ချေမွပစ်ဖို့ လွယ်ကူတယ်
Vol. 1 Ch. 5
"ချင်ချွမ်း မင်း နောက်ဆုံးတော့ ရောက်လာပြီပဲ၊ ဒီနေ့မှာ မင်းရဲ့မိုက်မဲမှုနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာအတွက် ပေးဆပ်ရတော့မယ်!"
ချင်ခွမ်းက အေးစက်စွာ ပြောလာသည်။
သူက ရည်ရွယ်ချက်ရှိရှိဖြင့် 'ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်နေသည်' ဟု ပြောခဲ့၏။
ထိုမှတဆင့် ချင်ချွမ်းကသာ သူ့ကို စိန်ခေါ်ခဲ့ခြင်းဟု လူအများအား ထင်စေရန်ဖြစ်ပြီး သူ၏အလိုဆန္ဒက သိပ်ပြီးဆိုးရွားနေပုံ မပေါက်သွားအောင် ဖြစ်သည်။
"ဟဲဟဲ"
ချင်ချွမ်းတစ်ယောက် ရယ်မောမိကာ တစ်ခုခု ပြန်ပြောရန် ပျင်းရိနေလေ၏။ လူရွှင်တော်များက ဖျော်ဖြေရခြင်းကို ကြိုက်သည်။ ဘာကြောင့် သူက လိုက်ပါဖျော်ဖြေရမည်နည်း။
"ကောင်းပြီ...အခု ငါ သေခြင်းရှင်းခြင်းတိုက်ပွဲရဲ့ စည်းမျဥ်းတွေအကြောင်းကို နောက်တစ်ကြိမ် ထပ်ပြောပြမယ်!"
ထိုအချိန်မှာ ပိုးထည်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆံဖြူအဘိုးအိုတစ်ယောက်က ထွက်လာ၏။ သူက ချင်မိသားစု၏ အကြီးအကဲဖြစ်ကာ ချင်ခွမ်း၏ ဦးလေးလည်းဖြစ်သည်။
သူက လူအုပ်ကြီးကို တည်ကြည်စွာ စိုက်ကြည့်၍ ပြော၏။
"သေခြင်းရှင်ခြင်းတိုက်ပွဲဆိုတာ စင်ပေါ်ရောက်တာနဲ့ အသက်ရှင်သန်ခြင်းနဲ့ သေဆုံးခြင်းက ကံကြမ္မာအပေါ်မှာ မူတည်တယ်! ဘယ်သူကမှ ဝင်ရောက်စွက်ဖက်လို့မရဘူး!"
"ချင်မိသားစုက တစ်စုံတစ်ယောက်ကများ ဝင်ရောက်စွက်ဖက်ဖို့ သတ္တိရှိရင် မိသားစုအပေါ် သစ္စာဖောက်မှုအဖြစ် သတ်မှတ်တယ်၊ ပြီးတော့ မိသားစုမဟုတ်တဲ့ တခြားတစ်ယောက်ယောက်က လုပ်ဆောင်ခဲ့ရင်လည်း ချင်မိသားစုရဲ့ရန်သူဖြစ်လာလိမ့်မယ်!"
ပြောနေရင်းဖြင့် ချင်မိသားစုမှ အကြီးအကဲတချို့ကို သီးသန့် ကြည့်လိုက်သေးသည်။ ချင်ချွမ်းက သိုင်းကျင့်ကြံမှုပြဿနာကြောင့် ရာထူးကနေ ဆင်းခဲ့ရသော်လည်း တချို့အကြီးအကဲများက သူ့ကို ပံ့ပိုးနေတုန်းဆိုတာကို သူသိ၏။
မည်သို့ပင်ဆိုစေကာမူ ချင်ချွမ်း ရာထူးယူထားသည့် ကာလအတွင်းမှာ ကြိုးကြိုးစားစားဖြင့် မိသားစုအတွက် ကိစ္စအများကြီးကို လုပ်ဆောင်ခဲ့သည်။
"ဟင်း!"
ထိုအကြီးအကဲများသည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ နောက်ဆုံးမှာ သက်ပြင်းချ၍ ခေါင်းငုံ့သွားကြ၏။ ဤအရာက မတားဆီးနိုင်သော အခြေအနေဖြစ်နေပြီး သူတို့မှာလည်း ထိုကဲ့သို့ စွမ်းအားမရှိပေ။
ချင်ချွမ်းက ပတ်ပတ်လည်ကို ကြည့်လိုက်သည်။ ချင်မိသားစုမှ မိသားစုဝင်အများစုသည် ခေါင်းငုံ့ထားကြပြီး အနည်းငယ်ကတော့ သူ့အား ဝမ်းမြောက်ဝမ်းသာဖြင့် ကြည့်နေကြတာကို တွေ့လိုက်ရ၏။
သူ သေဆုံးရန် မျှော်လင့်နေသကဲ့သို့ပင်။
ထိုအရာအားလုံးကို မြင်လိုက်ရသောအခါ ချင်ချွမ်း၏ မျက်လုံးထဲ၌ လှောင်ပြောင်မှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာသည်။
မိသားစု...ဒါက မင်းတို့ခေါ်တဲ့ မိသားစုလား။
အဆင့်အတန်းမရှိတဲ့ လူအုပ်စု!
"ချင်ချွမ်း စင်ပေါ်တက်လာစမ်း!"
ထိုအချိန်၌ ချင်ခွမ်းက သူ့လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်လျက် အေးစက်စွာ ပြောလာ၏။
"ဒီနေ့ ချင်မိသားစုရဲ့ခေါင်းဆောင်အစစ်က ဘယ်သူလဲဆိုတာကို မြို့ထဲလူတွေ မြင်ပါစေ!"
"အဲ့ဒါက မင်းမဟုတ်တာတော့ သေချာတယ်"
ချင်ချွမ်းသည် တည်ငြိမ်စွာ ပြန်ပြော၍ ဖြည်းညှင်းစွာဖြင့် သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်ထက်သို့ တက်သွားခဲ့သည်။
"ဝူး!"
သူ တက်သွားသည့်အချိန်မှာပင် ချင်ခွမ်းက ဒေါသထွက်နေသော နွားတစ်ကောင်ကဲ့သို့ ပြေးလာလေ၏။ ချက်ချင်းဆိုသလိုပင် လေထုက တစ်လွှာချင်းစီ ပေါက်ကွဲထွက်သွားသည်။
"ဘန်း! ဘန်း! ဘန်း!"
တိုက်ပွဲစင်မြင့်ပေါ်တွင် ရွှေရောင်အစုအဝေးစွမ်းအားတစ်ခုက ကျယ်လောင်စွာ အသံပြုလျက် ကြည့်ရှုသူများ မျက်စိမဖွင့်နိုင်လောက်အောင် လေပြင်းများ တိုက်ခတ်လာ၏။
"ငါ့ရဲ့လက်သီးကို ခံကြည့်!"
ချင်ခွမ်း၏ ညာဘက်လက်က ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး အမုန်းတရားများ ပြည့်နေသည့် အပြုံးဖြင့် ချင်ချွမ်း၏ ရင်ဘတ်ကို ထိုးလာသည်။ တစ်ချက်တည်းနှင့် ထိုးဖောက်ရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
"ဖြောင်း!"
သို့သော် နောက်တစ်ခဏအတွင်းမှာပင် သူ့လက်သီးအား သန့်ရှင်းကာ သွယ်လျသော လက်တစ်ဖက်က တားဆီးလာသည်။ ထိုလက်က သူ အားအပြည့်ထည့်ထားသော လက်သီးကို ညင်သာစွာ တွန်းထုတ်လာလေ၏။
"ဘာ!"
ချင်ခွမ်း၏ မျက်စိသူငယ်အိမ်များက ရုတ်ချည်းပင် ကျုံ့သွားကာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့သည်။ သို့သော် သူ ဘာမှမစဉ်းစားနိုင်ခင်မှာပင် ရိုက်ချက်တစ်ခုက သူ့မျက်နှာပေါ် ကျရောက်လာခဲ့၏။
"ဖြန်း!"
ထိုအင်အားက အလွန်ကြောက်စရာကောင်းလောက်အောင် သူ့မျက်နှာကို ချက်ချင်းပင် ပုံ
ပျက်သွားစေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာ ဘေးဘက်သို့ လည်ပြီးနောက် နောက်ပြန်လွှင့်ထွက်သွားခဲ့သည်။
တစ်ခဏစာ အတွင်းမှာပင် သူ အကြိမ်ပေါင်းများစွာ လည်သွားခဲ့ပြီး ဂျင်လည်နေသကဲ့သို့ လေတိုးသံပင် ထွက်လာခဲ့၏။
"ဒါက ဘာလဲ!"
"ကြောက်စရာကောင်းလိုက်တဲ့ ခွန်အား!"
"သူ့ရဲ့သိုင်းပညာတွေကို မဆုံးရှုံးသေးဘူးလား"
"အင်း… ဖြစ်နိုင်တာကတော့ ဒါက နောက်ဆုံးတိုက်ပွဲဖြစ်နေတယ်လေ၊ မူလစွမ်းအင်ဗဟိုချက် ပျက်စီးသွားတဲ့လူတွေက နောက်ဆုံးတိုက်ပွဲအတွက် မူလစွမ်းအင်တစ်ခုကို အတင်းအကျပ် ထိန်းသိမ်းထားနိုင်တယ်လို့ ငါကြားဖူးတယ်"
စင်အောက်က လူအုပ်ကြီးကြားထဲ၌ တိုင်ပင်ဆွေးနွေးမှုများစွာ ရှိနေခဲ့သည်။
ချင်မိသားစုအကြီးအကဲ၏ မျက်နှာမှာလည်း ချက်ချင်းပင် မည်းမှောင်သွားခဲ့၏။ သူ အသက်ပြင်းပြင်းရှူသွင်းကာ အံကြိတ်၍ ပြောမိသည်။
"တစ်ခုခု လှည့်စားထားတာပဲ! သေချာပေါက် လှည့်စားထားတာပဲ!"
ထိုအချိန်၌ ချင်ခွမ်း၏ ဒေါသတကြီးအသံက ထွက်ပေါ်လာ၏။
"ချင်… ချွမ်း!"
သူက ဖြည်းဖြည်းချင်း ထရပ်လာပြီး နှုတ်ခမ်းထောင့်မှ သွေးများကိုသုတ်၍ ပြောသည်။
"မင်းရဲ့ မူလစွမ်းအင်ဗဟိုချက်က ပျက်စီးနေတာကို ငါတို့အားလုံး စစ်ဆေးထားပြီးသား၊ ဒီနေ့ မင်းအနေနဲ့ အခြေအနေကို ပြောင်းလဲနိုင်မှာမဟုတ်ဘူး၊ မင်းဘယ်လောက်ထိ ကြာကြာခံနိုင်မလဲဆိုတာ ငါကြည့်ချင်သေးတယ်!"
ချင်ချွမ်းက နောက်ဆုံးတိုက်ပွဲအတွက် ခွန်အားတစ်ခုအား အတင်းအကျပ်ထိန်းသိမ်းထားရန် လျှို့ဝှက်နည်းလမ်းတစ်ခုကို အသုံးပြုနေသည်ဟု သူ သံသယရှိနေလေ၏။
အကြောင်းမှာ မူလစွမ်းအင်ဗဟိုချက် ပျက်စီးပြီးနောက် စွမ်းအားများက အနည်းငယ် ကျန်ရစ်
နိုင်သည်။ သို့သော် သေချာပေါက် အများကြီးတော့ မဟုတ်ပေ။
သူ ချင်ချွမ်းအား ခွန်အားကုန်ဆုံးအောင်လုပ်ရန် ရည်ရွယ်ထားပေ၏။
"ဟက်! မင်းကို ကိုင်တွယ်ဖို့အတွက်နဲ့ အချိန်အကြာကြီးယူရမယ်တဲ့လား"
ချင်ချွမ်းသည် ချင်ခွမ်း၏ ရည်ရွယ်ချက်ကို တစ်ချက်ကြည့်ရုံနှင့် သိလိုက်ပြီး ပြုံးရယ်မိသည်။
သူ လက်တစ်ဖက်ကို ဆန့်ထုတ်ကာ တည်ငြိမ်စွာဖြင့် ပြောလိုက်၏။
"နှစ်ကွက်ဆိုရင် လုံလောက်တယ်"
"မင်းက အရမ်း မာနကြီးနေတာပဲ သေစမ်း!"
ချင်ခွမ်းက ဟိန်းဟောက်လာသည်။ သူ့ပတ်ဝန်းကျင်၌ အားကောင်းသော စွမ်းအင်အစုအဝေးတစ်ခု ပေါက်ကွဲထွက်လာပြီး ခွန်အားကြီးသည့် ခြင်္သေ့တစ်ကောင်
အဖြစ် စုစည်းသွားကာ ချင်ချွမ်းဆီသို့ ပြေးဝင်သွားလေ၏။
ခြင်္သေ့က ပြေးလာပြီး သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်တစ်ခုလုံးက တုန်ခါသွားလေသည်။ ထို့အပြင် ကြမ်းတမ်းရက်စက်သော စွမ်းအင်အစုအဝေးက အောက်တွင်ရှိသည့် လူအုပ်ကြီးကို မျက်စိမဖွင့်နိုင်လောက်အောင် မြန်ဆန်စွာ နောက်ဆုတ်သွားစေခဲ့၏။
"စွမ်းအင်ပိစိလေးပဲ"
ချင်ချွမ်းက အေးစက်စွာဖြင့် မဲ့ပြုံးပြုံးနေသည်။ သူ၏ ညာဘက်လက်ကို မြှောက်လိုက်ရာ ရွှေရောင်စွမ်းအင်အစုအဝေးက မိုးကြိုးကဲ့သို့ ထွက်ပေါ်လာလေ၏။ ထို့နောက် သူ အရှေ့ကို တိုက်ရိုက်ပင် လက်သီးဖြင့် ထိုးချလိုက်သည်။
"ဘုန်း!"
အပူရှိန်ပြင်းသောအလင်းတန်းတစ်ခုက စွမ်းအားအမြင့်ဆုံးအနေအထားဖြင့် ထွက်ပေါ်လာလေ၏။ ထို့နောက် ပြေးဝင်လာသော ခြင်္သေ့ကို ဖောက်ထွင်းကာ ချင်ခွမ်းကို ဝင်တိုက်သွားသည်။
"ဘန်း!"
"ဝေါ့!"
ခြင်္သေ့က ချက်ချင်းပင် ပြိုကွဲသွားပြီး ချင်ခွမ်းသည်လည်း တစ်ပြိုင်နက်တည်း သွေးအန်ကာ လွင့်ထွက်သွားလေ၏။ သူ သေခြင်းရှင်ခြင်းတိုက်ပွဲစင်မြင့်၏အစွန်းကို တိုက်မိပြီး မနည်းရုန်းကန်နေရသည်။
"ငါ…မယုံ...ဘူး!"
ချင်ခွမ်း၏မျက်နှာက ဖြူဖျော့နေ၏။ ဖြည်းဖြည်းချင်း ချဥ်းကပ်လာသော ချင်ချွမ်းကို စိုက်ကြည့်ရင်း စကားလုံးလေးလုံးကို ခက်ခက်ခဲခဲ ပြောလာသည်။
"ကိစ္စမရှိဘူး"
ချင်ချွမ်း ပြုံးလိုက်သည်။ သူ ခေါင်းခါယမ်းကာ သူ၏ ညာဘက်ခြေထောက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်၏။
"ရပ်!"
ရုတ်တရက်ပင် ချင်မိသားစု၊ အကြီးအကဲက အော်ဟစ်လာသည်။ တစ်ချိန်တည်းမှာပင် ချင်ခွမ်းအား သေခြင်းရှင်းခြင်းတိုက်ပွဲစင်မြင့်ပေါ်ကနေ အားတစ်ခုဖြင့် ရုတ်တရက် ဆွဲချသွားလေ၏။
ချင်ချွမ်းသည် မျက်မှောင်ကြုတ်ကာ ထိုအကြီးအကဲကို ကြည့်လိုက်သည်။
"အကြီးအကဲ ဒါက ဘာကိုဆိုလိုတာလဲ"
သူ ရင့်ကျက်တည်ငြိမ်စွာ မေးလိုက်၏။ တကယ်တော့ သူ လုံးဝပင် အံ့အားမသင့်ခဲ့ပေ။ အရင်ဘဝမှာ စီးပွားရေးလောကကို သူ လွှမ်းမိုးခဲ့သော နှစ်များတွင် ဘယ်လိုလူက ဘာလုပ်မည်ဆိုတာကို သူ တစ်ချက်ကြည့်တာနှင့် သိနိုင်ခဲ့သည်။
"ချင်ခွမ်းက သေခြင်းရှင်ခြင်းစင်မြင့်ပေါ်ကနေ လဲကျသွားပြီပဲ၊ သူ စင်ပေါ်မှာမရှိတော့ဘူးလေ၊ ဒီတိုက်ပွဲကို ဒီမှာပဲ အဆုံးသတ်လိုက်ကြရအောင်လား"
အကြီးအကဲက သာမန်ကာလျှံကာ ပြောလာ၏။
"အိုး"
ချင်ချွမ်းက စိတ်ဝင်စားသောပုံစံဖြင့် မေးသည်။
"အကြီးအကဲ ခင်ဗျား ခုနကပြောခဲ့တာကို မှတ်မိသေးလား"
ချက်ချင်းဆိုသလိုပင် လူတိုင်း၏ မျက်လုံးများက အကြီးအကဲဆီကို လှည့်လာ၏။ ထိုအကြည့်များထဲ၌ လှောင်ပြောင်မှုနှင့် ပြက်ရယ်ပြုမှုများ ပါဝင်နေသည်။
"ဟေ့! ချင်မိသားစုအကြီးအကဲ ခင်ဗျား ခုနကပဲ ဘယ်သူမှ ဝင်မစွက်ဖက်ရဘူးဆိုပြီး ပြောခဲ့တာ၊ အခုကျ ကိုယ်တိုင်က ဝင်စွက်ဖက်နေတယ်...တကယ်ကို မျက်နှာပျက်စရာပဲ"
"တကယ်ရှက်စရာကောင်းတယ်၊ အနိုင်ရမှာသေချာနေတဲ့အချိန်ကျတော့ ဝင်မစွက်ဖက်ရဘူးလို့ ပြောတယ်၊ ဒါပေမဲ့ ကိုယ့်လူရှုံးနေတာကိုမြင်တော့ ချက်ချင်းဝင်စွက်ဖက်တယ်!"
"ဒီလိုလူမျိုးတွေကို တကယ်လေးစားပါပေတယ်"
"ဟက်! ဒီလိုမျိုးပုံစံမျိုးက ချင်မိသားစု၊ အကြီးအကဲဖြစ်ဖို့ ထိုက်တန်တယ်ပေါ့လေ၊ ချင်မိသားစုက ပိုဆိုးရွားလာတဲ့ပုံပဲ"
တိုင်ပင်ဆွေးနွေးသော အသံများက ထွက်ပေါ်လာကာ မမြင်ရသောရိုက်ချက်များကဲ့သို့ အကြီးအကဲ၏မျက်နှာကို ပြင်းပြင်းထန်ထန် ရိုက်ခတ်နေလေ၏။ သူ ဘယ်လောက်ပင် မရှက်တတ်ပါစေ၊ အခုအချိန်၌ သူ့မျက်နှာကို မီးလောင်နေသကဲ့သို့ ခံစားနေရသည်။
ရုတ်တရက် အတွေးတစ်ခုက သူ့ခေါင်းထဲဝင်လာသည်။ ချက်ချင်းပင် ပြင်းထန်စွာ အပြစ်တင်လိုက်၏။
"ချင်ချွမ်း သေခြင်းရှင်းခြင်းတိုက်ပွဲမှာ မင်းလှည့်စားရဲတယ်! ဒါဘယ်လိုပြစ်မှုလဲ!"
ချင်ချွမ်းက မျက်ခုံးပင့်လာပြီး မေးသည်။
"ကျုပ် ဘယ်လိုလှည့်စားခဲ့တာလဲ"
"ဟမ့်! မင်းရဲ့မူလစွမ်းအင်ဗဟိုချက်က ပျက်စီးနေပြီဆိုတာ ရှင်းနေတာပဲ၊ ဒါပေမဲ့ အခုလို ကြီးမားတဲ့စွမ်းအားကို ပြသနေတုန်းဆိုမှတော့ မင်းမကောင်းဆိုးဝါးပညာတစ်ခုခုကို အသုံးပြုထားတာဖြစ်ရမယ်!"
အကြီးအကဲက ဖြောင့်မတ်မှန်ကန်စွာ ပြောလာ၏။
"အိုး! ဒါဆို အကြီးအကဲက ပုံမှန်အခြေအနေမှာဆိုရင် ကျုပ်က ဘယ်လိုမျိုးဖြစ်နေရမယ်လို့ ထင်နေတာလဲ"
ချင်ချွမ်းက သူ့ကိုကြည့်ပြီး လှောင်ပြောင်လာသည်။
"ကျုပ်ရဲ့သိုင်းပညာပျက်စီးနေတဲ့ ခန္ဓာကိုယ်နဲ့ ခင်ဗျားတူလေးဆီကနေ လွယ်လွယ်ကူကူ အသတ်ခံရမှာလား၊ ဟုတ်လား အကြီးအကဲ!"
"မင်း!"
အကြီးအကဲ၏မျက်နှာက အလွန်ဆိုးရွားနေလေ၏။ ထိုအရာက သူတွေးထားသည့်အတိုင်း ဖြစ်နေသော်လည်း လူသိရှင်ကြား ဖွင့်ချခံရသောကြောင့် သူ့မျက်နှာကို စပ်ဖျဉ်းဖျဉ်းဖြစ်စေလေသည်။
"ဟက်! အဲ့ဒီအကြီးအကဲက သူ့ရဲ့အာဏာကို တစ်ကယ် အသုံးပြုနေတာပဲ!"
ချင်ချွမ်းက လှောင်ပြောင်၏။
"ပုရွက်ဆိတ်တစ်ကောင်တောင်မှ ဘယ်လိုရှင်သန်ရမလဲဆိုတာကို သိတယ်၊ ခင်ဗျား ကျုပ်ကို သေစေချင်ရင် ကျုပ်က နာနာခံခံနဲ့ သေပေးသင့်တယ်လို့ ခင်ဗျား ထင်နေတာလား၊ ဒီအစား ခင်ဗျား ဘာလို့များ ကျုပ်ကို ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ အမိန့်မပေးတာလဲ၊ အလုပ်ရှုပ်သက်သာအောင်လို့လေ"
"မင်း… မင်း! အသက်ကြီးတဲ့သူတွေကို မလေးမစားလုပ်တာ!!"
အကြီးအကဲမှာ ငြင်းချင်သော်လည်း ဘယ်လိုငြင်းရမလဲ ဆိုတာမသိပေ။ ထို့ကြောင့် သူ ရှက်ရွံ့သွားကာ သွားများကို ကြိတ်၍ ခပ်တိုးတိုး ဆူငေါက်လာသည်။
"ခင်ဗျားက အသက်ကြီးရင့်သူတွေ အကြောင်းပြောဖို့ ထိုက်တန်လို့လား၊ ခင်ဗျားက အသက်ကို အားကိုး၊ ကြွားလုံးထုတ်နေပြီး ဒီမှာ ရိုင်းရိုင်းစိုင်းစိုင်း လာဟောင်နေတဲ့ ခွေးအိုကြီးသာသာပဲ!"
ချင်ချွမ်းက ရှေ့ကို ခြေတစ်လှမ်းတိုးလာ၏။ ကြီးမားသော ခွန်အားတစ်ခုက ပျံ့နှံ့လာကာ သူ့ဝတ်ရုံများက လှုပ်ခါနေပြီး အကြီးအကဲကို ကြည့်လာသည်။
"ချင်မိသားစုဝင်အားလုံးပဲ အမိန့်နာခံကြ! ဒီကျေးဇူးမသိတတ်တဲ့ ချင်မိသားစုရဲ့သစ္စာဖောက်ကို နေရာမှာတင် ကွပ်မျက်ပြီး မိသားစုစည်းမျဉ်းတွေကို ပြန်ပြီးပြင်ဆင်ကြစမ်း!"
အကြီးအကဲက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်လေ၏။
"ဟုတ်ကဲ့!"
"အမိန့်အတိုင်းပါ!"
"မိသားစုအတွက်!"
သူနှင့် ဆန့်ကျင်ဘက်မှာရှိသော အကြီးအကဲများဆီကနေ ဖိအားပေးသည့် ခွန်အားများ ဆက်တိုက်ဆိုသလို ထွက်ပေါ်လာလေ၏။ သူတို့၏ သတ်ဖြတ်လိုသော ရည်ရွယ်ချက်များက ချင်ချွမ်းအပေါ်၌ ပြင်းထန်စွာ ကျရောက်နေသည်။
***********************