← Chapters

ချင်မိသားစုမှာ မနေတာ ကောင်းတယ်

Vol. 1 Ch. 6

ချင်မိသားစုမှာ မနေတာ ကောင်းတယ်

Vol. 1 Ch. 6

ထိုအကြီးအကဲများအားလုံးက ချင်ခွမ်းနှင့် သူ့ဦးလေး၏ မိသားစုခွဲမှ ဖြစ်သည်။

တခြားအကြီးအကဲများကတော့ ကြားနေရန် ရွေးချယ်ထားကာ ခေါင်းငုံ့ထားကြ၏။

အကြောင်းမှာ ထိုအရာသည် ချင်ချွမ်း၏ နောက်ဆုံးတိုက်ပွဲဖြစ်သည်ဆိုတာကို သူတို့သိထားကြပြီး သူတို့ သူ့ကို ကူညီခဲ့လျှင်တောင် အကျိုးမရှိပေ။

အနာဂတ်မှာ ချင်မိသားစုက ချင်ခွမ်းနှင့် သူ့ဦးလေးတို့ မိသားစုခွဲ၏ ထိန်းချုပ်မှုအောက်မှာ ရှိနေဦးမည်။ ထိုကဲ့သို့ အခြေအနေမျိုးဖြစ်နေလေရာ သူတို့အနေဖြင့် သူတို့ကိုယ်သူတို့သာ ကာကွယ်နိုင်သည်။

အများစုကတော့ ကြားနေအဖွဲ့ဖြစ်၏။ သို့သော် သူတို့က ပေါင်းစည်းထားသော အဖွဲ့မဟုတ်သောကြောင့် ဘယ်သူကမှ ဝင်တိုက်ခိုက်ရန် မရဲပေ။

ထိုအရာမှာ ကျောင်းတွင် အနိုင်ကျင့်တတ်သော ကျောင်းသားဆိုးများက အားနည်းသော ကျောင်းသားလေးကို အနိုင်ကျင့်နေခြင်းအား ဘေးကနေ ရပ်ကြည့်နေသကဲ့သို့ပင်။

"အိုး! နောက်ဆုံးတော့ ခင်ဗျားရဲ့အစစ်အမှန်ပုံစံကို ထုတ်ပြလာပြီလား၊ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ တစ်ဦးချင်း အနိုင်မရနိုင်ခဲ့တော့ အဖွဲ့လိုက်တိုက်ဖို့ရွေးချယ်လိုက်တယ်ပေါ့"

ချင်ချွမ်းက ပြုံးစစဖြင့် ပြောလိုက်သည်။

"ဟမ့်! မိသားစုရဲ့သစ္စာဖောက်ကို တိုက်ခိုက်ဖို့ ဘာစည်းမျဥ်းမှ မလိုဘူး၊ အတတ်နိုင်ဆုံး သတ်ကြ!"

အကြီးအကဲ၏မျက်နှာက ဂရုမစိုက်ဟန်ဖြင့် ရှိနေ၏။

"ဟားဟား ကျုပ်က ဘယ်လိုလုပ်ပြီး သစ္စာဖောက်ဖြစ်သွားရပြန်တာလဲ၊ အကြီးအကဲ မနေ့ညက ဝမ်းနုတ်ဆေးသောက်ထားတာလား၊ အဓိပ္ပာယ်မရှိတာတွေ ဆက်တိုက်ပြောနေတာ"

ချင်ချွမ်းသည် အပြုံးဖြင့် ခေါင်းခါယမ်းမိသည်။

"နောင်တရစရာမလိုသလို သူ သေသွားရတာကလည်း နှမြောစရာမရှိဘူး! သတ်!"

အကြီးအကဲက အော်ဟစ်လာလေ၏။ ထို့နောက် တခြားအကြီးအကဲအချို့နှင့်အတူ ချင်ချွမ်းဆီသို့ ပြေးဝင်သွားသည်။

ဤလူများသည် ဆယ်စုနှစ်ကြာအောင် သိုင်းလေ့ကျင့်ခဲ့ကြရာ အားလုံးက မူလဒန်နယ်ပယ်၏ နဝမအဆင့်မှာရှိနေကြပြီး အတူတူတိုက်ခိုက်လာကြသောအခါ မြင်းစီးသူရဲကောင်းတစ်ထောင်ကဲ့သို့ပင်။

သို့သော် ချင်ချွမ်းကတော့ မတုန်လှုပ်ဘဲ သူ့ညာဘက်လက်ကို ဖြည်းဖြည်းချင်း မြှောက်ကာ သူ့ခွန်အားအကုန်လုံးကို စုစည်းလိုက်ပြီး လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်၏။

"ဘုန်း! ဘုန်း! ဘုန်း!"

ချက်ချင်းပင် ရွှေရောင်ဥက္ကာခဲ ရာပေါင်းများစွာက ဖြစ်ပေါ်လာပြီး အကြီးအကဲနှင့် တခြားလူများဆီသို့ ပြင်းထန်စွာ ထိုးဖောက်ဝင်ရောက်သွားသည်။

"ချိုးဖောက်!"

"ငါ့ကို ကာကွယ်ပေးထားကြ!"

"သတ်!"

ထိုလူများက ပြင်းထန်စွာ အော်ဟစ်၍ သူတို့၏ သိုင်းပညာများကို အသုံးပြုလာကြ၏။

သို့သော်ငြား ထိုဥက္ကာခဲရာပေါင်းများစွာထဲမှ တစ်ခုချင်းစီတိုင်းတွင် ကြီးမားသောစွမ်းအားများ ပါရှိနေသည်။ နောက်ဆုံးမှာ သူတို့ မခုခံနိုင်ခဲ့ကြပေ။

"ပွက်!"

"အား! ငါ့လက်!"

"ဝုန်း!"

အကြီးအကဲအချို့က အော်ဟစ်ကာ နောက်ပြန်လွှင့်ထွက်သွားကြသည်။

တစ်ချိန်တည်းမှာပင် ချင်ခွမ်းဦးလေး၏ အကာအကွယ်စွမ်းအင်အစုအဝေးကလည်း တိုးပွားလာကာ ဥက္ကာခဲများကို ပိတ်ဆို့ပေးနိုင်သော အကာအကွယ်တစ်ခု ဖြစ်ပေါ်လာခဲ့၏။

သို့သော် နောက်တစ်ခဏမှာပင် လေပြည်ညှင်းတစ်ခုကဲ့သို့အလား ပုံရိပ်တစ်ခုက သူ့အရှေ့မှာ ပေါ်လာပြီး သူ့ဝမ်းဗိုက်ကို ထိုးလာသည်။

"ဖောင်း!"

အားကြီးသောခွန်အားသည် အကာအကွယ်စွမ်းအင်အစုအဝေးအား ချက်ချင်းဖျက်ဆီးလိုက်ပြီးနောက် ခန္ဓာကိုယ်ကို ဖောက်ထွင်းသွား၏။ အကြီးအကဲမှာ သွေးများအန်၍ လွင့်ထွက်သွားခဲ့သည်။

အသက်ရှူချိန်နှစ်ကြိမ်စာအတွင်းမှာပင် အကြီးအကဲအားလုံးက အပြတ်အသတ် ရှုံးနိမ့်သွားခဲ့ကြ၏။

"မြန်မြန် သူ့ကိုဖမ်း! သူ့ကို ငါ့အတွက် ဖမ်းပေးကြစမ်း!"

ထိုအချိန်မှာ မိသားစုခေါင်းဆောင် ချင်ခွမ်းကလည်း ပြန်ကောင်းလာပြီး ချင်မိသားစုမှ ကြားနေအကြီးအကဲများကို ဒေါသတကြီး အော်ဟစ်လာသည်။

ချင်ချွမ်းက လှည့်ကာ သူ့ကို အပြုံးဖြင့် ကြည့်လိုက်၏။

"မင်း!"

ချင်ခွမ်း၏သူငယ်အိမ်များ စုကျုံ့သွားကာ သူ့နှလုံးက ပြင်းပြင်းထန်ထန်တုန်လှုပ်သွားရသည်။

"ဖောင်း!"

နောက်တစ်ခဏအတွင်းမှာပင် လက်သီးတစ်ချက်က သူ့ရင်ဘတ်ကို ဖောက်ထွက်သွားကာ အပေါက်တစ်ခုဖြစ်သွားခဲ့၏။

"မင်း…အရမ်း ရက်စက်..."

ချင်ခွမ်း၏နှုတ်ခမ်းထောင့်ကနေ သွေးများစီးကျလာသည်။ သူက လက်ညှိုးကို ကွေးလျက် ချင်ချွမ်းကို လက်ညှိုးထိုးပြီးနောက် မကျေမနပ်ဖြစ်စွာပင် လဲကျသွားခဲ့၏။

"ခွမ်းအာ!"

အကြီးအကဲက ဝမ်းနည်းပူဆွေးစွာ အော်ဟစ်လာပြီး ကြားနေအကြီးအကဲများကို အော်ဟစ်ပြန်သည်။

"ဒီလူက မိသားစုခေါင်းဆောင်ကိုသတ်လိုက်ပြီ! သူ့ရဲ့ပြစ်မှုက ကြီးမားတယ်! ဘာကိုစောင့်နေကြတာလဲ! သူ့ကိုသတ်ကြ!"

ကြားနေအကြီးအကဲများမှာ သောကများစွာဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်မိကြ၏။

ချင်ချွမ်းသည် ထိုလူများကို ကြည့်၍ လေးတွဲ့စွာ ပြောလိုက်သည်။

"ဒီနေ့ ကျုပ် ချင်မိသားစုကို သုတ်သင်နေတာ၊ ဝင်ရောက်စွက်ဖက်တဲ့သူ ဘယ်သူမဆို ဖယ်ရှားခံရမယ်"

ရွှစ်!

ချက်ချင်းဆိုသလိုပင် ထိုအကြီးအကဲများသည် တစ်ညီတစ်ညာတည်း နောက်ဆုတ်သွားကြ၏။

"မင်းတို့… မင်းတို့ ကြားနေပြီး သာသူနောက်လိုက်တဲ့ကောင်တွေ!!"

အကြီးအကဲက ဒေါသတကြီး ဆဲဆိုလာလေ၏။ ထို့နောက် တစ်ခုခုကို ပြန်အမှတ်ရလိုက်သကဲ့သို့ ရုတ်ချည်းပင် တစ်ဖက်ကို လှည့်ကာ အော်လိုက်သည်။

"မြန်မြန် အဲ့ဒီကောင်လေး ချင်ကျီ ကိုဖမ်း!"

သို့သော် နာကျင်မှုကြောင့် အော်ညည်းနေသော အကြီးအကဲများမှ လှည့်ကြည့်လိုက်သောအခါ မူလက တံခါးဝမှာရပ်နေသည့် ချင်ကျီကို ဘယ်မှာမှ မတွေ့ရတော့ပေ။

သူတို့ ဂရုမစိုက်နေမိတုန်းမှာ ခိုးထွက်သွားခဲ့တာ ဖြစ်၏။

အကြီးအကဲအိုကြီး၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်သောပုံရိပ်ကို ပြသနေလေသည်။ သူ ချင်ချွမ်းကို လက်ညှိုးထိုးကာ...

"မင်း… မင်းဒါကို အစကတည်းက စီစဥ်ထားတာပဲ! ဟုတ်တယ်မလား!"

"ခင်ဗျား အလုပ်မဟုတ်ဘူး"

ချင်ချွမ်း နှာမှုတ်လိုက်သည်။ ထို့နောက် သူ့ညာဘက်လက်မှာရှိသော သိုလှောင်လက်စွပ်ကနေ အလင်းတန်းတစ်ခုဖြတ်သွားကာ အေးစက်စက်ဓားရှည်တစ်ခုက သူ့လက်ထဲမှာ ပေါ်လာပြီး သူ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်၏။

"ဝှစ်!"

လခြမ်းလေးတစ်ခုကဲ့သို့ တောက်ပသော ဓားအလင်းတန်းတစ်ခုသည် အကြီးအကဲအိုကြီးနှင့် တခြားအကြီးအကဲအချို့ကို ဖြတ်ကျော်သွားလေသည်။

"ပွက်! ပွက်! ပွက်! ပွက်!"

သူတို့၏လည်ပင်းကနေတဆင့် သွေးများသည် စမ်းရေကဲ့သို့ ပန်းထွက်လာပြီး အုပ်ထားလို့ မရနိုင်တော့ပေ။ ထို့နောက် သူတို့ မကျေမချမ်းဖြစ်စွာ လဲကျသွားကြလေ၏။

သွေးများက မြေကြီးပေါ်၌ ပျံ့နှံ့နေကာ ထိုအနံ့ကလည်း လေထဲသို့ ပျံ့နှံ့သွားလေသည်။

"ဒါ! ဒါ..."

ရလဒ်ပြောင်းပြန်လှန်ခြင်းက အလွန်မြန်လွန်း၏။ ပတ်ပတ်လည်ရှိ လူများမှာ အစပိုင်း၌ ကြောင်အသွားကြကာ မျက်နှာများ ဖြူဖျော့သွားပြီး အမြန်ပင် နောက်ဆုတ်သွားကြသည်။

ချင်မိသားစုဝင်များလည်း ခဏတာမျှ မှင်သက်နေကြလေ၏။ ထို့နောက် တစ်ယောက်က ချက်ချင်းပင် ဒူးထောက်ချလိုက်သည်။

"မိသားစုခေါင်းဆောင်! ချင်မိသားစုကို ပြန်ပြီး ဦးဆောင်ပေးပါဗျ!"

တစ်ယောက်က ဦးဆောင်လိုက်သည်နှင့် ဆက်တိုက်တုံ့ပြန်မှုများကဲ့သို့ တခြားသူများကလည်း ချက်ချင်းဒူးထောက်လာကြသည်။

ချင်မိသားစုမှ တခြားကြားနေအကြီးအကဲများသည် ဖြည်းဖြည်းချင်း ဒူးထောက်လာကြပြီး အသံတစ်ခုတည်း ထွက်လာကြလေ၏။

"မိသားစုခေါင်းဆောင်! ချင်မိသားစုကို ပြန်ပြီးဦးဆောင်ပေးပါဗျ!"

"မိသားစုခေါင်းဆောင်! ချင်မိသားစုကို ပြန်ပြီး ဦးဆောင်ပေးပါ!"

သူတို့ထဲမှ တချို့က ခေါင်းငုံ့ထားကြကာ အပြစ်ရှိသလို ခံစားနေရပုံရသည်။ တခြားသူများကတော့ ချင်ချွမ်းအား အလွန်စိတ်အားထက်သန်နေသော မျက်လုံးများဖြင့် ကြည့်နေကြလေ၏။

ဒီလိုအစွမ်းထက်သော မိသားစုခေါင်းဆောင်ကသာ ချင်မိသားစုကို ဦးဆောင်လျှင် ချင်မိသားစုသည် ယခင်ကထက် ပို၍မြင့်မားသောအခြေအနေကို သေချာပေါက် ရောက်ရှိမည်ပင်။

သို့သော်...

မြေပြင်ပေါ်မှာ ဒူးထောက်နေသော လူများကို ကြည့်ရင်း ချင်ချွမ်းတစ်ယောက် မဲ့ရွဲ့ကာ ပြုံးလိုက်မိသည်။

အခုမှ ဒူးထောက်တတ်ကြတာလား။

အရင်က ဘာလုပ်နေခဲ့ကြတာလဲ။

ဒီမိသားစုနှင့် ပတ်သက်ပြီး သူ ဘယ်တုန်းကမှ ပိုင်ဆိုင်ချင်သောစိတ်မျိုးကို မခံစားခဲ့ရပေ။ သူ့ဆီမှာရှိခဲ့သော ကောင်းမွန်သည့် စိတ်အခြေအနေ၏ နောက်ဆုံးအပိုင်းအစလေးမှာ လုံးဝပျောက်ကွယ်သွားလေပြီ။

သူ ချင်မိသားစုဝင်များကို ကြည့်ကာ ဂရုမစိုက်စွာ ပြောလိုက်သည်။

"အားလုံးပဲ ထကြပါ၊ ချင်မိသားစုက ခင်ဗျားတို့ပိုင်တာ...ကျုပ်နဲ့ဘာမှမဆိုင်ဘူး"

"ဘာ!"

"မိသားစုခေါင်းဆောင်၊ ခင်ဗျား…"

ချင်မိသားစုမှ လူများက အံ့အားသင့်စွာ မော့ကြည့်လာကြ၏။

"ဒီအဖေက စာလုံးပေါင်းပြဖို့လိုသေးလို့လား"

ချင်ချွမ်း၏မျက်နှာက ဂရုမစိုက်ဟန် အပြည့်ပင်။

"အရင်က ချင်ခွမ်းနဲ့ တခြားသူတွေ ကျုပ်ကိုသတ်ချင်နေကြတုန်းက ခင်ဗျားတို့အားလုံး အေးအေးဆေးဆေးပဲ ရပ်ကြည့်နေခဲ့ကြတာ…"

"ဟက်! ဘာလဲ...ကျုပ် ချင်ချွမ်းသာ သေရင် သေသွားတာပဲလို့ မှတ်ပြီး ကျုပ်သာအသက်ရှင်နေရင်တော့ ချင်မိသားစုအတွက် ကျွန်လိုအလုပ်လုပ်ပေးရမှာလား၊ ကိုယ်ကျိုးမဖက်ဘဲ ပေးဆပ်ရမှာလား"

သူ့အသံက လှောင်ပြောင်မှုများဖြင့် ပြည့်နေလေသည်။

"ခင်ဗျားတို့အားလုံးက ကျုပ်သေမှာကို မျက်စိဖွင့်ပြီး ကြည့်နေနိုင်ကြတယ်၊ ဒါဆို ကျုပ်က ဘာလို့များ ခင်ဗျားတို့မိသားစုအတွက် အသက်ရှင်ပေးရမှာလဲ၊ အခုကစပြီး ကျုပ် ချင်ချွမ်းက ချင်မိသားစုနဲ့ ပတ်သက်သမျှ အရာအားလုံးကို အဆက်ဖြတ်လိုက်ပြီ!"

ထိုသို့ ပြောပြီးနောက် သူ့လက်ကို ခါလိုက်လေ၏။

"ဒုန်း!"

သူ့လက်ထဲမှ ဓားရှည်က ပျံထွက်သွားပြီး "ချင်အိမ်တော်"ဟု ထွင်းထားသော အမည်ဘုတ်ပြားအား နက်ရှိုင်းစွာ ထိုးစိုက်သွားလေသည်။

"ခရက်!"

ဘုတ်ပြားသည် အလယ်ကနေ နှစ်ခြမ်းကွဲသွားကာ "ချင်" ဆိုသော စာလုံးထွင်းထားသည့် တစ်ခြမ်းက မြေပြင်ပေါ် ပြုတ်ကျလာခဲ့၏။

ချင်မိသားစုမှ လူများမှာ ထိုမြင်ကွင်းကို မြင်သောအခါ တုန်ယင်သွားကြသည်။

ဘယ်သူကမှ ဘာမှ ထပ်မပြောရဲကြတော့ပေ။

တကယ်ပင် သူတို့သည် ချင်ချွမ်းအပေါ်၌ မတရားပြုမူခဲ့ကြ၏။

ချင်ချွမ်းသည် ချင်မိသားစုမှ လူအုပ်ကြီးကို ကြည့်၍ ဂရုမစိုက်စွာ ပြောလိုက်သည်။

"ကျုပ် ချင်ချွမ်းက နှစ်ပေါင်းများစွာတိုင်အောင် ချင်မိသားစုအတွက် ကျုပ်ရဲ့ဘဝကို စွန့်စားခဲ့တယ်၊ ပြီးတော့ စီးပွားရေးလုပ်ငန်းများစွာကိုလည်း တည်ထောင်ခဲ့တယ်၊ အခု ကျုပ် ဘာတစ်ခုမှ ပြန်မယူဘူး...ဒါက ကျုပ်ကို...ဒီချင်မိသားစုက ပြုစုပျိုးထောင်ခဲ့တယ်ဆိုတဲ့အချက်အတွက် ကျေးဇူးပြန်ဆပ်ခြင်းလို့ မှတ်လိုက်ကြပါ"

"လူကြီးမင်းတို့ နှုတ်ဆက်ပါတယ်"

ထိုသို့ပြောပြီးနောက် သူ့ပတ်ဝန်းကျင်မှ ပွဲလာကြည့်ရှုများကို လက်အုပ်သဏ္ဍာန်ဖြင့် နှုတ်ဆက်ကာ လှည့်ထွက်လာခဲ့သည်။

"အဖေ"

ချင်ကျီက လူအုပ်ထဲကနေ ထွက်ပေါ်လာလေ၏။

"သွားကြရအောင်၊ အဖေတို့ ရွှင်းယန်မြို့ကနေ ထွက်သွားကြမယ်"

ချင်ချွမ်းသည် သူ့သား၏လက်ကို ဆုပ်ကိုင်၍ တည်ငြိမ်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့"

ချင်ကျီက ခေါင်းညိတ်၏။

သားအဖနှစ်ယောက်၏ပုံရိပ်က လူအုပ်ကြီး၏ အကြည့်အောက်တွင် ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားလေသည်။

"ဒါ...ဒါက"

သက်ပြင်းချ...

ချင်မိသားစုမှ လူများကလည်း ထိုပုံရိပ်နှစ်ခု တဖြည်းဖြည်းပျောက်ကွယ်သွားတာကို ကြည့်နေကြ၏။ ထို့နောက် အရာအားလုံးဆုံးရှုံးသွားသကဲ့သို့ ခြောက်ကပ်နေသော ခံစားချက်တစ်မျိုးကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒီနေ့ကစပြီး ချင်မိသားစု၏ စွမ်းအားက အများကြီးလျော့နည်းသွားလိမ့်မည်။ ထို့အပြင် သူတို့၏ ဂုဏ်သတင်းကလည်း ထိခိုက်သွားပြီး ရွှင်းယန်မြို့၏ လှောင်ပြောင်စရာဖြစ်လာလိမ့်မည်။

ချင်မိသားစုမှ အကြီးအကဲများမှာ ခါးသီးမှုများဖြင့် ပြည့်နှက်နေလေ၏။

သူတို့ နှစ်ခါပြန်မစဥ်းစားခဲ့တာကို နောင်တရနေကြသည်။

သူတို့ ချင်ခွမ်း၏ အလိမ်အညာများကို နားမထောင်သင့်ခဲ့ပေ။ သူတို့ ချင်ချွမ်းအား မိသားစုခေါင်းဆောင်ရာထူးကနေဖယ်ရှားပြီး အခုလိုမျိုး ပြန်မပြင်နိုင်သော အရာများကို လုပ်ဆောင်ခဲ့မိခြင်းအား သူတို့ နောင်တရနေကြ၏။

အခုတော့ နောင်တရရန်မှာ နောက်ကျသွားခဲ့လေပြီ။

…

ခဏအကြာ လူအုပ်ကြားထဲ၌ ချင်ကျီက မော့ကြည့်ပြီး မေးလာသည်။

"အဖေ အခု ကျွန်တော်တို့ ဘယ်ကိုသွားကြမှာလဲ"

မည်သို့ပင်ဆိုစေကာမူ သူ့ထံ၌လည်း ချင်မိသားစုနှင့် ပတ်သက်၍ မည်သည့်တွယ်တာမှုမှ မရှိခဲ့ပေ။ ဤနှစ်များတစ်လျှောက် သူတို့က သူ့ကို အေးစက်စက်ဆက်ဆံခဲ့ကြ၏။

ချင်ချွမ်းက တည်ငြိမ်စွာ ပြုံးလာသည်။

"ဟုတ်သားပဲ"

သူ ဆက်ပြောလိုက်လေ၏။

"ဒီလိုကျယ်ပြောလှတဲ့ကမ္ဘာကြီးမှာ အဖေတို့ ဘယ်ကိုမဆို သွားလို့ရတယ်၊ ဟုတ်တယ်မလား"

All Chapters