← Chapters

သူများအကြောင်းကို ဘယ်တော့မှ ဝင်မစွက်ဖက်နဲ့

Vol. 1 Ch. 11

သူများအကြောင်းကို ဘယ်တော့မှ ဝင်မစွက်ဖက်နဲ့

Vol. 1 Ch. 11

"အာ"

ချင်ကျီမှာ ခေတ္တ ကြောင်သွားရပြီး ပါးစပ်ဟောင်းလောင်းပွင့်သွားကာ သူ့အဖေကို မယုံကြည်နိုင်စွာ ကြည့်နေမိသည်။

ဘာဖြစ်တာလဲ။

ဘာလို့ အဖေက ရုတ်တရက်ကြီး ဒီလိုစိတ်ကူးရသွားလဲ။

အဂ္ဂိရတ်ပြိုင်ပွဲရဲ့အနိုင်ရသူ။

ကျွန်တော် အဂ္ဂိရတ်ပညာကို လုံးဝမသင်ခဲ့ဖူးဘူးလေ!

"အဖေ ကျွန်တော်…"

ချင်ကျီသည် စိုးရိမ်မိနေသောပုံစံကို ပြသလိုက်၏။ သူ ငြင်းဆန်ရန် ပြင်လိုက်သော်လည်း ထိုအချိန်၌ ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏အသံက သူ့စိတ်ထဲ၌ မြန်ဆန်စွာ ပဲ့တင်ထပ်လာသည်။

"မင်းအဖေကို သဘောတူလိုက်! မြန်မြန် သဘောတူလိုက်!"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီး၏အသံက အနည်းငယ် စိုးရိမ်ပူပန်နေပုံရ၏။ အကြောင်းမှာ ချင်ချွမ်း၏စကားများက ချင်ကျီကို ရည်ရွယ်ရုံသက်သက်မဟုတ်ဘူးဆိုတာကို သူမ သိသောကြောင့်ပင်။

သူမကိုပါ ရည်ရွယ်တာဖြစ်သည်။

ချင်ကျီက မလုပ်ဘူးဟု ပြောလိုက်လျှင် သူမက ချင်ချွမ်းအား ငြင်းဆန်လိုက်သည်နှင့် တူသွားလိမ့်မည်။ ထိုအကျိုးဆက်များကို သူမ ခံနိုင်မှာ မဟုတ်ပေ။ ဒီလိုကြောက်စရာကောင်းသည့်လူကို သူမအနေဖြင့် မငြင်းဆန်ရဲပေ။

"သခင်မ ကျွန်တော် တကယ်ကို အဂ္ဂိရတ်ပညာတွေ မသိဘူး"

ချင်ကျီသည် သူ့စိတ်ထဲ၌ စိုးရိမ်တကြီး ပြန်ဖြေမိသည်။

"ငါရှိနေတာကို ဘာလို့ကြောက်နေတာလဲ၊ ရိုးရိုးသာမန် အဂ္ဂိရတ်ပြိုင်ပွဲလောက်က ထမင်းစားရေသောက်သလိုပဲ"

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးက မထီမဲ့မြင် ပြောလေ၏။

"သခင်မက အဂ္ဂိရတ်ပညာကို တတ်တာလား"

ချင်ကျီသည် ရုတ်ချည်းပင် ဝမ်းသာသွားတော့သည်။ သခင်မ၏ နက်နဲသောစွမ်းရည်အဆင့်နှင့် ဆိုလျှင် သူမ၏ အဂ္ဂိရတ်ပညာစွမ်းရည်က အနိမ့်ဆုံးဖြစ်နေမှာမဟုတ်ပေ။

ဒီလိုအာမခံချက်ရသွားသည်နှင့် သူ စိတ်အေးသွားရ၏။

ထို့ကြောင့် သူ ရပ်သွားသည့်နေရာကနေ ဆက်၍ စိတ်အားထက်သန်စွာ ပြောလိုက်သည်။

"အဖေ… ကျွန်တော် အဖေ့ကို စိတ်ပျက်အောင် လုံးဝလုပ်မှာမဟုတ်ဘူး!"

လက်ရှိအချိန်မှာ သူ့ထံ၌ ရည်မှန်းချက်များ အပြည့်ပင်။

သူသည် ဂုဏ်သိက္ခာရှိသော အဂ္ဂိရတ်ပညာကျွမ်းကျင်သူတစ်ယောက် ဖြစ်တော့မည်။

"အင်း မဆိုးဘူး"

ချင်ချွမ်း ပြုံးလိုက်ကာ သူ့သား၏ ခေါင်းကို ပုတ်လိုက်သည်။ စကားနားထောင်သော သားတစ်ယောက်ဖြစ်ခြင်းက ဖခင်ဖြစ်သူကို ပျော်ရွှင်စေလေ၏။

ထို့အပြင် မတိုင်ခင်က ခေတ္တတွန့်ဆုတ်သွားရာကနေ သဘောထားပြောင်းလဲသွားသည့်အတွက် ချင်ချွမ်း၏ စိတ်ထဲ၌ ရာခိုင်နှုန်းတစ်ရာလောက် သေချာနေလေပြီ။

လက်စွပ်ထဲ၌ အဘိုးအိုတစ်ယောက် သေချာပေါက်ရှိပေသည်။

အဂ္ဂိရတ်ပြိုင်ပွဲအတွက် ရက်အနည်းငယ်လောက် ကျန်နေသေး၏။

ချင်ချွမ်းနှင့်သူ့သားအတွက် အရေးကြီးဆုံးကိစ္စမှာ မင်ဟောက်မြို့တော်၌ နေစရာနေရာ ရှာပြီး အခြေချရန် ဖြစ်သည်။

ထို့ကြောင့် လမ်းသွားလမ်းလာအချို့ကို မေးမြန်းပြီးနောက် ချင်ချွမ်းသည် သူ့သားကို ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ အိမ်ခြံမြေရောင်းဝယ်ရေးရုံးသို့ ခေါ်သွားခဲ့၏။

ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း။

ထိုအရာသည် ကြီးမားသော စီးပွားရေးအဖွဲ့အစည်းတစ်ခုဖြစ်ပြီး နယ်မြေအသီးသီး၏ အဓိကမြို့တော်များအထိ ဖြန့်ချိထားသော ကုန်သွယ်ရေးလုပ်ငန်းများစွာ ရှိသည်။ ကြောက်စရာကောင်းသော ဘဏ္ဍာရေးစွမ်းအားနှင့် နက်နဲလှသော ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားလေ၏။

ဟုတ်ပေသည်။

အဓိကဇာတ်ကောင်များအတွက် အကောင်းဆုံးရတနာများရရှိနိုင်သည့် လေလံပွဲများကိုလည်း ရံဖန်ရံခါကျင်းပလေ့ရှိပြီး ခရီးသွားအများအပြားကို ဆွဲဆောင်နိုင်သည့် စီးပွားရေးအဖွဲ့အစည်းမျိုးပင်။

ထို့အပြင် ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ လုပ်ငန်းနယ်ပယ်က အလွန်ကျယ်ပြန့်၏။ အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်မှုနှင့် ရောင်းဝယ်ရေးများလည်း သူတို့၏လုပ်ငန်းများထဲမှ တစ်ခုပင်။

ခမ်းနားသော ကုန်သွယ်ရေးခန်းမ၏ အပြင်ဘက်တွင် ကြီးမားသည့် ကျောက်စိမ်းရုပ်တုကြီးနှစ်ခုရှိသည်။ ဘယ်ဘက်မှာ နဂါးရှိပြီး ညာဘက်မှာတော့ ကျားဖြူရှိ၏။

ရုပ်တုများက အလွန်တောက်ပနေလေသည်။ ၎င်းတို့အား ကျောက်မျက်ရတနာအမျိုးမျိုးနှင့် မွမ်းမံထားပြီး ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဘဏ္ဍာရေးစွမ်းအားကို ပြသနေလေသည်။

"ရှောင်ကျီ ဒါက ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ရွှေကတ်ပဲ၊ ဒီတစ်ခါ မင်းပဲ အိမ်သွားဝယ်လိုက်...မင်းအတွက် သင်တန်းပေးတာလို့ သဘောထားလိုက်ပေါ့"

ချင်ချွမ်းသည် ကုန်သွယ်ရေးခန်းမ၏ အပြင်ဘက်မှာရပ်နေပြီး ရတနာပုံရိပ်တစ်ခုပါဝင်သော ရွှေကတ်ကို ချင်ကျီအား ပေးလိုက်၏။

ထိုရွှေကတ်သည် ရွှင်းယန်မြို့မှာရှိသော ဝမ်ပေါင်ဌာနခွဲမှ ထုတ်ပေးထားတာဖြစ်ပြီး စိတ်ဝိညာဥ်ကျောက်တုံးထောင်ပေါင်းများစွာ ရှိကာ ဇိမ်ခံအိမ်ကြီးတစ်လုံးဝယ်ရန် လုံလောက်လေသည်။

"ဟုတ်ကဲ့၊ အဖေ!"

ချင်ကျီသည် ရွှေကတ်အား စိတ်လှုပ်တရှား ယူလိုက်၏။

သူ ပိုက်ဆံအများကြီးနှင့် ထိတွေ့ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်ပြီး ဒါက သူ၏စွမ်းရည်ကို အဖေက အသိအမှတ်ပြုကြောင်းလည်း ကိုယ်စားပြုပေသည်။

"သွား...မှတ်ထား၊ မင်း ယုံကြည်ချက်အပြည့်ရှိနေရမယ်၊ ဘာမှ မကြောက်နဲ့၊ ဘာလို့လဲဆိုတော့… အဖေက မင်းအနောက်မှာ အမြဲရှိနေတယ်"

ချင်ချွမ်းသည် သူ့သားကိုအားပေးရန်အတွက် သူ့ပခုံးကို ပုတ်လိုက်၏။

"ဟုတ်!"

ချင်ကျီလည်း နာခံစွာ ခေါင်းညိတ်လိုက်သည်။ ထို့နောက် ယုံကြည်မှုအပြည့်ဖြင့် ကုန်သွယ်ရေးခန်းမဘက်သို့ လျှောက်သွားလိုက်သည်။ သူ၏အပြုအမူသည် အလွန်အကျွံမဝင့်ကြွားနေသလို အလွန်အမင်းလည်း မနှိမ့်ချနေပေ။

သူ၏စိတ်နေစိတ်ထားက ယခင်ကနှင့်ယှဥ်လျှင် လုံးဝကွာခြားနေလေ၏။

ယခင်က ရွှင်းယန်မြို့ မှာရှိသော ဝမ်ပေါင်ကုန်သွယ်ရေးဌာနခွဲကို သူ သွားတိုင်းမှာ အရေးကြီးပုဂ္ဂိုလ်များကို စော်ကားမိမှာကြောက်၍ သတိကြီးကြီးထားကာ သွားရသည်။

သို့သော် အခုတော့ မတူတော့ပေ။

ငါ ချင်ကျီက မားမားမတ်မတ်ရပ်တည်နေပြီ!

ငါ့အဖေက ဒီလောကမှာ ပြိုင်ဘင်ကင်းဖြစ်တာကြောင့် နေကိုးလုံးနယ်မြေထဲမှာ ငါ့ကို လာတိုက်ခိုက်ရဲတဲ့ သူ ဘယ်သူရှိလဲ! ဘယ်သူမှမရှိဘူး!

ပြဿနာမရှာရ!

သို့သော် ပြဿနာကို မကြောက်နှင့်။

ယခု ထိုအရာသည် သူ၏ကျင့်ဝတ် ဖြစ်သွားလေပြီ။

ချင်ချွမ်းသည် သူ့သားက ယုံကြည်မှုအပြည့်ဖြင့် ကုန်သွယ်ရေးခန်းမထဲသို့ လျှောက်ဝင်သွားသည်ကို မြင်သောအခါ တိတ်တိတ်ဆိတ်ဆိတ်ပင် ထောင့်တစ်နေရာ၌ ပုန်းအောင်းနေလိုက်သည်။

ဘာလို့ သူကိုယ်တိုင် အိမ်ဝယ်ရန် မသွားခဲ့သနည်း။

အကြောင်းမှာ သူ၏ နှစ်ပေါင်းများစွာရရှိခဲ့သော အတွေ့အကြုံများအရ ဒီလိုမျိုး ပွင့်လင်းမြင်သာသော ကုန်သွယ်ရေးနေရာများသည် အဖြစ်အပျက်များ စတင်စုဝေးရာ နေရာဖြစ်လေ၏။

အထူးသဖြင့် အရှုံးသမား သို့မဟုတ် အရှုံးသမားနှင့် ပတ်သက်သော လူတစ်ယောက်က ရောက်သွားသောအခါ တစ်ခုခုက အမြဲလိုလိုဖြစ်တတ်သည်။

ဥပမာအားဖြင့် သူတို့အနေဖြင့် တစ်ခုခုကို စိတ်ဝင်စား၍ ဝယ်ချင်သောအခါ ၎င်းအား ဈေးမြှင့်တင်ရန်အတွက် လူယုတ်မာတစ်ယောက် ပေါ်လာလိမ့်မည်။

သို့နှင့် ပဋိပက္ခဖြစ်လာလိမ့်မည်။

ချင်ချွမ်းကိုယ်တိုင်ကတော့ ထိုကဲ့သို့ ပဋိပက္ခမျိုးဖြင့် မရင်ဆိုင်ချင်သော်လည်း သူ့သားနှင့် ရင်ဆိုင်ရမည်ကို သူ မျှော်လင့်နေမိသည်။

ထို့ကြောင့် သူ့သားကို အိမ်ဝယ်ရန် လွှတ်လိုက်ခြင်းမှာ နှစ်ဦးနှစ်ဖက်အကျိုးရှိသော ချဉ်းကပ်မှုတစ်ခု ဖြစ်၏။

သူ့သားက နေရာမှာတင် အသတ်ခံလိုက်ရမည်ကို သူ စိုးရိမ်နေခြင်း မရှိပေ။

အကြောင်းမှာ အရှုံးသမားများသည် တော်တော်လေး ခံနိုင်ရည်ရှိကြသူများ ဖြစ်သည်။ လူယုတ်မာက သေသွားလျှင်တောင် သူ၏အရှုံးသမားသားလေးက သေမှာ မဟုတ်ပေ။

(T/N - ဘာလို့ သူ့သားကို အရှုံးသမား/အသုံးမကျသူ လို့ခေါ်နေလဲဆိုတာ ကျွန်မ အောက်မှာရှင်းပြထားပါတယ် )

ထို့အပြင်… အရှုံးသမားများသည် ယေဘုယျအားဖြင့် ရှေးဟောင်းစိတ်ဝိညာဥ်ကဲ့သို့သော အရာမျိုးကို ပိုင်ဆိုင်ထားတတ်ကြ၏။ ထိုအရာက သူတို့အား ခဏတာအတွင်း စွမ်းအားများ မြင့်တက်စေနိုင်ပြီး လူယုတ်မာများကို ဖျက်ဆီးပစ်နိုင်သည်။

အတိုချုပ်ပြောရလျှင်။

သူ ဒီနေရာမှာ ပုန်းအောင်း၍ သူ့သားက ပေါက်ကရလုပ်မည်ကို စောင့်နေရမည်။ သူ့သားက လူငယ်လေးများကို ရိုက်နှက်၍ လူကြီးများ ရောက်ရှိလာသောအခါမှသာ သူ ကိုယ်တိုင် ကာကွယ်ဖြေရှင်းပေးရန်အတွက် အမြန် ပြေးဝင်သွားလိုက်မည်။

"လူကြီးမင်း ကျေးဇူးပြုပြီး မဖျက်ဆီးပါနဲ့! တောင်းပန်ပါတယ်!"

ထိုအချိန် အနီးအနားရှိ လမ်းပေါ်ကနေ တောင်းပန်သံတစ်ခု ထွက်လာသည်။

ချင်ချွမ်းလည်း သူ့ခေါင်းကို လှည့်၍ ကြည့်လိုက်၏။ဆိုင်ပိုင်ရှင်ဖြစ်ပုံရသော သက်လတ်ပိုင်းအရွယ်အမျိုးသားတစ်ယောက်က စားသောက်ဆိုင်၏ ဝင်ပေါက်၌ ဒူးထောက်နေသည်ကို မြင်လိုက်ရသည်။ ထို့အပြင် တုတ်များ ကိုင်ဆောင်ထားသည့် အမျိုးသားအများအပြားကလည်း သူ့ကို အေးစက်စွာ ကြည့်နေကြ၏။

ခေါင်းဆောင်လုပ်သူက လှောင်ပြောင်နေလေသည်။

"မနေ့က ငါတို့ရဲ့သခင်လေး လာစားတုန်းက မင်း တကယ်ကြီး ပိုက်ဆံတောင်းရဲခဲ့တယ်! ဒီလိုမျိုး မသမာတဲ့ဆိုင်ကို ဆက်ပြီးဖွင့်ထားချင်သေးတာလား"

"အဲ့ဒီအချိန်တုန်းက လူကြီးမင်းတို့ရဲ့သခင်လေးမှန်း ကျုပ် မသိခဲ့ပါဘူး၊ ပြီးတော့ ကျုပ် ပိုက်ဆံမယူခဲ့တဲ့အပြင် ဝိုင်ကောင်းကောင်းတစ်ပုလင်းတောင် ပို့ပေးလိုက်ပါသေးတယ်"

ဆိုင်ပိုင်ရှင်က ဝမ်းနည်းသော မျက်နှာဖြင့် ပြန်ပြောလေ၏။

"ဟမ့်! မင်း ပိုက်ဆံယူတာ၊ မယူတာက အရေးကြီးလား! ငါတို့ရဲ့သခင်လေးက အဲ့ဒီလောက်ပိုက်ဆံလေးကို မမှုဘူး၊ အရေးကြီးတာက မင်းရဲ့ ညစ်ပတ်တဲ့ဆိုင်က ငါတို့သခင်လေးရဲ့ စိတ်ခံစားချက်ကို ဖျက်ဆီးလိုက်တာပဲ"

"သွားဖျက်ဆီးလိုက်ကြစမ်း!"

ခေါင်းဆောင်လုပ်သူက ပြောလာပြီး အမျိုးသားအဖွဲ့ကို အတွင်းပိုင်းသို့ ခေါ်ဆောင်သွားကာ ဖျက်ဆီးရန်နှင့် လုယက်ရန် စတင်လိုက်သည်။

"မလုပ်ပါနဲ့! ဒါက ကျုပ်တို့ မိသားစုသုံးဆက်စလုံး ကြိုးစားအားထုတ်ခဲ့ရတဲ့ဆိုင်လေးပါ ခင်ဗျားတို့… ခင်ဗျားတို့… ဝူး…ဝူး…ဝူး…"

ဆိုင်ပိုင်ရှင်သည် မြေကြီးပေါ်၌ လဲလျောင်းကာ ငိုကြွေးနေလေ၏။ သူ ဒေါသထွက်နေသော်လည်း စကားမပြောရဲခဲ့ပေ။

လမ်း၏ ထောင့်တစ်နေရာတွင်။

ချင်ချွမ်းသည် သူ့ခေါင်းကို ပြန်လှည့်၍ လျစ်လျူရှုစွာ ခေါင်းခါယမ်းလိုက်သည်။

"ကိစ္စအသေးအဖွဲ့လောက်နဲ့ ငါ့ရဲ့စိတ်အခြေအနေကို မဖျက်ဆီးသင့်ဘူး"

လက်ရှိအချိန်၌ တခြားရွေးချယ်ခံရထားသော လူတစ်ယောက်ဆိုလျှင် ဒေါသထွက်သွားနိုင်ပြီး တရားမျှတမှုကို ပေးအပ်ရန်အတွက် ထိုနေရာသို့ အမြန်ပြေးသွားနိုင်၏။

သို့သော်ငြား သူကတော့ ဝင်ရောက်စွက်ဖက်ရန် စိတ်မပါပေ။

ဤလောကကြီးက အင်အားကြီးသူများသာ ရှင်သန်နိုင်သော လောကကြီးပင်။ အင်အားနည်းသူများက အနိုင်ကျင့်ခံရပြီး ဒါက ဘယ်သူမှ ပြောင်းလဲလို့မရသော ရှင်သန်ခြင်းစည်းမျဉ်းပင်။

ထို့အပြင် သူ့အခြေအနေဖြင့် ဝင်ရောက်စွက်ဖက်ခြင်း၏ အဖိုးအခက အလွန်မြင့်မားသည်။

မည်သို့ပင်ဆိုစေကာမူ သူသာ ကောင်းကောင်းပုန်းနေသရွေ့ သူ့သားက ပြဿနာရှာလိုက်သည်နှင့် နောက်ဆုံးမှာ သူသည် ဤလောက၌ မရှုံးနိမ့်နိုင်သော သူဖြစ်လာမည်ပင်။

သို့သော်ငြား သူသာ ဝင်ရောက်စွက်ဖက်ရန် ပြေးသွားခဲ့လျှင် မည်သည့်အဖိုးအခမှ ပြန်မရဘဲ သေသွားနိုင်၏။

ချင်ချွမ်းက ဆက်ပြီးပုန်းနေလေသည်။

"ဗုန်း!"

"အား! သူတို့တိုက်နေကြပြီ!"

"ဘန်း! ဘန်း! ဘန်း! ဘန်း!"

"တစ်ယောက် သေသွားပြီ!"

"ဂိုဏ်းခေါင်းဆောင်ငယ်လေး!"

ထိုအချိန်၌ ကုန်သွယ်ရေးခန်းမ၏ အတွင်းပိုင်းကနေ ရှုပ်ထွေးနေသော အသံများ ထွက်ပေါ်လာသည်။ လူအများအပြားသည် ထိတ်လန့်တကြား အော်ဟစ်ကာ အတွင်းကနေ ပြေးထွက်လာကြ၏။

ချင်ချွမ်းကလည်း ဝင်ပေါက်ကို ရောက်သွားခဲ့သည်။ သူ လူတစ်ယောက်ကို ဆွဲ၍ မေးလိုက်လေ၏။

"အထဲမှာ ဘာဖြစ်နေတာလဲ"

"တစ်ယောက် သေသွားပြီ၊ တစ်ယောက် သေသွားပြီ! မြွေနဂါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်အငယ်လေးက အမည်မသိလူငယ်လေးတစ်ယောက်နဲ့ အိမ်တစ်ခုအတွက်ပြင်းပြင်းထန်ထန် တိုက်ခိုက်ပြီး သေသွားတယ်!"

ထိုလူက ထိတ်လန့်တကြားပြေးနေရင်း ပြောလာသည်။

"မြန်မြန်ပြေး! မြွေနဂါးဂိုဏ်းက လူတွေလာတဲ့အခါ ကျုပ်တို့တွေ တိုက်ပွဲထဲ ပါသွားနိုင်တယ်"

ထိုသို့ ပြောပြီးနောက် ထိုလူသည် ချင်ချွမ်း ဆုပ်ကိုင်ထားသည့် သူ့လက်ကို အတင်းပြန်ဆွဲယူခဲ့တာကြောင့် သူ၏ အင်္ကျီလက်စတစ်ခုပင် စုတ်ပြဲသွားခဲ့၏။

သို့သော်ငြား ချင်ချွမ်းသည် ထိုလူ၏ လက်ကောက်ဝတ်ကို နောက်တစ်ကြိမ် ဆွဲလိုက်ပြီး မေးလိုက်သည်။

"မြွေနဂါးဂိုဏ်းရဲ့အသန်မာဆုံးသိုင်းပညာအဆင့်က ဘယ်အဆင့်မှာလဲ"

"သန့်စင်သောယန်နယ်ပယ် ဒုတိယအဆင့်! အိုး...အချိန်မဆွဲပါနဲ့တော့! ပြေးတော့ ပြေးတော့! ငါတို့အသက်တွေ အန္တရာယ်ရှိနေပြီ!"

ထိုလူက အံကြိတ်၍ ပြောလာတာကြောင့် ချင်ချွမ်းလည်း သူ့ကို လွှတ်ပေးလိုက်ရ၏။

ချက်ချင်းဆိုသလိုပင် ထိုလူက အဝေးသို့ သူ့တတ်နိုင်သမျှ အမြန်ဆုံးပြေးသွားတော့သည်။

ချင်ချွမ်းသည် နေရာမှာ စောင့်နေသော်လည်း သူ့သားထွက်လာတာကို မမြင်ခဲ့ရပေ။ သူ့အား ကုန်သွယ်ရေးခန်းမထဲ၌ ထိန်းသိမ်းထားပုံရ၏။

ပြဿနာဖြစ်လျှင် ပါဝင်သူများက ထွက်ခွာလို့မရပေ။

ဝမ်ပေါင်ကုန်သွယ်ရေးအဖွဲ့အစည်းတွင် ကြီးမားသောစီးပွားရေးလုပ်ငန်းများစွာရှိပြီး မြွေနဂါးဂိုဏ်းကို မကြောက်သော်လည်း သူတို့အနေဖြင့် ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ရန် လိုအပ်ပေသည်။ သို့မှသာ သူတို့၏ ဂုဏ်သတင်းက မထိခိုက်မှာ ဖြစ်၏။

"ဒါလည်း ကောင်းပါတယ်...မြွေနဂါးဂိုဏ်းရောက်လာတာကို စောင့်လိုက်မယ်၊ အစောကြီးလည်းမဝင်၊ နောက်ကျမှလည်း မဝင်ဘဲ အချိန်ကိုက်ဝင်သွားတာ ပိုကောင်းတယ်"

ချင်ချွမ်းသည် ထောင့်တစ်နေရာ၌ ဆက်ပြီးပုန်းနေလိုက်သည်။

ခဏအကြာမှာ စနစ်၏အသံက သူ့စိတ်ထဲ၌ ပဲ့တင်ထပ်လာ၏။

"ဒင်! သန့်စင်သောယန်နယ်ပယ် ဒုတိယအဆင့်မှာရှိတဲ့ မြွေနဂါးဂိုဏ်းရဲ့ ဂိုဏ်းခေါင်းဆောင်က မင်းရဲ့သားကို အစိတ်စိတ်အမြွှာမြွှာ ခုတ်ပစ်ဖို့ ရည်ရွယ်နေတယ်၊ 'ဖခင်တစ်ယောက်၏မေတ္တာသည် တောင်ကြီးတစ်လုံးကဲ့သို့ပင်' အခြေခံမူအရ ဖခင်က အနိုင်ရမှ ဖြစ်မယ်၊ မင်းရဲ့သိုင်းပညာကို သန့်စင်သောယန်နယ်ပယ်၊ ဒုတိယအဆင့်အထိ မြှင့်တင်ပေးလိုက်မယ်၊ အဲ့ဒီအဆင့်မှာရှိတဲ့ သိုင်းကျင့်ကြံသူတွေနဲ့ ယှဥ်ရင် မင်းက မရှုံးနိမ့်နိုင်တော့ဘူး"

ဝုန်း!

ချင်ချွမ်းသည် သူ့အတွင်းထဲ၌ မီးတောင်တစ်ခုပေါက်ကွဲသွားသလို ခံစားလိုက်ရပြီး သူ၏သွေးများက ချော်ရည်ကဲ့သို့ ပူပြင်းသွားလေသည်။

မကြုံစဖူးသော စွမ်းအင်များက အတွင်းထဲ၌ မြစ်များကဲ့သို့ စီးဆင်းနေပြီး ယခင်ကထက် ဆယ်ဆကျော် ပို၍ သန်မာနေလေ၏။

ထိုအရာမှာ သန့်စင်သောယန်နယ်ပယ်၊ ဒုတိယအဆင့်၏ စွမ်းအားပင်။

(T/N - အရှေ့ပိုင်းမှာရော ဒီမှာရော ချင်ချွမ်းက သူ့သားကို အသုံးမကျသူ/ အရှုံးသမားဆိုပြီး သုံးနှုန်းနေတာက တင်စားတဲ့အသုံးအနှုန်းပါ၊ ရှန်းရှတွေမှာ waste/loserဆိုတဲ့ အသုံးက အစပိုင်းမှာ သိုင်းပညာမကျွမ်းပေမယ့် hidden talent ရှိပြီး နောက်ပိုင်းမှာ အောင်မြင်လာတာမျိုး၊ ဒါမှမဟုတ် ရတနာတစ်ခုခုကောက်ရတာပဲဖြစ်ဖြစ် ကံကောင်းမှုနဲ့ ကြုံတာပဲဖြစ်ဖြစ် မိမိစွမ်းရည်တွေက ပြန်ပြီးထူးခြားလာတတ်တဲ့လူတွေကို ဆိုလိုခြင်း ဖြစ်ပါတယ် )

********************

All Chapters