← Chapters

အပြစ်ကျူးလွန်ထားသော အပေါစားသားလေး

Vol. 1 Ch. 8

အပြစ်ကျူးလွန်ထားသော အပေါစားသားလေး

Vol. 1 Ch. 8

ချင်ကျီနှင့် မုချန်းယွင် ထွက်သွားပြီးနောက် မုယွင်ခန်းက အနီးအနားရှိ အစေခံများနှင့် အစောင့်များကိုလည်း ပထုတ်လိုက်သည်။

နောက်ဆုံးမှာ အမိုးထပ်တွင် သူနှင့် ချင်ချွမ်းသာ ကျန်ရှိတော့၏။

မိုးကုတ်စက်ဝိုင်းပေါ်မှ တဖြည်းဖြည်း မှေးမှိန်သွားသော နေဝင်ချိန်ကို ကြည့်၍ သူ မေးလိုက်သည်။

"ညီလေးချင်…တော်ဝင်မိသားစုကို အမှုထမ်းဖို့ စိတ်ဝင်စားမှုရှိ၊မရှိ သိလို့ရမလား"

"အဲ့ဒါက ဘာကိုဆိုလိုတာလဲ"

ချင်ချွမ်းသည် အံ့အားသင့်သွားသော ပုံစံကို ပြသလိုက်လေ၏။

မုယွင်ခန်းက ပြောလာသည်။

"ဒီကနေ အရှေ့ဘက် မိုင်သုံးထောင်အကွာမှာ ရှိတဲ့ စစ်ရွှေမြို့ရဲ့မြို့အရှင်က တလောတုန်းက ရုတ်တရက်ကြီး သေဆုံးသွားခဲ့တယ်၊ အခု စစ်ရွှေမှာ မြို့အရှင်မရှိနေဘူး"

"ခင်ဗျား စစ်ရွှေမြို့ရဲ့ မြို့အရှင်လုပ်ဖို့ စိတ်ဝင်စားလား၊ စိတ်ဝင်စားရင် ကျုပ် ခင်ဗျားကို ပင်မမြို့တော်က ပိုပြီးမြင့်မားတဲ့ မြို့အရှင်အိမ်တော်ကို ရဖို့ အကြံပြုပေးနိုင်တယ်"

ချင်ချွမ်းက ခဏတာမျှ တိတ်ဆိတ်သွားလေ၏။

ထို့နောက် သူ့ကိုကြည့်၍ မေးလိုက်သည်။

"အကိုမုမှာ တခြားသူငယ်ချင်းတွေနဲ့ ချစ်ရတဲ့ညီအစ်ကိုတွေ အများကြီးရှိပါတယ်၊ ဘာလို့ ကျုပ်ကိုမှ ရွေးချယ်တာလဲ"

မုယွင်ခန်းက ကျယ်လောင်စွာ ရယ်မောလာ၏။

"တကယ်တော့ ညီလေးချင်မှာလည်း သံသယရှိနေမှာကို ကျုပ်သိပါတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့အကြံပေးမှုက တကယ်ရိုးသားပါတယ်"

"ကျုပ်က ရွှင်းယန်မြို့မှာ နှစ်ပေါင်းများစွာ နေခဲ့တာ၊ ညီလေးချင်ရဲ့ စွမ်းရည်တွေကို အတော်လေးရင်းနှီးနေပြီးသားပဲ၊ ဒါကြောင့်လည်း ခင်ဗျားက ဒီရာထူးကို ကိုင်တွယ်နိုင်မယ်လို့ ကျုပ် ယုံကြည်တယ်"

"ခင်ဗျားသာ စစ်ရွှေမြို့ရဲ့ မြို့အရှင် ဖြစ်လာခဲ့ရင် ကျုပ်တို့ရဲ့ မြို့နှစ်မြို့က နယ်နိမိတ်ချင်းထိစပ်နေပြီး ကိုယ်ရေးကိုယ်တာ ပတ်သက်မှုတွေကလည်း ရှိနေတာကြောင့် အနာဂတ်မှာ အပြန်အလှန်အထောက်အပံ့ပေးနိုင်ပြီး အကျိုးရှိပါလိမ့်မယ်"

ဒါ သူ့ကတ်များကို ချပြနေခြင်းပင်။

အဓိကအားဖြင့် အဖွဲ့ဖွဲ့စည်းနေခြင်းဖြစ်သည်။

"အင်း...."

ချင်ချွမ်းသည် ခဏတာမျှ စဉ်းစားသလို ဟန်ဆောင်လိုက်လေရာ ထိုစဉ်းစားမှုက အချိန်အတော်ကြာသွားခဲ့၏။

အဓိကအကြောင်းအရင်းမှာ အချိန်ဆွဲရန်အတွက် ဖြစ်သည်။ သူ၏အပေါစားသားလေးမှ သူ့အစီအစဥ်ကို အကောင်အထည်ဖော်နိုင်ရန်အတွက် အချိန်ဆွဲထားရန် လိုအပ်၏။

အချိန်အတော်ကြာ ကြာပြီးနောက် သူ မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။

"မြို့အရှင်ဖြစ်ရတာက သေချာပေါက်ကို ကောင်းပါတယ်၊ ဒါပေမဲ့ ကျုပ်ရဲ့သိုင်းပညာက ဒီရာထူးကိုယူဖို့ မလုံလောက်ဘူးလို့ ထင်တယ်"

နေကိုးလုံးနယ်မြေထဲတွင် ပင်မမြို့တော်(၃၆)မြို့ပါဝင်လေ၏။

ထို့အပြင် ပင်မမြို့တော်တိုင်းသည် ရွှင်းယန်မြို့ကဲ့သို့ အလယ်အလတ်အဆင့်မြို့ပေါင်း တစ်ဒါဇင်ကျော်ကို အုပ်ချုပ်လေသည်။

ပင်မမြို့တော်၏မြို့အရှင်သည် အနည်းဆုံးတော့ သန်စင်သောယန်နယ်ပယ်၏ သတ္တမအဆင့်မှာ ရှိရမည်။

သူ့အဆင့်က မူလဒန်နယ်ပယ်၏ အမြင့်ဆုံးအဆင့်မှာသာ ရှိနေသေးပြီး သန့်စင်သောယန်အဆင့်တစ်ဝက် ကို ရောက်ရန် ခြေတစ်လှမ်းစာ ကွာသေး၏။

သူ သုံးခဲ့သောဆေးလုံးကြောင့် သန့်စင်သောယန်အဆင့်တစ်ဝက်နယ်ပယ်ကို စိန်ခေါ်နိုင်မည်ဟု သံသယရှိထားသော်လည်း နှိမ့်ချခြင်းက ဘယ်တော့မှမမှားပေ။

"ဟားဟား! ဒါဆို ညီလေးချင်က သိုင်းအဆင့်ကို စိုးရိမ်နေတာပေါ့! စိုးရိမ်စရာမလိုပါဘူး၊ မြို့အရှင်ဖြစ်လာတာနဲ့ တော်ဝင်မိသားစုက သန်စင်သောယန်ဆေးလုံးကို ပေးလိမ့်မယ်၊ အဆင့်တစ်ဝက်ထိတိုးဖို့ဆိုတာ ပြဿနာမရှိဘူး"

မုယွင်ခန်းက ရယ်မော၍ သူ့လက်ကို ဝှေ့ယမ်းလာသည်။

"သန့်စင်သောယန်ဆေးလုံးဟုတ်လား၊ ဒါဆိုရင် ဘယ်သူမဆို မြို့အရှင် ဖြစ်လာနိုင်တာပေါ့"

ချင်ချွမ်းသည် မျက်မှောင်ကြုတ်၍ ပြောမိ၏။

"မဟုတ်ဘူး"

မုယွင်ခန်းက ခေါင်းခါယမ်း၍ ပြောလာသည်။

"မြို့အရှင်ဖြစ်ဖို့အတွက် သတ်မှတ်ထားတဲ့ အခြေအနေတွေ ပြည့်မီရမယ်"

"ပထမဆုံးအနေနဲ့ ကိုယ့်မိသားစုကနေ ထွက်ခွာပြီး တစ်ယောက်တည်း ဖြစ်နေရမယ်"

"ဒုတိယအနေနဲ့ အရင်ကမိသားစုရဲ့ မိသားစုခေါင်းဆောင် ဒါမှမဟုတ် အကြီးအကဲဖြစ်ခဲ့ပြီး သူတို့ရဲ့စွမ်းရည်ကို သက်သေပြထားရမယ်"

"တတိယအနေနဲ့ သိုင်းပညာအခြေခံက ပြီးပြည့်စုံတဲ့မူလဒန်နယ်ပယ်ရဲ့ထိပ်ဆုံးအဆင့်မှာ ရှိရမယ်၊ ခိုင်မာတဲ့အခြေခံနဲ့ တိုးတက်ဖို့ အလားအလာရှိရမယ်"

ဒါကိုကြားတော့ ချင်ချွမ်းလည်း နားလည်သွားခဲ့သည်။ သူက ထိုအခြေအနေများနှင့် ကိုက်ညီနေပုံပင်။ သို့သော်ငြား… သူ မြို့အရှင်ဖြစ်လာမည် မဟုတ်ပေ။ တခြားသူများကို လက်အောက်ခံမည် မဟုတ်ပေ။

အဓိက အကြောင်းအရင်းမှာ သူသည် သူ၏ အပေါစားသားလေးအား မရှုံးနိမ့်နိုင်သော အင်အားကြီးသူတစ်ယောက်ဖြစ်သည်ဟု ကြွားလုံးထုတ်ထားပြီးလေပြီ။ ထိုကဲ့သို့ ကြွားဝါပြီးမှ တော်ဝင်မိသားစု၏ လက်အောက်ခံဖြစ်ရန် လှည့်ထွက်သွားခြင်းမှာ လုံးဝကို ဟာသဖြစ်စရာကောင်းလှသည်။

ထိုအရာက သူ့ကိုယ်သူ မျက်နှာရိုက်နေသကဲ့သို့ ဖြစ်နေလိမ့်မည်။

သူ၏ ကိုယ်ပိုင်ပုံစံကို ထိန်းသိမ်းထားရမည်။

သူ၏ တစ်ကယ့်အခြေအနေက မကောင်းနေလျှင်တောင် လွတ်လပ်သော လူတစ်ယောက်၏ အထောက်အထားကို ထိန်းသိမ်းထားရမည်။ ထို့နောက် အမြဲတစေ ဘာကိုမှ အဖက်မလုပ်သောပုံစံ ဖြစ်နေရမည်။

ပညာရှိအစစ်အမှန်မှာ စိတ်ပူပန်မှုမရှိနေသော၊ လိုအင်ဆန္ဒကင်းမဲ့နေသော လူတစ်ယောက် ဖြစ်သည်။

ထို့အပြင် ရာထူးနေရာကို ရောက်သည်နှင့် ထိုအရာက ရာထူးကြီးကြီးမားမားပင် ဖြစ်နေပါစေ သူက သာမန်လူတစ်ယောက်သာ ဖြစ်နေလိမ့်မည်။

သူ မြို့အရှင် မလုပ်ရန် ဆုံးဖြတ်ထားသော်လည်း အချိန်ဆွဲရန် လိုအပ်သေး၏။

ဒါကြောင့် သူ ဆက်မေးလိုက်သည်။

"စစ်ရွှေမြို့က အခြေအနေတွေအကြောင်း ကျုပ်ကို ပြောပြပေးနိုင်မလား"

မုယွင်ခန်းက ခဏတာမျှ တိတ်ဆိတ်သွားပြီး မျက်မှောင်ကြုတ်လျက် ပြောလာ၏။

"ရိုးရိုးသားသားပြောရရင် အဲ့ဒီကအခြေအနေက အခုသိပ်မကောင်းဘူး"

"စစ်ရွှေမြို့က ရွှင်းယန်မြို့ထက် ပိုပြီးဖွံ့ဖြိုးတိုးတက်တယ်၊ ဒါပေမဲ့ မြို့ထဲက မိသားစုကြီးတွေက အတော်လေးပြဿနာရှိပြီး ကိုင်တွယ်ဖို့ ခက်ခဲတယ်"

ထို့အပြင် သူ မပြောခဲ့သည့် အရာတစ်ခုလည်း ရှိသည်။ စစ်ရွှေမြို့၏ ယခင်မြို့အရှင်သည် ထိုမိသားစုများ၏ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံခဲ့ရပုံရ၏။

သူ ထိုအကြောင်းကို အခုအချိန်မှာတော့ မပြောရဲသေးပေ။

သူ ပြောလိုက်လျှင် မြို့အရှင်ရာထူးအတွက် သူ ရှာထားသည့် သင့်လျော်သော ကိုယ်စားလှယ်လောင်းက ချက်ချင်း ထွက်သွားမည်ကို ကြောက်သောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ သင့်လျော်သော ကိုယ်စားလှယ်လောင်းကို အကြံပြုခြင်းအတွက် သူ့အနေဖြင့် ဆုလာဘ်များ ရရှိနိုင်ပြီး အကြံပြုခဲ့သောလူက ရာထူးတိုးလျှင် သူကိုယ်တိုင်လည်း အကျိုးအမြတ်ရရှိမှာ ဖြစ်သည်။

"ကျုပ် နားလည်ပြီ…"

ချင်ချွမ်းသည် နောက်တစ်ကြိမ် စဉ်းစားဟန်ဖြင့် သူ၏စဉ်းစားချိန်က ယခင်ကထက် ပိုပြီး ကြာသွားလေ၏။

မုယွင်ခန်းကလည်း ဤအရာက ဆုံးဖြတ်ရန် ခက်ခဲသည်ကို သိသောကြောင့် သူ ဖြည်းဖြည်းချင်း စဉ်းစားနိုင်ရန် စိတ်ရှည်လက်ရှည်ဖြင့် စောင့်နေခဲ့သည်။

နောက်ဆုံးမှာတော့ အော်ဟစ်သံတစ်ခုက ထွက်ပေါ်လာလေ၏။

"သခင်လေးချင် ဘာလုပ်တာလဲ!"

ထိုအသံက အံ့အားသင့်မှုအပြင် ဒေါသများဖြင့် ပြည့်နှက်နေကာ ရှုပ်ထွေးနေပုံရသည်။

"ချန်းယွင်!"

ချက်ချင်းဆိုသလိုပင် မုယွင်ခန်း၏ မျက်နှာက လုံးဝပြောင်းလဲသွားလေ၏။ သူ ဘာမှ မတွန့်ဆုတ်နေဘဲ အပေါ်ဆုံးအထပ်ကနေ ခုန်ချကာ အသံလာရာဘက်ကို အမြန်ပြေးသွားလေသည်။

"ဘာတွေဖြစ်နေတာလဲ"

ချင်ချွမ်းကလည်း ဘာမှမသိသလို ဟန်ဆောင်၍ အနောက်ကနေ လိုက်သွားခဲ့၏။

...

ဥယျာဉ်ထဲတွင်။

မုချန်းယွင်သည် သူမ၏ညာဘက်လက်နှင့် ဘယ်ဘက်ပခုံးကို ဆုပ်ကိုင်ထားကာ အံကြိတ်၍ အရူးကဲ့သို့ ဖြစ်နေသော ချင်ကျီကို သတိထားကာ ကြည့်နေသည်။

သူမ အံ့အားသင့်နေသလို ဒေါသလည်းထွက်နေရ၏။

လွန်ခဲ့သောခဏကပင် ယဉ်ကျေးခဲ့သော ထိုလူငယ်လေးသည် ရုတ်တရက် အရူးထလာခဲ့သည်။

ထိုလက်သီးချက်က သူမ၏ပခုံးကို အလွန်နာကျင်စေပြီး သူမသာ အချိန်မီမရှောင်ခဲ့လျှင် ရင်ဘတ်ကို ထိမိနိုင်လေ၏။

"သတ်!"

ချင်ကျီ၏မျက်နှာက အရက်မူးနေသကဲ့သို့ နီရဲနေကာ လက်သီးကို မြှောက်၍ မုချန်းယွင်ဆီသို့ ထပ်ပြီးဝှေ့ယမ်းလာသည်။

သူက ဒေါသကြီးနေသော ခြင်္သေ့တစ်ကောင်ကဲ့သို့ ရန်လိုမှုအပြည့်ပင်။

"ရပ်စမ်း!"

ထိုအချိန်မှာ ဒေါသထွက်နေသော အာဏာရှိသည့် အော်သံတစ်ခုက ထွက်ပေါ်လာလေ၏။ ထို့နောက် အနီရောင်အလင်းတန်းတစ်ခုက အရှိန်အဟုန်ဖြင့် ဝင်လာပြီး ချင်ကျီအား ဆယ်မီတာကျော်အထိ လွင့်စင်သွားစေခဲ့သည်။ ချင်ကျီမှာ မြေပြင်ပေါ်သို့ အဆင်မပြေစွာ လဲကျသွားခဲ့၏။

ဗုန်း!

မုယွင်ခန်းသည် မုချန်းယွင်၏အရှေ့မှာ ပေါ်လာပြီး သူမအား သူ့အနောက်မှာ ထား၍ ကာကွယ်လိုက်သည်။ ထို့နောက် သူ ချင်ကျီကို အေးစက်စက်ကြည့်ကာ ငေါက်လိုက်၏။

"ဘယ်သူက ငါ့သမီးကို လုပ်ကြံဖို့ အမိန့်ပေးခဲ့တာလဲ! ပြောစမ်း!"

"သတ်!"

ချင်ကျီ၏အသိစိတ်များက ဆုံးရှုံးနေလေပြီ။ သူက မြေပြင်ပေါ်ကနေ ထလာပြီး လက်သီးများကို မြှောက်ကာ မုယွင်ခန်းဆီသို့ ပြေးဝင်လာသည်။

"ဟွန်း!"

မုယွင်ခန်းက အေးစက်စွာ နှာမှုတ်လာ၏။ အားလှိုင်းတစ်ခုက အပြင်သို့ ရောင်ခြည်ဖြာထွက်ကာ ချင်ကျီကို ဝင်တိုက်သွားလေသည်။

"ပွက်!"

ချင်ကျီက သွေးများအန်၍ နောက်ပြန်လွင့်သွားခဲ့၏။ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် သူ့စိတ်က အနည်းငယ် ရှင်းလင်းသွားခဲ့သည်။ သို့သော်ငြား ထိုအရာကပင် သူ့ဆုံးဖြတ်ချက်ကို ပိုပြီး ပြင်းထန်စေလေသည်။ ထို့နောက် သူ မုယွင်ခန်းဆီသို့ နောက်ထပ်တစ်ကြိမ် ပြေးဝင်သွားပြန်၏။

"ခေါင်းကြောမာတဲ့ လူမိုက်!"

ထိုအရာကိုမြင်သောအခါ မုယွင်ခန်း၏ မျက်နှာက မှောင်မိုက်သွားလေသည်။ သူ၏ညာဘက်လက်က စွမ်းအားစုစည်းကာ ရိုက်သတ်သကဲ့သို့ အရှေ့ကိုဝှေ့ယမ်းလိုက်၏။

ဗုန်း!

ကြီးမားသော ဧရာမသွေးနီရောင်လက်ကြီးတစ်ခုသည် သူ့လက်ဖဝါးထဲမှ လျှပ်စီးကြောင်းများနှင့်အတူ ချင်ကျီဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာလေသည်။

ထိုအရာက သန့်စင်သောယန်နယ်ပယ်သို့ ခြေတစ်လှမ်းဝင်ရောက်ထားသည့် စွမ်းအားပင်။ ထိုလက်ကြီးနှင့်သာ ထိမိလျှင် ချင်ကျီသည် သေလုနီးပါးထိခိုက်ဒဏ်ရာရလိမ့်မည်။

လက်ရှိအချိန်မှာ သူ ခွန်အားကို ထိန်းချုပ်ရန် ရည်ရွယ်ချက်မရှိသလို ထိန်းချုပ်ချင်စိတ်လည်း မရှိတော့ပေ။

သူက ချင်ချွမ်းရဲ့သားဖြစ်နေရင်လည်း ဘာအရေးလဲ!

သူက ချင်ချွမ်းနှင့် သိပ်ပြီး အဆက်အဆံမရှိပေ။ သူ ချင်ချွမ်းကို ဖိတ်ခဲ့ရသော အကြောင်းရင်းမှာ စစ်ရွှေမြို့ကိစ္စကို ဆွေးနွေးရန်ဖြစ်ပြီး နောက်ဆုံးမှာတော့ သူရမည့် အမြတ်အစွန်းအတွက်သာဖြစ်သည်။

ဒီကောင်လေးက သူ့သမီးကို ထိခိုက်စေလုနီးပါး တိုက်ခိုက်ခဲ့တာကြောင့် ပြင်းပြင်းထန်ထန်အပြစ်ပေးရမည်။

"အား! ဒါက ဘာဖြစ်တာလဲ!"

ထိုကဲ့သို့ အသက်အန္တရာယ်ရှိနေသော အခြေအနေအောက်တွင် ချင်ကျီအပေါ်မှာ ကျန်ရှိနေသော မူးယစ်ခြင်းနှင့် ဆေး၏ အကျိုးသက်ရောက်မှုများက လုံးဝပျောက်ကွယ်သွားခဲ့သည်။ ထို့နောက် သူ သတိပြန်ဝင်လာကာ ဓားကို ချ၍ ဖျော့တော့သောမျက်နှာဖြင့် ရပ်နေခဲ့၏။

"သွားပြီ…"

ကြီးမားသော သွေးနီရောင်လက်ကြီးက သူ၏မြင်ကွင်းကို ပိတ်၍ လျင်မြန်စွာချဉ်းကပ်လာသည်ကို ကြည့်နေရင်း ချင်ကျီသည် မျှော်လင့်ချက်ကင်းမဲ့စွာဖြင့် မျက်လုံးများ ပိတ်ထားမိသည်။

ဗုန်း!

နောက်တစ်ခဏမှာ အပူလှိုင်းတစ်ခုက အပြင်ကိုဖြာထွက်လာကာ သူ၏ အဝတ်များကို လှုပ်ခါစေခဲ့ပြီး သူ၏အနက်ရောင်ဆံပင်ရှည်များလည်း ရမ်းခါသွားခဲ့၏။

သို့သော်...

"ငါ မသေဘူးလား"

သူ အံ့အားသင့်စွာဖြင့် မျက်လုံးဖွင့်ကြည့်လိုက်ရာ ရင်းနှီးသော ပုံရိပ်တစ်ခုက သူ့အရှေ့မှာ ရပ်နေသည်ကို တွေ့လိုက်ရသည်။

ထိုလူက တည်ငြိမ်စွာရပ်နေပြီး ဝတ်ထားသော အဖြူရောင်ဝတ်စုံမှာ လေထု၏ တုန်ခါမှုကြောင့် လွင့်နေလေ၏။ ထိုလူက တောင်တစ်လုံးကဲ့သို့ မားမားမတ်မတ်ရှိကာ ခန့်ညားထည်ဝါနေသည်။

ထိုနောက်ကျောကို မြင်သည့်အခါ သူ့နှာခေါင်းက စပ်ဖျင်းဖျင်းဖြစ်လာခဲ့၏။

အဖေ!!!

************************

All Chapters