ဖခင်ရဲ့မေတ္တာက ချိုမြတယ်
Vol. 1 Ch. 7
ပြိုင်ဘက်ကင်းအဖေတစ်ယောက်ရှိခြင်းနှင့် အပြင်ဘက်မှ ကျယ်ပြန့်ကာ စိတ်လှုပ်ရှားစရာကောင်းသော လောကကြီးအကြောင်းကို စဥ်းစားမိသွားသောအခါ ချင်ကျီသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လာသည်။
အစွမ်းထက်သော အဖေတစ်ယောက်ရှိခြင်းက တကယ်ပင် အံ့သြဖွယ်ရာကောင်းလှ၏။
"လူကြီးမင်းတို့နှစ်ယောက်စလုံး ခဏလေးနေပါဦး"
ထိုအချိန်၌ ယဉ်ကျေးလှသော အသံတစ်ခုက ထွက်ပေါ်လာသည်။
ချင်ချွမ်း ခေါင်းလှည့်ကြည့်လိုက်ရာ အစေခံအများအပြားနှင့်အတူ သပ်သပ်ရပ်ရပ်ဝတ်စားထားသော အသက်အရွယ်ကြီးရင့်သည့် လူကြီးတစ်ယောက်ကို မြင်လိုက်ရ၏။
"အိမ်တော်ထိန်းမု"
ချင်ချွမ်းသည် ထိုအဘိုးအိုအား မြို့အရှင်၏ အိမ်တော်မှ အိမ်တော်ထိန်းအဖြစ် မှတ်မိနေပေသည်။
မြို့အရှင်၏အိမ်တော်သည် တော်ဝင်မိသားစုပိုင်ဖြစ်ပြီး၊ မြို့ကြီးတိုင်းမှာ တော်ဝင်မိသားစုအစား နယ်မြေများကို အုပ်ချုပ်ရန် ကူညီပေးသော မြို့အရှင်များ၏ အိမ်တော်တစ်ခုစီရှိ၏။
သူတို့၏ အကြီးမားဆုံးတာဝန်မှာ...
အခွန်ကောက်ခံရန်ပင်။
ယခင်က ချင်မိသားစု၏ မိသားစုခေါင်းဆောင်တစ်ဦးဖြစ်ခဲ့သော ချင်ချွမ်းသည် ရွှင်းယန်မြို့၏ အဓိကအခွန်ထမ်းဆောင်သူတစ်ဦးဖြစ်ခဲ့ပြီး မြို့အရှင်၏ အိမ်တော်နှင့် ပတ်သက်မှုအချို့ရှိခဲ့သည်။
"မိသားစုခေါင်းဆောင်ချင်ကို မြို့အရှင်က ဖိတ်ခေါ်ခိုင်းလိုက်ပါတယ်"
အိမ်တော်ထိန်းမုက ပြုံး၍ ပြောလာ၏။
"ကျုပ်က ချင်မိသားစုရဲ့ မိသားစုခေါင်းဆောင် မဟုတ်တော့ပါဘူး"
ချင်ချွမ်းလည်း ခေါင်းခါယမ်း၍ ပြောခဲ့သည်။
"အဆင်ပြေပါတယ် ဒါက နာမည်လေးတစ်ခုပါပဲလေ၊ ရွှင်းယန်မြို့မှာ ခင်ဗျားကလွဲလို့ ဘယ်သူကမှ မိသားစုခေါင်းဆောင်ချင်ဆိုပြီး အခေါ်ခံရဖို့ အရည်အချင်း မပြည့်မီကြဘူး"
အိမ်တော်ထိန်းမု၏စကားမှာ ခုနစ်ဆယ်ရာခိုင်နှုန်းလောက် ယဉ်ကျေးနေပြီး သုံးဆယ်ရာခိုင်နှုန်းလောက်က ရိုးသားနေခဲ့၏။
ချင်မိသားစုအား ပံ့ပိုးကူညီခဲ့ခြင်းများနှင့် ပတ်သက်လျှင် ချင်ချွမ်းသည် ချင်မိသားစုသမိုင်း၏ ထိပ်ဆုံးမှာ ရှိခဲ့သည်။
တာဝန်ယူခဲ့သော ကာလအတွင်းမှာ ချင်ချွမ်းသည် ချင်မိသားစု၏ လုပ်ငန်းများနှင့် ဩဇာအာဏာကို ယခင်ကထက် တစ်ဝက်ကျော်အထိ တိုးချဲ့နိုင်ရန် မမောမပန်း လုပ်ဆောင်ခဲ့လေ၏။
ဒါကလည်း ချင်ချွမ်းမှ ချင်မိသားစုအပေါ် စိတ်ပျက်ခဲ့ရသော အကြောင်းအရင်း ဖြစ်သည်။
မင်းတို့က ငါပေးတဲ့အစားအစာကို စားတယ်၊ ငါပေးတဲ့ အဝတ်အစားတွေကို ဝတ်တယ်၊ ငါရှာတဲ့ငွေကို သုံးကြတယ်၊ ဒါပေမဲ့ မင်းတို့က ငါ့ကို ဒီလိုမျိုး အေးစက်စက် ဆက်ဆံခဲ့တယ်၊ မင်းတို့က ငါ့အတွက် ဘာများအသုံးဝင်ခဲ့လို့လဲ။
"မြို့အရှင်မှာ ကျုပ်တို့ကို ပြောစရာတစ်ခုခုရှိနေတာလား"
ချင်ချွမ်း မေးလိုက်၏။
"ဟားဟား မိသားစုခေါင်းဆောင်ချင်က ရွှင်းယန်မြို့ကနေ ထွက်ခွာသွားတော့မယ်လို့ မြို့အရှင်က ကြားတော့ နှစ်ပေါင်းများစွာထားရှိခဲ့တဲ့ ချစ်ကြည်ရေးကြောင့် ခင်ဗျားကို လိုက်ပို့ပေးချင်လို့ပါတဲ့"
အိမ်တော်ထိန်းမုက ပြုံး၍ ပြောလာသည်။
ထိုအကြောင်းကိုကြားသည့်အခါ ချင်ချွမ်း၏ စိတ်ထဲ၌ မြို့အရှင်နှင့် ပတ်သက်သော အမှတ်တရများကို ပြန်သတိရသွားခဲ့၏။
ရွှင်းယန်မြို့၏ မြို့အရှင်မှာ မုယွင်ခန်းဟု အမည်ရပြီးစစ်မှန်သောယန်အဆင့်တစ်ဝက်သို့ ဝင်ရောက်ထားနိုင်သည့် သိုင်းပညာရှိနေသောကြောင့် ရွှင်းယန်မြို့၌ အသန်မာဆုံးဖြစ်သည်ဟု သတ်မှတ်ကြသည်။
ယခင်မိသားစုခေါင်းဆောင်ချင်ချွမ်းနှင့် မြို့အရှင်သည် ရေကဲ့သို့ ပေါ့ပါးသော လူကြီးသူကောင်းဆန်သည့် ဆက်ဆံရေးမျိုးကို ထိန်းသိမ်းထားခဲ့ကြ၏။
"မြို့အရှင်မှာ ဒီလိုရည်ရွယ်ချက်ရှိနေမှတော့ ကျုပ်သားနဲ့ ကျုပ်လည်း ငြင်းဆန်နိုင်တော့မှာ မဟုတ်ပါဘူး"
ချင်ချွမ်းသည် မုယွင်ခန်း၏ ခွန်အားကို တွက်ချက်ပြီးနောက် ပြုံးလိုက်ကာ သဘောတူညီကြောင်း ပြောလိုက်သည်။ တစ်ဖက်လူ၏ခွန်အားက သူ့ထက်ပိုပြီး အားနည်းနေလျှင် သူ သွားရန် စိတ်မဝင်စားပေ။ သို့သော် တစ်ဖက်လူက အနည်းငယ် ပိုသန်မာနေ၏။
*ဒီအခြေအနေကို နည်းနည်းအသုံးချလို့ရတယ်…*
"မိသားစုခေါင်းဆောင်ချင် ကျေးဇူးပြု၍"
အိမ်တော်ထိန်းမုက ချင်ချွမ်း၏ သေးငယ်သော တွက်ချက်မှုများကို မသိဘဲ ယဥ်ကျေးသော ဟန်ပန်ဖြင့် ပြောလိုက်သည်။
"ကျေးဇူးပြုပြီး..."
…
မကြာခင်မှာပင် မြို့အရှင်အိမ်တော်သို့ သူတို့အဖွဲ့ ရောက်လာခဲ့ကြ၏။
မြို့အရှင်၏အိမ်တော်က ကြီးမားကာ ခမ်းနားလှသည်။ သို့သော်ငြား ယေဘုယျအားဖြင့်တော့ ချင်မိသားစုနှင့် သိပ်မကွာခြားပေ။ အကြောင်းမှာ ချင်မိသားစုကလည်း ရွှင်းယန်မြို့၌ ကြွယ်ဝချမ်းသာသော မိသားစုဖြစ်နေပြီဖြစ်သောကြောင့်ပင်။
"ညီလေးချင် မတွေ့တာကြာပြီ"
မြို့အရှင် မုယွင်ခန်းက သူ ကိုယ်တိုင်ပင် ပြုံးပြုံးရွှင်ရွှင်ဖြင့် နှုတ်ဆက်ရန် ထွက်လာခဲ့ပြီး ချင်ချွမ်းအား အလွန်လေးစားကြောင်း ပြသလာ၏။
"အကိုမုက ကြင်နာလွန်းနေပါပြီ"
ချင်ချွမ်းသည် ပြန်ပြုံးပြ၍ ယဉ်ကျေးစွာ ပြန်ဖြေလိုက်သည်။
"ညီလေးချင်က ရွှင်းယန်မြို့ကနေ ထွက်သွားတော့မယ်လို့ ကျုပ် ကြားတော့ ကြိုဆိုဖို့နဲ့ လိုက်ပို့ဖို့အတွက် သာမန်ဝိုင်အချို့ကို ပြင်ဆင်ထားတယ်"
မုယွင်ခန်းက ပြုံး၍ ပြော၏။
"ကျေးဇူးတင်ပါတယ်"
ချင်ချွမ်းလည်း ထပ်ပြောလိုက်သည်။
"ဦးလေးချင်ကို နှုတ်ခွန်းဆက်သပါတယ်"
ထိုအချိန်မှာ ချင်ကျီနှင့် အသက်တူပုံရသည့် အဖြူရောင်ဝတ်စုံဝတ်ထားသော မိန်းကလေးတစ်ယောက်က အရှေ့ကိုတိုးလာပြီး နွေးထွေးစွာနှုတ်ဆက်လာလေ၏။
"ဒါက ချန်းယွင်မလား"
ချင်ချွမ်းလည်း အပြုံးတစ်ခုဖြင့် မေးလိုက်သည်။ မုယွင်ခန်း၌ သမီးတစ်ယောက်ရှိပြီး သူမနာမည်ကို မုချန်းယွင်ဟု ခေါ်ကာ လွန်ခဲ့သောနှစ်အနည်းငယ်က သူနှင့် တွေ့ခဲ့ဖူးကြောင်းကို ပြန်အမှတ်ရသွားခဲ့၏။
"ဟားဟား! ကျုပ်ရဲ့သမီးက အိမ်ထဲမှာပဲနေပြီး အပြင်ထွက်တာရှားတယ်၊ သူ့ကို မှတ်မိတဲ့လူက ရှားရှားပါးပါးပဲ ညီလေးချင်ရေ"
မုယွင်ခန်းက ညင်သာစွာ ပြုံးလာသည်။ ထို့နောက် ချင်ကျီကို ကြည့်ကာ ချီးကျူးလေ၏။
"အရည်အချင်းရှိတဲ့ ကျုပ်တူလေးချင်ကျီက ဖျားနာမှုကြီးကြီးမားမားကနေ ပြန်ကောင်းလာပြီး သူ့ခွန်အားတွေ တိုးလာတယ်...ချင်မုန့်ကိုတောင် အနိုင်ယူလိုက်တယ်လို့ ကြားမိတယ်၊ တကယ်ကို အလားအလာကောင်းတာပဲ"
"အကိုမုကတော့ အရမ်းချီးကျူးလွန်နေပါပြီ"
ချင်ချွမ်းကလည်း နှိမ့်ချစွာ ပြန်ဖြေခဲ့သည်။
မုယွင်ခန်းက နေကို မော့ကြည့်၍ ပြော၏။
"ကြည့်ရတာ နေ့လယ်စာစားချိန် ရောက်နေပြီ၊ အရင်ဆုံးဝင်ပြီး ထမင်းစားကြရအောင်"
ထို့နောက် ချင်ချွမ်းအား စိတ်အားထက်သန်စွာဖြင့် အထဲကို ခေါ်သွားတော့သည်။
မိန်းကလေးမုချန်းယွင်ကလည်း ချင်ကျီအား လျှို့ဝှက်စွာ လေ့လာနေလေ၏။ သူမနှင့် အသက်တူသော ထိုကောင်လေးကို သိချင်စိတ်ပြင်းပြနေပုံရသည်။
…
ခဏအကြာမှာ နေ့လယ်စာစားခြင်း ပြီးဆုံးသွားခဲ့၏။
မြို့အရှင် မုယွင်ခန်းသည် သားအဖနှစ်ယောက်အား မြို့အရှင်အိမ်တော်၌ တစ်ညအိပ်ရန်နှင့် နောက်တစ်နေ့မှ ထွက်သွားရန် အတင်းအကျပ်ပြောဆိုခဲ့ပြီး နွေးထွေးစွာ ဖိတ်ခေါ်ခဲ့လေသည်။
ချင်ချွမ်းကလည်း သဘာဝကျစွာပင် ငြင်းဆန်မည် မဟုတ်ပေ။
ဒါက သူလိုချင်သည့်အရာပင်။
သူ့ရည်ရွယ်ချက်က မအောင်မြင်သေးဘဲ သူ ဘယ်လိုလုပ် ထွက်သွားနိုင်မည်နည်း။
နှစ်ခန်းတွဲ အဆင့်မြင့်အိပ်ဆောင်ထဲ၌...
ချင်ကျီက အခန်းထဲ၌ သိုင်းလေ့ကျင့်နေလေ၏။
ချင်ချွမ်းကတော့ ဧည့်ခန်းထဲမှာ ထိုင်နေလေသည်။
သူ အခန်းအား အဓိပ္ပာယ်ရှိစွာဖြင့် ပထမဆုံးအကြိမ် ကြည့်ကာ ဖြစ်နိုင်ခြေရှိသော "ခိုးကြည့်နေသူ" များကို သတိပေးလိုက်၏။
ထို့နောက် သေးငယ်သော အနက်ရောင်ဆေးလုံးလေးတစ်ခုကို အေးဆေးစွာ ထုတ်ယူ၍ လက်ဖက်ရည်အိုးထဲသို့ ထည့်လိုက်သည်။
ထို့နောက် သူ လက်ဖက်ရည် စတင်ဖျော်လိုက်၏။ ဤသေးငယ်သောဆေးလုံးလေးသည် သူ ယခင်က ဆေးဆိုင်တစ်ခုကနေ အဖိုးအခ ကြီးမားစွာပေး၍ ဝယ်ယူခဲ့ရသော ရတနာတစ်ခုဖြစ်သည်။ ထိုအရာမှာ ရှားပါးသော စိတ်ဝိညာဉ်ဆေးတစ်ခုအား အမြင်မရှိသည့် အလုပ်သင်တစ်ယောက်က ဖျက်ဆီးပစ်ခဲ့၍ အစွမ်းလျော့ပါးသွားသည့် ဆေးလုံးလေးဖြစ်သွားရသည်ဟု ဆို၏။
ဤဆေးလုံး၏ တစ်ခုတည်းသော အကျိုးသက်ရောက်မှုမှာ လူတစ်ယောက်အား ခဏတာမျှ သတိလစ်ဟင်းစေပြီး အကြမ်းဖက်မှုများ ဖြစ်ပေါ်စေခြင်းပင်။
ဆေးက ဖြည်းဖြည်းချင်း အကျိုးသက်ရောက်သော ဆေးတစ်မျိုးပင်။ ထို့အပြင် ဝိုင်သောက်ပြီး တစ်နာရီအကြာမှသာ အကျိုးသက်ရောက်မှုရှိသည်။ အကျိုးသက်ရောက်မှုရှိသွားသည်နှင့် ရေကြီးသွားသကဲ့သို့ ရပ်တန့်လို့ မရတော့ပေ။
ယခင်က ဤဆေးအား ဘယ်လိုအသုံးပြုရမလဲဆိုတာ ကို သူ အတိအကျမသိခဲ့ပေ။ သို့သော် အခုတော့ သူ့အတွက် အသုံးပြုရမည့် နည်းလမ်းကို တွေ့လိုက်ရလေပြီ။
ဤဆေးက သူ့သားအတွက် ထောင်ချောက်ဆင်ရန် အံဝင်ခွင်ကျ ဖြစ်နေလေ၏။
သူ၏အပေါစားသားကသာ ဒေါသတကြီးဖြင့် မုချန်းယွင်ကို ထိခိုက်စေခဲ့လျှင် သို့မဟုတ် အနည်းငယ် ခြစ်မိခဲ့လျှင် သူမအား အလွန်ချစ်မြတ်နိုးသော မုယွင်ခန်းသည် သူ့သားကို ကြိုးနှင့်ဆွဲ၍ ရိုက်လောက်သည်။
ထိုနည်းဖြင့် သူကိုယ်တိုင်လည်း အဆင့်တက်နိုင်မည် မဟုတ်ပါလော။
မုချန်းယွင်၏သိုင်းပညာမှာ အားမနည်းဘဲ သူ၏အပေါစားသားနှင့်ပင် ယှဥ်လို့ရသည်ဆိုတာကို သူ လေ့လာတွေ့ရှိခဲ့လေ၏။ သူ၏အပေါစားသားက ရုတ်တရက် တိုက်ခိုက်ခဲ့လျှင်တောင် ပြင်းထန်သော ထိခိုက်မှုကို မဖြစ်စေနိုင်ပေ။
ထို့အပြင် မြို့အရှင်အိမ်တော်က သိပ်မကြီးမားပေ။ တိုက်ခိုက်မှုတစ်ကြိမ် ဖြစ်ပွားသည်နှင့် သူတို့ ချက်ချင်းသိကာ ရပ်တန့်ခိုင်းရန် အချိန်ရလိမ့်မည်။
ထိုကြောင့် မုချန်းယွင်က အကြီးအကျယ်ထိခိုက်မည် မဟုတ်ပေ။
သူက ကျေးဇူးတရားနှင့် အာဃာတကို ရှင်းရှင်းလင်းလင်း ခွဲခြားသိမြင်နိုင်သော လူတစ်ယောက်ဖြစ်သည်။ သူတို့က ဧည့်သည်များအဖြစ်ဖိတ်ခေါ်ခံထားရတာကြောင့် သူ ချင်ကျီအား အိမ်ရှင်၏သမီးကို တစ်ကယ်ထိခိုက်စေအောင် လုပ်ခိုင်းလို့မရပေ။
"ကောင်းပြီ ညစာစားပွဲကိုပဲ စောင့်လိုက်ကြရအောင်"
ချင်ချွမ်း၏ နှုတ်ခမ်းများက အနည်းငယ် ကွေးညွှတ်သွားခဲ့သည်။ ထို့နောက် သူ မျက်လုံးများကိုမှိတ်ကာ ခေတ္တအနားယူလိုက်၏။
အချိန်က ဖြည်းဖြည်းချင်း ကုန်ဆုံးသွားခဲ့သည်။
ညနေပိုင်းမှာ ချင်ကျီသည် သူ၏လေ့ကျင့််ရေးကို အပြီးသတ်၍ လန်းဆန်းတက်ကြွသော ပုံစံဖြင့် အခန်းထဲကနေ ထွက်လာ၏။
"မင်း တစ်နေကုန် လေ့ကျင့်နေတာ၊ လာ...လက်ဖက်ရည်လာသောက်ဦး"
ချင်ချွမ်းသည် လက်ဖက်ရည်တစ်ခွက်ငှဲ့၍ သူ့သားကိုပေးလိုက်သည်။
"ကျေးဇူးပါ အဖေ"
ချင်ကျီသည် ဘာသံသယမှမရှိဘဲ ခွက်ကို ယူကာ တစ်ငုံတည်းဖြင့် ကုန်အောင် သောက်လိုက်၏။ ထို့နောက် သူ အံ့အားသင့်စွာ ပြောမိသည်။
"ဒီလက်ဖက်ရည်က နည်းနည်းချိုနေသလိုပဲ"
ချင်ချွမ်းမှာ ဖြတ်ကနဲ ပြုံးလိုက်မိ၏။
ထိုတစ်ချက်က စိတ်ပိုင်းဆိုင်ရာ အကျိုးသက်ရောက်မှုဖြစ်လောက်မည်ဟု သူထင်ပေသည်။ မည်သို့ပင်ဆိုစေကာမူ သူ လက်ဖက်ရည်ဖျော်ရန် အသုံးပြုခဲ့သော ဆေးလုံးလေးသည် ကျောက်ကပ်အားနည်းမှုကို ကုသရန်သာဖြစ်ပြီး သကြားလုံးဝ မပါရှိပေ။
သူ၏အပေါစားသားကို တကယ်ချိုသည်ဟု ခံစားစေခဲ့သောအရာမှ ဖခင်မေတ္တာပင်။
"ဒေါက်! ဒေါက်! ဒေါက်!"
ထိုအချိန်၌ တံခါးခေါက်သံ ထွက်ပေါ်လာ၏။
ထို့နောက် အစေခံတစ်ယောက်၏ တလေးတစားအသံက ထွက်ပေါ်လာလေသည်။
"မိသားစုခေါင်းဆောင်ချင်၊ သခင်လေးချင်...ညစာအဆင်သင့်ဖြစ်ပါပြီ၊ ကျေးဇူးပြုပြီး ကျွန်မနဲ့အတူ ညစာစားပွဲကို လိုက်ခဲ့ပေးပါရှင့်"
"ကောင်းပါပြီ ကျေးဇူးပါ"
ချင်ချွမ်းလည်း ယဉ်ကျေးစွာ ပြန်ပြောလိုက်၏။
"အာ...မိသားစုခေါင်းဆောင်ချင်က စိတ်ထားကောင်းလွန်းတာပဲ"
တံခါးအပြင်ဘက်မှ အစေခံမလေးက ထူးဆန်းသောအသံဖြင့် ပြောလာသည်။ ချီးကျူးခံလိုက်ရသကဲ့သို့ ဖြစ်နေသော်လည်း အလယ်၌ စကားလုံးနှစ်လုံးပျောက်နေသလိုပင်။
မကြာခင်မှာပင်။
အစေခံမလေး၏ ဦးဆောင်မှုဖြင့် သားအဖနှစ်ယောက်သည် ညစာစားပွဲနေရာသို့ ရောက်ရှိလာခဲ့၏။ ဒီတစ်ကြိမ်မှာတော့ အမိုးပေါ်မှ နေရာအလွတ်တစ်ခုမှာ ဖြစ်သည်။
ထိုနေရာသည် မြို့အရှင်အိမ်တော်၏ အမြင့်ဆုံးအပိုင်းဖြစ်သော နေရာဖြစ်ပြီး ကျောက်သားဖြင့် တည်ဆောက်ထားကာ ရွှင်းယန်မြို့၌ အမြင့်ဆုံးဖြစ်၏။
ထိုနေရာ၌ ရပ်နေချိန်တွင် ရွှင်းယန်မြို့၏ ပတ်ပတ်လည်ကို မြင်နိုင်ရုံသာမကဘဲ မြို့ပြင်ရှိ ရွှင်းယန်မြစ်နှင့် မိုးကုတ်စက်ဝိုင်းပေါ်ရှိ ညနေခင်းအလင်းရောင်ကိုပါ မြင်နိုင်လေသည်။
"ဟားဟားဟား! ညီလေးချင် ရောက်လာပြီပဲ! ကျေးဇူးပြုပြီးထိုင်ပါ"
မြို့အရှင် မုယွင်ခန်းက နွေးထွေးစွာ ကြိုဆိုလာ၏။
လူတိုင်းထိုင်ပြီးနောက် သူ ထပ်ပြောလာသည်။
"လွန်ခဲ့တဲ့လက ရှားပါးတဲ့ ဝိုင်တစ်ပုလင်းကို ကျုပ်ရခဲ့တယ်၊ ဒီနေ့ အတူတူမြည်းကြရအောင်"
ပြောပြီးသည်နှင့် သူ လက်ခုပ်တီးလိုက်၏။
မကြာခင်မှာပင် အစေခံမလေးများက ဟင်းပွဲများ စတင်ချပေးလာကြသည်။ စားပွဲတစ်ခုလုံးက အမျိုးမျိုးသော ဟင်းလျာများဖြင့် လျင်မြန်စွာ ပြည့်နှက်လာပြီး ခမ်းနားတောက်ပနေလေ၏။
နောက်ဆုံးမှာ အစေခံမလေးတစ်ယောက်က ဝိုင်အိုးတစ်ခုကို ယူလာသည်။ ရွှံ့စေးနှင့်ပိတ်ထားသော မြေအိုးဖြစ်ပြီး အချိန်အတော်ကြာ သိမ်းဆည်းခံထားရပုံပေါ်၏။
"ဖျပ်!"
မုယွင်ခန်းသည် ဝိုင်အိုးကိုဖွင့်၍ သူ့သမီးကို ပေးလိုက်ကာ ပြောသည်။
"ယွင်အာ ဝိုင်ငှဲ့ပေးလိုက်ပါဦး"
"ဟုတ် ဖေဖေ"
မုချန်းယွင်က နာခံစွာ ပြန်ဖြေပြီးနောက် ချင်ချွမ်းအတွက် ဝိုင်ငှဲ့ပေးရန် ရောက်လာ၏။ ထို့နောက် ချင်ကျီကို ငှဲ့ပေးကာ နောက်ဆုံးမှာတော့ သူ့အဖေ၏ ခွက်ကို ဖြည့်ပေးလိုက်သည်။ သူမ အတွက်ကတော့… သေချာပေါက်ပင် သူမ မသောက်ပေ။
ကောင်းမွန်စွာ ပြုစုပျိုးထောင်ခံထားရသော အမျိုးသမီးတစ်ယောက်အနေဖြင့် ဧည့်သည်များ၏ အရှေ့မှာ ဝိုင်သောက်ခြင်းသည် သူမ၏ ပုံရိပ်ကို ထိခိုက်စေလိမ့်မည်။
"ညီလေးချင် အစားအသောက်နဲ့ပဲ စလိုက်ကြရအောင်၊ ဝိုင်ကောင်းကောင်းက ဟင်းကောင်းကောင်းနဲ့ တွဲမှ ပိုကောင်းတာ၊ ဟင်းပွဲတွေ အေးသွားရင် အရသာမရှိတော့ဘူး"
မုယွင်ခန်းက ပြုံး၍ ပြောလာ၏။
ထို့ကြောင့် ညစာစားပွဲလည်း စတင်ခဲ့လေပြီ။
ဤညစာစားပွဲက ခမ်းနားလှသည်။ ဟင်းပွဲအမျိုးမျိုးက ချင်ကျီကို သွားရည်ကျလာစေ၏။ ဟင်းပွဲများ အေးသွားလျှင် အစေခံမလေးများက ဟင်းပူများဖြင့် ပြန်အစားထိုးပေးကြသည်။
မုချန်းယွင်ကတော့ လူတိုင်းအတွက် အစားအသောက်များကို ကြိုးစား၍ ပြန်ဖြည့်ပေးနေရှာ၏။ ထိုကဲ့သို့သော လှပပြီး စဥ်းစားတတ်သော သက်တူရွယ်တူအပေါ်၌ ချင်ကျီ၏ နှစ်လိုမှုက အများကြီး တိုးလာခဲ့သည်။
ညစာစားချိန်က နာရီဝက်ကျော် ကြာခဲ့၏။
နောက်ဆုံးမှာတော့ သူတို့ ဝလင်စွာ စားသောက်၍ ယစ်မူးခဲ့ကြသည်။
"ညီလေးချင် ညစာစားပွဲက ဘယ်လိုလဲ၊ ကျေနပ်ရဲ့လား"
ထိုအချိန်၌ မုယွင်ခန်းက ရုတ်တရက် မေးလာ၏။
"အရမ်းကောင်းပါတယ်၊ အကိုမုရဲ့ ဧည့်ဝတ်ပြုမှုအတွက် ကျုပ် တစ်ကယ်ကို ကျေးဇူးတင်ပါတယ်"
ချင်ချွမ်းသည် ပြုံးလိုက်ကာ ကျေးဇူးတင်ကြောင်းပြသလိုက်သည်။
"အင်း… ညီလေးချင်၊ ခင်ဗျားရဲ့ဉာဏ်ပညာအရဆိုရင် ဒီနေ့ ကျုပ်မှာ ခင်ဗျားနဲ့ ဆွေးနွေးဖို့အတွက် အရေးကြီးကိစ္စတွေ ရှိနေတယ်ဆိုတာကို ခင်ဗျား ခန့်မှန်းမိမှာပဲ"
မုယွင်ခန်းက ပြောလာ၏။
ထိုအကြောင်းကိုကြားသောအခါ ချင်ချွမ်းသည် သူ့ရင်ထဲ၌ ရယ်မောလိုက်သည်။
ဒီအချိန်ကို စောင့်နေခဲ့ခြင်းပင်။
မဟုတ်ရင် ကျုပ်သားက ခင်ဗျားသမီးနဲ့ ဘယ်လိုလုပ်ပြီး နှစ်ယောက်တည်း ရှိနေဖို့ အခွင့်အရေးရနိုင်မှာလဲ၊ ပြီးတော့ အဲ့ဒီလိုလုပ်ရပ်ကိုလည်း ဘယ်လို ကျူးလွန်နိုင်တော့မှာလဲ။
"ကျုပ် ခန့်မှန်းမိပါတယ်"
ချင်ချွမ်းလည်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ အကြံပြုလိုက်၏။
"ကျုပ်တို့ ဒီမှာ စကားပြောနေတုန်း ချန်းယွင်က ချင်ကျီကို မြို့အရှင်ရဲ့ အိမ်တော်ပတ်ပတ်လည်ကို လျှောက်ကြည့်ဖို့ ခေါ်သွားရင် ဘယ်လိုလဲ"
"သိပ်ကောင်းတာပေါ့!"
မုယွင်ခန်း၏ မျက်လုံးများက တောက်ပသွားလေသည်။ ထို့နောက် သူ့သမီးကို ပြုံးပြ၍ ပြောလိုက်၏။
"ယွင်အာ သခင်လေးချင်ကို ဥယျာဉ်ထဲ လျှောက်ကြည့်ဖို့ ခေါ်သွားလိုက်"
"ဟုတ်ကဲ့၊ ဖေဖေ"
မုချန်းယွင်က ခေါင်းညိတ်လာပြီး ချင်ချွမ်းကို အနည်းငယ် ဦးညွှတ်လိုက်လေသည်။ သူမ၏ ပါးပြင်များက အနည်းငယ် နီရဲနေပြီး ချင်ကျီကို ခေါ်ဆောင်သွားလေ၏။
*********************