သူမ တစ်ကယ် နားလည်သွားပြီ
Vol. 1 Ch. 9
ထိုလူကတော့ တခြားဘယ်သူမှမဟုတ်ဘဲ ချင်ချွမ်းသာ ဖြစ်၏။
ထိုအချိန်မှာ မုယွင်ခန်းကလည်း ချင်ချွမ်းကို မြင်ပြီး သူ၏မျက်နှာအမူအရာက အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
ချင်ချွမ်းက သူ့တိုက်ခိုက်မှုကို တကယ်ကြီး ခံနိုင်ရည်ရှိခဲ့တာလား။
မုယွင်ခန်းက သန့်စင်သောယန်အဆင့်တစ်ဝက်နယ်ပယ်မှာ ဖြစ်ပေ၏။
သန့်စင်သောယန်အဆင့်တစ်ဝက်၏ စွမ်းအားက မူလဒန်နယ်ပယ်၏ထိပ်ဆုံးအဆင့်ကို လွယ်လွယ်ကူကူချေမွပစ်ရန် လုံလောက်သည်။ ပြီးပြည့်စုံသောမူလဒန်နယ်ပယ်အဆင့်မှ တစ်ယောက်တောင် ခုခံနိုင်မည် မဟုတ်ပေ။
ချင်ချွမ်းအနေဖြင့် သိုင်းအဆင့်တိုးတက်ထားခြင်းမှ လွဲ၍ ခုခံရန် မဖြစ်နိုင်ပေ။
သို့သော်ငြား အခုက ဘယ်လိုလုပ်ဖြစ်နိုင်မည်နည်း။
သန့်စင်သောယန်အဆင့်တစ်ဝက်နယ်ပယ်သို့ တက်ရန်မှာ သန့်စင်သောယန်ဆေးလုံး လိုအပ်၏။ ထို့အပြင် ထိုဆေးလုံးများကို နေကိုးလုံးနယ်မြေမှ တော်ဝင်မိသားစုနှင့် အဓိကအင်အားကြီးအဖွဲ့အစည်းများက လက်ဝါးကြီးအုပ်ထားပြီး ရွှင်းယန်မြို့ကဲ့သို့ နေရာများမှာ ဘယ်တော့မှ တွေ့နိုင်မည်မဟုတ်ပေ။
အဖြေကို မသိနိုင်တာကြောင့် သူ အဖြေရှာနေခြင်းကို ရပ်လိုက်သည်။
သူ့မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်၏။
"ချင်ချွမ်း မင်းရဲ့သားက ငါ့သမီးကို လုပ်ကြံဖို့ ကြိုးစားခဲ့တယ်၊ ဒါကို ဘယ်လိုရှင်းပြမလဲ"
လက်ရှိအချိန်မှာ မျက်နှာပျက်ရတော့မှာ ဖြစ်သောကြောင့် ယဉ်ကျေးရန် မလိုအပ်လေရာ ချင်ချွမ်းအား သူ့နာမည်ဖြင့် တိုက်ရိုက်ခေါ်လိုက်သည်။
"စိတ်ထိန်းပါ အကိုမု"
ချင်ချွမ်းသည် သူ၏မွေးစားသားလေးကို တစ်ချက်ကြည့်၍ ပြောလိုက်၏။
"အခြေအနေက ဒီလောက်မရိုးရှင်းဘူးလို့ ကျုပ် ထင်တယ်၊ ကျုပ်ရဲ့သားက ဆေးတစ်မျိုးမျိုး ခတ်ခံထားရပြီး သူ့အသိစိတ်တွေ ဆုံးရှုံးနေတာ သိသာပါတယ်"
မုယွင်ခန်းက အံ့အားသင့်သွားလေသည်။ သူ စိတ်ငြိမ်သွားသောအခါ ချင်ကျီ၏ နီရဲနေသော မျက်နှာနှင့် ခန္ဓာကိုယ်ကနေ မီးခိုးများထွက်နေသည်ကို ရုတ်တရက် သတိထားမိခဲ့၏။ တကယ်တော့ ထိုအရာမှာ ဆေးခတ်ခံထားရသော လက္ခဏာများဖြစ်သည်။
ထို့နောက် သူ့မျက်နှာမှာ တင်းမာသွားပြီး မနှစ်မြို့စွာ ပြောလိုက်၏။
"မင်းက ငါ သူ့ကို ဆေးခတ်ထားတယ်လို့ ပြောနေတာမဟုတ်ပါဘူးနော်"
"အကိုမု ခင်ဗျား အထင်လွဲနေပါပြီ"
ချင်ချွမ်းသည် ခေါင်းခါယမ်းလျက်ပင်။
"အကိုမုရဲ့ သမီးအပေါ် ထားရှိတဲ့ မေတ္တာအရဆိုရင် ဒီလိုမျိုးလုပ်ဖို့ လုံးဝမဖြစ်နိုင်ဘူး"
"ဒါ့အပြင် အကိုမုရဲ့စိတ်နေစိတ်ထားကိုလည်း ကျုပ် ယုံကြည်ပါတယ်… မဟုတ်ရင် ကျုပ်သားကိုလည်း မြို့အရှင်ရဲ့အိမ်တော်ဆီ ခေါ်လာဖို့ မရဲပါဘူး"
ထိုစကားတစ်ခွန်းတည်းနှင့်တင် မုယွင်ခန်းသည် ရုတ်ချည်း ချီးမွမ်းခံလိုက်ရလေ၏။
နွေးထွေးကြင်နာသောဖခင်၏ စိတ်နေစိတ်ထား။
ထိုကဲ့သို့ ချီးကျူးသော အတွဲအစပ်က မုယွင်ခန်းအား မှင်သက်သွားစေပြီး သူ့ခဗျာ ဒေါသတောင် မထွက်နိုင်တော့ပေ။
မည်သို့ပင်ဆိုစေကာမူ ပြုံးနေသောမျက်နှာကို ဘယ်သူကမှ မရိုက်သင့်ပေ။
"ဒါဆိုရင် ဒီအဖြစ်ကို ဘယ်လိုရှင်းပြမလဲ"
မုယွင်ခန်း၏အသံက နူးညံ့သွားလေသည်။
"ဖြစ်နိုင်တာက ကျုပ်တို့နှစ်ယောက်ကြားမှာ သဘောထားကွဲလွဲမှုတွေကို ဖန်တီးဖို့အတွက် ကြိုးစားနေတဲ့ မရိုးမသား လူတစ်စုရှိနေလောက်တယ်"
ချင်ချွမ်းက တည်ငြိမ်စွာပင် ခွဲခြမ်းစိတ်ဖြာပြလိုက်၏။
"ဘာပဲဖြစ်ဖြစ် ဒီလိုလုပ်လိုက်ရင် ကျုပ်တို့နှစ်ယောက်စလုံးအတွက် အကျိုးမရှိဘူးလေ"
"ပြီးတော့ ကျုပ်သားက ဘယ်လောက်ပဲ မိုက်မဲပါစေဦး၊ မြို့အရှင်ရဲ့အိမ်တော်ထဲမှာ မြို့အရှင်ရဲ့သမီးကို လုပ်ကြံဖို့ ကြိုးစားတာက မဖြစ်နိုင်ပါဘူး၊ ဒါက ကိုယ့်ကိုယ်ကိုယ် သတ်သေတာနဲ့ အတူတူပဲဆိုတာကို သူသိပါတယ်"
"ဒါကြောင့် တစ်စုံတစ်ယောက်က ကျုပ်သားကို ဆေးခတ်ထားတာဖြစ်ရမယ်၊ ကျုပ်တို့ကြားက ဆက်ဆံရေးကို တင်းမာစေဖို့ ရည်ရွယ်ထားတာ ဖြစ်မယ်"
ထိုကဲ့သို့ ပြောပြီးနောက် သူ မျက်လုံးများကို မှေးကျဥ်းကာ သတိပေးလိုက်သည်။
"အကိုမု သတိထားပါ၊ မြို့အရှင်ရဲ့အိမ်တော်ထဲမှာ အတွင်းလူရှိနေတယ်လို့ ကျုပ် သံသယရှိမိတယ်၊ စဉ်းစားကြည့်ပါ...ခင်ဗျားမှာ ရန်သူရှိနေလား"
ချက်ချင်းဆိုသလိုပင် မုယွင်ခန်း၏မျက်နှာက ကြီးမားစွာ ပြောင်းလဲသွားလေ၏။
သူ့မှာ ရန်သူများရှိပြီး အတော်လေးလည်း များသည်။ သူတို့က သူ့ကို ပွင့်ပွင့်လင်းလင်း မရင်ဆိုင်ရဲကြသော်လည်း နောက်ကွယ်ကနေ လုပ်ကြံခြင်းများကတော့ ပုံမှန်ရှိတတ်၏။
ထို့နောက် သူ ပတ်ဝန်းကျင်ရှိ အစောင့်များနှင့် အစေခံမလေးများအားလုံးကို တစ်ယောက်ပြီးတစ်ယောက် ကြည့်ကာ သူ့မျက်နှာက တင်းမာလာလေသည်။
လာမည့်ရက်များအတွင်း သူတို့တစ်ယောက်ချင်းစီတိုင်းသည် မြို့အရှင်ဆီကနေ စေ့စေ့စပ်စပ် စစ်ဆေးခံရလိမ့်မည်ကို ကြိုတင်မြင်နိုင်ပေ၏။
လျှို့ဝှက်ချက် ဘယ်လောက်များများ ဖော်ထုတ်ခံရမလဲဆိုတာကတော့ ဘယ်သူမှမသိပေ။ သို့မဟုတ်… တကယ့် သူလျှိုတစ်ယောက်တောင် ပေါ်လာနိုင်သည်။
"အာ...ညီလေးချင်၊ ကျုပ် တောင်းပန်ပါတယ်…"
အချိန်အတော်ကြာပြီးနောက် မုယွင်ခန်းက သက်ပြင်းချ၍ ပြောလာ၏။
"ဒီနေ့ဖြစ်ရပ်တွေကြောင့် ကျုပ် စကားဆက်ပြောဖို့ စိတ်မပါတော့ဘူး၊ စောစောအနားယူကြရအောင်"
"ခုနက ကျုပ်တို့ဆွေးနွေးခဲ့တဲ့ကိစ္စအတွက်…ညီလေးချင်သာ စိတ်ဝင်စားရင် မနက်ဖြန်မနက်မှာ လာပြောနိုင်ပါတယ်၊ စိတ်မဝင်စားရင်တော့ ကျုပ် မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"
ထိုသို့ပြောပြီးနောက် သူ တခြားလူများနှင့်အတူ ထွက်ခွာသွားလေသည်။
ဒီညမှာ သူသည် သူ့သမီး၏ ဒဏ်ရာများကို ကုသပေးရင်း တစ်ညလုံး ကုန်ဆုံးရတော့မှာ ဖြစ်၏။ အများကြီးမပြင်းထန်သော်လည်း ကြောက်လန့်သွားသော စိတ်ကိုပါ နှစ်သိမ့်ပေးရဦးမည်။
"ချန်းယွင် ရင်ဘတ်က နာနေတာလား"
"မနာပါဘူး"
"အာ...နှမြောစရာကောင်းလိုက်တာ…"
"ဖေဖေ ဘာပြောလိုက်တာလဲ"
"အိုး ဘာမှမဟုတ်ပါဘူး ဘာမှမဟုတ်ပါဘူး"
သားအဖနှစ်ယောက် ထွက်သွားသည်ကိုကြည့်ပြီးနောက် ချင်ချွမ်းလည်း ချင်ကျီကို ကြည့်လိုက်သည်။
ကောင်လေးက စိုးရိမ်တကြီးဖြင့် ခေါင်းငုံ့ထားကာ ပြောလာ၏။
"အဖေ ကျွန်တော်…ကျွန်တော်လည်း ဘာဖြစ်သွားမှန်းမသိဘူး၊ ရုတ်တရက်ကြီး ရင်ထဲမှာ ပူထူလာပြီး တစ်ယောက်ယောက်ကို ထိုးချင်နေတာ…"
"အခန်းထဲရောက်မှ ပြောကြရအောင်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ဟုတ်"
ချင်ကျီက နာခံစွာ ခေါင်းညိတ်လာလေ၏။
မကြာခင်မှာပင် သားအဖနှစ်ယောက်စလုံး ဧည့်သည်အခန်းသို့ ပြန်ရောက်လာကြသည်။
ချင်ချွမ်းသည် လက်ဖက်ရည်အိုးထဲမှ ကျန်ရှိသော လက်ဖက်ရည်များကို သွန်ပစ်ကာ လက်ဖက်ရည်အိုးအသစ်တစ်အိုးကို ဖျော်လိုက်၏။ ထို့နောက် စိတ်ကို ကြည်လင်လန်းဆန်းစေမည့် ဆေးဖက်ဝင်အပင်တချို့အား ထည့်လိုက်သည်။
"သောက်လိုက်ဦး"
ချင်ကျီ ထိုလက်ဖက်ရည်ခွက်ကို သောက်ပြီးနောက် ဆေး၏အကျိုးသက်ရောက်မှုမှာ လုံးဝပျောက် ကွယ်သွားပြီး နောက်ဆုံးမှာတော့ ပုံမှန်အတိုင်း ပြန်ဖြစ်လာခဲ့၏။
ချင်ကျီမှ ဘာမှမပြောခင်မှာပင် ချင်ချွမ်းက တိုက်ရိုက်မေးလာသည်။
"ရှောင်ကျီ ဒီနေ့ဖြစ်ရပ်တွေကနေ မင်း ဘာကို သင်ယူခဲ့ရလဲ"
"အာ.."
ချင်ကျီ၏ပါးစပ်က ဟောင်းလောင်းပွင့်သွားလေ၏။ ထိုရုတ်တရက်မေးခွန်းက သူ့ကို ဘာမှပြန်မပြောနိုင်အောင် ဖြစ်သွားစေခဲ့သည်။
သို့သော်ငြား သူ့အဖေက မေးနေတာကြောင့် သူ သေချာပေါက်ဖြေရမည်။ ခဏတာမျှ စဉ်းစားပြီးနောက် သူ့မျက်လုံးများက တောက်ပသွားလေ၏။
"ကျွန်တော်သိပြီ! အပြင်မှာဆိုရင် သတိထားရမယ်၊ ပြီးတော့ တခြားလူတစ်ယောက်ရဲ့နေရာမှာ ရောက်နေရင် ပိုပြီးသတိထားရမယ်!"
"နားလည်ပြီလား၊ ဒါပေမဲ့ ညစာစားပွဲမှာတုန်းက မင်းက ပြန်ဝင်စားလာတဲ့ ဗိုက်ဟောင်းလောင်းတစ္ဆေလိုပဲ အကုန်စားနေခဲ့တယ်"
ချင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြောလာသည်။
"အဖေ ပြောပုံအရ...ဆေးက အစားအသောက်ထဲမှာ ပါတာလား"
ချင်ကျီ၏မျက်လုံးများက ပြူးကျယ်သွားပြီး မေးလာ၏။
"ဒါပေမဲ့… အဖေတို့လည်း စားခဲ့ကြတယ်မလား"
ချင်ချွမ်းသည် သူ့ကို တိတ်တဆိတ်ကြည့်ကာ ပြောလိုက်သည်။
"အဖေတို့က ဘာမှမဖြစ်ခဲ့ဘဲ မင်းတစ်ယောက်တည်းပဲ သက်ရောက်ခဲ့ရတယ်၊ ဘာလို့လဲဆိုတာ မစဉ်းစားကြည့်မိဘူးလား"
"ကျွန်တော့်ရဲ့သိုင်းပညာက အနိမ့်ဆုံးဖြစ်နေလို့ ဆေးက အဖေတို့ကို မသက်ရောက်ဘဲ ကျွန်တော့်ကိုပဲ သက်ရောက်တာလား"
ချင်ကျီသည် မသေချာသော လေသံဖြင့် ပြန်ဖြေမိ၏။
"အင်း ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ အဲ့ဒါက ပြီးပြည့်စုံတဲ့အဖြေမဟုတ်ဘူး"
ချင်ချွမ်းက ခေါင်းညိတ်၍ ပြောသည်။
"တကယ်တော့ ဆေးက ဆေးပေါင်းစုံ ပေါင်းစပ်ထားတာလည်း ဖြစ်နိုင်တယ်၊ ပြီးတော့ ဟင်းပွဲအချို့စားတဲ့အခါမှပဲ အကျိုးသက်ရောက်မှု ဖြစ်ပေါ်တာမျိုး"
"ဆေးက ဝိုင်ထဲမှာလည်း ဖြစ်နိုင်တယ်၊ တခြားခွက်တွေမှာကျ အဆိပ်ဖြေဆေးတွေနဲ့ ဖုံးထားပြီး မင်းရဲ့ခွက်မှာ မပါတာ ဖြစ်နိုင်တယ်"
"ဒီအချက်ကလည်း မေ့လို့မရဘူး၊ မင်း ဆေးမိနေတာ ညစာစားပွဲမှာ မဟုတ်ဘဲ မတိုင်ခင်ကတည်းက ဖြစ်နိုင်တယ်၊ စဉ်းစားကြည့်...မတိုင်ခင်က တစ်ခုခုစားခဲ့လား"
ချင်ကျီသည် ခဏတာမျှ စဉ်းစားပြီးနောက် ပြောလိုက်သည်။
"မြို့အရှင်ရဲ့အိမ်ထဲကို ဝင်ပြီးနောက်မှာ အဖေပေးတဲ့ လက်ဖက်ရည်တစ်ခွက်ကို သောက်ခဲ့တယ်"
"ဒါပေမယ့် အဖေ့ရဲ့စွမ်းရည်အရဆိုရင် လက်ဖက်ရည်ထဲ တစ်ခုခုမှားနေရင် အဖေက သေချာပေါက်သိမှာပဲ"
"ဟုတ်တယ်"
ချင်ချွမ်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် ထပ်မေးလိုက်လေ၏။
"ဒါပေမယ့်… အဖေက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဆိုရင်ရော"
"ဘာရယ်!"
ချင်ကျီမှာ ထိတ်လန့်သွားရသည်။ သူ ချင်ချွမ်းအား မယုံနိုင်စွာဖြင့် ကြည့်ကာ...
"အ အဖေကလား"
"ဟုတ်တယ်"
ချင်ချွမ်းက တည်ငြိမ်စွာ ပြန်ဖြေ၏။
"ဘာလို့လဲ"
ချင်ကျီမှာ စိတ်ရှုပ်ထွေးသွားရပြီး မေးမိသည်။ သူ အနည်းငယ်တောင် ဒေါသထွက်သွားခဲ့လေ၏။ သူ ဒီလောက်ယုံကြည်ခဲ့သောဖခင်က ဘာကြောင့်များ သူ့
ကို လှည့်စားရသနည်း။
သူ တကယ် စိတ်ပျက်သွားရသည်။
"ဖြောင်း!"
ချင်ချွမ်းက သူ့ခေါင်းကို ရိုက်လာ၏။ ထို့နောက် ပြင်းပြင်းထန်ထန် မေးလာလေသည်။
"ဘာကို ဘာလို့လဲလို့ ထင်နေတာလဲ၊ ဒီအဖေက ပျော်လို့ လုပ်တယ်လို့ မင်း ထင်နေတာလား"
ချင်ကျီက ရုတ်တရက် ကြောင်အသွားလေ၏။
သူ့ရင်ထဲ၌ ခုနလေးတင်ကမှ ဖြစ်ပေါ်လာသောဒေါသများက ရေအေးတစ်ပုံးဖြင့် လောင်းချခံလိုက်ရသကဲ့သို့ ချက်ချင်း ငြိမ်သက်သွားပြီး ရှက်ရွံ့သွားရသည်။
သူ့အဖေက သူ့ကို ဘယ်လိုလုပ်ထိခိုက်စေနိုင်မည်နည်း။
သူ ဘာတွေ တွေးနေတာလဲ!
သူ့အဖေထံ၌ ပို၍နက်နဲသော အဓိပ္ပာယ်ရှိနေလိမ့်မည်။
ထိုအချိန်၌ ချင်ချွမ်းက ပြောလာ၏။
"အဖေ မင်းကိုသိစေချင်တာက အချိန်မရွေး၊ ဘယ်အခါမဆို မင်း ဘယ်သူနဲ့ ထိတွေ့ဆက်ဆံနေပါစေ မင်းသတိရှိနေရမယ်ဆိုတဲ့အချက်ပဲ"
"အဖေက မင်းကို မထိခိုက်စေနိုင်ဘူးလို့ မင်းက ထင်နေခဲ့တယ်၊ ဒါပေမဲ့ ဒီနေ့မှာ အဖေ မင်းကို တကယ်ဆေးခတ်ခဲ့တယ်၊ အကြောင်းအရင်းရှိပေမယ့်လည်း အဖေ မင်းကို ဆေးခတ်ခဲ့တာက အမှန်တရားပဲ"
"စဉ်းစားကြည့်လိုက်... ဒီနေ့မှာ အဖေကသာ မင်းကို မကယ်နိုင်ခဲ့ရင်၊ ဒါမှမဟုတ် မင်းကို ကယ်ဖို့ အဖေက လုံလုံလောက်လောက် မသန်မာနေခဲ့ရင်… မင်း ဘာဖြစ်သွားမလဲ"
ချင်ကျီက ကြောင်အသွားပြီး သူ့စိတ်အစဥ်မှာလည်း အလွန်ရှုပ်ထွေးနေလေသည်။ အချက်အလက်အများကြီးကို တစ်ပြိုင်နက်တည်း သိလိုက်ရ၍ အရာအားလုံးကို မတွေးနိုင်တော့ပေ။
ချင်ချွမ်းက ဆက်ပြီး ပြောလာ၏။
"ဒါကြောင့် မင်း အမြဲတမ်းသတိရှိနေရမယ်၊ ဘာလို့လဲဆိုတော့ နောက်ဆုံးမှာ မင်းကို တစ်ကယ်ထိခိုက်စေမယ့်သူက…ရန်သူဖြစ်ချင်မှဖြစ်မှာ"
"တစ်စုံတစ်ယောက်က မင်းကို ကူညီချင်ကူညီနိုင်တယ်၊ ဒါပေမဲ့ သူတို့က အမှားအယွင်းတစ်ခုခုကြောင့် မင်းကို စိတ်ပျက်အားငယ်ရလောက်တဲ့ အခြေအနေအထိ တွန်းပို့နိုင်တယ်…"
ထိုသို့ပြောပြီးနောက် ချင်ချွမ်းသည် သူ့အိပ်ခန်းဘက်သို့ သူ့ဘာသာသူ ဝင်သွားတော့သည်။ သူက ချင်ကျီကို ဧည့်ခန်းထဲ၌ ကြောင်တောင်တောင်အနေအထားဖြင့် ထားခဲ့လေ၏။ အချိန်အတော်ကြာသည်ထိတိုင်အောင် သူ စိတ်မတည်ငြိမ်နိုင်ခဲ့ပေ။
ချင်ကျီသာ မူးနောက်နောက် ဖြစ်နေခြင်းမဟုတ်ဘဲ လက်စွပ်ထဲမှ ရွှေရောင်ဆံပင်ပိုင်ရှင် အမျိုးသမီးတောင် ကြောင်အသွားခဲ့ပြီး သူမ၏စိတ်ထဲ၌ ချင်ချွမ်း၏စကားများက ပဲ့တင်ထပ်နေလေသည်။
သူမ နောက်ဆုံးမှာတော့ နားလည်သွားခဲ့လေပြီ!
သူက သူ့သားအား အမှန်တရားအချို့ကို သင်ပေးရန် ဆေးခတ်ခဲ့ခြင်းပင်။
ထိုအမှန်တရားက ရိုးရှင်းပုံရသော်လည်း အံ့မခန်းအရေးကြီးပေ၏။
"အင်း...အဲ့ဒီတုန်းက တစ်ယောက်ယောက်ကသာ ငါ့ကို ဒီလိုအရာတွေ သင်ပေးခဲ့ရင် ငါ အခုလိုအခြေအနေမျိုးကို ရောက်လာမှာမဟုတ်ဘူး…"
အချိန်အတော်ကြာပြီးနောက် သူမ ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။ ချင်ချွမ်းအပေါ်၌ သူမ၏ လေးစားမှုနှင့် ကြောက်ရွံ့မှုက ပိုတိုးလာလေ၏။
ဒီလူက ရိုးရှင်းပုံပေါ်သော်လည်း အင်မတန်နက်နဲလှသောလူပင်။
*****************