ငါ့အဖေက အရမ်းကြောက်စရာကောင်းတယ်
Vol. 1 Ch. 4
ဖယောင်းတိုင်မီးအောက်၌ သားအဖနှစ်ယောက် တစ်ညလုံး စကားပြောခဲ့ကြသည်။
အချိန်အတော်ကြာပြီးနောက် ချင်ကျီသည် အရက်မူးနေသူတစ်ဦးကဲ့သို့ အခန်းထဲကနေ တုန်ယင်စွာ ထွက်လာပြီး သူ့အခန်းသို့ မှင်သက်စွာ ပြန်သွားလေ၏။
တစ်ချိန်တည်းမှာပင် ချင်ချွမ်းကလည်း အပေါစားသားလေး၏ မှင်သက်စွာ နောက်ပြန်လှည့်သွားပုံကို ကျေနပ်သောအပြုံးဖြင့် ကြည့်နေခဲ့သည်။
ဒီတစ်ကြိမ်မှာတော့ အခြေခံအားဖြင့် သူ၏ စည်းရုံးရေးက အောင်မြင်ခဲ့၏။
သူ၏အပေါစားသားလေးက ချက်ချင်းဆိုသလိုပင် ပြဿနာရှာတတ်သော လူဆိုးတစ်ယောက် ဖြစ်လာမည်ဟု သူ မမျှော်လင့်ထားပေ။ အကြောင်းမှာ ထိုကောင်လေးသည် အစကတည်းက ကြင်နာတတ်ပြီး ထိုကဲ့သို့ ဆိုးသွမ်းသည့် စွမ်းရည်မျိုး မရှိသောကြောင့်ပင်။
သို့သော်...
စည်းရုံးရေးရှိခြင်းနှင့် မရှိခြင်းက အလွန်ကွာခြားပေသည်။
အကြောင်းရင်းမှာ အခြေအနေတစ်ခုကို ရင်ဆိုင်ရသောအခါ လူတစ်ယောက်သည် စိတ်ထဲ၌ ယုံကြည်မှုရှိခြင်းနှင့် မရှိခြင်းအပေါ်မှာ မူတည်၍ လုံးဝကွဲပြားသောရွေးချယ်မှုများကို ပြုလုပ်တတ်သောကြောင့်ပင်။
ဥပမာအားဖြင့် သင်၏အထက်အရာရှိက အခကြေးငွေမပေးဘဲ အချိန်ပိုလုပ်ရန် တောင်းဆိုခဲ့သည်ဆိုပါတော့။
သင်က သာမန်အလုပ်သမားတစ်ယောက်ဖြစ်ပြီး အသက်ကြီးသောမိဘများနှင့် ကလေးငယ်များကို ပြုစုစောင့်ရှောက်နေရသည့်အတွက် အလုပ်မဆုံးရှုံးချင်ဘူးဆိုလျှင် သင်က မိမိမာနကို မျိုချလိုက်ရုံသာ တတ်နိုင်ပေမည်။
သို့သော် သင့်အဖေက သူဌေးကြီးတစ်ယောက်ဆိုပါက မည်သို့ဖြစ်မည်နည်း။
အခကြေးငွေမရဘဲ အချိန်ပိုလုပ်ရမယ်တဲ့လား။
သွားသေလိုက်!
သင်က ထိုဖိုင်အား အထက်အရာရှိ၏ မျက်နှာပေါ်သို့ ရိုက်ပစ်ကာ အော်ပြောနိုင်လိမ့်မည်။
"ခင်ဗျား ကျွန်တော့်ကို ဒီမှာ မလိုချင်တော့ဘူးဆိုမှတော့ ကျွန်တော် ပဲရစ်ကို အပန်းဖြေခရီးထွက်လိုက်တော့မယ်!"
ထို့နောက် စတိုင်ကျကျဖြင့် ထွက်သွားလိမ့်မည်။
ဒါက ကွာခြားမှုပင်။
ချင်ချွမ်းသည် စည်းရုံးရေးဖြင့် ချင်ကျီ၏စိတ်ထဲ၌ ထိုကဲ့သို့ ပြောင်းလဲမှုများကို အသေးစိတ်ထည့်သွင်းရန် အသုံးပြုချင်ခဲ့ခြင်းပင်။
သူ သိသည်။
မည်သည့်ကမ္ဘာပေါ်မှာပင်ဖြစ်စေ လူအများစုသည် အနည်းနှင့်အများတော့ အချို့သော မကျေနပ်ချက်များကို သည်းခံရ၏။
အထက်တန်းလွှာက လူများကတောင် ချွင်းချက်မရှိပေ။
ကိုယ့်ထက် ပိုပြီးအင်အားကြီးမားသော သူများက ကိုယ့်ကို လက်အောက်ခံခိုင်းရန် အမြဲတမ်း ဖိအားပေးနေမှာ ဖြစ်သောကြောင့် မိမိစိတ်ထဲ၌ မည်မျှပင် မကျေနပ်နေပါစေ ဘာမှမတတ်နိုင်ပေ။
သူလိုချင်သည်မှာ သူ၏ အပေါစားသားက ဒေါသထွက်ရဲပြီး စကားပြောရဲရန်နှင့် တစ်ခုခုမှားယွင်းနေသည်ဟု ခံစားရလျှင် အချိန်မရွေး ပြန်တိုက်ခိုက်ရဲရန်ပင် ဖြစ်သည်။
တစ်စုံတစ်ယောက်က မင်းထက် သာလွန်သလို ပြုမူလာရင် သူတို့ကို စိန်ခေါ်လိုက်!
တစ်စုံတစ်ယောက်က အကျိုးအကြောင်း မဆင်ခြင်ဘဲလုပ်လာရင် သူတို့ကို စိန်ခေါ်လိုက်!
တစ်စုံတစ်ယောက်က အားနည်းသူကို အနိုင်ကျင့်နေရင် သူတို့ကို စိန်ခေါ်လိုက်!
အချုပ်ပြောရလျှင်...
မတရားမှုနဲ့ ရင်ဆိုင်ရရင် သူတို့ကို စိန်သာစိန်ခေါ်လိုက်!
ဘာပဲဖြစ်ဖြစ် မင်းရဲ့အဖေက သူတို့ကို အမှိုက်ဖြစ်သွားအောင် ဒါမှမဟုတ် သေသွားအောင် ကြိတ်ချေပစ်နိုင်ပြီး မရှုံးနိမ့်တဲ့ အင်အားကြီးသူ တစ်ယောက်ပဲ!!
ဟုတ်ပါ၏။
သူ၏ အပေါစားသားလေးသည် ထိုအဆင့်ကို ချက်ချင်းဆိုသလို စိန်ခေါ်နိုင်မည် မဟုတ်ပေ။
သို့သော်ငြား အောင်မြင်သော အတွေ့အကြုံအနည်းငယ် ရှိလာပြီးနောက် သူ့အဖေ၏ အစွမ်းကို
မြင်တွေ့ခဲ့ရသည်နှင့် သူက သဘာဝကျစွာ ပိုပြီးရဲရင့်လာလိမ့်မည်။
...
အရာအားလုံး တိတ်ဆိတ်နေသော ညဉ့်နက်ချိန်။
ချင်ကျီ၏ အခန်းထဲ၌...
အနက်ရောင်လက်စွပ်ကွင်းက အလင်းတန်းတစ်ခုကိုထုတ်လွှတ်လာပြီး ချက်ချင်းပင် ရွှေရောင်
အလင်းတန်းတစ်ခုက လက်စွပ်ထဲကနေ ပျံသန်းလျက် ထွက်လာကာ ကျက်သရေရှိသော အရိပ်တစ်ခုအဖြစ် ပုံပေါ်လာသည်။
ထိုသူက ရင့်ကျက်ပြီးလှပသော အမျိုးသမီးတစ်ဦးဖြစ်၏။ အရပ်ရှည်ကာ ရွှေရောင်ဆံပင်ရှည်များ ရှိပြီးသူမ၏ နီရဲနေသော နှုတ်ခမ်းများက မီးကဲ့သို့ပင်။
"သခင်မ"
ချင်ကျီသည် လေးစားစွာဖြင့် ခေါ်လိုက်သည်။
"ဟဲဟဲ ရှောင်ကျီ ဒီလောက်ကြီး ယဥ်ကျေးနေဖို့ မလိုပါဘူး"
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးက ချောမောစွာ ပြုံးလာပြီး သူမ၏အမူအရာက အလွန်နူးညံ့နေ၏။
သူမ၏ ယခင်က ခပ်တည်တည်နေတတ်သော အနေအထားနှင့် လုံးဝကို ကွဲပြားနေသည်။
"သခင်မ ကျွန်တော့်အဖေက… သခင်မကို တွေ့သွားတာလား"
ချင်ကျီသည် အနည်းငယ်သော မရေရာမှုဖြင့် မေးလိုက်၏။
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးက ခဏတာမျှ တိတ်ဆိတ်နေကာ မဲ့ပြုံးပြုံးလာသည်။
"ဟုတ်တယ်… သူ ငါ့ကို တစ်ချက်ကြည့်လိုက်တာနဲ့ သိသွားတယ်"
"ဒီလိုသေးငယ်တဲ့ နေကိုးလုံးနယ်မြေထဲမှာ ဒီလောက် ကြောက်စရာကောင်းတဲ့ သားရဲဘီလူးတစ်ကောင် ပုန်းနေလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး…"
သားရဲဘီလူး!!
ချင်ကျီသည် ထိုစကားလုံးများကြောင့် တုန်ယင်သွားကာ သတိထား၍ မေးလိုက်သည်။
"သခင်မ ကျွန်တော့်အဖေက… တကယ်ပဲ အဲ့ဒီလောက်အထိ သန်မာတာလား"
သူ့အဖေကို သူ အလွန်ယုံကြည်သော်ငြားလည်း...
ဆယ်စုနှစ်ကျော် ဖြစ်ပေါ်ထားသည့် ထင်မြင်ချက်များကို အလွယ်တကူ ပြောင်းလဲလို့ မရပေ။
သူ့စိတ်ထဲရှိ အဖေ့၏ ပုံရိပ်သည် အမြဲတစေ မူလဒန်နယ်ပယ်မှ အဆင့်အမြင့်ဆုံး သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့သည်။ အခု ရုတ်တရက်ကြီး အတုမရှိသော အင်အားကြီးသူတစ်ယောက် ဖြစ်နေသည်ဟု ပြောလာသောအခါ အနည်းငယ် လက်တွေ့မကျသလို ခံစားရ၏။
အိပ်မက်တစ်ခုကဲ့သို့ပင်။
"သူက သန်မာရုံသာ မကဘူး ကြောက်စရာကောင်းတယ်…"
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးက သူမ မျက်လုံးထဲရှိ အံ့ဩမှုကို ပြသလျက် ပြောလာသည်။
"ငါ ဒီလောက် ကောင်းကောင်းမွန်မွန် ပုန်းနေတာတောင် သူ ငါ့ကို တစ်ချက်ကြည့်တာနဲ့ သိသွားတယ်"
"အဲ့ဒီလောက်အထိ အစွမ်း ရှိတာလား!"
ချင်ကျီလည်း အံ့အားသင့်သွားရ၏။ ထို့နောက် သူ မေးလိုက်သည်။
"ဒါဆို ကျွန်တော့်အဖေက သခင်မရဲ့ အမြင့်ဆုံးအဆင့်များ ရှိခဲ့တဲ့အချိန်နဲ့ ယှဥ်ရင် ဘယ်လိုနေလဲ"
"ယှဥ်လို့မရဘူး၊ ယှဥ်လို့မရဘူး…"
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးက သက်ပြင်းချလေသည်။ သူမက ခေါင်းခါနေရင်း ကိုယ့်ကိုယ်
ကိုယ် လှောင်ပြောင်လျက် ပြောလာ၏။
"အခု ငါက ဝိညာဥ်အပိုင်းအစလေးပဲ ဖြစ်ပေမယ့် ငါ့ရဲ့ဆုံးဖြတ်နိုင်စွမ်းကတော့ ရှိပါသေးတယ်"
"လူအများစုကို ငါ တစ်ချက်ကြည့်တာနဲ့ သိနိုင်တယ်၊ ဒါပေမယ့် မင်းအဖေကတော့… ကျယ်ပြောတဲ့ သမုဒ္ဒရာကြီးလိုပဲ၊ ငါ့ရဲ့နားလည်နိုင်မှုထက် လုံးဝ ကျော်လွန်နေတယ်"
"မင်းအဖေရဲ့ခွန်အားက ငါ့ရဲ့အသိပညာထက် ကျော်လွန်နေတာမလို့ ဖြစ်နိုင်တာက…တစ်ချိန်တုန်းက သိုင်းပညာအဆင့်ကိုးဆင့်ကို သူ တကယ် ကျော်လွန်ခဲ့တာ ဖြစ်လိမ့်မယ်"
ချင်ကျီ၏ မျက်လုံးများဟာ တောက်ပလာပြီး မေးပြန်သည်။
"သခင်မ သိုင်းပညာအဆင့်ကြီး ကိုးဆင့်အပြင် တခြားအဆင့်တွေက တကယ် ရှိသေးတာလား"
"အင်း… ဒဏ္ဍာရီအရဆိုရင်တော့ ရှိတယ်၊ ဒါပေမယ့် အဲ့ဒီလိုတည်ရှိမှုတွေက ဒီကမ္ဘာကြီးထဲမှာတော့ ရှိပုံမရဘူး"
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက စဥ်းစားဟန်ဖြင့် ခေါင်းကို စောင်းလိုက်လေ၏။
"သခင်မပြောတာက ကျွန်တော်တို့နေထိုင်နေတဲ့ကမ္ဘာကြီးအပြင် တခြားပိုပြီး အဆင့်မြင့်မားတဲ့ ကမ္ဘာတွေတောင် ရှိနေနိုင်တယ်လို့လား"
ချင်ကျီ၏မျက်လုံးများက ပြူးကျယ်သွားသည်။
ဒီညအတွင်းမှာပင် သူ၏ ကမ္ဘာကြီးအပေါ် ထားရှိသော အမြင်က ထပ်ခါတလဲလဲ အသက်ဝင်ကာ အဆက်မပြတ် ကျယ်ပြန့်လာပြီး ရိုးရိုးရှင်းရှင်းတွေးထားသည့် စိတ်ကူးထက် ကျော်လွန်နေလေ၏။
"မင်းရဲ့လက်ရှိခွန်အားနဲ့ဆိုရင် နေကိုးလုံးနယ်မြေကနေတောင် မထွက်နိုင်သေးဘူး၊ ဒါကြောင့် ဘာလို့ အများကြီး သိထားမှာလဲ"
ရွှေရောင်ဆံပင်နှင့် အမျိုးသမီးက သူ့ခေါင်းကို ပုတ်ပြီး တင်းမာစွာ ပြောလာသည်။
"မင်း သိုင်းလေ့ကျင့်တာကိုပဲ အာရုံစိုက်သင့်တယ်၊ အများကြီး မတွေးနေနဲ့"
"အိုး"
ချင်ကျီက သူ့ခေါင်းကိုပွတ်၍ နာခံစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ကျင့်ကြံမှုကို စတင်ခဲ့လေ၏။
"ဝှစ် ဝှစ် ဝှစ်!"
သူ့ခန္ဓာကိုယ်ထဲမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး အံ့ဖွယ်ကောင်းသော အလင်းစက်ဝိုင်းများက အလွှာလိုက် ဖြစ်ပေါ်လာသည်။
ရွှေရောင်ဆံပင်နှင့်အမျိုးသမီးက ထိုမြင်ကွင်းကို မြင်သောအခါ စိတ်ထဲကနေ သက်ပြင်းချမိပေ၏။
"ဒီလိုသေးငယ်တဲ့နေရာလေးကနေ ရှားပါးတဲ့ အံ့ဖွယ်ခန္ဓာကိုယ်ကို တွေ့ခဲ့တယ်၊ မထင်မှတ်ထားဘဲ သူက စွမ်းအားအရမ်းကြီးတဲ့ ဘိုးဘေးရဲ့ သွေးသားဖြစ်နေတယ်"
...
မိသားစုခေါင်းဆောင်၏ ခြံဝင်း။
သိုင်းလေ့ကျင့်သော အခန်းထဲ၌ဖြစ်သည်။
မိသားစုခေါင်းဆောင်ချင်ခွမ်းသည် ပလ္လင်ခွေထိုင်နေပြီး ချင်မုန့်က သူနှင့်ဆန့်ကျင်ဘက်မှာ ကောင်းမွန်စွာထိုင်နေ၏။
အဖေဖြစ်သူကြောင့် သူက အနည်းငယ်တော့ ကြောက်ရွံ့နေလေသည်။
"အဖေ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်မှာ အဲ့ဒီခွေးအိုကြီး ချင်ချွမ်းကို တကယ်သတ်ဖို့ စဥ်းစားထားတာလား၊ အဲ့ဒါက ဝေဖန်မှုတွေ ဖြစ်လာကြမလားလို့"
ချင်မုန့်က တိုးတိုးလေး ပြောလာ၏။
"ဟားဟား ဝေဖန်မှုတွေတော့ သေချာပေါက်ရှိမှာပေါ့၊ ဘာပဲဖြစ်ဖြစ် သူက အရင်က မိသားစုခေါင်းဆောင် ဖြစ်ခဲ့တာပဲလေ၊ မျိုးနွယ်စုအများအပြားကလည်း သူ့ဘက်က ရပ်တည်နေကြတုန်း"
ချင်ခွမ်းက တဟားဟားရယ်ပြီးနောက် ရက်စက်စွာ ပြောသည်။
"ဒါပေမယ့် သူ့ကိုမသတ်ရင် ငါ့ စိတ်ထဲမှာ အေးချမ်းနိုင်မှာ မဟုတ်ဘူး"
"အထူးသဖြင့် သူ့ရဲ့သား အဲ့ဒီကောင်လေးက အရည်အချင်းတွေ ပြန်ရလာတာကို မြင်တော့ ငါ သူ့ကို ပိုပြီး သတ်ချင်လာတယ်"
"သူ့သားက သူ့ရဲ့စွမ်းရည်တွေကို ပြန်ရလာတယ်၊ သူလည်း အခွင့်အရေးတစ်ခုခုရပြီး စွမ်းရည်တွေ ပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲ၊ ဒါကြောင့် ဒီပြဿနာကြီးကို ငါ ဖယ်ရှားပစ်ဖို့ လိုတယ်!"
ချင်မုန့်က သဘောတူကာ ခေါင်းညိတ်လာပြီးနောက် ထပ်မေးလာ၏။
"တစ်ယောက်ယောက်က အဖေ့ကို တားဖို့ ကြိုးစားလာရင် ဘယ်လိုလုပ်မလဲ"
ချင်ခွမ်းက သူ့မျက်လုံးများကို မှေးကျဥ်းပြီး ပြန်ဖြေလာသည်။
"ဟားဟား ငါတို့မိသားစုက အကြီးအကဲအများစုကို ငါ အမိန့်ပေးထားပြီးပြီ၊ ဘယ်သူကမှ ပြဿနာရှာရဲမှာမဟုတ်ဘူး"
"အဖေက တကယ်ကို မယုံနိုင်စရာပဲ…"
ချင်မုန့်က သူ့အဖေကို ချီးကျူးနေ၏။
"မင်းရဲ့သိုင်းလေ့ကျင့်မှုကိုပဲ အာရုံစိုက်၊ ငါ အဲ့ဒီကောင်လေး ချင်ကျီကို မင်းအတွက် ကိုင်တွယ်ပေးမှာဆိုပေမယ့် ရွှင်းယန်မြို့က လူငယ်မျိုးဆက်သစ်ကြား မင်း တခြားပြိုင်ဘက်တွေကို ရင်ဆိုင်ရဦးမှာ"
ချင်ခွမ်းက ပြတ်သားစွာ ပြောလာသည်။
"ဟုတ်!"
ချင်မုန့်က ခေါင်းညိတ်လာပြီး သိုင်းလေ့ကျင့်မှုကို စတင်လိုက်လေ၏။
…
နောက်တစ်နေ့မှာ ရွှင်းယန်မြို့က ပွက်လောရိုက်နေလေပြီ။ ချင်မိသားစုက သူတို့၏ အိမ်အပြင်ဘက်လမ်းပေါ်တွင် သေခြင်းရှင်ခြင်းကို အဆုံးအဖြတ်ပေးမည့် စင်မြင့်တစ်ခုကို ဆောက်လုပ်ခဲ့သည်။
ထို့အပြင် တိုက်ပွဲဝင်မည့်လူများကလည်း ချင်မိသားစု၏ ခေါင်းဆောင်ဟောင်းနှင့် ခေါင်းဆောင်
အသစ် ဖြစ်လေ၏။
ထိုသတင်းက လုံလောက်သည်ထက်ပိုသော ဆွဲဆောင်မှုတစ်ခု ဖြစ်သည်။
ရလဒ်အနေဖြင့် မနက်စောစောကတည်းက ချင်မိသားစု၏ အိမ်အပြင်ဘက်လမ်းပေါ်တွင် လူများဖြင့် ပြည့်နှက်နေခဲ့၏။
ချင်မိသားစုမှ တစ်ညလုံးဆောက်လုပ်ခဲ့သော သေခြင်းရှင်းခြင်းတိုက်ပွဲစင်မြင့်အား လူပင်လယ်ကြီးက ဝိုင်းရံထားကြသည်။
"ဒီလိုမျိုးအတွင်းပဋိပက္ခမျိုးက ရွှင်းယန်မြို့မှာ မဖြစ်တာ အချိန်အတော်ကြာပြီ"
"သူတို့နှစ်ယောက်စလုံး သေသွားနိုင်တယ်လို့ မင်းထင်လား"
"နှစ်ယောက်လုံး သေမယ်ဟုတ်လား၊ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ မင်းမကြားဖူးဘူးလား...အရင်မိသားစုခေါင်းဆောင် ချင်ချွမ်းရဲ့ မူလစွမ်းအင်ဗဟိုချက်က ပျက်စီးသွားပြီး သူ့စွမ်းအားအားလုံး ဆုံးရှုံးသွားပြီလေ"
"ဒါဆို… ဒါက ဘယ်လိုလုပ်ပြီး တိုက်ပွဲတစ်ခု ဖြစ်တော့မှာလဲ၊ မိသားစုခေါင်းဆောင်အသစ် ချင်ခွမ်းက ခေါင်းဆောင်ဟောင်းကို သတ်ဖို့ ရည်ရွယ်နေတာကြီးက ရှင်းနေတာပဲ မဟုတ်ဘူးလား"
"ဟုတ်တယ် ချင်မိသားစုရဲ့အကြီးအကဲတွေက ဒါကို မတားကြဘူးလား"
"ဟားဟား ဘာကိုတားမှာလဲ၊ သေခြင်းရှင်ခြင်းတိုက်ပွဲကို နှစ်ဖက်စလုံးက သဘောတူခဲ့ကြတာ၊ ဆန္ဒအလျောက်ပါဝင်သူတွေ ဖြစ်နေမှတော့ ဘယ်သူက ဝင်ရောက်စွက်ဖက်နိုင်ဦးမှာလဲ"
"ချင်ချွမ်းက ရှုံးမှာ သေချာနေတဲ့ တိုက်ပွဲကို ဘာလို့ သဘောတူလိုက်တာလဲဆိုတာ ငါ နားမလည်ဘူး၊ ချင်မိသားစုရဲ့ အရင်ခေါင်းဆောင်က မိုက်မဲတဲ့လူ မဟုတ်ပါဘူး"
"ဟင်း~ ငါ့အထင်တော့ သူက မိသားစုခေါင်းဆောင်အသစ်ဆီကနေ ခြိမ်းခြောက်မှု ခံခဲ့ရတာ ဖြစ်လိမ့်မယ်၊ ဘာလို့လဲဆိုတော့ သူ့မှာ သားတစ်ယောက်ရှိသေးတယ်လေ…"
အချိန်အတော်ကြာပြီးနောက် ချင်မိသားစု၏ ဝင်ပေါက်ကနေ လူတစ်စုထွက်လာသည်။ သူတို့က ချင်ခွမ်းနှင့် ချင်မိသားစုဝင်များ၊ အကြီးအကဲများ ဖြစ်ပေ၏။
သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်၏ ပတ်ဝန်းကျင်ကို ချင်မိသားစုဝင်များက ချက်ချင်း ဝိုင်းရံကာ လမ်းတစ်ခု ရှင်းပေးခဲ့ကြသည်။
"လူတိုင်းကို စောင့်ခိုင်းမိတဲ့အတွက် တောင်းပန်ပါတယ်"
ချင်ခွမ်းက ပြုံး၍ လူအုပ်ကြီးကို လက်ခုပ်သဏ္ဍာန်လုပ်ကာ တောင်းပန်လာသည်။ ထို့နောက် သေခြင်းရှင်ခြင်းစင်မြင့်ပေါ်သို့ တက်သွားကာ အရပ်မျက်နှာအားလုံးကို ဝေ့ကြည့်လိုက်၏။
လက်ရှိအချိန်၌ သူ စိတ်ဓာတ်တက်ကြွနေလေသည်။ ဒီနေ့မှာ သူသည် ချင်ချွမ်းအား ရွှင်းယန်မြို့တစ်မြို့လုံး၏အရှေ့မှာ သူ့ခြေဖဝါးအောက်၌ နင်းခြေပြ၍ သေသည်အထိ အရှက်ရစေတော့မည်။
သို့သော်ငြား အချိန်အတော်ကြာ စောင့်ပြီးနောက်မှာတောင် ချင်ချွမ်းက ပေါ်မလာပေ။
ချင်ခွမ်းက ချင်မိသားစု၏ အိမ်အတွင်းဘက်ကို ကြည့်၍ အေးစက်စွာ လှောင်ပြောင်လိုက်သည်။
"ချင်ချွမ်း မင်းက ဒီလာဖို့ အရမ်းကြောက်နေတာလား၊ မင်း မနေ့က အရက်မူးပြီး အဓိပ္ပာယ်မရှိတာတွေ ပြောခဲ့တယ်လို့ ငါ့ကို မပြောနဲ့!"
သူ့အသံက ကျယ်လောင်နေပြီး မိုးချုန်းသံကဲ့သို့ ပဲ့တင်သံ ထပ်နေလေ၏။ ရွှင်းယန်မြို့တစ်ဝက်
လောက်ထိပင် ကြားနိုင်သည်။
"ဒီလောက် မနက်အစောကြီး ဘာကို အလျင်လိုနေတာလဲ၊ မင်း စောစောသေဖို့ မလိုသေးပါဘူး"
တည်ငြိမ်သောအသံတစ်ခုက ထွက်ပေါ်လာ၏။
လူအုပ်ကြီးက တစ်ညီတစ်ညာတည်း လှည့်ကြည့်လာကြသည်။
ချင်ချွမ်းက ချင်ကျီနှင့်အတူ ချင်မိသားစု၏ ဝင်ပေါက်ကနေ ဖြည်းဖြည်းချင်း ထွက်လာတာကို သူတို့ မြင်လိုက်ရပေ၏။
သူ၏ကိုယ်ဟန်အနေအထားက မားမားမတ်မတ်ရှိနေသည်။ သူ၏အဖြူရောင်ဝတ်စုံက လေထဲမှာ လွင့်နေကာ တည်ငြိမ်မှုနှင့် ကျက်သရေရှိမှုက တစ်ပြိုင်နက်တည်း ပေါ်လွင်နေပြီး လူတိုင်း၏အာရုံကို ဖမ်းစားနိုင်ခဲ့၏။
********************