ပြန်ဖြေလာသည်။
သူ မှတ်မိသလောက် အမေက သူ့ကို မွေးရင်း သေဆုံးခဲ့ခြင်းပင်။ အနည်းဆုံးတော့ ငယ်ငယ်ကတည်းကနေ အခုချိန်အထိ သူ့အဖေအပါအဝင် လူတိုင်းက ထိုကဲ့သို့ ပြောပြခဲ့ကြ၏။
"မဟုတ်ဘူး၊ တကယ်တော့ မင်းအမေက အသက်ရှင်နေတုန်းပဲ၊ သူ့ကို… သူ့ရဲ့မိသားစုက ပြန်ခေါ်သွားခဲ့တာ"
ချင်ချွမ်း၏အသံက တိုးကာ အက်ကွဲနေပြီး နာကျင်မှုအရိပ်အယောင်များလည်း ရောယှက်နေလေသည်။ ထိုအရာမှာ အရက်ကြောင့် လက်ရှိအချိန်၌ အသိစိတ်မရှိနေရာကနေ ရုတ်တရက် သတိပြန်လည်လာပြီး အတိတ်က သည်းမခံနိုင်ဖွယ် အမှတ်တရများကို ပြန်၍ သတိရသွားသည့်အလားပင်။
"အမေ့မိသားစုလား!"
ချင်ကျီ၏မျက်လုံးများက ပြူးကျယ်သွားသည်။ အဖေက အပြင်မှာ သိုင်းကျင့်ကြံနေတုန်း အမေ့ကို အမည်မသိ မူလဇစ်မြစ်ကနေ ခေါ်ဆောင်လာသည်ဟု သူ အရင်က ကြားခဲ့ဖူး၏။
သူ့မိဘများ လက်ထပ်စဥ်က မိသားစုထဲရှိ လူအိုကြီးအများစု၏ ဆန့်ကျင်မှုကို ရင်ဆိုင်ခဲ့ရပြီး မင်္ဂလာပွဲကိုတောင် ဘယ်သူမှ မတက်ရောက်ခဲ့ဘူးဟု ဆိုကြသည်။
"ဟုတ်တယ်၊ မင်းအမေရဲ့မိသားစုက… တကယ်ကို ကြီးမားတဲ့အဖွဲ့အစည်းတစ်ခုပဲ၊ သူတို့ရဲ့မျက်လုံးထဲမှာနေကိုးလုံးနယ်မြေကို လက်တစ်ဖျောက်တည်းနဲ့ ဖျက်ဆီးပစ်လို့ရတယ်"
ချင်ချွမ်းက ညင်သာစွာ ပြောပြလာသည်။
နေကိုးလုံးနယ်မြေအား လက်တစ်ဖျောက်တည်းဖြင့် ဖျက်ဆီးပစ်ခြင်းဆိုသည်မှာ ဘယ်လိုအဆင့်မျိုးရှိမည်နည်း။ ချင်ကျီတစ်ယောက် အသက်ရှူမှားသွားလေ၏။
နေကိုးလုံးနယ်မြေ၌ ကောင်းကင်ဘုံအဆင့် ကျွမ်းကျင်သူများ ရှိသည်ဆိုတာကို သိထားရမည်
ဖြစ်သည်။
သိုင်းပညာကို အဆင့်ကြီး ကိုးဆင့်ခွဲထားပေ၏။
ခန္ဓာကိုယ်ကြံ့ခိုင်ခြင်း ၊ စစ်မှန်သောအတွင်းအား ၊ မူလဒန်၊ သန့်စင်သောယန် ၊ *အသစ်တဖန်မွေးဖွားခြင်း ၊ ကောင်းကင်ဘုံ ၊ အန္တိမ ၊ သိုင်းဘုရင်၊ သိုင်းအင်ပါယာ။
( T/N - *တိုက်ရိုက်ဘာသာပြန်ရင် နိဗ္ဗာန် ပါ ၊ ဒါပေမယ့် ရှန်းရှတွေမှာကျ သေခြင်းတရားကန့်သတ်ချက်ကို ကျော်လွန်သွားလို့ အသက်အသစ် ရယူတာပါ၊ နောက်ပိုင်း အသေးစိတ်သိရလို့ သိုင်းအဆင့်နာမည်ပြန်ပြင်ဖြစ်ရင် noteပြန်ထည့်ပေးပါ့မယ် )
ကောင်းကင်ဘုံအဆင့်သည် သိုင်းပညာ၏ အဓိကဆဋ္ဌမမြောက်အဆင့်ဖြစ်ပြီး ထိုအဆင့်ကပင် အလွန် သန်မာနေလေပြီ။
အချိန်အတော်ကြာပြီးနောက် ချင်ကျီက သတိပြန်ဝင်လာပြီး မသက်မသာဖြင့် မေးလာသည်။
"အဖေ အမေ့ရဲ့မိသားစုက ဘယ်အဆင့်မှာလဲ"
"မမေးနဲ့"
ချင်ချွမ်း၏မျက်နှာက ရုတ်တရက် တင်းမာသွားပြီး သူ့အသံက ခက်ထန်နေ၏။
"အခုအချိန် အများကြီးသိထားတာက မင်းအတွက် ဘာကောင်းကျိုးမှ မရှိဘူး၊ အများကြီး မတွေးနေနဲ့"
"ဟုတ်…"
ချင်ကျီက စဥ်းစားဟန်ဖြင့် ခေါင်းညိတ်လာသည်။ သူ့အမေက အသက်ရှင်နေတုန်း ဆိုတာကို သိလိုက်ရ၍ ရင်ထဲ၌ ပျော်ရွှင်နေမိ၏။
ချင်ကျီက ခဏတာမျှ စဉ်းစား၍ မေးလာသည်။
"အဖေ အရင်တုန်းက အရမ်းသန်မာခဲ့ရမှာပဲကို အခုဘာလို့…"
သူဆိုလိုသည်မှာ အဖေ့၏ လက်ရှိအခြေအနေနှင့် ယခင်က ဖြစ်ခဲ့သော အကြောင်းအရာများကြား ဘာကြောင့် ဒီလောက်ကြီးမားသည့် ခြားနားချက် ရှိနေရ
သနည်း။ ဒါက လုံးဝ မယုံကြည်နိုင်စရာပင်။
"အဖေ ချိတ်ပိတ်ခံလိုက်ရတာ"
ချင်ချွမ်းက သက်ပြင်းအသာချ၍ ပြောလာ၏။
"အဲ့ဒီအချိန်တုန်းက မင်းအမေကို သူတို့ ခေါ်သွားပြီး အဖေတို့ သားအဖကိုလည်း သတ်ဖို့ တွေးခဲ့ကြတာ"
"ဘာပဲဖြစ်ဖြစ် မင်းအမေက သူတို့ရဲ့ 'သန့်စင်သောသမီးတော်' ဖြစ်နေတယ်လေ၊ အဖေတို့ သားအဖရဲ့တည်ရှိမှုက သူတို့မိသားစုအတွက် အပြစ်အနာအဆာတစ်ခုနဲ့ ညီမျှနေတယ်"
"နောက်ဆုံးမှာတော့ မင်းအမေက သူတို့ကို သတ်သေမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့လို့ သူတို့က အဖေတို့ကို မသတ်ခဲ့ဘူး၊ ဒါပေမဲ့ နောက်ပိုင်းမှာ အဖေ့ဘက်က လက်စားချေတာမျိုး မလုပ်နိုင်အောင် အဖေ့ရဲ့သိုင်းပညာကို ချိတ်ပိတ်ခဲ့ကြတယ်"
"အဖေ့ရဲ့ခန္ဓာကိုယ်ထဲက အရင် မူလစွမ်းအင်ဗဟိုချက်က တကယ်တော့ ချိတ်ပိတ်တံဆိပ်တစ်ခုပဲ"
"အဲ့ဒါက အဖေ့ရဲ့မူလသိုင်းအဆင့်ကို ချိတ်ပိတ်ခဲ့ရုံသာမကဘူး အဖေကို ထပ်ပြီးကျင့်ကြံနိုင်မှာကိုလည်း တားမြစ်နိုင်ခဲ့တယ်၊ ဒီနှစ်တွေတစ်လျှောက် အဖေလည်း မူလဒန်အမြင့်ဆုံးအဆင့်ကိုပဲ ထိန်းသိမ်းထားနိုင်ခဲ့တယ်"
ထိုအထိပြောပြီးသည်နှင့် သူ ရုတ်တရက်ပင် ခေါင်းမော့ကာ ပြုံးလိုက်သည်။
ထိုအပြုံးက တင်းမာကာ အနည်းငယ် ရက်စက်ပုံပေါက်နေလေ၏။
"ဒါပေမဲ့ ကံတရားက အဖေ့ကို မပစ်ထားဘူး၊ မင်းအတွက် ဆေးပင်ရှာဖို့ သိပ်မကြာသေးခင်က တားမြစ်နေရာတစ်ခုကို ဝင်မိသွားတယ်၊ အဲ့ဒီမှာရှေးဟောင်းအခင်းအကျင်းတစ်ခုကို မတော်တဆ ထိမိပြီး အဲ့ဒီဟာက ချိတ်ပိတ်တံဆိပ်ကို ဖျက်ဆီးပစ်လိုက်တယ်"
ချင်ကျီက ထိုအကြောင်းကို ကြားသည်နှင့် အသက်ရှူသံများ ပြင်းလာသည်။
သူ့အဖေအား တောက်ပနေသော မျက်လုံးများဖြင့် ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်၏။
"အဖေ အဖေဆိုလိုတာက…အဖေ့ရဲ့ခွန်အားက.."
“ဟုတ်တယ် ချိတ်ပိတ်တံဆိပ်ကျိုးသွားတာနဲ့ အဖေ့ရဲ့ခွန်အားက အရင်အဆင့်ကို မြန်မြန်ပဲ ပြန်ရောက်လာလိမ့်မယ် ပြီးတော့ တိုးတက်မှုလည်း ဆက်ရှိနေဦးမှာ"
သူ ဂုဏ်ယူစွာဖြင့် ခေါင်းမော့လိုက်သည်။ ရုတ်ချည်းပင် ကြီးမားသော အော်ရာတစ်ခုက ကောင်းကင်ထိ ထောင်တက်သွားခဲ့ပြီး သူ့ဆံပင်ရှည်များဟာ လေမတိုက်ဘဲ လှုပ်ရှားသွားလေ၏။
စိတ်ဓာတ်ခွန်အားများ အပြည့်ပင်။
တစ်ချိန်က လောကတစ်ခွင် ကျော်ကြားခဲ့ကာ မျိုးဆက်တစ်ခုလုံးအား အံ့အားသင့်စေခဲ့သည့် ထူးချွန်သူတစ်ဦးက ပြန်ရောက်လာသကဲ့သို့ပင်။
ချင်ကျီသည် သူ့အဖေအား တုံးအစွာ ကြည့်၍ စိတ်လှုပ်တရှား မေးလာသည်။
"အဖေ အရင်တုန်းက ဘယ်အဆင့်ထိ ရောက်ခဲ့တာလဲ"
ချင်ချွမ်းက သူ့သားကို ခေါင်းငုံ့ကြည့်၍ နက်နဲလှသောအပြုံးဖြင့် ပြန်ဖြေလေ၏။
"အဖေ ပြောပြရင်တောင် မင်း နားလည်နိုင်မှာ မဟုတ်ဘူး၊ အဖေ ပြောပြနိုင်တာတစ်ခုက…အဖေ့ရဲ့သိုင်းပညာက နဝမအဆင့်မှာ အဆုံးမသတ်နေဘူး"
ပဟေဠိဆန်ဆန် ကစားခြင်း။
ယခင်ဘဝ၌ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ခဲ့သော ချင်ချွမ်းသည် တချို့ကိစ္စများအား အသေးစိတ်ရှင်းလင်းပြရန် မသင့်တော်ဘူးဆိုတာကို ကောင်းကောင်းနားလည်ပေသည်။
ပထမဆုံးအနေဖြင့် ထိုအပြုအမူက အလွယ်တကူပင် အပြစ်အနာအဆာများကို ဖော်ပြပေးနိုင်၏။
ဒုတိယအနေဖြင့် အသေးစိတ် ရှင်းပြထားသည့် အရာတိုင်းက တန်ဖိုးကျသွားတတ်သည်။ ပဟေဠိဆန်ဆန် ထိန်းသိမ်းထားမှသာ အဆင့်မြင့်ပုံပေါက်ပေ၏။
ထင်ထားသည့် အတိုင်းပင်။ ထိုစကားလုံးများကို ကြားသောအခါ ချင်ကျီက အသက်ပြင်းပြင်းရှူသွင်းလိုက်လေသည်။ ထို့အပြင် နေရာမှာတင် မူးလဲမတတ် ဖြစ်သွားရသေး၏။
ချင်ကျီက သူ့အဖေကို လုံးဝယုံကြည်သည်။
ဒါကြောင့် ဘယ်လောက်ပင် ထူးဆန်းသော စကားလုံးများ ဖြစ်ပါစေ၊ သူ့အဖေ၏ ပါးစပ်ကနေ ထွက်လာသရွေ့ အနည်းဆုံးတော့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်ကို သူ ယုံကြည်၏။
ထိုအချိန်၌ ချင်ချွမ်းက ရှေ့တိုးလာသည်။ သူ့သားလက်ပေါ်ရှိ အနက်ရောင်လက်စွပ်ကို ကြည့်ကာ ခပ်ပြုံးပြုံးဖြင့် မေး၏။
"ဒီလက်စွပ်က အတော်လေးကောင်းတာပဲ၊ ဒီတစ်ခေါက်သွားတဲ့ခရီးမှာ ရခဲ့တာလား"
"အာ...ဟုတ်၊ ဟုတ်…"
ချင်ကျီက အမြန်ပင် ခေါင်းငုံ့သွားသည်။ သူ့မျက်လုံးများက အနည်းငယ် ရှောင်တိမ်းနေကာ ရုန်းကန်နေရခြင်းနှင့် အပြစ်ရှိခြင်း ကဲ့သို့ ခံစားချက်များလည်း ပါဝင်နေ၏။
ထိုပုံစံကိုမြင်သည်နှင့် ချင်ချွမ်းက ချက်ချင်းပင် သိလိုက်သည်။
ဒီလက်စွပ်ထဲ၌ အဘိုးအိုတစ်ယောက် ရှိနေရမည်!
သူ၏အပေါစားသားအား လက်စွပ်၏ လျှို့ဝှက်ချက်ကို မဖော်ထုတ်ရန် အဘိုးအိုက ညွှန်ကြားထားတာဖြစ်နိုင်ပြီး သူ့ကို လိမ်ညာနေရသောကြောင့် အပေါစားသားက အပြစ်ရှိသလို ခံစားနေရတာ ဖြစ်လိမ့်မည်။
ချက်ချင်းပင် သူ့သား ခေါင်းငုံ့နေတာကို အခွင့်ကောင်းယူ၍ လက်စွပ်ကို အဓိပ္ပာယ်ရှိစွာ ကြည့်
လိုက်၏။
ထိုအမူအရာက လျို့ဝှက်ဆန်းကြယ်နေသည်မှာ အဘိုးအိုအား 'ပုန်းနေတာ ရပ်လိုက်တော့ ငါ မင်းကို မြင်နေရတယ်' ဟု ပြောနေသကဲ့သို့ပင်။
လက်စွပ်ထဲ၌ အဘိုးအိုတစ်ယောက်သာ တကယ်ရှိခဲ့မည်ဆိုလျှင် သူ၏ 'အရာအားလုံးကိုမြင်နေတယ်' ဟူသော အကြည့်ကြောင့် သေချာပေါက်လန့်သွားလိမ့်မည်ကို သူ ယုံကြည်ပေသည်။
ထိုနည်းအားဖြင့် အဘိုးအိုကသာ ဒီအကြောင်းအား ခဏနေလျှင် သူ၏ အပေါစားသားကို ပြောပြလိုက်သည်နှင့် သူ၏ အားကောင်းသော ပုံရိပ်က သူ့သား၏ စိတ်ထဲ၌ တည်ဆောက်ထားပြီးသား ဖြစ်သွားလိမ့်မည်။
လက်စွပ်ထဲ၌ အဘိုးအိုမရှိဘဲ တခြားလျှို့ဝှက်ချက်တစ်ခုခု ရှိနေတာလည်း ဖြစ်လိမ့်မည်။
သို့သော် ထိုအရာက အရေးမကြီးပေ။ မည်သို့ပင်ဆိုစေကာမူ ဘယ်သူကမှ မမြင်လိုက်ပေ။ သူ လေထဲသို့ မျက်စိမှိတ်ပြမိခဲ့ရင်တောင် ရှက်စရာမရှိပေ။
"အဖေ တကယ်တော့…"
ခဏအကြာမှာ ချင်ကျီက သူ့သွားများကို ကျစ်ကျစ်ပါအောင် ကြိတ်၍ ရုတ်ချည်း ခေါင်းမော့လာသည်။ သူက ချင်ချွမ်းအား ဝန်ခံရန် လိုလားနေပုံပင်။
မည်သို့ပင်ဆိုစေကာမူ ဆရာတစ်ယောက်က ဘယ်လိုလုပ်ပြီး ဖခင်တစ်ယောက်ထက် ပိုအရေးကြီးနိုင်မည်နည်း။
စကားပုံတစ်ခုမှာ ပြောထားသကဲ့သို့ပင်။ ဆရာအဖြစ် တစ်ရက်တာ၊ အဖေအဖြစ် တစ်သက်တာ။ ထို့အပြင် သူက အခုထိ ဆရာတောင် မတော်ရသေးပေ။
"ကောင်းပြီ"
ချင်ချွမ်းက ချက်ချင်းပင် သူ့ခေါင်းကို ပုတ်လာပြီး အပြုံးတစ်ခုဖြင့် ပြော၏။
"လူတိုင်းမှာ သူတို့ရဲ့လျှို့ဝှက်ချက်ကိုယ်စီ ရှိကြတယ်၊ အဖေက ဒါကို စိတ်ထဲမထားပါဘူး"
ချင်ကျီက တုန်ယင်သွားကာ စိတ်ခံစားမှုအပြည့်ဖြင့် ခေါင်းညိတ်လာသည်။ သူ့အဖေကသာ သူ့အား အခုလိုမျိုး နားလည်ပေးတတ်သည်ကို သူ ခံစားမိပေ၏။
"လူတစ်ယောက်ဟာ သမာသမတ်မရှိဘဲ ရပ်တည်လို့မရဘူး၊ မှတ်ထားပါ...မင်း တခြားသူတွေကို ကတိပေးထားရင် အဲ့ဒါကို အောင်မြင်အောင်လို့ အစွမ်းကုန်
လုပ်ဆောင်ပါ"
"မင်း တကယ် မလုပ်နိုင်ဘူးဆိုရင်တောင်မှ အဖေ ရှိသေးတာပဲ"
ချင်ချွမ်းက ညင်သာစွာ ပြောလာသည်။ ထို့နောက်လက်စွပ်ကို ထပ်ကြည့်လိုက်ပြန်၏။
ထိုစကား၌ အဓိပ္ပာယ်နှစ်ခု ပါဝင်သည်။
ထိုဖြစ်နိုင်ခြေရှိသည့် "လက်စွပ်အဘိုးအို" ကိုရော ချင်ကျီကိုပါ ပြောခြင်းပင်။
အကယ်၍ ထိုလက်စွပ်အဘိုးအိုသာ တကယ်ရှိခဲ့လျှင် သူ့စကားကို ကြားပြီးနောက် ချင်ချွမ်းက သူ့ကို ရှာဖွေတွေ့ရှိသွားခဲ့ခြင်းအား ပို၍ယုံကြည်သွားလိမ့်မည်။
သို့နှင့် အကြွင်းမဲ့အင်အားကြီးသည့် သူ့ပုံရိပ်က လက်စွပ်အဘိုးအို၏ စိတ်ထဲတွင် လုံးဝ တည်ဆောက်ပြီးသားဖြစ်သွားလိမ့်မည်။
လက်စွပ်အဘိုးအိုက ယုံကြည်သွားသရွေ့ အနည်းငယ် စကားပြောပေးလိုက်လျှင် သူ၏ အပေါစားသားမှာ သူ့အဖေက အကြွင်းမဲ့ အင်အားကြီးသူတစ်ဦး ဖြစ်ကြောင်းကို လုံးဝယုံကြည်သွားလိမ့်မည်။
ဟုတ်ပါ၏။ ယခင်က ပြောခဲ့သလိုပင်။ ဤအရာမှာ ဖြစ်နိုင်ခြေသက်သက်ပင်။
အဘိုးအို မရှိနေတာလည်း ဖြစ်နိုင်သည်။
သို့သော်ငြား အဘိုးအို မရှိခဲ့လျှင်တောင် သူ၏ စကားနှစ်ခွန်းက အဓိပ္ပာယ်မမဲ့ပေ။
အဖေတစ်ယောက်က သူ့သားကို ဒဿနပညာ နည်းနည်းပါးပါး သင်ပေးတာက ပြဿနာရှိနိုင်မှာတဲ့လား။
လုံးဝကို ပြဿနာမရှိပေ။
***********************